ကျင့်ကြံခြင်း တိုးတက်မှု
Vol. 28 Ch. 381
ချီဟော်အာက ခပ်ယဲ့ယဲ့ ပြုံးကာ “ကြယ်တာရာသခင် ထွက်လာမှပဲ သိမှာဆိုတော့ အားနာပါတယ်”
ကြယ်တာရာဘုရင်တောင်တွင် သူ ထမ်းဆောင်ရမည့် တာဝန်တစ်ရပ်သာ ရှိ၏။ ကြယ်တာရာသခင်ကို ခစားဖို့ ဖြစ်ကာ ယခု မိုဝူကျီက လခြမ်းကွေး အင်မော်တယ်နန်းတော်မှ စိတ်စွမ်းအင် ကျောက်တုံးများ ရရှိထားသည့်အပြင် နဝမ ဟင်းလင်းပြင် မုန်လာဥလည်း ရှိနေသေးသည့်အတွက် ကျင့်ကြံဖို့ လိုအပ်နေသည်။ အမျိုးသမီး ကိစ္စရပ်နှင့် ပတ်သက်၍ သူက ကြယ်တာရာသခင် ဖြေရှင်းသည့် နည်းလမ်းကို ကျေနပ်မိသည်။ ထို့အပြင် ချီဟော်အာ မျက်လုံးတွင်လည်း မလိုအပ်ဘူးဟု ထင်မှတ်မိသည်။
စုရွမ်က ယန်ဟွေ့မင် စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို ကောက်ကာ ချက်ချင်း မေးလိုက်သည်။
“အိမ်တော်သခင်ယန် ... မိုထျန်းချန်က ကြယ်တာရာသခင်မိုနဲ့ တစ်ခုခု တော်စပ်နေတာများလား”
လက်ရှိ ကြယ်တာရာသခင် မိုဝူကျီနှင့် ယန်ဟွေ့မင် ညွှန်းဆိုသည့် မိုထျန်းချန်တို့တွင် မျိုးရိုးနာမည် “မို” အတူတူ ရှိကြသည်။ အကယ်၍ သူတို့ မတော်စပ်လျှင်ပင် သူမက ယန်ဟွေ့မင်က ညွှန်းဆိုနေမည် မဟုတ်မှန်း ယုံကြည်သည်။
ထျန်းချီအိမ်တော်သခင်က မည်သို့ ရိုးရှင်းသည့်သူ ဖြစ်ရမည်နည်း။
သူမသာ မိုဝူကျီကို အကောင်းမမြင်လျှင် ကြယ်တာရာ ဘုရင်တောင်ကို ခဏတိုင်း ရောက်လာပါ့မလား ...
ထို့အပြင် စုရွမ်က ယန်ဟွေ့မင်သည် “မိုထျန်းချန်” နာမည်ကို ဤအတိုင်း ထွက်လာခြင်း မဟုတ်မှန်း သေချာနေသည်။ သူမက မိုဝူကျီ၏ ဇာစ်မြစ်ကို သေချာစုံစမ်းထားပြီး မိုဝူကျီနှင့် မိုထျန်းချန် ကြားမှ ဆက်ဆံရေးကိုသာ တစ်ခုခု သိလာတာ ဖြစ်ရမည်။
ယန်ဟွေ့မင်က ညင်သာစွာ ပြုံးရင်း “ကျမလည်း သေချာမသိပါဘူး။ ကြယ်တာရာ သခင်ကိုယ်တိုင် အတည်ပြုပေးဖို့ လိုအပ်ရုံလေးပါ”
မိုဝူကျီ သူမကို မတွေ့လိုသည့် အကြောင်းအရင်းမှာ တံခါးပိတ် ကျင့်ကြံနေ၍ မဟုတ်ဘဲ ဤစေ့စပ်ကြောင်းလမ်းမှုကို ဂရုမစိုက်၍သာ ဖြစ်မည်မှန်း သူမ ကောင်းကောင်း ယုံကြည်မိသည်။ သူ ဂရုမစိုက်သည်ကလည်း အလွန် ရိုးရှင်းလှပေသည်။ အကြောင်းမှာ ကြယ်တာရာသခင်မိုက ရှီယွဲ့ကို မတွေ့ဖူးသေးပေ။ အကယ်၍ ကြယ်တာရာသခင်မိုသာ ရှီယွဲ့ကို တွေ့သွားလျှင် ဤကိစ္စကို သေချာပေါက် ရှောင်နေတော့မည် မဟုတ်ချေ။
စုရွမ်က ချီဟော်အာကို ကြည့်လိုက်သည်။
ချီဟော်အာက တွန့်ဆုတ်မနေဘဲ တဲ့တိုး ပြောလိုက်တော့သည်။
“အခုချိန်က ကြယ်တာရာသခင်အတွက် ကျင့်ကြံခြင်းမှာ အရေးကြီးတဲ့ အချိန်ဆိုတော့ နှောင့်ယှက်မိရင် ကြယ်တာရာသခင်အတွက် ကောင်းမှာ မဟုတ်ဘူး”
ချီဟော်အာက မျက်လုံးထဲတွင် ကြယ်တာရာသခင်၏ ကိစ္စများက အခြားအရာအားလုံးထက် ပိုသာပေသည်။ ကြယ်တာရာသခင်က သူ့ကို ညွှန်ကြားထား၍ သူက ညွှန်ကြားချက်အတိုင်း လိုက်လုပ်ရမည်။ အကယ်၍ မိုထျန်းချန်က ကြယ်တာရာသခင်၏ ဖခင် ဖြစ်နေလျှင်ပင် ချီဟော်အာက ကြယ်တာရာသခင်၏ ကျင့်ကြံခြင်းကို နှောင့်ယှက်မည် မဟုတ်ပေ။
ယန်ဟွေ့မင် မျက်လုံးတွင် စိတ်ပျက်မှု အရိပ်အယောင် ဖြတ်ပြေးသွားသော်လည်း ချက်ချင်း မတ်တတ်ရပ်ကာ “ဒီလိုဆိုမှတော့ ကြယ်တာရာသခင် ထွက်လာမှ အားရင် နောက်တစ်ခေါက် လာတွေ့ပါ့မယ်”
စုရွမ်က ယန်ဟွေ့မင်မှာ အနည်းငယ် စိတ်တိုသွားမှန်း သိလိုက်သည်။ မဟုတ်လျှင် သူမက “အားတဲ့အခါမှ” ဆိုသော စကားကို ထည့်ပြောမည် မဟုတ်ပေ။ ထိုစကားလုံးများနောက်၏ အဓိပ္ပာယ်မှာ သူမက နောက်တစ်ခါ ပြန်လာချင်မှ လာလိမ့်မည် ဖြစ်သည်။ အကယ်၍ ကြယ်တာရာသခင်က မိုထျန်းချန် ကိစ္စကို သိလိုလျှင် ထျန်းချီအိမ်တော်ဆီ ကိုယ်တိုင် သွားရောက်ရမည် ဖြစ်၏။
***
“ရှီယွဲ့ ... မင်းရဲ့ တာအိုမိတ်ဖက်ကို ရှာတဲ့အခါတိုင်း မင်းရဲ့ အမြင်ကို မမေးလို့ ဒီဆရာ့ကို အပြစ်မမြင်မိဘူးလား” ကြယ်တာရာ ဘုရင်တောင်မှ ထွက်လာသည်နှင့် ယန်ဟွေ့မင်က ရုတ်တရက် မေးလိုက်သည်။
အဖြူရောင်ဝတ်စုံနှင့်အတူ လှပသည့် သွင်ပြင်ရှိသည့် ကျွမ်းရှီယွဲ့က ခေါင်းမြန်မြန် ခါကာ “တပည့်ရဲ့ အသက်ကို ဆရာက ကယ်ပေးထားတာပါ။ ဆရာ ဘာလုပ်ခိုင်းခိုင်း တပည့်က လိုလိုလားလား လုပ်ပေးမှာပါ။ ဘယ်တော့မှ ဆရာ့ကို အပြစ်မမြင်ပါဘူး ...”
သူမက ထိုစကားများကို ပြောပြီးရုံ ပြောလိုက်သည်တော့ မဟုတ်ပေ။ အရင်တစ်ခါ သူမဆရာ သူမအတွက် လိန်ဟုန်ကျီနှင့် စေ့စပ်ကြောင်းလမ်းပေးဖို့ စီစဉ်ပေးစဉ်ကလည်း သူမ သဘောတူညီခဲ့သည်။ ယခုအခါ သူမ ဆရာ သူမကို ကြယ်တာရာသခင်အတွက် တာအိုမိတ်ဖက် ဖြစ်လာစေရန် စီစဉ်ပေးတော့လည်း သူမက မကျေမနပ် ငြင်းပယ်မှု မပြခဲ့ပေ။ သူမတွင် “ကျိတ်ခံစားတတ်သည့်” သဘောသဘာဝ စရိုက် ရှိလေသည်။
သူမ စိတ်အတွင်း၌ ငြင်းဆန်လိုခြင်း အနည်းငယ် ရှိသော်လည်း ထိုသို့ ငြင်းဆန်မှုမျိုးက ဝါးတားတားသာ ဖြစ်၏။ သူမက ထိုအကြောင်းကို သူမဆရာရှေ့ သေချာပေါက် ပြောမည် မဟုတ်ပေ။
ယန်ဟွေ့မင်က သက်ပြင်းချကာ ပြောလိုက်သည်။
“တကယ်တော့ ကျန်းရှင်းက အန္တရာယ်မကင်းသေးဘူး။ ဆရာတို့ ထျန်းချီအိမ်တော်က ကြယ်တာရာ ဘုရင်တောင်ရဲ့ ပါရမီရှင်တွေ၊ ဂိုဏ်းကြီးတွေ ဘာလို့ အမြဲတမ်း ရွေးနေတယ်ဆိုတာ သိရဲ့လား။ အဲဒါက မလုံခြုံတဲ့ ခံစားမှု ကြောင့်ပဲ ... အရင်တစ်ခါ နယ်ခြား အင်အားစုတွေကို အပြီးပြတ် မောင်းထုတ် ပစ်လိုက်နိုင်ပေမဲ့ အံ့ဖွယ်အဖြစ် ကျန်နေတုန်းပဲ ...”
“ကြယ်တာရာ ဘုရင်တောင်ရဲ့ ကြယ်တာရာသခင်က အာကာသ အမြောက်နဲ့ နယ်ခြား အင်အားစုတွေကို ရှင်းလင်းလိုက်တယ်လို့ ပြောကြတာ မဟုတ်လား” ကျွမ်းရှီယွဲ့က နားမလည်စွာ မေးလိုက်သည်။
ယန်ဟွေ့မင်က ခပ်ယဲ့ယဲ့ ပြုံးကာ
“ရှီယွဲ့ အဲလိုမျိုး အံ့ဩချလောက်တဲ့ အမြောက်မျိုး ရှိမယ်လို့ ထင်နေလား”
ကျွမ်းရှီယွဲ့က တိတ်ဆိတ်နေသည်ကို မြင်၍ သူမက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ တစ်ခုတော့ သေချာတယ်။ အဲဒီနယ်ခြားအင်အားစုတွေ ပျောက်သွားတာက သေချာပေါက် မိုဝူကျီနဲ့ ဆက်စပ်နေတယ်။ သူက အမြောက်သုံးတာ ဖြစ်ရင် ဖြစ်လိမ့်မယ် ဒါပေမဲ့ အာကာသ အမြောက်တော့ မရှိနိုင်ဘူး။
ပြီးတော့ အခုတလော ကျိုးပျက်ဂိုဏ်း ကိစ္စတွေကလည်း မိုဝူကျီနဲ့ ပတ်သက်နေတာ အသေအချာပဲ။ ကျိုးပျက်ဂိုဏ်းက ကြယ်တာရာသခင်ကို အလိုရှိဝရမ်း ထုတ်လိုက်ပြီးတော့ ကြယ်တာရာဘုရင်တောင်ရဲ့ မြို့ဆယ်မြို့ကိုလည်း ဖျက်ဆီးသွားသေးတယ်လေ။ ဒါပေမဲ့ ကြယ်တာရာ ဘုရင်တောင်က မိုဝူကျီ ပြန်ရောက် မလာမချင်း မတုံ့ပြန်နိုင်ခဲ့ဘူး။ နောက်တော့မှ ကျိုးပျက်ဂိုဏ်းကို လုံးဝဖြိုခွင်းခဲ့တာ ... ကျိုးပျက်ဂိုဏ်းက ကျန်းမိုနယ်မြေကနေ လုံးဝ ဖယ်ရှားခံလိုက်ရတဲ့ပုံပဲ ...”
“ကြယ်တာရာဘုရင်တောင်မှာ ပါရမီရှင်တွေနဲ့ ပြည့်နေတာ။ သူတို့ဘာမှ မလုပ်ခင် ကြယ်တာရာသခင်ကို စောင့်ရမှာပဲ မလား ...” ကျွမ်းရှီယွဲ့က ပိုရှုပ်ထွေးလာသည်။
ယန်ဟွေ့မင်က အေးစက်စွာ ရယ်မောလိုက်ရင်း
“ခန်းမသခင်စုက ကျိုးပျက်ဂိုဏ်းကို မတိုက်ရဲလို့ဆိုတာရော မတွေးမိဘူးလား။ မင်းကို တစ်ခု ပြောပြမယ်၊ ကြယ်တာရာဘုရင်တောင်က ကျိုးပျက်ဂိုဏ်း အရမ်းအားကောင်းမှန်း သိလို့ မတိုက်ရဲတာပဲ ...
ကျိုးပျက်ဂိုဏ်းရဲ့ အင်အားကြီးလာတာက သူတို့ဂိုဏ်းချုပ်ကြောင့်ပဲ။ ဂိုဏ်းချုပ်ရဲ့ ဇာစ်မြစ်က အတော်လေး ထူးဆန်းတယ်။ ကျန်းမိုနယ်မြေကို ရောက်လာပြီးနောက်ပိုင်း သတ်ဖြတ်ရေးဂိုဏ်း တစ်ခုလုံးကို ထိန်းချုပ်သွားနိုင်ပြီးတော့ ကျိုးပျက်ဂိုဏ်းအဖြစ် ပြောင်းလဲပစ်လိုက်တာပဲ ...”
ယန်ဟွေ့မင်က အသံလျှော့ကာ
“ကျိုးပျက်ဂိုဏ်းရဲ့ အခြေစိုက်နေရာကို ကြယ်တာရာသခင်မို ဖျက်ဆီးလိုက်ပြီ ထင်တယ်။ ကျိုးပျက်ဂိုဏ်းချုပ် ငြိမ်နေတဲ့ အကြောင်းအရင်းက သူ ဒဏ်ရာ အပြင်းအထန် ရနေတာ ဖြစ်နိုင်သလို တစ်ခုခု ကြံစည်နေတာလည်း ဖြစ်နိုင်တယ်...”
“သူက အဲလောက်တောင် အံ့ဩဖို့ ကောင်းတာလား” ကျွမ်းရှီယွဲ့က တအံ့တဩ မေးလိုက်သည်။
သူမက မိုဝူကျီသည် လူသားအဆင့်ဇယားနှင့် မြေကမ္ဘာအဆင့်ဇယားတို့တွင် အဆင့် ၁ ရမှန်း သိထားသည်။ သို့သော် ထိုမြေကမ္ဘာအဆင့်ဇယား ဖြစ်စေ၊ လူသားအဆင့်ဇယား ဖြစ်စေ သူတို့က လူတစ်ယောက်၏ စွမ်းရည်ကို ပြသပေးထားတာ ဖြစ်၏။
ကျိုးပျက်ဂိုဏ်းချုပ်က အနည်းဆုံးတော့ လောကအင်မော်တယ်အဆင့် ရောက်နေလောက်တယ် မဟုတ်လား ...
သူမဆရာ ပြောပုံအရ ကြယ်တာရာ ခန်းမသခင်တွေက ဒီဂိုဏ်းချုပ်ကို ရန်မစရဲတော့ သူက မြေကမ္ဘာ အင်မော်တယ်အဆင့်များ ရောက်နေတာလား ...
လောကအင်မော်တယ် သို့မဟုတ် မြေကမ္ဘာအင်မော်တယ် တစ်ယောက်နှင့် ရင်ဆိုင်နိုင်သည့် လူမှာ တုန်လှုပ်အံ့အားသင့်စရာ ပါရမီတွေ ဘယ်လောက်တောင် ရှိနေတာများလဲ ...
နှစ်အနည်းငယ်တော့ စောင့်ဆိုင်းသင့်လေ၏။
ယန်ဟွေ့မင်က ခေါင်းညိတ်ပြကာ
“သူက အဲလောက်အံ့အားသင့်ဖို့ ကောင်းနေလို့ ခဏတိုင်း လာနေတာပေါ့။ မဟုတ်ရင် ငါတို့ ထျန်းချီအိမ်တော်က အမျိုးသမီးတိုင်းက ကောင်းကင်ဘုံရဲ့ ချီးမြှောက်မှုကို ခံထားရတဲ့ ကလေးငယ်တွေပဲ။ ထျန်းချီအိမ်တော်က ခဏတိုင်း လာတွေ့လောက်အောင် ထိုက်တန်ရအောင် မိုဝူကျီက ဘာမို့လို့လဲ ...”
“ဆရာ ကံတရားက သီးခြားစီ ဆုံးဖြတ်ရမှာပဲလေ။ နောက်တစ်ခါတော့ မလာဘဲ နေကြစို့လား” ကျွမ်းရှီယွဲ့က ခေါင်းငုံ့ကာ ပြောလိုက်သည်။ သူမက နည်းနည်း မှားယွင်းနေမှန်း ခံစားနေရသည်။
ယန်ဟွေ့မင်က ကျွမ်းရှီယွဲ့ ဆံပင်လေးကို သပ်ပေးကာ သက်ပြင်းအရှည်ကြီး ချလိုက်သည်။ အချိန်တချို့ အကြာတွင် သူမက ပြောလိုက်သည်။
“ဟုတ်ပြီလေ နောက်တစ်ခါ မလာတော့ဘူး ...”
“ဆရာ တကယ်လို့ အဲလို မလုပ်ချင်ရင်လည်း တပည့် တစ်ယောက်တည်း လာလို့ ရပါတယ်” သူမ ဆရာ၏ သက်ပြင်းချသံကို ကြား၍ သူမက ထိုသို့ မတောင်းဆိုသင့်ကြောင်း ခံစားမိလိုက်သည်။ သို့သော် သူမ တစ်ယောက်တည်း လာလျှင်လည်း ဘာလုပ်ရမှန်း မသိပေ။
ယန်ဟွေ့မင်က ခေါင်းခါပြကာ
“ရှီယွဲ့ အရင်တုန်းက ကျန်းရှင်းကျင့်ကြံသူတွေ မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့် ရောက်သွားကြတာနဲ့ သူတို့က ဟင်းလင်းပြင်ကို ချိုးဖောက်ဖို့အတွက် လမ်းကြောင်း လက်ခံရရှိကြတယ်။ ပြောတာတော့ အဲဒီလမ်းကြောင်းက အင်မော်တယ်နယ်ပယ်ကို ဦးတည်ထားတာတဲ့ ...။
ဒါပေမဲ့ အရင်နှစ်တွေတုန်းကစပြီး အဲဒီ လမ်းကြောင်းဆိုတာက ဒဏ္ဍာရီဖြစ်သွားတယ်။ ကျန်းရှင်းတစ်ခုတည်း မဟုတ်ဘူး အနားပတ်လည်က နယ်ခြားမျိုးနွယ်စုတွေရော အတူတူပဲ။ ဒီနှစ်လေးအတွင်းမှာ မိုဝူကျီက သူ့အင်အားကို ဒီလောက်အထိ ရောက်လာတယ်ဆိုတော့ အနာဂတ်ကျ ဒီဟန်ချက်ကို ပြောင်းပြန် ပြောင်းနိုင်လိမ့်မယ်။ အဲဒါကြောင့် မင်းကို ဒီခေါ်လာတာပဲ ...။
တကယ်လို့ မင်းသာ သူ့တာအိုမိတ်ဖက် ဖြစ်ခဲ့ရင် သူ ကျန်းရှင်းက ထွက်ပြီး အင်မော်တယ်နယ်မြေကို သွားနိုင်တဲ့ တစ်ရက်ကျ မင်းကိုပါ အတူတူ ခေါ်သွားလိမ့်မယ် ...”
“ဆရာ”
ကျွမ်းရှီယွဲ့က အမှန်ပင် စိတ်လှုပ်ရှားမိသွား၍ သူမအသံပင် အနည်းငယ် တုန်ယင်နေလေ၏။
“အရင်ကြယ်တာရာသခင်တွေ ဘာလို့ ပျောက်သွားတာလဲဆိုတာ သိရဲ့လား။ ပြီးတော့ ကျန်းရှင်းမှာ မြေကမ္ဘာအင်မော်တယ် ထိပ်သီးပါရမီရှင်တွေ မရှိတော့တာလဲ ဆိုတာရော သိရဲ့လား ... သူတို့က အဆင့်တစ်ခုထိ ရောက်ပြီးသွားရင် တာအိုလမ်းကြောင်းပေါ်မှာ မိုးနဲ့မြေက သူတို့ခြေလှမ်းတွေကို ချူပ်နှောင် ခံထားရတယ်လို့ ခံစားလာရလို့ပဲ။ အဲဒါကြောင့် ဒဏ္ဍာရီထဲက အင်မော်တယ်နယ်မြေကို ရှာဖို့ မျှော်လင့်ချက်လေးနဲ့ ကျန်းရှင်းက ထွက်သွားကြတာ ...”
“အာ” အင်မော်တယ်နယ်မြေ အကြောင်း သူမ ဆရာ ပြောသည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်၏။
အရာအားလုံးမှာ ဒဏ္ဍာရီလာ ယုံတမ်းတစ်ပုဒ်လို ဖြစ်နေသည်။
***
ကြယ်တာရာသခင်တောင်၌
မိုဝူကျီဆီ ဝိညာဉ်စွမ်းအားများ အပြင်းအထန် စီးဆင်းနေကြသည်။ မိုဝူကျီက ဝိညာဉ်စွမ်းအားများ စီးဆင်းလာမှုမှ ပျော်ရွှင်မှုကို ခံစားမိလိုက်သည်။ ဤတစ်ကြိမ်တွင် သူက လျှပ်စီးဇာစ်မြစ်ထဲတွင် မဟုတ်သလို စိတ်စွမ်းအင် ကျောက်တုံးအချော အားလုံးလည်း မသုံးထားပေ။
စိတ်စွမ်းအင် ကျောက်တုံးများ၏ အကျိုးကို သိရှိပြီးနောက် မိုဝူကျီက သူတို့ကို ပတ်ဝန်းကျင်စွမ်းအားများ နှိုးဆွဖို့ရာသာ အသုံးပြုလေ၏။ သူက ကြယ်တာရာ သခင်တောင်မှ ဝိညာဉ်စွမ်းအားများကို နင်းကန်စုပ်ယူနေသည်။
“ဘုန်း”
တစ်လတာအတွင်း မိုဝူကျီ၏ ချီသွေးကြောများက သဘာဝ စွမ်းအားများကြောင့် စတင်တုန်ခါလာတော့သည်။ ငြိမ်သက်နေခဲ့သော စစ်မှန်ခြင်းနတ်ဘုရားအဆင့် ၁၀ မှာ အဆင့်တက် သွားတော့သည်။
စစ်မှန်ခြင်းနတ်ဘုရား အဆင့် ၁၁
သူ့ကျင့်ကြံဆင့် အခြေကျသွားသည်နှင့် မိုဝူကျီက နဝမ ဟင်းလင်းပြင် မုန်လာဥကို စားဖို့ရာ တွန့်ဆုတ်မနေပေ။
ထိုအရာမှာ သူ့အကြံအစည်အတိုင်း ဖြစ်ရာ ပထမဆုံး စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၁၁ အထိ တက်လှမ်းပြီးတော့ နဝမ ဟင်းလင်းပြင် မုန်လာဥအကူဖြင့် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၁၂ သို့ တက်လှမ်းရန် ဖြစ်သည်။ သူ အဆင့် ၁၂ ရောက်ပြီးသည့်နောက်တွင် လောက အင်မော်တယ်အဆင့်သို့ ရောက်ဖို့ရာ စိတ်စွမ်းအင် ကျောက်တုံး အချောများကို အသုံးပြုရမည်။
နဝမ ဟင်းလင်ပြင် မုန်လာဥက သူ့ပါးစပ်ထဲ ရောက်လာသည်နှင့် ချက်ချင်းဆိုသလို ဝိညာဉ်စွမ်းအား အလုံးကြီးအဖြစ် ပြောင်းလဲသွားလေသည်။ ထိုစွမ်းအားများက ဘေးပတ်ဝန်းကျင်မှ သန့်စင်သော ဝိညာဉ်စွမ်းအားများနှင့် ကွာခြားလှပြီး တာအိုအရိပ်အယောင်များ ပါဝင်နေသည်။
ပထမအကြိမ် စားလိုက်ခြင်းနှင့် ခြားနားလှသည်။ မိုဝူကျီက ယခုတွင် အတွေ့အကြုံရနေပြီ ဖြစ်၍ ပထမစားစဉ်က ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်ရုံလေးသာ ဖြစ်၏။ တာအိုအငွေ့အသက်များမှ အသိပညာကို မစုပ်ယူနိုင်ခဲ့ချေ။
ဤတစ်ကြိမ်တွင် မိုဝူကျီက ကြယ်တာရာ သခင်တောင်မှ စွမ်းအားများနှင့် စိတ်စွမ်းအင် ကျောက်တုံးမှ စွမ်းအားများကို ငှားယူထား၍ နဝမ ဟင်းလင်းပြင် မုန်လာဥနှင့် သဟဇာတ ဖြစ်လာမှုမှာ ပို၍ အားကောင်းလာသည်။
ဝိညာဉ်စွမ်းအားများကို ဖိနှိပ်ထားသည့်အလား မိုဝူကျီ၏ ချီသွေးကြောထဲသို့ စီးဝင်သွားတော့သည်။ စိတ်စွမ်းအင် ကျောက်တုံးများနှင့်အတူ နဝမ ဟင်းလင်းပြင် မုန်လာဥမှ တာအိုအငွေ့အသက်များ အကူအညီဖြင့် မိုဝူကျီ၏ ကျင့်ကြံဆင့်မှာ မြန်မြန်ဆန်ဆန် တိုးတက်နေပေသည်။
ဤတစ်ကြိမ်တွင် မိုဝူကျီက အမှန်ပင် နှမြောစရာ ကောင်းလှသည်ဟု ခံစားမိလာသည်။ ယခုနည်းလမ်းမှာ ကြွက်ဆန်စားသည့်အလား ဖြစ်နေကာ ဆုံးရှုံးမှုတစ်ခုသာ ဖြစ်နေမှန်း သိ၏။ ယခုက ဆုံးရှုံးမှု တစ်ခုဆိုလျှင် ယခင်တစ်ခုမှာ ပို၍ ဆုံးရှုံးမှု တစ်ခု ဖြစ်ပေဦးမည်။
နဝမ ဟင်းလင်းပြင် မုန်လာဥကို ဆေးလုံးဖော်စပ်လိုက်ခြင်းက ပို၍ ထိုက်တန်ပေလိမ့်မည်။ သို့သော်လည်း နဝမ ဟင်းလင်းပြင် မုန်လာဥကို ဆေးဖော်စပ်ဖို့ရာ အနည်းဆုံး အဆင့် ၉ ကောင်းကင်နယ်ပယ် ဆေးလုံးဆရာ ဖြစ်ဖို့ လိုအပ်ပေသည်။ သူက အဆင့် ၆ မြေကမ္ဘာအဆင့် ဆေးလုံးဆရာ ဖြစ်နေသောကြောင့် အဆင့် ၉ ရောက်ဖို့ရန်က ၁၀၈ ၀၀၀ မိုင်ကွာဝေးနေသေးသည်။
ဝိညာဉ်စွမ်းအားများ လွှမ်းခြုံထားမှုအောက်တွင် အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။
တစ်လ ... နှစ်လ ... သုံးလ ...
ခုနစ်လအကြာတွင် မိုဝူကျီ၏ လက်နှစ်ဖက်မှာ ဆက်တိုက်ဆိုသလို လက်ဟန် သင်္ကေတများ ပြုလုပ်နေသည်။ ထိုလက်ဟန် သင်္ကေတများက လေထဲ ပေါင်းစပ်သွားသည့်အခါ သူက စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၁၁ မှ အဆင့် ၁၂ သို့ ရောက်ရှိ သွားတော့သည်။
ယခင်က ၁၀ နှစ်မှ နှစ် ၁၀၀ ထိ လိုအပ်သော အရာတစ်ခုမှာ လပိုင်းလေးအတွင်း ရရှိသွား၏။
မိုဝူကျီက မျက်လုံးဖွင့်ကြည့် လိုက်သော်လည်း စိတ်လွတ်လက်လွတ် ပျော်မနေပေ။ သူ့အတွက် ပျော်ရမည့် အခြေအနေ မဟုတ်ချေ။
သူက ဝိညာဉ်စွမ်းအားများ ကြောက်ခန်းမလိလိ ပေါကြွယ်ဝလှသော ကြယ်တာရာ ဘုရင်တောင်တွင် ရှိနေသည်။ သူက နဝမ ဟင်းလင်းပြင် မုန်လာဥနှင့်အတူ စိတ်စွမ်းအင် ကျောက်တုံးများ သုံးစွဲထားသေးပြီး သူ့ချီသွေးကြော ၁၀၆ ခုလုံးမှာ အဆက်မပြတ် ပြောင်းပြန် လှည့်ပတ်နေလေ၏။ ထို့ကြောင့် ခုနစ်လအတွင်း စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၁၂ ရောက်သွားခြင်းမှာ ပျော်စရာ ကိစ္စ မဟုတ်ပေ။
သူက စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၁၀ မှ ၁၂ ရောက်သွားဖို့ရန် စိတ်စွမ်းအင် ကျောက်တုံး ၇ တုံးသာ သုံးခဲ့ရ၍ ကံကောင်းသည်ဟု ဆိုရမည်။
မိုဝူကျီက ကျန်ရှိနေသော ကျောက်တုံး ၂၀ ကို ထုတ်လိုက်ပြီး လောကအင်မော်တယ်အဆင့် တက်လှမ်းဖို့ရာ သုံးဖို့အတွက် တွန့်ဆုတ်မနေပေ။
***