← Chapters

အချိန်ကြာမြင့်စွာစောင့်နေခဲ့ရသည့်တိုက်ပွဲ

Vol. 55 Ch. 778

အချိန်ကြာမြင့်စွာစောင့်နေခဲ့ရသည့်တိုက်ပွဲ

Vol. 55 Ch. 778

အခန်း (၇၇၈) အချိန်ကြာမြင့်စွာစောင့်နေခဲ့ရသည့်တိုက်ပွဲ

မန်ဝမ်က ဖန်းယွင်ရှန်းကိုတည်ငြိမ်စွာကြည့်ရင်း ခပ်သဲ့သဲ့ပြုံးလိုက်သည်။

“ဂိုဏ်းတူအစ်မ’ဖန်း’ ၊ ကျွန်မ ဒီနေ့ကိုစောင့်နေခဲ့တာ”

‘ဒီနေ့ကိုစောင့်နေတယ်’ ဟု ပြောပုံရအ မန်ဝမ်က ဖန်းယွင်ရှန်းထံသို့ ထူးကဲယင်သရဖူကို လွယ်လွယ်နှင့်လွှဲပြောင်းပေးရန် ရည်ရွယ်ချက်မရှိပေ။

ထိုအစား သူမက အချစ်ဆုံးသော ဂိုဏ်းတူအစ်မနှင့် မည်သူပိုပြီးတော်သည်ကို သိရှိရန် စောင့်မျှော်နေခြင်း ဖြစ်၏။

အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ထူးကဲယင်ပြိုင်ပွဲတွင် သူမက အမြဲလိုလို အနိုင်ရခဲ့သူ ဖြစ်ပြီး အခြားသူများထက်သာလွန်ခဲ့သည်။ သို့သော် တစ်ချိန်က နေသူတော်စင်ဂိုဏ်းတွင် သူမက ဖန်းယွင်ရှန်းအတွက် အရံလူတစ်ယောက်သာဖြစ်ခဲ့ကြောင်းကို ဘယ်သောအခါမှ မေ့ပျောက်မသွားခဲ့ပေ။

ယခင်တစ်ချိန်က ဖန်းယွင်ရှန်းသာ မတော်တဆမှုမကြုံခဲ့ရဘူးဆိုလျှင် နောက်ပိုင်း အခြေအနေမည်သို့ရှိမည်လဲ ဘယ်သူမှ မသိနိုင်ပေ။

ဒုတိယအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် သူမ ဒဏ်ရာရထားသဖြင့် ကျောက်စိမ်းပင်လယ်မြို့တော်မှ ချန်စုထင်ကို ရှုံးနိမ့်ခဲ့ရသည်။

စတုတ္ထအကြိမ်ထူးကဲယင်ပြိုင်ပွဲမှာတော့ သူမက ထူးခြားသည့်ကျင့်ကြံခြင်းကိုပြုလုပ်ထားသဖြင့် လှိုင်းနက်ဂေဟာမှ ဖန်ချိုးကို အရှုံးပေးခဲ့ရသည်။

နောက်ပိုင်းမှာတော့ သူမနေရာတွင် အရံလူအဖြစ်သတ်မှတ်သည့် နေသူတော်စင်ဂိုဏ်း၏ တတိယမြောက် ထူးကဲယင်မိန်းမပျို ယွင်ရှိုးချင် ရှိလာခဲ့သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ထူးကဲယင်မိန်းမပျိုများအားလုံးကို အနိုင်ယူရန် မန်ဝမ်အနေဖြင့် ယုံကြည်မှုအပြည့်ရှိသည်။

ထူးကဲယင်ပြိုင်ပွဲတွင် သူမက အမြဲတမ်း ဧကရီဘုရင်မတစ်ပါးဖြစ်ပြီး ချန်စုထင်နှင့် ဖန်းချိုးတို့သည်ပင် သူမနေရာကို လှုပ်ခါအောင်မပြုလုပ်နိုင်ကြပေ။ အဆုံးမဲ့တောင်တန်းမှ လင်ဟွေ့နှင့် ကောင်းကင်မိုးကြိုးခန်းမမှ နျန်လေ့ဆိုလျှင်တော့ ပြောနေစရာ မလိုတော့ပေ။

ဖန်းယွင်ရှန်းက ကျင့်ကြံခြင်း (၂) နှစ်ခန့် ရပ်တန့်သွားခဲ့ပြီး မန်ဝမ်ကို အမီလိုက်နိုင်ခဲ့ခြင်း မရှိပေ။ သို့‌သော် ဖန်းယွင်ရှန်းသာ အချိန် (၂)နှစ် အလကားမဖြစ်ခဲ့ဘူးဆိုလျှင် အခြေအနေက မည်သို့ရှိမည်နည်း။

ဖန်းယွင်ရှန်းသာ ပုံမှန်အတိုင်းကျင့်ကြံသွားနိင်မည်ဆိုလျှင် မန်ဝမ်အနေဖြင့် သူမ၏ ဂိုဏ်းတူအစ်မ’ဖန်း’ ကို အနိုင်ရနိုင်ပါမည်လား။

ဤသည်မှာ ထူးကဲယင်ပြိုင်ပွဲရောက်တိုင်း မန်ဝမ်အတွက် မသေချာသောကိစ္စတစ်ခု ဖြစ်သည်။

ထူးကဲယင်သရဖူသည် ဖန်းယွင်ရှန်း စွဲလန်းခဲ့သော ရည်မှန်းချက်ပန်းတိုင်ဖြစ်လေရာ မန်ဝမ်သည်လည်း ထိုစဉ်က အဖြစ်အပျက်များအတွက် နောင်တရစရာများစွာ ရှိခဲ့သည်။

ယခုတော့ သူမလိုချင်သည့်မေးခွန်းအတွက် အဖြေရှိနေခဲ့ပေပြီ။

ဖန်းယွင်ရှန်းသည် အံ့သြစရာကောင်းလောက်အောင် အချိန် (၂)နှစ် ကွာဟချက်အတွက် အစားထိုးကျင့်ကြံနိုင်ခဲ့သည့်အပြင် မန်ဝမ်ထက်ပင် သာလွန်သွားခဲ့ပြီ မဟုတ်ပါလား။

မန်ဝမ်က ဖန်းယွင်ရှန်းအတွက် ဝမ်းသာပျော်ရွှင်သော်လည်း ဘယ်တော့မှ အရှုံးပေးမည် မဟုတ်ပေ။

ကွမ်းမင်ဂိုဏ်းက သူမကို အထက်ဘုံကမ္ဘာသို့ ခေါ်မသွားဘဲ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် နေခဲ့ရလျှင်ပင် နေသူတော်စင်ဂိုဏ်းကို အဆုံးတိုင်ဖြိုခွင်းပစ်ခဲ့သော ဝါဒတောင်ကို သူမ ဘယ်သောအခါမှ လက်နက်ချအရှုံးပေးမည် မဟုတ်ပေ။

မန်ဝမ်က ဖန်းယွင်ရှန်းကို ပြုံးပြလိုက်ရင်း...

“ဂိုဏ်းတူအစ်မ’ဖန်း’ ၊ ထူးကဲယင်ပြိုင်ပွဲမရှိတော့တာတောင် ကျွန်မတို့ ရန်ဘက်တွေဖြစ်လာတာ စိတ်မကောင်းစရာပဲ ၊ အစ်မက ဝါဒ‌တောင်ကတပည့်ဖြစ်ပြီး ကျွန်မက နေသူတော်စင်ဂိုဏ်းက တပည့်ပါ ၊ ဝါဒတောင်က နေသူတော်စင်ဂိုဏ်းကို ဖျက်ဆီးပစ်ခဲ့တဲ့တယ်လေ”

“ဂိုဏ်းရဲ့ဆုံးဖြတ်ချက်အတော်များများနဲ့ ဆရာဘိုးဘိုး’ဟွမ်ကွမ်လီ’ ၊ ဆရာဦးလေး’ဟွမ်ရှု’ ၊ ဂိုဏ်းတူအစ်ကို’ဟွမ်ကျိ’ တို့ရဲ့ လုပ်ရပ်တွေကို သဘောမကျပေမယ့် ကျွန်မက နေသူတော်စင်ဂိုဏ်းက တပည့်တစ်ယောက်ပဲလေ ၊ ဆရာ့ရဲ့သင်ပြပေးမှုကြောင့်သာ ကျွန်မ လက်ရှိအခြေအနေကို ရောက်လာတာပါ”

“ဆရာ့အတွက် ၊ နေသူတော်စင်ဂိုဏ်းအတွက် ကျွန်မ အရှုံးမပေးနိုင်ဘူး ၊ အစ်မနဲ့ ထူးကဲယင်ပြိုင်ပွဲမှာ မယှဉ်ပြိုင်ရပေမယ့် အခြေအနေတွေက ဒီအတိုင်းဖြစ်လာခဲ့တယ် ၊ ဒါကြောင့် အနိုင်ရဖို့ ကျွန်မ သေချာပေါက် ကြိုးစားရမယ် ၊ ထူးကဲယင်သရဖူကိုလက်နက်အဖြစ်အသုံးပြုပြီး အစ်ကို’ရန်’ ကို တိုက်ရမယ် ၊ အစ်မကိုလည်း တိုက်ရလိမ့်မယ်”

မန်ဝမ်အမူအရာက တည်ငြိမ်နေပြီး သူမမျက်ဝန်းများတွင် ဆုံးဖြတ်ချက်ခိုင်မာမှုအပြည့်ဖြင့် တစ်ချက်လေးပင် လှုပ်ရှားခြင်း မရှိပေ။

မန်ဝမ်ကိုနားအလည်နိုင်ဆုံးသူများထဲတွင် ဖန်းယွင်ရှန်းသည်လည်း တစ်ယောက်အပါအဝင် ဖြစ်သည်။

သူမနားလည်သည့် မန်ဝမ်၏ စိတ်နေစိတ်ထားအရ ထန်ယုံဟောင်ကဲ့သို့ပင် ကွမ်းမင်ဂိုဏ်းကိုစွန့်ခွာပြီး တာ့ရွှမ်တိုင်းပြည်သို့ ပြောင်းလဲပူးပေါင်းမည်ကို သဘောကျမည် မဟုတ်ပေ။

ကျန်းချောင်၏လွှမ်းမိုးမှုကို ငြင်းဆန်ရန်စွမ်းအားမရှိသော ထန်ယုံဟောင်နှင့် မန်ဝမ်က မတူညီပေ။ မန်ဝမ်တွင် ကျန်းချောင်ကို ‘မလုပ်ဘူး’ ဟု ငြင်းပယ်နိုင်စွမ်းရှိသည်။

သို့သော် သူမ မငြင်းဆန်ခဲ့ပေ။

သူမက ကျန်းချောင်နှင့် မရင်းနှီးသော်လည်း နေသူတာ်စင်ဂိုဏ်းတွင် ကြီးပြင်းလာသည့် ကျေးဇူးတရားကို တုံ့ပြန်သည့်အနေဖြင့် ကျန်းချောင်၏လုပ်ရပ်များကို ခပ်မဆိတ်ပင် သဘောတူခဲ့သည်။ ပြီးတော့ ထူးကဲယင်သရဖူက နေသူတော်စင်ဂိုဏ်း ပိုင်ဆိုင်သောပစ္စည်းဖြစ်ပြီး သူမ ‘မန်ဝမ်’ ပိုင်ဆိုင်သောပစ္စည်း မဟုတ်ပေ။

ထိုသို့သောသဘောထားမျိုးကို အမြဲတမ်းခံယူထားမည်မဟုတ်သော်လည်း လက်ရှိအချိန်ထိတော့ ထိုသို့ပင် ခံယူထားဆဲ ဖြစ်၏။

ဖန်းယွင်ရှန်းအပေါ်တွင်လည်း သူမ ထိုသို့ပင် သဘောထားသည်။

သူမ၏ ကိုယ်ပိုင်ဆန္ဒအဖြစ် ထူးကဲယင်ပြိုင်ပွဲတွင် ထူးကဲယင်သရဖူကို ရယူလိုသည်မှာ အမှန်တကယ်ဖြစ်သည်။

သို့သော် ယနေ့မှာတော့ သူမက သူမကိုယ်တိုင်အတွက် တိုက်ခိုက်ခြင်းမဟုတ်ဘဲ ၊ နေသူတော်စင်ဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်အနေဖြင့် ဝါဒတောင်မှ ကျင့်ကြံသူတစ်ယောက်ဖြစ်သော ဖန်းယွင်ရှန်းကို တိုက်ခိုက်ခြင်း ဖြစ်သည်။

ဖန်းယွင်ရှန်းက...

“ဝမ်လေး... မင်းဆုံးဖြတ်ချက်ကို ပျက်ပြားစေလိုတဲ့စိတ်တော့ မရှိပါဘူး ၊ ငါလည်း မင်းနဲ့အတူတူပါပဲ ၊ မင်းနဲ့တိုက်ခိုက်ဖို့ ဆန္ဒရှိပါတယ် ၊ ဒါပေမဲ့ မင်းကိုပြောစရာတစ်ခုရှိတယ် ၊ ဝါဒ‌တောင်က နေသူတော်စင်ဂိုဏ်းကလူတိုင်းကို ရှင်းပစ်ခဲ့တာ မဟုတ်ပါဘူး ၊ မင်းရဲ့ဆရာ အသက်ရှင်နေပါသေးတယ် ၊ အခု လှိုင်းနက်ဂေဟာမှာ ရှိနေပါတယ်”

“အခွင့်အရေးရရင် အစွန်းရောက်ရှစ်ပါးကမ္ဘာကိုပြန်ပြီး မင်းရဲ့ဆရာကို သွားတွေ့သင့်တယ်”

နေသူတော်စင်ဂိုဏ်းတစ်ခုလုံးတွင် မန်ဝမ် အမှန်တကယ်စိတ်ပူပန်သူ နှစ်ယောက်သာ ရှိသည်။ တစ်ယောက်က သူ့ဆရာဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဖန်းယွင်ရှန်း ဖြစ်သည်။

သူတို့ရှေ့တွင်သာ မန်ဝမ်က သူမ၏ပုံစံအမှန်ဖြင့် နေထိုင်တတ်လေသည်။

ဖန်းယွင်ရှန်းစကားကြားတော့ မန်ဝမ်၏မျက်နှာက ပြုံးရွှင်သွားသည်။

“အခွင့်အရေးရရင် ဆရာနဲ့ သေချာပေါက်သွားတွေ့ပါ့မယ် ၊ ဂိုဏ်းတူအစ်မ’ဖန်း’ ရဲ့ ဓားချက်အောက်မှာ ကျွန်မ မသေဘူးဆိုရင်ပေါ့”

ထို့နောက် မန်ဝမ်၏ဦးခေါင်းထက်မှ တောက်ပသောလရောင်ခြည်က ဖြူစင်သောဇာမဏီငှက်အသွင်ပြောင်းလဲသွားပြီး ကြည်လင်သော အော်မြည်သံတစ်သံပြုလုပ်ကာ တောင်ပံများကိုဖြန့်ကားလျှက် ကောင်းကင်ထက်သို့ ပျံသန်းသွားသည်။

“ဆရာ အသက်ရှင်နေသေးပေမယ့် ဒီတိုက်ပွဲက နေသူတော်စင်ဂိုဏ်းအတွက် ဖြေရှင်းချက်ပဲ ၊ အတတ်နိုင်ဆုံး တိုက်ခိုက်ရမှာပဲ”

မန်ဝမ်၏မျက်နှာအမူအရာက တည်ကြည်လေးနက်နေပြီး အဖြူရောင်ဇာမဏီငှက်က အတောင်ပံများကို ဖြန့်ကားကာ ပတ်ဝန်းကျင်တစ်ခုလုံးအား တောက်ပသောအလွှာဖြင့် လွှမ်းခြုံထားလျှက် အရာအားလုံးက အေးစက်တိတ်ဆိတ်နေသည်။

ဖန်းယွင်ရှန်း၏လက်ထဲတွင် နေရိပ်နတ်ဓားကိုကိုင်ဆောင်ထားပြီး သူမ၏စွမ်းအားရောင်ဝါက တစ်စတစ်စမြင့်တက်လာကာ အေးခဲနေသည့် အပြာရောင်နေဝန်းက တုန်လှုပ်ဖွယ်ရာ လှည့်ပတ်နေသည်။

“ဝမ်လေး... မင်း စိတ်မပူပါနဲ့ ၊ မင်းရဲ့အတွေးတွေကို ငါ နားလည်ပါတယ်”

ဖန်းယွင်ရှန်းက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။

“ဘာလို့လဲဆိုတော့ ငါလည်း အဲဒီလိုပဲလေ”

သူမက ဆက်ပြောသည်။

“ဝါဒတောင်က ငါ့ကိုဘဝအသစ်တစ်ခုပေးခဲ့တယ် ၊ ထူးခြားပြီး စွမ်းအားမြင့်မားတဲ့ အဆင့်မြင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကို ငါ့ဂိုဏ်းအတွက် ငါကိုယ်တိုင် ရယူပေးရမယ်”

သူမ ဓားကိုပင့်မြှောက်လိုက်သည်နှင့် အပြာရောင်အလင်းတန်းများက တစ်လောကလုံးကို လွှမ်းခြုံသွားသည်။

“ဝမ်လေး ... သတိထား ၊ ဒီဓားက ထူးကဲယင်သရဖူထက် စွမ်းအားမနိမ့်ဘူး”

ပြောပြီးသည်နှင့် ဖန်းယွင်ရှန်းက မန်ဝမ်ကို ဓားဖြင့် ခုတ်ပိုင်းချလိုက်ရာ ပတ်ဝန်းကျင်လေထုတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်။

ဓား၏စွမ်းအားက နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်၏တိုက်ခိုက်မှုထက် အားနည်းခြင်း မရှိပေ။

အေးစက်သောနေရောင်နှင့် ထူးကဲယင်စွမ်းအားတို့ ပြင်းထန်စွာ ရိုက်ခတ်မိသွားပြီး တုန်လှုပ်ဖွယ်ရာ စွမ်းအားလှိုင်းလုံးများ ဖြစ်တည်လာသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲက ပြုံးရင်း...

“ငါတော့ ဒီတိုက်ပွဲကို အေးအေးဆေးဆေး ထိုင်မကြည့်နိုင်တာ စိတ်မကောင်းစရာပဲ”

တစ်ချိန်တည်းမှာပင် သက်တံ့ဓားက သူ့လက်ထဲတွင် ပေါ်လာသည်။

ဓားချက်ခုတ်ပိုင်းချလိုက်သည်နှင့် ခန်းမောက်ရှန်း၏ ရေစီးကြောင်းပမာဓားအလင်းတန်းက ရုတ်တရက် ကြောက်မက်ဖွယ်ရာတုန်လှုပ်သွားပြီး ပြတ်တောက်သွားသည်။

ဒါကိုမြင်တော့ ခန်းမောက်ရှန်းရော ခန်းကျင်းယွမ်ပါ ထိတ်လန့်သွားကြသည်။

“သူ့ဓားသိုင်းက အရမ်းကြောက်စရာကောင်းပြီး လူတစ်ယောက်ရဲ့ယုံကြည်မှုကိုတောင် ချိုးဖျက်ပစ်နိုင်တယ်လို့ အဖေ ပြောဖူးတယ် ၊ ဒါပေမဲ့ ပြောမယုံကြုံမှသိပဲလေ ၊ ဒီလိုစွမ်းအားကြီးတဲ့ဓားသိုင်းမျိုးကို ဘယ်သူက စိတ်ကူးကြည့်နိုင်မှာလဲ”

ဒါကိုမြင်တော့ ရန်ကျောက်ကဲ ရယ်မောလိုက်၏။

“သူ့ဓားသိုင်းက ထာဝရအလင်းကောင်းကင်ကျမ်းစာက မြစ်ဖျားခံလာတဲ့ ဓားသိုင်းပညာဆိုတာ သေချာတယ် ၊ စိတ်မကောင်းစရာက ငါကလည်း နတ်ဘုရားထောင်ချောက်ဓားသိုင်းမဟုတ်ဘဲ နတ်ဘုရားအဆုံးသတ်ဓားသိုင်းကို ကျင့်ကြံထားမိတယ်”

ဤသည်က ရန်ကျောက်ကဲစိတ်ထဲမှ အတွေးများသာ ဖြစ်သည်။

သူက ခန်းမောက်ရှန်းကို ဓားဖြင့်ခုတ်ပိုင်းချရင်း စိတ်အေးလက်အေးဖြင့်ပင် ကျန်းချောင်ကိုလည်း လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ကျန်းချောင်က အဆက်မပြတ် လက်သီးဖြင့်ထိုးနှက်လိုက်ရာ တောက်ပသည့်နေမင်းနှစ်စင်းပမာ လက်သီးစွမ်းအားက အလွန်တရာပြင်းထန်စွာဖြင့် ရန်ကျောက်ကဲလက်ဖဝါးဆီသို့ ဝင်ရောက်လာသည်။

သို့သော် စွမ်းအားနှစ်ခု ရိုက်ခတ်မိသည်နှင့် ‌ရွှေရောင်နေအလင်းတန်းများ ချက်ချင်းမှိန်ဖျော့သွားပြီး နေရောင်ခြည်က အေးခဲသွားသည်။

အလွန်အမင်းပြင်းထန်စွာ တောက်လောင်နေသည့် စွမ်းအားများပါဝင်သော ကျန်းချောင်၏လက်သီးချက်သည် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်၏စွမ်းအားကြောင့် လုံးဝပြောင်းပြန်ဖြစ်သွားပြီး သဏ္ဌန်မဲ့စွာ ပျောက်ကွယ်သွားသည်။

ကျန်းချောင် မတုံ့ပြန်နိုင်ခင်မှာပင် ရန်ကျောက်ကဲ၏ လက်ဝါးသိုင်းကလည်း ပြောင်းလဲသွားသည်။

သူက လက်လေးချောင်းကိုကွေးလိုက်ပြီး လက်ညှိုးတစ်ချောင်းဖြင့် ကျန်းချောင်ကို ညွှန်ပြလိုက်၏။

ရန်ကျောက်ကဲ၏လက်ချောင်းထိပ်တွင် မှိန်ဖျော့ဖျော့ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုအလင်းတန်းစွမ်းအားက ကျန်းချောင်၏လက်သီးချက်ကို ထူးကဲယန်မှ ထူးကဲယင်အဖြစ်ပြောင်းလဲသွားစေကာ သူ၏ခန္ဓာကိုယ်ဆီသို့ ပြောင်းပြန်စီးဆင်းကာ တန်ပြန်ဝင်ရောက်သွားစေသည်။

ဤသည်က...

ယင်ယန်ကောင်းကင်ကျမ်းစာမှ ‘ယင်ယန်လက်ချောင်းသိုင်းကွက်’ ပင် ဖြစ်၏။

All Chapters