← Chapters

မင်းတော့ကံဆိုးပြီ

Vol. 55 Ch. 777

မင်းတော့ကံဆိုးပြီ

Vol. 55 Ch. 777

အခန်း (၇၇၇) မင်းတော့ကံဆိုးပြီ

ကျန်းချောင်က ရန်ကျောက်ကဲဟု ပြောလိုက်သည်နှင့် ခန်းမောက်ရှန်းနှင့် ခန်းကျင်းယွမ်တို့ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

ခန်းကျင်းယွမ်မျက်နှာအမူအရာက ပိုမိုမှုံမှိုင်းသွားပြီး မျက်ဝန်းထဲတွင် အေးစက်သည့်အလင်းတန်းများတောက်ပလာ၏။ ခန်းမောက်ရှန်းကတော့ ကျန်းချောင်ကို စူးစိုက်ကြည့်ရင်း စိတ်ထဲတွင်အတွေးပေါင်းများစွာ ဖြတ်သန်းသွားသည်။

ထူးကဲယန်စည်းတံဆိပ်နှင့် ထူးကဲယင်သရဖူတို့အားလုံးကို အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ပြီးတော့ ကျန်းချောင် ၊ မန်ဝမ်နှင့် ထန်ယုံဟောင်တို့က ရန်ကျောက်ကဲ ကဲ့သို့ပင် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် မွေးဖွားကြီးပြင်းလာသူများ ဖြစ်ကြသည်။

သို့ဖြစ်ရာ ကျန်းချောင်တို့အုပ်စုက ရန်ကျောက်ကဲအကြောင်းကို အခြားသူများထက် ပိုသိနိုင်သည်။ သူတို့ ‘ခန်း’ မိသားစု ၊ ကွမ်းမင်ဂိုဏ်းနှင့် ကျူတောပင်လယ်ဒေသမှလူများအားလုံးထက် ကျန်းချောင်တို့က ရန်ကျောက်ကဲအကြောင်း ပိုမိုနားလည်နိုင်စွမ်းရှိသည်။

ရန်ကျောက်ကဲတွင် ထူးကဲယန်စည်းတံဆိပ်ကိုပိုင်ဆိုင်ထားလေရာ နေဝန်းထက်ယံအရှင်သခင်နှင့် ပတ်သက်နေမည်လားဟု တာ့ရွှမ်တိုင်းပြည်က အမြဲတမ်းစိုးရိမ်နေခဲ့ရသည်။

ခန်းမောက်ရှန်းက ကျန်းချောင်ကိုကြည့်ရင်း ဖြည်းညင်းသည့်လေသံဖြင့်...

“ဒီ ‘ခန်း’ ကတော့ ဆုံးဖြတ်ချက်ချလို့ မဖြစ်နိုင်ပါဘူး ၊ ဒါပေမဲ့ မင်းကို အဖေနဲ့တွေ့ဆုံပေးလို့ရပါတယ် ၊ အဲဒီကျမှ စကားပြောကြည့်တာပိုကောင်းမယ်”

ကျန်းချောင် ခေါင်းညိတ်ရင်း...

“ဒါဖြင့် မင်းကိုပဲဒုက္ခပေးရတော့မယ်”

သူက ခဏနားပြီးမှ ဆက်ပြောသည်။

“မင်းတို့အဖေက ကျင့်ကြံခြင်းအဆင့် မြင့်မားလွန်းတော့ ဒီတစ်ခေါက် ကွမ်းမင်ဂိုဏ်းတော့ လွတ်လမ်းမရှိဘဲ ပျက်ဆီးမှာသေချာတယ်”

“ဒါပေမဲ့ ဒီနေရာမှာ အဆုံးမဲ့သံလိုက်မုန်တိုင်းတွေက အရမ်းပြင်းထန်လွန်းတယ် ၊ ကွမ်းမင်ဂိုဏ်းချုပ် လော့ကျီးထောင်မှာလည်း အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်တဲ့ နေလစကြာ ရှိနေတယ် ၊ ဒီလို ပရမ်းပတာအခြေအနေကိုအခွင့်ကောင့်ယူပြီး သူလွတ်မြောက်သွားခဲ့ရင် ငါက တာ့ရွှမ်တိုင်းပြည်ကိုကူညီပြီး သူ့ကိုရှာဖွေပေးနိုင်ပါတယ်”

ထိုစကားကြားတော့ ခန်းမောက်ရှန်းရော ခန်းကျင်းယွမ်ပါ မျက်ဝန်းများ လင်းလက်သွားကြသည်။

“လိုအပ်လာရင်တော့ တကယ်ကောင်းပါတယ်”

ခန်းမောက်ရှန်း၏မျက်ဝန်းများက မန်ဝမ်၏ဦးခေါင်းထက်တွင်ရှိနေသည့် ထူးကဲယင်သရဖူထံကျရောက်သွားပြီး တိတ်ဆတ်စွာ စဉ်းစားနေသည်။

ကျန်းချောင်ကလည်း မန်ဝမ်ကို လှမ်းကြည့်ရင်း...

“ဒီ ထူးကဲယင်သရဖူက အရမ်းထူးခြားတယ် ၊ ထူးကဲယင်ခန္ဓာပိုင်ဆိုင်တဲ့မိန်းမပျိုတွေပဲ ဒီရတနာပစ္စည်းကို အသုံးပြုလို့ ရနိုင်တယ်”

ခန်းမောက်ရှန်း အံ့အားသင့်သွားပြီး...

“လက်စသတ်တော့ ဒီလိုကိုး ၊ မအံ့သြတော့ပါဘူး”

ကွမ်းမင်ဂိုဏ်းအနေဖြင့် သူတို့လက်ထဲ ဤသရဖူရောက်ရှိလာသည့်တိုင် ထိထိရောက်ရောက် မထိန်းချုပ်နိုင်ဘဲ မန်ဝမ်က ဆက်လက်ထိန်းချုပ်ထားသည်မှာ အံ့သြစရာမရှိတော့ပေ။

ခန်းမောက်ရှန်းက ကျန်းချောင်ကိုကြည့်ရင်း...

“ဒါဆိုရင် ဒီ ထူးကဲယင်သရဖူက...

သူ့စကားသံက လမ်းတစ်ဝက်တွင် ရပ်တန့်သွားသည်။

သူ့စိတ်ထဲ သတိပေးသံများထွက်ပေါ်လာပြီး ရုတ်တရက် ဘေးဘက်သို့ လှည့်ကြည့်လိုက်၏။

“ထူးကဲယင်သရဖူအတွက် မင်းစိတ်ပူစရာမလိုပါဘူး”

လူတိုင်းနားထဲတွင် အသံတစ်ခုထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

အသံနှင့်အတူ ရန်ကျောက်ကဲရုပ်သွင်သည်လည်း ကျန်းချောင် ၊ ခန်းမောက်ရှန်း ၊ မန်ဝမ်နှင့် အခြားသူများရှေ့တွင် ပေါ်လာသည်။

တောင်းတျဲသတ္တဝါ၏ ယိုယင်းနေသောအသွေးအသားများဖြင့် ဖွဲ့စည်းထားသော ရေအောက်နန်းတော်ထဲတွင် ရန်ကျောက်ကဲကတော့  အဖြူရောင်အဝတ်အစားထက်တွင် အပြာရောင်ဝတ်ရုံကိုလွှမ်းခြုံထားပြီး ကြော့ရှင်းသန့်စင်သော သခင်လေးတစ်ပါးပုံစံမျိုးပင်။

သူ့နံဘေးတွင်လည်း ဝါဒတောင်မှသိုင်းကျင့်ကြံသူများ ဝတ်ဆင်လေ့ရှိသော အဝတ်အစားဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက် ရှိနေသည်။

အခြားသူမဟုတ် ၊ ဖန်းယွင်ရှန်းပင် ဖြစ်၏။

မန်ဝမ်က တည်ငြိမ်စွာပင် ဖန်းယွင်ရှန်းကို စူးစိုက်ကြည့်လိုက်သည်။

ဖန်းယွင်ရှန်းကလည်း သူမကို လှမ်းကြည့်လိုက်သည်။

အကြည့်ချင်းဆုံသွားတော့ လက်ရှိအခြေအနေများကြားမှာပင် နှစ်ယောက်လုံး ပြုံးလိုက်မိကြသည်။

ကျန်းချောင်ကိုတွေ့တော့ ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ထူးကဲယင်သရဖူက ငါတို့ဝါဒတောင် ပိုင်ဆိုင်ရမယ့်ပစ္စည်းပဲ ၊ ကွမ်းမင်ဂိုဏ်းကိစ္စကြောင့်သာ အချိန်တွေကြာကုန်တာ ၊ ဒီနေ့တော့ ဘယ်သူဝင်စွက်ဖက်တာမှ ခံမှာမဟုတ်ဘူး”

ထို့နောက် ရန်ကျောက်ကဲအကြည့်များက ကျန်းချောင်ဆီမှတစ်ဆင့် ခန်းမောက်ရှန်းနှင့် ခန်းကျင်းယွမ်တို့ဆီသို့ ရွှေ့ပြောင်းသွားသည်။

ခန်းကျင်းယွမ်မျက်ဝန်းများက ဒေါသ ၊ အမုန်းတရားများဖြင့်ပြည့်နေသည်။ ဖြစ်နိုင်လျှင် ရန်ကျောက်ကဲထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်တိုက်ခိုက်လိုက်ချင်သည်ကို အတော်လေး ထိန်းချုပ်ထားရဟန် ရှိသည်။

ခန်းမောက်ရှန်း၏ မျက်ဝန်းများသည်လည်း အေးစက်နက်မှောင်နေပြီး မျက်နှာထားကလည်း တင်းမာနေသည်။

သူ၏ အမေရင်းက စောစီးစွာသေဆုံးသွားခဲ့သဖြင့် ‘ခန်း’ သခင်မကသာ သူ့ကို သားအရင်းတစ်ယောက်ပမာ ပြုစုပျိုးထောင်ခဲ့လေရာ ‘ခန်း’ သခင်မ သေဆုံးရခြင်းအတွက် ခန်းမောက်ရှန်းသည်လည်း နာကျင်ခံစားရသည်ပင်။

ရန်ကျောက်ကဲက သူတို့ကိုတစ်ချက်ကြည့်လိုက်ပြီး ကျန်းချောင်ကို စိတ်ခံစားချက်အပြည့်ဖြင့် ပြန်လှည့်ကြည့်လိုက်သည်။

ကွမ်းမင်ဂိုဏ်းက ပျက်ဆီးတော့မည်ဖြစ်လေရာ ကျန်းချောင်က အခြားသူများနှင့် မဟာမိတ်ပြုရန် ပြင်ဆင်နေပြီ မဟုတ်ပါလား။

တာ့ရွှမ်တိုင်းပြည်က တိမ်စိုင်တိမ်တိုက်များပမာ စွမ်းအားကြီးမားပြီး ကျူတောပင်လယ်ဒေသတွင် ခိုင်မာသည့် ရပ်တည်မှုရှိသည်။ ပြီးတော့ သူတို့က ကွမ်းမင်ဂိုဏ်း ၊ နေသူတော်စင်ဂိုဏ်းတို့ကဲ့သို့ပင် ရန်ကျောက်ကဲနှင့်လည်း ရန်သူများ ဖြစ်ကြ၏။

ကွမ်းမင်ဂိုဏ်းနှင့် တာ့ရွှမ်တိုင်းပြည်တို့က မပြေနိုင်သည့်ရန်ငြိုးများရှိကြသော်လည်း ကျန်းချောင်ကတော့ တာ့ရွှမ်တိုင်းပြည်နှင့် ပြဿနာဖြစ်ခဲ့ဖူးခြင်း မရှိပေ။

စောစောကပင် ကွမ်းမင်ဂိုဏ်းတွင်ခိုလှုံနေပြီး ခဏအတွင်းမှာပင် ကွမ်းမင်ဂိုဏ်း၏ရန်သူဖြစ်သော တာ့ရွှမ်တိုင်းပြည်နှင့် ပူးပေါင်းရန်ကြိုးစားသည်မှာ အတော်လေး မျက်နှာပြောင်သည့်ကိစ္စဖြစ်သည်။

ထန်ယုံဟောင်၏ မျက်နှာအမူအရာကိုကြည့်မည်ဆိုလျှင် ဤကိစ္စကိုသဘောမတူနိုင်ဘဲ အတော်လေးဘဝင်မကျဖြစ်နေသည်မှာ သိသာသည်။

သို့သော် ရန်ကျောက်ကဲကတော့ ကျန်းချောင်၏လုပ်ရပ်အပေါ် အံ့သြခြင်း မရှိပေ။

အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ခရမ်းရောင်နေသူတော်စင်အဖြစ် နာမည်ကြီးခဲ့သော ကျန်းချောင်သည် အခြေအနေနှင့် လိုက်လျောညီထွေစွာ ပြောင်းလဲလွယ်သူတစ်ယောက်ဖြစ်ကြောာင်း ရန်ကျောက်ကဲ သိရှိထားသည်မှာ ကြာခဲ့ပေပြီ။

အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ပထမဆုံး ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာသို့ တက်ရောက်နိုင်ခဲ့သော သိုင်းသူတော်စင်ကြီး ကျန်းချောင်သည် တစ်ချိန်က အနက်ရောင်အိပ်မက်ဆိုးတောင်နှင့်ပူးပေါင်းပြီး ဝါဒတောင်သို့ လာရောက်တိုက်ခိုက်ခဲ့ဖူးသည်။

သို့သော် တံခါးပိတ်ကျင့်ကြံရာမှ ဟန်ထျန်းပုဂ္ဂိုလ်မြန် ကျန်းဒေါင်ဂီ ပြန်ထွက်လာသည်ကိုတွေ့ရသည့်အခါ နောက်လှည့်မကြည့်ဘဲ တစ်ချိုးတည်းပြေးတော့၏။

ထို့နောက် ကျန်းဒေါင်ဂီ ဒေါသပြေစေရန်အတွက် နှစ်ပေါင်းများစွာ မီးတောင်များထဲတွင် ပုန်းအောင်းနေခဲ့သည်။

မီးတောက်မိစ္ဆာများ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ကျူးကျော်ဝင်ရောက်မှသာ ကျန်းဒေါင်ဂီ၏ခွင့်ပြုချက်ဖြင့် မီးတောက်မိစ္ဆာများကို ခုခံကာကွယ်ရန် ပြန်ထွက်လာခဲ့ခြင်းပင်။

ကျန်းဒေါင်ဂီ သေဆုံးသွားပြီးနောက် ကျန်းချောင်က နေသူတော်စင်ဂိုဏ်းကို အကြုံစဖူး အမြင့်ဆုံးအဆင့်သို့ ဦးဆောင်နိုင်ခဲ့ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာကို အုပ်စိုးခဲ့သည်။

အကယ်၍ ဝါဒတောင်အတွက် မားမားမတ်မတ်ရပ်တည်ပေးသော ကောင်းကင်ခန့်မှန်းသူ ‘ကျန်းရှီလော့’ သာ မရှိခဲ့ပါက မီးတောက်မိစ္ဆာများနှင့်တိုက်ပွဲတွင် ကြီးမားစွာထိုးနှက်ခံခဲ့ရသော ဝါဒတာင်အား နေသူတော်စင်ဂိုဏ်းက ဖျက်ဆီးပစ်မည် ဖြစ်သည်။

ယခု အထက်ဘုံကမ္ဘာမှာတော့ ကျန်းချောင်က တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ဖြစ်သော်လည်း ကျားများအလယ်မှကျားဖြစ်ပြီး သူ့ထက်တန်ခိုးစွမ်းအားမြင့်မားသူများသည်လည်း မနည်းမနော ရှိနေပေသည်။

ထို့ကြောင့် ကျန်းချောင်အနေဖြင့် သူ့အခြေအနေကို ပြန်လည်ချိန်ညှိရသည်။

ရပ်တည်ချက်ကို လိုသလိုပြောင်းလဲနိုင်သော ကျန်းချောင်အတွက်တော့ နစ်မြုပ်လုနီးပါးသင်္ဘောတစ်စင်းပမာဖြစ်သည့် ကွမ်းမင်ဂိုဏ်းကိုစွန့်ပစ်ကာ ပိုမိုကြီးမားသောသင်္ဘောဖြစ်သည့် တာ့ရွှမ်တိုင်းပြည်ဆီသို့ တက်လှမ်းရန်ရွေးချယ်ခဲ့သည်။ ဤသည်က မျှော်လင့်မထားသည့်ကိစ္စတော့ မဟုတ်ပါပေ။

ဤသည်က သွေးအေးရက်စက်သည်ဟု ထင်မှတ်ရသော်လည်း ကျန်းချောင်ကတော့ အရေးမစိုက်ပေ။

သူက ရန်ကျောက်ကဲကို တည်ကြည်သောမျက်နှာထားဖြင့် ကြည့်လိုက်ရင်း...

“ဝါဒတောင်မှာ ‘ကျန်း’ ညီအစ်ကိုတွေထွက်ပေါ်လာပြီးတဲ့နောက် မင်းတို့ ‘ရန်’ သားအဖ ထပ်ပြီးထွက်ပေါ်လာမယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး ၊ မင်းတို့ဝါဒတောင်ကို ကောင်းကင်ဘုံကများ ကာကွယ်ပေးနေသလားပဲ”

ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...

“ကိုယ့်အားကိုယ်ကိုးတဲ့သူတွေကိုပဲ ကောင်းကင်ဘုံကကူညီပေးတာ ၊ ဒီ ‘ရန်’ ကတော့ ဝါဒတောင်ကို ကောင်းကင်ဘုံက ကူညီပေးနေသလား မသိပါဘူး ၊ ဒါပေမဲ့ မင်းကံဆိုးပြီဆိုတာတော့ သိတယ်”

ခန်းကျင်းယွမ်က အံတင်းတင်းကြိတ်ပြီး ရန်ကျောက်ကဲကို ကြည့်လိုက်သည်။

“မင်းက တကယ်ပဲ ဒီမှာပေါ်လာရဲသလား”

ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...

“မင်းလည်းရောက်လာတယ် ၊ သူလည်းရောက်လာတယ်... ငါက ရောက်လာလို့မရဘူးလား”

ခန်းကျင်းယွမ်မကျ်လုံးများက မီးဝင်းဝင်းတောက်လျှက် ရှိသည်။

“မင်းကို ကျင်းထင်တောင်ကလူတွေသာ ကာကွယ်မပေးရင် သေတာကြာလှပြီ ၊ အခု ဒီကို တစ်ယောက်တည်းလာဖို့ သိပ်သတ္တိရှိနေတယ်ပေါ့လေ”

ရန်ကျောက်ကဲက ခန်းကျင်းယွမ် ၊ ခန်းမောက်ရှန်းနှင့် ကျန်းချောင်တို့ရှိရာသို့ ဆက်လျှောက်လာရင်း...

“မိခင်မေတ္တာက တကယ်အံ့သြစရာကောင်းတယ် ၊ အံ့သြစရာတွေကိုလည်းဖန်တီးနိုင်တယ် ၊ အရင်တုန်းက မင်းအမေက မင်းကိုကယ်ခဲ့တယ် ၊ အခုတော့ ဘယ်သူမင်းကိုလာကယ်မလဲ ကြည့်ရအောင်”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက လက်တစ်ဖက်ကိုပင့်မြှောက်လိုက်သည်။ သူ၏လက်ဖဝါးက ကောင်းကင်တစ်ခုလုံးအား လွှမ်းခြုံသည့်ပမာ ကျန်းချောင် ၊ ခန်းကျင်းယွမ်နှင့် ခန်းမောက်ရှန်းတို့ (၃)ယောက်လုံးအား လွှမ်းခြုံသွားသည်။

ခန်းမောက်ရှန်းက ခန်းကျင်းယွမ်ရှေ့မှကာကွယ်လိုက်ပြီး သူ၏ခါးမှဓားရှည်ကိုဆွဲထုတ်ကာ ရေကဲ့သို့စီးဆင်းနေသည့် ဓားအလင်းတန်း ဖြာလင်းထွက်ပေါ်လာပြီး ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်ကို ရင်ဆိုင်လိုက်သည်။

ကျန်းချောင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး နေသူတော်စင်ဂိုဏ်း၏ စွမ်းအားအကြီးမားဆုံးဖြစ်သော ထူးကဲယန်လက်သီးသိုင်းကို ထုတ်ဖော်လိုက်ရာ ပတ်ဝန်းကျင် မိုးမြေတစ်ခွင်ကိုလင်းလက်သွားစေသည့် နေရောင်ခြည်နှင့်ဆင်တူသော လက်သီးချက်တစ်ချက် ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲမျက်ဝန်းများ လက်ခနဲတောက်ပသွားပြီး စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကိုလှည့်ပတ်ကာ ကောင်းကင်ဝါဒလက်ဝါးသိုင်းဖြင့် ပေါင်းစပ်အသုံးပြုလိုက်ရာ ခမ်းနားပြီးကြောက်မက်ဖွယ်ရာစွမ်းအားက ရန်သူများထံသို့ ကောင်းကင်ပြိုကျသည့်အရှိန်အဟုန်ဖြင့် သက်ဆင်းလာသည်။

မိုးမြေတစ်ခွင်မှ ကြီးမားသောစွမ်းအားက ယင်နှင့်ယန်ကို ပြောင်းပြန်လှည့်ပတ်သွားစေပြီး ကျန်းချောင်၏ ထူးကဲယန်လက်သီးမှ တောက်လောင်နေသောအပူရှိန်သည် ချက်ချင်းဆိုသလို ရေခဲပမာ အေးစက်သွားစေ၏။

ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်က မန်ဝမ်ကိုတော့ သက်ရောက်ခြင်း မရှိခဲ့ပေ။

သို့သော် မန်ဝမ်၏ဦးခေါင်းထက်ရှိ ထူးကဲယင်သရဖူမှ လရောင်ခြည်က ချက်ချင်းလွင့်ပျံလာသည်။

သူမရှေ့မှ ဖန်းယွင်ရှန်းကိုကြည့်လိုက်တော့ မျက်ဝန်းများက ရေခဲပြာရောင် နေအလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်ကိုတွေ့ရသည်။

တစ်ချိန်တည်းပင် ‘နေရိပ်နတ်ဓား’ သည်လည်း ဓားအိမ်အတွင်းမှ ထွက်ပေါ်လာလေ၏။

All Chapters