← Chapters

အနန္တဖြစ်စဉ်များမှပြောင်းလဲသွားသောဓားရေကန်

Vol. 55 Ch. 773

အနန္တဖြစ်စဉ်များမှပြောင်းလဲသွားသောဓားရေကန်

Vol. 55 Ch. 773

အခန်း (၇၇၃) အနန္တဖြစ်စဉ်များမှပြောင်းလဲသွားသောဓားရေကန်

ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးအတွင်းသို့ သူ၏စိတ်အာရုံဝင်ရောက်သွားစဉ်ကလိုပင် ရန်ကျောက်ကဲ၏ စိတ်အစဉ်သည် နာမ်ဝိညာဉ်ကမ္ဘာတစ်ခုအတွင်းသို့ ရောက်ရှိသွားပြီး အရာအားလုံးက မှောင်မိုက်လျှက် ရှိသည်။

အလင်းရောင်သာ မရှိသည်မဟုတ်ပေ။

အမှောင်ထုက အသံနှင့် အနံ့ကိုပင် စုပ်ယူထားပြီး စိတ်ဝိညာဉ်ကိုပင် စုပ်ယူနိုင်စွမ်းရှိသည့် ထူးဆန်းသောလေထုဖြင့် ပြည့်နက်နေသည်။

သို့သော် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးနှင့် မတူညီသည်မှာ အေးစက်သောအလင်းရောင်တစ်ခု လင်းလက်လာသည်ကို တွေ့လိုက်ရခြင်း ဖြစ်၏။ ထိုအလင်းရောင်ကိုမြင်တော့ ရန်ကျောက်ကဲလည်း အံ့အားသင့်သွားရသည်။

လှမ်းကြည့်လိုက်တော့ မရေမတွက်နိုင်အောင် သိပ်သည်းနေသည့် အဖြူရောင်ဓားချီများဖြစ်ကြောင်း တွေ့ရှိရပြီး ကောင်းကင်ကိုလွှမ်းခြုံ ၊ မြေပြင်ကိုထိုးဖောက်နိုင်စွမ်းရှိသော ဓားချီများကသူ့ထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာကြသည်။

ရန်ကျောက်ကဲ အံ့အားသင့်သွားသော်လည်း ထိတ်လန့်သွားခြင်းမရှိဘဲ ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးဖြင့် စိတ်အာရုံဆက်သွယ်လိုက်သည်။

နာမ်ဝိညာဉ်ကမ္ဘာထဲတွင် နက်မှောင်သည့် ရေဝဲဂယက်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

အနက်ရောင်ရေဝဲဂယက်ကြီးအတွင်းမှ တုန်လှုပ်ဖွယ်ရာ စုပ်ယူစွမ်းအားများထွက်ပေါ်လာပြီး ရန်ကျောက်ကဲရှေ့မှကာကွယ်ကာ မရေမတွက်နိုင်သည့် အဖြူရောင်ဓားချီများကို စုပ်ယူပစ်လိုက်သည်။

အဖြူရောင်ဓားချီများက အဆုံးမရှိဟုထင်မှတ်ရပြီး ရန်ကျောက်ကဲထံသို့ အဆက်မပြတ် ဝင်ရောက်လာသည်။

အနက်ရောင်ရေဝဲဂယက်ကြီးက အောက်ခြေမရှိသည့်တွင်းနက်ကြီးပမာ သူ့အရှေ့သို့ရောက်ရှိလာသော ဓားချီများအားလုံးကို စုပ်ယူဝါးမျိုနေသည်။ သို့သော် ဓားချီများကလည်း အဆက်မပြတ်ဝင်ရောက်လာလေရာ နှစ်ဖက်လုံး ရှေ့မတိုးသာ နောက်မဆုတ်သာအခြေနေဖြင့် ဓားချီများကို အပြည့်အဝ တွန်းလှန်နိုင်ခြင်းမရှိခဲ့ပေ။

ရန်ကျောက်ကဲကတော့ သူ့ရှေ့လက်တစ်ကမ်းမှအခြေနေကို အကဲခတ်ရင်း ဘာဆက်လုပ်ရမည်ကို စဉ်းစားနေသည်။

ဤ အဖြူရောင်ဓားချီများက သူ၏စိတ်အာရုံထဲတွင် ရှိနေခြင်းဖြစ်ပြီး သူ၏ စိတ်အာရုံနှင့် စိတ်ဝိညာဉ်ကို ပစ်မှတ်ထားတိုက်ခိုက်နေသည်။ အစစ်အမှန်လည်းမဟုတ်သလို ပုံရိပ်ယောင်လည်းမဟုတ်သော အနေအထားတွင် ရှိနေ၏။

ဤသည်မှာ ‘ကောင်းကင်ဝါးမျိုသေတ္တာ’ အတွင်းမှ ဓားချီစွမ်းအားများ၏ ပမာဏနှင့် တန်ခိုးစွမ်းအား မည်မျှပြင်းထန်ကြောင်း ပြသနေခြင်းပင်။

ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးနှင့် နှိုင်းယှည်လျှင် ကောင်းကင်ဝါးမျိုဓားသေတ္တာက သူ၏နာမည်အတိုင်းပင် ပိုမိုပြင်းထန်လှသည်။

ရန်ကျောက်ကဲမှာ အမွှေးတိုင်အိုးလေး၏ တန်ခိုးစွမ်းအားကို အသုံးပြုပြီး ထောင်နှင့်ချီသည့်ဓားဝိညာဉ်များကို ကာကွယ်ထားနိုင်သော်လည်း ရှေ့ဆက်မတိုးနိုင် ဖြစ်နေသည်။

သူက အခြားသောရတနာပစ္စည်းများကို အသုံးမပြုချင်ပေ။ အကြောင်းမှာ ကောင်းကင်ဝါးမျိုဓားသေတ္တာကို သူကိုယ်တိုင် သန့်စင်ချင်သောကြောင့် ဖြစ်သည်။

ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်ရင်း...

“ဒီလောက် အကန့်အသတ်မရှိ အဆုံးမရှိတဲ့ ဓားချီတွေရှိနေတာ တကယ်ပဲ မယုံကြည်နိုင်ဘူး”

ဓားချီများက အဆုံးမရှိ အကန့်အသတ်မရှိသလို ပမာဏကလည်းများပြားပြီး တုန်လှုပ်ချောက်ချားဖွယ် ဖြစ်သည်။

အချိန် (၁၅)မိနစ်ခန့်ကြာပြီးနောက် မုန်တိုင်းတစ်ခုပမာလှိုင်းထန်နေသောဓားချီများ တဖြည်းဖြည်း ငြိမ်သက်သွားသည်။ လုံးဝပျောက်ကွယ်သွားခြင်းမဟုတ်သည့်တိုင် စောစောကလို ပြင်းထန်ကြမ်းတမ်းခြင်း မရှိတော့ပေ။

စောစောက ရေကာတာကျိုးပျက်ကာ ရေများတဟုန်ထိုး လျှံထွက်လာြခင်းနှင့်ဆင်တူပြီး ယခုတော့ ငြိမ်သက်စွာစီးဆင်းသည့် စမ်းချောင်းတစ်ခုပမာ ပြောင်းလဲသွားသည်။

ရန်ကျောက်ကဲ ခေါင်းတစ်ချက်ညိတ်လိုက်သည်။ ဤနည်းလမ်းအတိုင်းသာ မှန်ကန်စွာ ရှေ့ဆက်တိုးသင့်သည်။

စောစောက တိုက်ခိုက်ခံရသည့်ဖြစ်စဉ်မှာ ဓားသေတ္တာထဲတွင် အချိန်ကြာမြင့်စွာ စုပုံထားသော ဓားချီစွမ်းအားများ တစ်ပြိုင်တည်း ထုတ်လွှတ်လိုက်ကြသောကြောင့် ဖြစ်သည်။ ဓားချီများက အဆုံးမရှိဟု ထင်မှတ်ရပြီး ကြီးမားသော အရှိန်အဟုန်ကို ဖြစ်ပေါ်စေသည်။

နာမ်ဝိညာဉ်ကမ္ဘာတွင် စုပုံကျလာသည့်ဓားချီများမှာ တကယ့်ပြင်ပလောကတွင်ရှိနေသော ဓားသေတ္တာအတွင်း ဖိနှိပ်ခံထားရသည့် ဓားချီစွမ်းအားများ ပေါက်ကွဲထွက်သွားခြင်းသာ ဖြစ်သည်။ ရန်ကျောက်ကဲ၏ စိတ်အာရုံက ယခု ဓားသေတ္တာအတွင်းမှထွက်သွားပြီး နောက်တစ်ကြိမ် ပြန်ဝင်လာပါကလည်း ဤသို့သော ဓားချီမုန်တိုင်းဖြင့် ထပ်မံရင်ဆိုင်ရဦးမည် ဖြစ်၏။

ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကြောင့်သာ အနက်ရောင်ရေဝဲဂယက်ထွက်ပေါ်လာပြီး ဓားမုန်တိုင်းမိုးစက်များ ရန်ကျောက်ကဲထံမကျရောက်စေရန် ကာကွယ်ပေးထားခြင်း ဖြစ်သည်။ ရန်ကျောက်ကဲ ရှေ့သို့ဆက်လျှောက်သွားတော့ သူ့အရှေ့တွင် ကြီးကျယ်ခမ်းနားသော ငွေရောင်တောင်တန်းကြီးတစ်ခု ရှိနေသည်ကို တွေ့ရသည်။

တောင်ထွတ်၏မူလအသွင်အပြင်သည် ငွေရောင်မဖြစ်နိုင်သော်လည်း ယခုတော့ တောင်ထွတ်မျက်နှာပြင်တစ်ခုလုံး ငွေရောင်များ တလက်လက်တောက်ပနေသည်။ အကြောင်းမှာ မရေမတွက်နိုင်အောင်ထက်ရှသော ငွေရောင်ဓားရှည်များ တောင်ထွတ်ထိပ်တွင် စိုက်ဝင်နေသောကြောင့် ဖြစ်၏။

ဓားသွားများက ပြည့်ကျပ်လျှက်များပြားလွန်းသဖြင့် တောက်ပသောငွေရောင်များက တောင်တစ်ခုလုံးကို ဖုံးအုပ်ထားပြီး တောင်၏မူလအသွင်အပြင် ပျောက်ကွယ်နေစေခြင်း ဖြစ်သည်။

ရံဖန်ရံခါ ထက်ရှသော ငွေရောင်ဓားရှည်များက ကောင်းကင်ထက်သို့ ပျံတက်သွားပြီး အဖြူရောင်ဓားချီအဖြစ်ပြောင်းလဲကာ လေထဲတွင်လှည့်ပတ်လျှက် အောက်ဘက်ရှိ ရန်ကျောက်ကဲရှိရာသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာကြသည်။

ရန်ကျောက်ကဲသေသေချာချာကြည့်လိုက်တော့ ‌တောင်တစ်ဖက်ခြမ်းတွင် ငွေရောင်ဓားအလင်းတန်းများ အဆက်မပြတ်လင်းလက်နေပြီး အချို့ဓားများက ကောင်းကင်ထက်သို့ပျံတက်သွားကာ တောင်ထွတ်ဆီသို့ ဆင်းသက်လာသည်ကို တွေ့ရသည်။

ထို့ကြောင့် ရန်ကျောက်ကဲကိုတိုက်ခိုက်ရန် ငွေရောင်တောင်ထွတ်မှ ဓားပေါင်းများစွာ ဓားချီအဖြစ် ပျံသန်းထွက်ခွာလာသော်လည်း တောင်ထွတ်ထိပ်တွင်စိုက်နေသော ဓားအရေအတွက်က လျော့နည်းသွားခြင်း မရှိခဲ့ပေ။

တစ်ခုလျော့သွားလျှင် တစ်ခုတိုးလာခြင်းဖြင့် ဟန်ချက်ညီလျှက် ရှိ၏။

ရန်ကျောက်ကဲ စိတ်ဝင်စားသွားပြီး အဝေးသို့လှမ်းကြည့်လိုက်တော့ တောင်၏အခြားတစ်ဖက်တွင် ကြီးမားကျယ်ပြန့်သော ရေကန်ကြီးတစ်ခုရှိနေကြောင်း တွေ့လိုက်ရသည်။ အောက်သို့ငုံ့ကြည့်လိုက်တော့ ရေကန်ထဲတွင် ရေများရှိမနေဘဲ မရပ်မနားလှည့်ပတ်နေသည့် များပြားလှစွာသော ဝိညာဉ်စွမ်းအားများကိုသာ တွေ့ရသည်။

ရန်ကျောက်ကဲ သတိထားအကဲခတ်လိုက်တော့ ဤနေရာမှအခြေနေက အပြင်ဘက်တွင်ရှိနေသည့် သွေးကန်နှင့်ဆင်တူနေကြောင်း ရိပ်မိလိုက်သည်။ အပြင်ဘက်ရှိသွေးရေကန်မှ ရှုတ်ထွေးဆိုးရွားသည့် အနံ့အသက်မှာ မတူညီသည့်တည်ရှိမှုများစွာ အတူတကွ စုစည်းနေသောကြောင့် ဖြစ်ပေါ်လာရခြင်းပင်။

“ဟိုသွေးကန်ထဲက ဝိညာဉ်စွမ်းအားတွေက ဒီနေရာကိုအားဖြည့်ပေးဖို့ အဆက်မပြတ် စုပ်ယူခံနေရတာပဲ”

ရန်ကျောက်ကဲ အောက်သို့ငုံ့ကြည့်လိုက်တော့ ရေကန်အလယ်ဗဟိုတွင် အဆက်မပြတ်လည်ပတ်နေသည့် ဝဲဂယက်ကြီးတစ်ခုရှိနေပြီး အပြင်ဘက်မှ များပြားလှစွာသောဝိညာဉ်စွမ်းအားများက ဤရေကန်အတွင်းမှ ဝဲဂယက်ကြီး၏နက်နဲရာသို့ ဆွဲယူခံနေရခြင်း ဖြစ်သည်။

ထို့နောက်မှာတော့ ဝဲဂယက်အလယ်ဗဟိုမှ ထက်ရှသည့်ဓားတစ်လက်က ငွေရောင်အလင်းတန်းအဖြစ် ထွက်ပေါ်လာပြီး လေထဲတွင် လှည့်ပတ်သွားကာ ရေကန်နံဘေးရှိ တောင်ထွတ်ထက်တွင် စိုက်ဝင်လျှက် ဓားပေါင်းများစွာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲ ခေါင်းတစ်ချက်ညိတ်လိုက်၏။

ကောင်းကင်ဝါးမျိုဓားသေတ္တာ၏ စုပ်ယူနိုင်စွမ်းက ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကဲ့သို့ မပြင်းထန်သော်လည်း စုပ်ယူလိုက်သော စွမ်းအားမှန်သမျှကို ဓားချီအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည်။

သို့ဖြစ်ရာ ဓားသေတ္တာကိုပိုင်ဆိုင်သူသည် ရန်သူကို ထိခိုက်စေရန် ဓားချီများစွာကို ထုတ်လွှတ်နိုင်မည်ပင်။

ရန်ကျောက်ကဲအရှေ့ရှိ ဓားရေကန်တွင်ရှိနေသော စွမ်းအားအယူအဆက ကမ္ဘာပေါ်မှအရာအားလုံးကို ဓားချီအဖြစ် ပြောင်းလဲပစ်မည် ဖြစ်သည်။

ဒါကိုတွေးမိတော့ ရန်ကျောက်ကဲသည်ပင် အနည်းငယ်ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။

တကယ်တမ်း လက်တွေ့တိုက်ခိုက်မည်ဆိုလျှင် ဓားတစ်လက်တည်း၏စွမ်းအားက ဘာမှမဟုတ်သော်လည်း ဓားပေါင်းအသင်္ချေ၏စွမ်းအားကတော့ အမှန်တကယ်ပင်ကြောက်မက်ဖွယ်ရာ ကောင်းပေလိမ့်မည်။

ရန်သူက ကောင်းကင်ဝါးမျိုဓားသေတ္တာ၏စွမ်းရည်ကိုမသိဘဲ အကြမ်းပတမ်းတိုက်ခိုက်မည်ဆိုပါက သေချာပေါက် အန္တရယ် ရှိနိုင်သည်။

များပြားလှစွာသော ဓားချီများဖြင့် တစ်ပြိုင်တည်းထိုးနှက်တိုက်ခိုက်ခြင်းမခံရမီ ကောင်းကင်ဝါးမျိုဓားသေတ္တာက ရန်သူ၏ တိုက်ခိုက်မှုစွမ်းအားများကိုလည်း စုပ်ယူသွားဦးမည် ဖြစ်သည်။ သို့ဖြစ်ရာ ရန်သူအနေဖြင့် အချိန်မီ တုံ့ပြန်နိုင်တော့မည် မဟုတ်ပေ။

တူညီသောကျင့်ကြံခြင်းအဆင့်ရှိသည့် သိုင်းသူတော်စင်များအကြားတိုက်ပွဲတွင် အနိုင်အရှုံးသည် ပါးလွှာသောမျဉ်းတစ်ကြောင်းမျှသာ ဖြစ်သည်။ ထိုသို့သောအချိန်မျိုးတွင် တစ်ယောက်က ကောင်းကင်ဝါးမျိုဓားသေတ္တာကိုပိုင်ဆိုင်ထားမည်ဆိုလျှင် သူ၏ရန်သူ (၁၀)ယောက်တွင် (၉)ယောက်မှာ စိတ်မကောင်းစရာအခြေအနေနှင့် ရင်ဆိုင်ရပေမည်။

ရန်ကျောက်ကဲ ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်သည်။

ဓားချီများက သူ့ကိုဆက်လက်တိုက်ခိုက်နေဆဲဖြစ်လေရာ သူ့အနေဖြင့် ကောင်းကင်ဝါးမျိုဓားသေတ္တာ၏ စမ်းသပ်မှုကို မအောင်မြင်သေးဘဲ ဤရတနာပစ္စည်းကိုလည်း မသန့်စင်နိုင်သေးကြောင်း သိလိုက်ရသည်။

ကောင်းကင်ဝါးမျိုဓားသေတ္တာကို သန့်စင်ရန်မှာ ဓားမုန်တိုင်းမိုးစက်များကို လွတ်မြောက်အောင် စွမ်းဆောင်နိုင်ရုံဖြင့် လုံလောက်ခြင်း မရှိပေ။

“ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးက လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို ဖိနှိပ်နိုင်စွမ်းရှိတယ် ၊ လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့မဆိုင်ဘဲ စိတ်စွမ်းအားကောင်းမှ အဲဒီအမွှေးတိုင်အိုးလေးရဲ့ စမ်းသပ်မှုကို အောင်မြင်နိုင်တယ်”

ရန်ကျောက်ကဲ စဉ်းစားလိုက်သည်။

ကောင်းကင်ဝါးမျိုဓားသေတ္တာသည်လည်း ထို့အတူပင် ဖြစ်ရပေမည်။

ထိုသို့တွေးမိတော့ ရန်ကျောက်ကဲ ရဲတင်းသည့်ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူက ချက်ချင်းပင် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးနှင့် ဆက်သွယ်ထားခြင်းကို ရပ်တန့်လိုက်၏။

ဓားချီများကို စုပ်ယူနေသည့် အနက်ရောင်ဝဲဂယက်ကြီး ပျောက်ကွယ်သွားချိန် ရန်ကျောက်ကဲသည် ကောင်းကင်ထက်မှကျဆင်းလာသော ဓားချီမုန်တိုင်းကို ကြံ့ကြံ့ခံရင်ဆိုင်ကာ မတ်တတ်ရပ်လျှက် ရှိသည်။

ဓားချီများက ရန်ကျောက်ကဲခန္ဓာကိုယ်အား ထိုးဖောက်ဝင်ရောက်သွားသော်လည်း မည်သည့်ထိခိုက်မှုမှ မဖြစ်ခဲ့ပေ။

ရန်ကျောက်ကဲ တိတ်တဆိတ် ပြုံးလိုက်သည်။

ကောင်းကင်ဝါးမျိုဓားသေတ္တာ၏ စမ်းသပ်မှုက လူတစ်ယောက်၏ ခိုင်မာသော ယုံကြည်ချက် ၊ မကြောက်မရွံ့ သတ္တိရှိခြင်း ၊ သေခြင်းရှင်ခြင်းအန္တရယ်ကို ရင်ဆိုင်ဝံ့ခြင်းနှင့် ဘဝလမ်းကြောင်းမှ ဟာကွက်များကို ဖြတ်ကျော်ခြင်းတို့ ဖြစ်၏။

ဓားမုန်တိုင်းမိုးစက်များက မရပ်မနားရွာသွန်းနေဆဲ ဖြစ်သော်လည်း ရန်ကျောက်ကဲက ကောင်းကင်ဝါးမျိုဓားသေတ္တာကို မည်သို့ဖြတ်ကျော်ရမည်ကို သိရှိသွားပြီဖြစ်လေရာ သူ၏စိတ်အခြေအနေက အလွန်တည်ငြိမ်သွားသည်။

သူက အနန္တဖြစ်စဉ်များမှပြောင်းလဲသွားသောဓားရေကန်အနားသို့ ချဉ်းကပ်လာပြီး အတွင်းမှ ပေါက်ထွက်နေသော ဝိညာဉ်စွမ်းအားအမျိုးမျိုးကို လေ့လာလိုက်သည်။

ထို့နောက် ရုတ်ချည်းပင် ဝဲဂယက်ဆီသို့ ခုန်ဝင်သွားလေသည်။

ဝိညာဉ်စွမ်းအားများဖြင့် အဆက်မပြတ်လည်ပတ်နေသော ဝဲဂယက်ကြီးက ရန်ကျောက်ကဲကို ဝဲဂယက်အလယ်ဗဟိုဆီသို့ လျှင်မြန်စွာပင် ဆွဲငင်သွားသည်။

ရန်ကျောက်ကဲသည်လည်း အကြောက်အလန့်မရှိ ခြေလွတ်လက်လွတ်ဖြင့်ပင် ဝဲဂယက်အတွင်းသို့ ပြုတ်ကျသွားတော့သည်။

ဤဝဲဂယက်အောက်ခြေတွင် အခြားသောတည်ရှိမှုတစ်ခု ရှိရပေမည်။

အနည်းဆုံးတော့ ဤအရာက ဓားသေတ္တာတစ်ခုမျှသာ မဟုတ်ပါလား။

All Chapters