← Chapters

သေပြီးနောက်ပိုင်းမှာပင် မငြိမ်းချမ်းနိုင်သည့်ဘဝ

Vol. 55 Ch. 774

သေပြီးနောက်ပိုင်းမှာပင် မငြိမ်းချမ်းနိုင်သည့်ဘဝ

Vol. 55 Ch. 774

အခန်း (၇၇၄) သေပြီးနောက်ပိုင်းမှာပင် မငြိမ်းချမ်းနိုင်သည့်ဘဝ

ရန်ကျောက်ကဲက အရာအားလုံးကိုစုပ်မျိုချနေသည့် ဝဲဂယက်ကြီးကို မရှောင်တိမ်းဘဲ အလွန်လျှင်မြန်သောအရှိန်ဖြင့် အတွင်းသို့ဝင်ရောက်သွားသည်။

သူ့မျက်လုံးများ ရုတ်ချည်းနက်မှောင်သွားပြီး နာမ်ဝိညာဉ်လောကတစ်ခုလုံး တစ်ဖန်ပြန်လည်အမှောင်ကျသွားသည်။ ထို့နောက် ခဏအတွင်း သူ့မျက်လုံးများ ပြန်လည်တောက်ပလာသည်။

ရန်ကျောက်ကဲရှေ့တွင် ရှေးဟောင်းကြေးနီဓားတစ်လက်ပေါ်လာပြီး လေထုထဲတွင် တိတ်တဆိတ်ပျံသန်းရင်း အလင်းတန်းများတောက်ပနေသည်။ ကြေးနီဓားက ငြိမ်သက်တိတ်ဆိတ်နေပုံရသော်လည်း ထိုဓားအတွင်း၌ ဖုံးကွယ်ထားသော ရက်စက်ကြမ်းတမ်းမှုများကို ရန်‌ကျောက်ကဲ အာရုံခံနိုင်သည်။

သွေးဆာကြမ်းတမ်းသော ချီစွမ်းအားများဖြင့် ပြည့်နက်နေသည့် အပြင်ဘက်ရှိသွေးရေကန်က ဤဓားကို အဆက်မပြတ် အားဖြည့်ပေးနေခြင်း ဖြစ်၏။

ရန်ကျောက်ကဲက ထိုဓား၏စွမ်းအားများကို အာရုံခံလိုက်ပြီး မျက်ခုံးတစ်ချက်ပင့်လိုက်သည်။

“............ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းပဲ”

အတိအကျပြောရလျှင် ယာဇ်ပူဇော်ခြင်းထုံးတမ်းအစီအရင် ပြီးဆုံးတော့မည့် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ဓားတစ်လက် ဖြစ်သည်။

အမတမှော်ဝင်ပစ္စည်း သန္ဓေသားလောင်းမျှသာဖြစ်သော ယိုးမင်ဂမ္ဘီရစက်ဝန်းနှင့်မတူဘဲ သူ့အရှေ့မှ ကြေးနီဓားရှည်က အောင်မြင်ပြီးမြောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

သေမျိုးလူသားများကိုင်ဆောင်သည့် လက်နက်ပြုလုပ်နည်းအတိုင်း ပြောရမည်ဆိုလျှင် မီးအပူပေးခြင်းနှင့် ထုရိုက်ပုံသွင်းခြင်းများအားလုံးပြီးဆုံးပြီး နောက်ဆုံးအဆင့် အချောသတ်ရန်သာ ကျန်ရှိတော့၏။

နောက်ဆုံးအဆင့် မပြီးဆုံးသေးသည့်တိုင် ထိုဓား၏တန်ခိုးစွမ်းအားနှင့် ရက်စက်ကြမ်းတမ်းမှုက ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဖြစ်နေပေပြီ။

ရန်ကျောက်ကဲသာ ဤဓားကို သန့်စင်နိုင်ပါက အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများဖြစ်သော ရွှမ်ဧကရာဇ်လှံရှည် ၊ ခန်းဖင်း၏တိမ်လွှာအလင်းဓားတို့ထက်ပင် သာလွန်နိုင်ပြီး အရည်အသွေးလည်း အလွန်ကောင်းမွန်မည် ဖြစ်သည်။

“ဟင်...”

ထိုအချိန်...

ရန်ကျောက်ကဲ၏ သိစိတ်အာရုံထဲတွင် မျက်ဝန်းတစ်စုံထွက်ပေါ်လာသဖြင့် သူ၏စိတ်များ သတိအနေအထား ဖြစ်သွား၏။

နက်မှောင်သည့်မျက်ဝန်းတစ်စုံက အေးစက်နေပြီး တိတ်ဆိတ်စွာပင် ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေသည်။

ဤအနက်ရောင်မျက်ဝန်းတစ်စုံက ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးထဲတွင် ရန်ကျောက်ကဲ တွေ့မြင်ရသည့် မျက်ဝန်းတစ်စုံနှင့် အလွန်ဆင်တူသည်။

သို့သော် ပိုပြီးဖျတ်လတ်အသက်ဝင်သည်။

ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးအတွင်းမှ အနက်ရောင်မျက်ဝန်းများက မူလပိုင်ရှင်၏ သိုင်းဝိညာဉ်ဟုမဆိုနိုင်ဘဲ အမွှေးတိုင်အိုးလေး၏ ဝိညာဉ်သိစိတ်နှင့် ပိုမိုဆင်တူသည်။

ယခု ရန်ကျောက်ကဲရှေ့မှ မျက်ဝန်းတစ်စုံကတော့ တကယ့်လူသားတစ်ယောက်၏ မျက်ဝန်းများကဲ့သိုပင် ဖြစ်၏။

အမှောင်ထုထဲတွင် လူသားတစ်ယောက်၏ ဝေဝါးသောပုံရိပ် တဖြည်းဖြည်း ထင်ဟပ်လာသည်။

ထိုပုံရိပ်ကိုအကဲခတ်လိုက်တော့ အနက်ရောင်ပိုးသားဝတ်စုံကိုဝတ်ဆင်ထားပြီး အနက်ရောင်ဆံနွယ်ရှည်များပိုင်ဆိုင်သည့် ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည်။

သူ့မျက်လုံးများက နက်ရှိုင်းအေးစက်နေပြီး ခေတ်အဆက်ဆက်ကိုဖြတ်သန်းလာသည့်အလား အလွန်ရှေးကျလှသည်။ ထိုမျက်ဝန်းတစ်စုံက ရန်ကျောက်ကဲ၏မျက်ဝန်းများနှင့် အကြည့်ချင်းဆုံသွား၏။

ထို့နောက် အဘိုးအိုတစ်ယောက်၏ပုံရိပ် တဖြည်းဖြည်းထင်ရှားလာပြီး လေထဲတွင် ပျံဝဲနေသည့် ရှေးဟောင်းကြေးနီဓားက တင်ပျဉ်ခွေထိုင်နေသော အဘိုးအို၏ဒူးခေါင်းထက်သို့ အလျားလိုက်သက်ဆင်းသွားသည်။

ရန်ကျောက်ကဲ တစ်ချက်ကြည့်လိုက်သည်နှင့် အဘိုးအိုက သက်ရှိတစ်ယောက်မဟုတ်ဘဲ သေဆုံးပြီးသူတစ်ယောက်ဖြစ်ကြောင်း သိလိုက်သည်။ ဤနေရာတွင် အဘိုးအို၏သိုင်းဝိညာဉ်ဖြစ်ချန်ထားခဲ့သော စိတ်ဆန္ဒပုံရိပ်တစ်ခုသာ ကျန်ရစ်ခဲ့ခြင်းပင်။

အဘိုးအို သက်ရှိထင်ရှားရှိစဉ်က အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများစွာကို ပြုလုပ်နိုင်စွမ်းရှိသည့် အဆင့်မြင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ရပေမည်။ ယခု သူ၏ အကြွင်းအကျန်သိုင်းဝိညာဉ်ကို တွေ့မြင်ရခြင်းကပင် လူကိုယ်တိုင် သက်ရှိထင်ရှားတွေ့မြင်နေရသည်နှင့်မခြား ခံစားရ၏။

မည်သို့ပေဖြစ်စေ ကောင်းကင်ဝါးမျိုဓားသေတ္တာနှင့် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးတို့၏ မူလပိုင်ရှင်ဖြစ်သော ဤ အနက်ရောင်ဝတ်အဘိုးအိုက လူ့လောကတွင်ရှိမနေတော့သည်မှာ သေချာသည်။

ရန်ကျောက်ကဲက အဘိုးအိုကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုရင်း...

“အနှောက်အယှက်ပေးရတာ စိတ်မကောင်ပါဘူး ဆရာကြီး”

အနက်ရောင်ဆံပင်များပိုင်ရှင်အဘိုးအိုက မည်သည့်တုံ့ပြန်မှုမှမရှိသော်လည်း ရန်ကျောက်ကဲကိုကြည့်နေသော မျက်ဝန်းများက အလွန်နူးညံ့သိမ်မွေ့သွားသည်။

ရန်ကျောက်ကဲက ရှေ့သို့ခြေလှမ်းလိုက်ပြီး အဘိုးအိုနှင့် ရှေးဟောင်းဓားထံသို့ ချဉ်းကပ်သွားသည်။

ရုတ်တရက်...

အေးစိမ့်သည့်ခံစားမှုတစ်ခု သူ့နှလုံးသားထဲတွင် မြင့်တက်လာသည်။

သူ့ကိုစူးစိုက်ကြည့်နေသည့် အခြားသောမျက်ဝန်းတစ်စုံရှိနေပြီး ကြောက်မက်ဖွယ်ရာစွမ်းအားက လူသားတိုင်းကို ကျောရိုးတစ်လျှောက် အေးစိမ့်သွားစေသည်။ ရန်ကျောက်ကဲ ရေအောက်နန်းတော်အတွင်း မဝင်ရောက်ခင်က အာရုံခံမိသည့် မျက်ဝန်းတစ်စုံ၏ စွမ်းအားရောင်ဝါနှင့် အတူတူပင် ဖြစ်သည်။

ရန်ကျောက်ကဲ စိတ်တည်ငြိမ်အောင်ကြိုးစားလိုက်ပြီး သူ၏မျက်ဝန်းများက အဘိုးအို၏ ဒူးခေါင်းထက်တွင် ကန့်လန့်ဖြတ်တင်ထားသည့် ရှေးဟောင်းကြေးနီဓားဆီသို့ စူးစိုက်ကြည့်လိုက်သည်။

အေးစိမ့်ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားနှင့်ပြည့်နက်နေသော မျက်ဝန်းတစ်စုံ၏ ပြင်းထန်သောအကြည့်သည် တိတ်ဆိတ်ငြိမ်သက်လျှက် အန္တရယ်မရှိဟုထင်မှတ်ရသည့် ‘ရှေးဟောင်းကြေးနီဓား’ မှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ရန်ကျောက်ကဲ အတည်ပြုလိုက်နိုင်သည်။

ရန်ကျောက်ကဲ ရှေးဟောင်းကြေးနီဓားကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်သည့်အခါ သူ့အရှေ့မှမြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်။

ရှေးဟောင်းကြေးနီဓားမျက်နှာပြင်ထက်တွင် ရောင်ပြန်ဟပ်မှုတစ်ခု ဖြစ်ပေါ်လာသည်။

ဆိတ်တစ်ကောင်၏ခန္ဓာကိုယ် ၊ လူသားတစ်ယောက်၏မျက်နှာရှိသော ကြောက်မက်ဖွယ်ရာ သားရဲတစ်ကောင်၏ပုံရိပ် ထွက်ပေါ်လာသည်။ ထိုသတ္တဝါ၏မျက်လုံးများက ချိုင်းကြားအောက်တွင်ရှိနေပြီး သွားများက ကျားတစ်ကောင်ပမာထက်ရှကာ လက်သည်းများကတော့ လူတစ်ယောက်၏လက်သည်းများနှင့် ဆင်တူ၏။

တစ်ချိန်တည်းပင် နို့စို့ကလေးတစ်ယောက်၏ငိုသံပမာ အော်ြမည်သံများက ရန်ကျောက်ကဲနားထဲ ပဲ့တင်ထပ်ထွက်‌ပေါ်လာသည်။

ထိုအော်သံများနှင့်အတူ ကြောက်မက်ဖွယ်ရာသားရဲသဏ္ဌန်ကို ဆက်စပ်ကြည့်ရင်း ရန်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်လိုက်မိသည်။

“ဒီတော့... ဒါက ဒဏ္ဍာရီလာ မှော်ဝင်သားရဲ ‘တောင်းတျဲ’ ဆိုတဲ့သတ္တဝါလား”

ဤ ကြောက်မက်ဖွယ်ရာသားရဲက တုန်လှုပ်စရာကောင်းစွာ မိစ္ဆာသားရဲများထဲတွင် ပြိုင်ဘက်ကင်းဖြစ်သော ‘တောင်းတျဲ’ သားရဲဖြစ်ပြီး ခွန်ဖိန် ၊ ဇာမဏီငှက်တို့ဖြင့် ကောင်းစွာယှဉ်ပြိုင်နိုင်သည်။

ထိုသားရဲက ကောင်ကင်ကိုပင်မျိုချနိုင်သောစွမ်းအားကိုပိုင်ဆိုင်ပြီး အလွန်တရာလည်း လောဘကြီးလေ၏။

ပြင်ပလောကမှ ရေအောက်နန်းတော်နှင့်ချိတ်ဆသ်ထားသည့် ကြီးမားသောသားရဲတစ်ကောင်၏ဝမ်းဗိုက်အတွင်းမှ ကြီးမားသောသွေးကန်ကြီးအကြောင်း ရန်ကျောက်ကဲ အခုတော့ နားလည်သွားခဲ့ပေပြီ။

အနက်ရောင်ဆံပင်များပိုင်ရှင် အဘိုးအိုက ကောင်းကင်ဝါးမျိုဓားသေတ္တာနှင့် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကို ပြုလုပ်ခဲ့ခြင်းမှာ ဤအဆင့်မြင့်အထွတ်ထိပ် မှော်ဝင်လက်နက်ကို ဖန်တီးလိုသောကြောင့် ဖြစ်သည်။

ဤမှော်ဝင်ဓားကိုသန့်စင်ရန်အတွက် အဓိကပစ္စည်းမှာ အလွန်အစွမ်းထက်သော ‘တောင်းတျဲ’ သားရဲကို သတ်ဖြတ်ပြီး သူ၏ မိစ္ဆာဝိညာဉ်ကိုယူကာ ဓားသွားထဲတွင် စည်းတံဆိပ်ခတ် ချိတ်ပိတ်ထားခြင်းပင်။

ပြင်ပလောကရှိ ရေအောက်နန်းတော်နှင့် ချိတ်ဆက်ထားသော သားရဲခန္ဓာကိုယ်ကြီးမှာ သေဆုံးသွားပြီဖြစ်သော တောင်းတျဲ၏ ခန္ဓာကိုယ်ကြီး ဖြစ်သည်။

‘ကောင်းကင်ဝါးမျိုဓားသေတ္တာ’ တည်ရှိရာ သွေးကန်ကြီးက တောင်းတျဲသတ္တဝါ၏ နှလုံးသားနေရာ ဖြစ်၏။

အနက်ရောင်အဘိုးအို၏ လက်နက်ပြုလုပ်သည့် လျှို့ဝှက်နည်းလမ်းမှာ တောင်းတျဲ၏ခန္ဓာကိုယ်မှ ကိုယ်ပိုင်စွမ်းအားများနှင့် သွေးအနှစ်သာရကို အဆက်မပြတ် ထုတ်ယူသန့်စင်ခြင်း ဖြစ်သည်။

ရန်ကျောက်ကဲက နှုတ်ခမ်းကိုပွတ်သပ်ရင်း...

“တကယ် အလကားမဖြစ်ဘူးပဲ ၊ ဒီ တောင်းတျဲသားရဲအကြွင်းအကျန်တွေက ဝိညာဉ်စွမ်းအားတွေ ရှိနေဆဲပဲ ၊ ဝိညာဉ်စွမ်းအားတွေက အားနည်းသွားမယ်ဆိုရင်တောင် ဒီသတ္တဝါရဲ့ဒေါသကတော့ ငယ်ထိပ်ရောက်ပြီး ပေါက်ကွဲထွက်ခါနီး ဖြစ်နေပြီ”

ဤသတ္တဝါ သတ်ဖြတ်ခံရပြီးနောက် သူ၏ မိစ္ဆာဝိညာဉ်က ဓားအတွင်း ချိတ်ပိတ်ခံခဲ့ရသည်။ ဓားကိုသန့်စင်ရန်အတွက် သူ၏ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကိုအသုံးပြုနေခြင်းအား မည်သို့မှမတတ်နိုင်စွာ စောင့်ကြည့်နေခဲ့ရသည်။ တစ်နည်းဆိုရသော သူ၏စွမ်းအားများဖြင့် သူ၏ကိုယ်ပိုင်ဝိညာဉ်ကို သန့်စင်နေရခြင်း ဖြစ်၏။

မည်သူမဆို အလွန်အမင်းဒေါသထွက်လာလျှင် ဒေါသကငယ်ထိပ်တက်ကာ ပေါက်ကွဲထွက်မည် ဖြစ်သည်။

သို့ပေသိ တောင်းတျဲသတ္တဝါအတွက် စိတ်မကောင်းစရာမှာ ထိုသို့ ဒေါသထွက်စေရန် အဘိုးအိုက တမင်တကာ ပြုလုပ်ထားခြင်းပင်။ အဘိုးအို ဖြစ်စေချင်သည့်အတိုင်း ဒေါသနှင့်စိတ်ခံစားချက်များ အဆက်မပြတ်လှည့်ပတ်နိုင်မှသာ ဓားသည်လည်းပိုမိုမြင့်မားသောအဆင့်သို့ ရောက်ရှိမည် ဖြစ်သည်။

သေပြီးနောက်ပိုင်းမှာပင် မငြိမ်းချမ်းနိုင်သည့်ဘဝပါပေ။

အဘိုးအိုကိုကြည့်ရသည်မှာ တိတ်ဆိတ်ငြိမ်သက်လျှက် ခပ်အေးအေးဖြင့် ခင်မင်စရာကောင်းဟန်ရှိသော်လည်း သူ၏နည်းလမ်းကတော့ အလွန်တရာ ကြမ်းတမ်းလူမဆန်လှကာ စံနှုန်းများကိုပင် ကျော်လွန်သွားခဲ့သည်။

“အင်း... အခုတော့ ဒီဓားကိုပြုလုပ်ခဲ့တဲ့သူလည်း တစ်နေရာရာမှာ သေဆုံးသွားလောက်ပါပြီ”

ရန်ကျောက်ကဲ တွေးရင်း ခေါင်းခါယမ်းလိုက်သည်။

“ဒီ ဆရာကြီးနဲ့ တောင်းတျဲသတ္တဝါ ဘယ်သူနိုင်ပြီး ဘယ်သူရှုံးတယ်ဆိုတာတောင် ပြောရခက်တယ်”

အဘိုးအိုကွယ်လွန်သွားပြီဖြစ်သော်လည်း ဤနေရာမှ ထုံးတမ်းအစီအရင်က ဖြည်းဖြည်းချင်း လုပ်ဆောင်နေဆဲဖြစ်ပြီး ယခုဆိုလျှင် ကြေးနီဓားရှည်သန့်စင်ခြင်းအတွက် ယဇ်ပူဇော်ခြင်းမှာ ပြီးဆုံးလုနီးပါးပင် ဖြစ်နေပေပြီ။

ဘိုးဘေးများ သစ်ပင်စိုက်ခြင်းသည် နောင်လာနောက်သားများ အရိပ်ရရန်သာ ဖြစ်သည်။ တွေးရင်းပြုံးလိုက်ပြီးနောက် ရန်ကျောက်ကဲ ဓားသေတ္တာအတွင်းရှိ နာမ်ဝိညာဉ်လောကမှ ပြန်လည်ထွက်ခွာလာခဲ့သည်။

အဘိုးအိုချန်ထားခဲ့သည့် အကြွင်းအကျန်သဘောတရားများကို နားလည်သဘောပေါက်သွားသည့်အခါ ကောင်းကင်ဝါးမျိုဓားသေတ္တာကိုထိန်းချုပ်ခြင်းက ပိုပြီးလွယ်ကူသွားသည်။ ယခု ထိုဓားသေတ္တာ ချက်ချင်းပင် ငြိမ်သက်သွားပေပြီ။

ယခုက ထိုပစ္စည်းကို သန့်စင်ရန် အချိန်ရောက်ပြီ ဖြစ်၏။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကို လက်ဖြင့်ထိထားပြီး ကျန်လက်တစ်ဖက်က ကောင်းကင်ဝါးမျိုဓားသေတ္တာကို ထိကိုင်ထားကာ ထိုရတနာပစ္စည်းနှစ်ခုအား သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် ချိတ်ဆက်ပြီး ဓားသေတ္တာကို သန့်စင်ရန် ကြိုးစားနေသည်။

ဤသို့ပြုလုပ်ခြင်းက ကောင်းကင်ဝါးမျိုဓားသတ္တောအတွင်းမှ ရှေးဟောင်းကြေးနီဓား ဆက်လက်သွန်းလုပ်နေခြင်းအပေါ် သက်ရောက်မှုမရှိပေ။

ရန်ကျောက်ကဲကတော့ ဓားသေတ္တာထက်တွင် ထိုင်နေ၏။

သွေးရေကန်အတွင်းမှ သွေးနီရောင်အလင်းတန်းများက ရန်ကျောက်ကဲခန္ဓာကိုယ်ထက်သို့ ပျံ့နှံ့ရောက်ရှိလာကြသည်။ အမျိုးမျိုးသော ဝိညာဉ်စွမ်းအားများရောယှက်နေသည့် ထိုအလင်းစီးကြောင်းများက ရန်ကျောက်ကဲခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားကြသည်။

မီးတောက်ပမာပူပြင်းသောစွမ်းအား ၊ ရေခဲပမာအေးစက်သောစွမ်းအား ၊ ထက်ရှသောစွမ်းအား ၊ စူးရှသောစွမ်းအား ၊ နှေးကွေးသောစွေမ်းအား __ စသည်ဖြင့် ခံစားချက်မျိုးစုံပါဝင်သည်။

သိုင်းကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်အတွင်းသို့ ဤကဲ့သို့ဆိုးရွားသောဝိညာဉ်စွမ်းအားများ တစ်ပြိုင်တည်းစီးဝင်လာခြင်းက သွေးကြောဆုံချက်များကို ဖောက်ပြန်စေပြီး တဖြည်းဖြည်း အက်ကွဲသွားစေမည် ဖြစ်၏။

ရန်ကျောက်ကဲထက် ကျင့်ကြံခြင်းအဆင့်မြင့်မားသော သိုင်းသူတော်စင်များသည်ပင် ထိုကဲ့သို့သော အန္တရာယ်ရှိသော ကြိုးပမ်းမှုမျိုးကို မပြုလုပ်ဝံ့ကြပေ။

သို့သော် ဖြစ်တည်မှုအားလုံး၏ အနတ္တတရားကို ဖော်ပြထားသည့် ‘ပြိုင်ဘက်ကင်းကောင်ကင်ကျမ်းစာ’ ကို ကျင့်ကြံထားသူတစ်ယောက်အတွက်တော့ ပြဿနာမရှိခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ဤမတူကွဲပြားနေသော ဝိညာဉ်စွမ်းအားများကို ရန်ကျောက်ကဲက အဆက်မပြတ်သန့်စင်နေသည့်အတွက် သူ၏ စွမ်းအားစုစည်းမှုမြင့်တက်လာကာ ထိုများပြားလှသော ဝိညာဉ်စွမ်းအားများကို ပိုမိုမြင့်မားသောအဆင့်တစ်ခုသို့ ရောက်ရှိစေနိုင်ခဲ့သည်။

တောင်းတျဲသတ္တဝါ၏ ဝိညာဉ်စွမ်းအားများက များပြားလှစွာသော နဂါးစွမ်းအားများကဲ့သို့ပင် သူ့အတွက် အလွန်အကျိုးရှိ၏။

ရန်ကျောက်ကဲက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကိုလှည့်ပတ်ကျင့်ကြံရင်း ယင်ယန်ကောင်းကင်ကျမ်းစာကိုလည်း လေ့လာသုံးသပ်နေသည်။

သူ့ခန္ဓာကိုယ်အတွင်းမှ ထူးကဲယန်စွမ်းအားနှင့် သေးငယ်သောယင်စွမ်းအားက အဆက်မပြတ်သန့်စင်လျှက် ထူးကဲယင်စွမ်းအားနှင့် သေးငယ်သောယန်စွမ်းအားအဖြစ် ပြောင်းလဲသွားသည်။

ယင်နှင့်ယန်၏ ဖြစ်စဉ်လေးရပ်၏ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ရန်ကျောက်ကဲသည် သူ၏ စိတ်ဝိညာဉ် တုန်လှုပ်သွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားရနိုင်သည်။

သူ၏ အစစ်အမှန်သိုင်းဝိညာဉ်က စတင်လှည့်ပတ်လာပြီး များပြားလှစွာသော အင်းသင်္ကေတများအဖြစ် ပြောင်းလဲသွားကာ သူ၏ ဝိညာဉ်နက်ရှိုင်းရာတွင် ရေးထွင်းထားလိုက်ကြလေသည်။

All Chapters