← Chapters

သိုင်းသူတော်စင် ဒုတိယအဆင့်သို့တက်ရောက်ခြင်း

Vol. 55 Ch. 775

သိုင်းသူတော်စင် ဒုတိယအဆင့်သို့တက်ရောက်ခြင်း

Vol. 55 Ch. 775

အခန်း (၇၇၅) သိုင်းသူတော်စင် ဒုတိယအဆင့်သို့တက်ရောက်ခြင်း

ယင်နှင့်ယန် ဖြစ်စဉ် (၄)ခုက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြသည်။

ရန်ကျောက်ကဲခန္ဓာကိုယ်အတွင်းမှ ထူးကဲယန် ၊ ထူးကဲယင် ၊ သေးငယ်သောယန် ၊ သေးငယ်သောယင် စွမ်းအားများတဖြည်းဖြည်း ပြီးပြည့်စုံလာပြီး တည်ငြိမ်စွာဟန်ချက်ညီလျှက် အချင်းချင်းချိတ်ဆက်သွားကြသည်။

ရန်ကျောက်ကဲက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာနှင့် ယင်ယန်ကောင်းကင်ကျမ်းစာတို့၏ အခြေခံမူဝါဒများကို သူ၏ ကျယ်ပြန့်သောအသိပညာဖြင့် ပေါင်းစပ်ကျင့်ကြံခြင်း ဖြစ်သည်။

ယင်နှင့်ယန် ဖြစ်စဉ် (၄)ခုက အတူယှဉ်တွဲလျှက် ထူးကဲယန် ၊ ထူးကဲယင် ၊ သေးငယ်သောယန် ၊ သေးငယ်သောယင် အားလုံး တဖြည်းဖြည်း ဖြစ်တည်လာပြီး မျှချေအနေအထားတည်ဆောက်ကာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားသည်။

ပြိင်ဘက်ကင်းကောင်းကင်ကျမ်းစာနှင့် ယင်ယန်ကောင်းကင်ကျမ်းစာ၏ အခြေခံမူဝါဒများကို အသုံးပြုပြီး ရန်ကျောက်ကဲ အစောပိုင်းကတည်းက သင်ယူခဲ့သည့် များပြားလှစွာသော သိုင်းပညာရပ်များအားလုံးက အင်းသေင်္ကတတစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။

‘ယင်’ ငါး နှင့် ‘ယန်’ ငါး သဏ္ဌန်က အတူတကွပေါင်းစည်းသွားပြီး ထိုက်ကျိယင်ယန်ကားချပ်ပုံစံ ဖြစ်တည်လာကာ ဤလောက၏ များပြားလှစွာသော မူဝါဒများအား ထိုးဖောက်ဝင်ရောက်သွား၏။

ရန်ကျောက်ကဲက သွေးကန်ထဲမှ အမျိုးအစားများစွာကွဲပြားနေသော ဝိညာဉ်စွမ်းအားများအား စုပ်ယူခြင်းကို ရပ်တန့်လိုက်သည်။

သူ့အ‌နေဖြင့် ယင်ယန်ကောင်းကင်ကျမ်းစာကို အနည်းငယ် အောင်မြင်သွားပြီဖြစ်ရာ သူကျင့်ကြံခဲ့သော ထိပ်တန်းသိုင်းပညာများစွာကို ဆက်လက်အဆင့်မြှင့်တင်ရန် ပြင်ဆင်ရပေမည်။

ကနဦးကျင့်ကြံခဲ့သော အစွန်းရောက်ရှစ်ပါးသိုင်းပညာများ ၊ အင်္ကျီလက်ထဲမှမိုးပြာရောင်နဂါးဓားသိုင်းမှသည် ဝိညာဉ်မိစ္ဆာလက်သီးသိုင်းပညာ (၆)ခု ၊ ကောင်းကင်ဝါဒလက်ဝါးသိုင်းနှင့် သူကိုယ်တိုင်တီထွင်ထားခဲ့သော မိုးကြိုးတုန်လှုပ်သိုင်းကွက်များအထိ သိုင်းပညာရပ်များ ဖြစ်သည်။

နက်ရှိုင်းချီစွမ်းအားကျင့်စဉ် ၊ မဟာသမုဒ္ဒရာရေခဲနဂါးသိုင်းပညာ ၊ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ် ၊ ကောင်းကင်မီးတောက်ကျမ်းစာ ၊ မဟာနေမင်းကျမ်းဂန် ၊ အမှောင်လရိပ်ဆေးလုံးကျမ်း ၊ ရွှမ်ဝူလက်သီးသိုင်းကျမ်းနှင့် ရန်ကျောက်ကဲ၏ အစစ်အမှန်သိုင်းဝိညာဉ်အတွင်းမှ များပြားလှစွာသော လျှို့ဝှက်သိုင်းပညာများအားလုံး ထင်ရှားထွက်ပေါ်လာသည်။

ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို အခြေခံအုတ်မြစ်ထားရှိပြီး စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ ၊ ယင်ယန်ကောင်းကင်ကျမ်းစာနှင့် နတ်ဘုရားအဆုံးသတ်ဓားသိုင်းများကို အခြေခံထပ်လောင်းကာ ကျန်ရှိသောသိုင်းပညာများက အတွင်းပိုင်းအပြင်အဆင်များအဖြစ် သူ၏ အစစ်အမှန်သိုင်းဝိညာဉ်တွင် အမျိုးမျိုးသော အင်းသင်္ကေတပုံစံများ ထင်ရှားလာသည်။

ဤ ပုံရိပ်ယောင်အင်းသင်္ကေတများက ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရအောက်တွင်ရှိသော သူ၏ဝိညာဉ်ထဲတွင် စတင်တံဆိပ်ခတ်ရေးထွင်းလာသည်။

ပြင်ပကမ္ဘာတွင်တော့ ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်က သလင်းသားပမာ ကြည်လင်လျှက် ရှိသည်။

အင်းသေင်္ကတများက သူ၏ ဝိညာဉ်ထက်တွင် တစ်ခုပြီးတစ်ခု နက်ရှိုင်းစွာပေါင်းစပ်နေသည်။

ရန်ကျောက်ကဲက သူ၏ ကိုယ်ပိုင်အ‌တွေးအမြင်များ ပိုမိုသွက်လက်လာကြောင်း ရှင်းရှင်းလင်းလင်း ခံစားနိုင်ပြီး သူ၏ သိုင်းပညာ၏လျှို့ဝှက်ဆန်းကျယ်မှုအမျိုးမျိုးကိုလည်း နက်ရှိုင်းစွာ သဘောပေါက်လာသည်။

သိုင်းသူတော်စင် ပထမအဆင့် ဖြစ်သော ကိုယ်ခွဲပေါင်းစပ်ခြင်း ကနဦးအဆင့်မှ သိုင်းသူတော်စင် ဒုတိယအဆင့်ဖြစ်သော ကိုယ်ခွဲပေါင်းစပ်ခြင်း အလယ်ဆင့်သို့ တက်ရောက်သွားသည့်အခါ အရင်က အသွေးအသားခန္ဓာနှင့် အစစ်အမှန်သိုင်းကိုယ်ခွဲပေါင်းစပ်ထားသော ရုပ်ခန္ဓာက အစစ်အမှန်သိုင်းဝိညာဉ်နှင့်ပါ ထပ်မံ ပေါင်းစပ်သွားသည်။

သိုင်းသူတော်စင် ပထမအဆင့်သို့တက်ရောက်စဉ်က ရုပ်ခန္ဓာနှင့် အစစ်အမှန်သိုင်းကိုယ်ခွဲတို့ ပေါင်းစပ်ခဲ့သည်။ သိုင်းသူတော်စင် ဒုတိယအဆင့်သို့ တက်ရောက်ရာတွင်တော့ ရုပ်ခန္ဓာ ၊ အစစ်အမှန်သိုင်းကိုယ်ခွဲနှင့် ဝိညာဉ်တို့ ပေါင်းစပ်သွားကြသည်။

ပေါင်းစပ်ခြင်းနည်းလမ်းကတော့ ဘဝတစ်လျှောက်ကျင့်ကြံခဲ့သော သိုင်းပညာများက အင်းသင်္ကေတအဖြစ်ပြောင်းလဲကာ အစစ်အမှန်သိုင်းဝိညာဉ်ထက်တွင် တံဆိပ်ခတ်ရေးဖိုးခြင်း ဖြစ်၏။

အပြင်လောကမှာတော့ ရန်ကျောက်ကဲက သွေးကန်အလယ်ဗဟိုတွင်ရှိနေသည့် ကောင်းကင်ဝါးမျိုဓားသေတ္တာထက်တွင် တင်ပျဉ်ခွေထိုင်နေသည်။

သူ့မျက်လုံးများ မှေးမှိတ်ထားသော်လည်း သူ၏ဦးခေါင်းထက်မှ ဝိညာဉ်အလင်းတန်းများ အဆက်မပြတ်ထွက်ပေါ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံထားသည်။

ရန်ကျောက်ကဲခန္ဓာကိုယ်ထက်မှ ထွက်ပေါ်လာသောရောင်ဝါက တစ်စထက်တစ်စ ပိုမိုမြင့်မားလာသည်။

သူ၏ပတ်ဝန်းကျင်တွင်လည်း တောင်းတျဲသတ္တဝါ၏နှလုံးသားနေရာက သဘာဝအရံအတားပမာ ဖြစ်နေလေရာ အပြင်ဘက်နေရာများနှင့် ချိတ်ဆက်မိခြင်း မရှိပေ။ ထို့ကြောင့် ရန်ကျောက်ကဲအနေဖြင့် မိုးမြေတစ်ခွင်မှ ထူးဆန်းသောဖြစ်စဉ်များကို ဆင့်ခေါ်နိုင်ပြီး အရှိန်အဟုန်ဖြင့် ကျင့်ကြံခြင်းအဆင့် တက်ရောက်နိုင်လေသည်။

သို့ပေသိ သူ၏ ပြင်းထန်သောစွမ်းအားများကြောင့် အောက်ဘက်ရှိ သွေးရေကန်တွင် သွေးလှိုင်းလုံးများပင် ဖြစ်ပေါ်လာ၏။

ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းစွမ်းအားစုဆောင်းမှုများသည် အခြားသူများထက် နှိုင်းယှဉ်သာလွန်ပြီး များပြားလှသည်ဖြစ်ရာ သိုင်းသူတော်စင် ဒုတိယအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်းအလယ်ဆင့်သို့ အောင်မြင်စွာ တက်ရောက်သွားခဲ့သည်။

သူက သက်သက်သာသာ လွယ်လွယ်ကူကူဖြင့် ချွေးတစ်စက်ပင်မထွက်ဘဲ ကျင့်ကြံခြင်းအဆင့်တက်သွားသည့်တိုင် ၊ အခြားသူများအတွက်တော့ ကျောရိုးထဲစိမ့်သွားစေရန် လုံလောက်သည်။

အမှန်တော့ ရန်ကျောက်ကဲ သိုင်းသူတော်စင် ပထမအဆင့်သို့ တက်ရောက်ထားသည်မှာ မကြာလှသေးပေ။

ရန်ကျောက်ကဲ မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။

သူ၏မျက်ဝန်းအစုံက တောက်ပနေပြီး သူ့နှုတ်ခမ်းများထက် အပြုံးရိပ်တစ်ခု ထင်ဟပ်လာကာ ကောင်းကင်ဝါးမျိုဓားသေတ္တာထက်မှ အသာအယာ ဆင်းသက်လိုက်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည် လက်တစ်ဖက်ဖြင့် ကမ္ဘာမြေလောင်ကျွမ်းအမွှေးတိုင်အိုးလေးကို ဖိနှိပ်ထားပြီး ကျန်လက်တစ်ဖက်က ကောင်းကင်ဝါးမျိုဓားသေတ္တာကို ထိကိုင်ထားသည်။ သူ၏ ခန္ဓာကိုယ်က သွေးရေကန်အထက် လေထုထဲတွင်မတ်တတ်ရပ်နေပြီး မျက်လုံးများမှေးမှိတ်လျှက် အာရုံစူးစိုက်ထား၏။

ကောင်းကင်ဝါးမျိုဓားသေတ္တာကိုသန့်စင်ခြင်းက မပြီးဆုံးသေးပေ။

ကောင်းကင်ဝါးမျိုဓားသေတ္တာနှင့် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကို အပိုင်ရယူနိုင်လျှင် မကြာမီမွေးဖွားဖြစ်တည်လာမည့် ဓားသေတ္တာအတွင်းမှ မိစ္ဆာဓားသည်လည်း ရန်ကျောက်ကဲလက်ထဲသို့ အလိုအလျောက် ရောက်ရှိလာပေမည်။

ဓားက အပြည့်အဝ ပြုလုပ်ပြီးစီးခြင်း မရှိသေးပေ။ ထို့ကြောင့် ထိုဓားကို သန့်စင်ရန်မှာ ရွှမ်ဧကရာဇ်လှံရှည်ကိုသန့်စင်ရသည်ထက် ပိုမိုလွယ်ကူသည်။

ဓားကိုသန့်စင်ရန်သော့ချက်ကတော့ ကောင်းကင်ဝါးမျိုဓားသေတ္တာနှင့် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးပင် ဖြစ်၏။

သို့တိုင် ရန်ကျောက်ကဲက အလွန်အမင်း သတိထားနေဆဲပင်။

ဤဓားကိုပြုလုပ်သူ မူလပိုင်ရှင်သည် ပြင်းထန်ဆိုးရွားသော မိစ္ဆာသားရဲတစ်ကောင်၏ မိစ္ဆာဝိညာဉ်ကို ဓားအတွင်း၌ စည်းတံဆိပ်ခတ်ချိတ်ပိတ်ကာ သေဆုံးနေပြီဖြစ်သော တောင်းတျဲ၏အသွေးအသားခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအားများကိုအသုံးပြုပြီး သန့်စင်ခဲ့သည်။ အန္တရယ်များပြင်း လွန်ကဲပြင်းထန်သောနည်းလမ်းကို အသုံးပြုထားခြင်း ဖြစ်၏။

သို့ဖြစ်ရာ ဤဖြစ်စဉ်ကို ကောင်းစွာမထိန်းချုပ်နိုင်လျှင် ၊ သို့မဟုတ် ပြင်ပမှ အနှုတ်လက္ခဏာအဖျက်တရားများ ဝင်ရောက်လာလျှင် ဆိုးရွားသည့်အကျိုးဆက် ခံစားရပေမည်။

ကံမကောင်းပါက တောင်းတျဲသတ္တဝါသည်ပင် သေရာမှပြန်ရှင်လာနိုင်ပေ၏။

သွေးအိုင်ကြီးအတွင်းမှ ကြီးကျယ်ခမ်းနားသော စွမ်းအားရောင်ဝါကို ကြည့်ရုံဖြင့် တောင်းတျဲသတ္တဝါ မည်မျှ စွမ်းအားကြီးကြောင်း သိရှိနိုင်သည်။

ရန်ကျောက်ကဲခန့်မှန်းချက်အရ ထိုသတ္တဝါကို လူသားကျင့်ကြံသူတစ်ယောက်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် တောင်းတျဲက အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်နှင့် တန်ခိုးစွမ်းအားချင်း ညီမျှနိုင်သည်။ သို့တည်းမဟုတ် သိုင်းသူတော်စင် ဒဿနအဆင့်နှင့်ညီမျှသော စွမ်းအားကိုပင် ပိုင်ဆိုင်နိုင်သည်။

ဤ တောင်းတျဲသတ္တဝါ၏ ရုပ်အလောင်းက ပုပ်ဆွေးနေပြီး ဝိညာဉ်စွမ်းအားလည်း နည်းပါးနေကာ ဒဏ်ရာလည်းအပြင်းအထန်ရရှိထားသည့်တိုင် ၊ အမှန်တကယ် ပြန်လည်အသက်ရှင်လာမည်ဆိုပါက ယခု ပင်လယ်ရေနက်ထဲရောက်ရှိနေသူအားလုံး၏စွမ်းအားများ ပေါင်းစည်းလိုက်လျှင်ပင် ထိုသတ္တဝါကို ရင်ဆိုင်ရန် ခက်ခဲပေမည်။

ထို့ကြောင့် ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှာ အနည်းငယ်ပင် အချိန်မဖြုန်းရဲဘဲ ကောင်းကင်ဝါးမျိုဓားသေတ္တာနှင့် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကို အပြည့်အဝအာရုံစိုက်ကာ သန့်စင်နေခြင်း ဖြစ်၏။

ရန်ကျောက်ကဲကိုယ်တိုင် လက်တစ်ဖက်ဆန့်ထုတ်လိုက်ပြီး ဓားသေတ္တာအပြင်ဘက်သို့ ဖိနှိပ်ထားလိုက်သည်။

ရန်ကျောက်ကဲ၏တန်ခိုးစွမ်းအားက အမြဲတမ်း မှတ်ကျောက်တင်စရာကောင်းအောင် ထူးခြားလှသည်။ ယခု သူ၏ကျင့်ကြံခြင်းအဆင့် မြင့်တက်သွားပြီဖြစ်ရာ ပို၍ပင် တန်ခိုးစွမ်းအား မြင့်မားလာသည်။

ရန်ကျောက်ကဲ ကူညီလိုက်သည်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ စွမ်းအားအရှိန်အဟုန် မြင့်တက်လာကာ ကောင်းကင်ဝါးမျိုဓားသေတ္တာနှင့် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကို ပိုမိုမြန်ဆန်စွာ သန့်စင်လာနိုင်သည်။

ရတနာပစ္စည်းများထက်တွင်ပေါင်းစပ်ထားသော မူလပိုင်ရှင်၏ အစစ်အမှန်သိုင်းဝိညာဉ်နှင့် အမှတ်အသားများကို ရန်ကျောက်ကဲ၏ လက်သီးသိုင်းဝိညာဉ်က အဆက်မပြတ် ဖျက်ဆီးပစ်နေသည်။ တစ်ဆက်တည်းပင် ရန်ကျောက်ကဲ၏ ဓားပညာ ၊ သိုင်းပညာအယူအဆများက ဤရတနာပစ္စည်းများအပေါ်တွင် အဆက်မပြတ် လွှမ်းမိုးချုပ်ကိုင်ပြီး မူလပိုင်ရှင်၏ သိုင်းပညာအယူအဆများနေရာတွင် အစားထိုးဝင်ရောက်လာသည်။

ထိုစဉ်...

ရန်ကျောက်ကဲစိတ်ထဲ တစ်ချက်လှုပ်ရှားသွားသည်။

မကြာမီ သူတို့အောက်ရှိ သွေးရေကန်ကြီးအတွင်းမှ ကြီးမားသောလှိုင်းလုံးကြီးများ မြင့်တက်လာပြီး ရန်ကျောက်ကဲ ၊ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ကောင်းကင်ဝါးမျိုဓားသေတ္တာတို့ကို တစ်ပြိုင်နက်ထဲ လွှမ်းခြုံသွားတော့မည့်အလား ဖြစ်သည်။

ရန်ကျောက်ကဲက စူးရှသောမျက်လုံး လျှင်မြန်သောလက်များဖြင့် ရန်ကျောက်ကဲက သွေးနီရောင်လှိုင်းလုံးကြီးကို အချိန်မီတားဆီးလိုက်နိုင်သည်။

တစ်ချိန်တည်းမှာပင် တောင်းတျဲသတ္တဝါ၏နှလုံးသားနေရာဖြစ်သော သွေးကန်သည်လည်း တုန်လှုပ်လာသည်ကို တွေ့ရ၏။

ဤအဖြစ်အပျက်က ဓားသန့်စင်နေသည့် ထုံးတမ်းအစီအရင်နှင့် ပတ်သက်ခြင်းမရှိဘဲ ပြင်ပကမ္ဘာမှနှောက်ယှက်မှု ဖြစ်သည်။

ရန်ကျောက်ကဲ ချက်ချင်းပင် အာရုံစိုက်လိုက်သည်။

“တစ်ယောက်ယောက်က ရေအောက်နန်းတော်ကို မတည်မငြိမ်ဖြစ်အောင် လုပ်နေတာပဲ ၊ ဒီတစ်နေရာတည်းကို ဦးတည်ပြီးလုပ်နေတာတော့ မဟုတ်လောက်ဘူး”

သူ မျက်မှောင်ကြုံ့လိုက်သည်။

ဤ မိစ္ဆာဓားကို ယာဇ်ပူဇော်ခြင်း ထုံးတမ်းအစီအရင်က အချိန်အနည်းငယ်အတွင်း ပြီးဆုံးတော့မည် ဖြစ်သည်။

ရန်ကျောက်ကဲမဟုတ်သည့် အခြားသူများ ဤနေရာသို့ရောက်လာပြီး ကြီးမားသောရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်လာပါက စိတ်မကောင်းစရာများ ဖြစ်လာပေမည်။

ဤ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း ယာဇ်ပူဇော်ခြင်း ကျရှုံးသွားမည်ကို မဆိုထားနှင့် ၊ တစ်ချက်လေးသတိလွတ်သွားလျှင်ပင် ကြီးမားသောအန္တရယ်တစ်ခုကို သယ်ဆောင်လာမည် ဖြစ်သည်။

အခြားသောအစွန်အဖျားနေရာများတွင်ရှိနေသူများအနေဖြင့် လွတ်မြောက်ရန် အခွင့်အရေးရှိနိုင်သော်လည်း ကောင်းကင်ဝါးမျိုဓားသေတ္တာနှင့် လက်တစ်ကမ်းအကွာတွင်ရှိနေသည့် ရန်ကျောက်ကဲကတော့ အရင်ဆုံး ဒုက္ခရောက်မည် ဖြစ်သည်။

မိစ္ဆာဓားထဲတွင် ချိတ်ပိတ်ထားသော ကြောက်စရာ မိစ္ဆာဝိညာဉ် ရုတ်တရက် အသက်ဝင်လာကြောင်း ယခုပင် ရန်ကျောက်ကဲ အာရုံခံလိုက်နိုင်သည်။

ရှေးဟောင်းကြေးနီဓားကြီး၏ မျက်နှာပြင်ထက်တွင် အလင်းရောင်တစ်ချက်တောက်ပလာပြီး အပြင်သို့ ခုန်ထွက်လာတော့မည့်အလား တောင်းတျဲသတ္တဝါ၏ပုံရိပ် ထွက်ပေါ်လာ၏။ ကလေးငိုသံပမာ စူးရှသောအသံတစ်သံသည်လည်း နားအူမတတ် ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲ ခဏမျှစဉ်းစားပြီးနောက် ကောင်ကင်ဝါးမျိုဓားသေတ္တာကို ဆက်လက်သန့်စင်ရန်အတွက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ထားခဲ့ပြီး သူကတော့ ဤနေရာသို့ ဝင်ရောက်လာသည့်လမ်းအတိုင်း အလျှင်အမြန် ထွက်ခွာလာသည်။

သူ ရှေ့ဆက်လျှောက်လာစဉ် သူ့အရှေ့မှလမ်းက နှိုင်းယှဉ်မရအောင် ဖရိုဖရဲဖြစ်နေသည်။ ရွှေရောင်အလင်းတန်းများ၏ နှောက်ယှက်မှုအောက်တွင် ဝိညာဉ်စွမ်းအားများအတက်အကျဖြစ်နေသဖြင့် မည်သည့်အရာကိုမဆို အာရုံခံနိုင်ရန် ခက်ခဲသည်။

သို့သော် ခဏမျှ လမ်းလျှောက်လာပြီးသည်နှင့် ရန်ကျောက်ကဲနားထဲ အသံတစ်သံ ကြားလိုက်ရ၏။

လူအများစကားပြောနေသံဖြစ်ပြီး ပြင်းထန်သောဝိညာဉ်စွမ်းအားတုန်ခါမှုများလည်း ဖြစ်ပေါ်နေသည်။ ကြည့်ရသည်မှာ နှစ်ဦးနှစ်ဖက် တိုက်ခိုက်နေကြဟန်ပင်။

သို့ရာတွင် နှစ်ဖက်လုံးက တိုက်ခိုက်ရန်ရည်ရွယ်ချက်မရှိဘဲ ပြေပြေလည်လည် ညှိနှိုင်းလိုကြဟန်ပင်။

All Chapters