မင်းက ဟူဗာလား
Vol. 28 Ch. 383
“ဘမ်း”
နောက်ဆုံးမိုးကြိုးချက် မိုဝူကျီပေါ် ကျရောက်လာသည်။ မိုဝူကျီ ခန္ဓာပေါ်တွင် အမာရွတ်တစ်ခုပင် ကျန်မနေပေ။
မိုးကြိုးဖုံးလွှမ်းနေသည့် ကြယ်တာရာသခင်တောင်မှာ ငြိမ်သက်သွားပြီး မိုဝူကျီလည်း အနည်းငယ် စိတ်အေးမိသွားသည်။ ထိုမိုးကြိုးချက်များက သူ့ကို လောကအင်မော်တယ်အဆင့် တက်လှမ်းနိုင်ဖို့ရာ ကူညီပေးနိုင်ရုံသာမက လောကအင်မော်တယ်အဆင့် ၁ အထိ ရောက်နိုင်ရန် ကူညီပေးခဲ့သည်။ သို့သော်လည်း နောက်ထပ် မိုးကြိုးချက် တစ်သုတ်သာ ကျန်ရှိနေသေးလျှင် လောကအင်မော်တယ်အဆင့် ၂ အထိ တက်လှမ်းနိုင်ပေလိမ့်မည်။ နှမြောစရာ ကောင်းလှသည်။
စမ်းသပ်ချက် ခံယူဖူးသော ကျင့်ကြံသူများကြားတွင် မိုးကြိုးနည်းသည်ဟု ညည်းညူသူမှာ မိုဝူကျီ တစ်ယောက်တည်းသာ ဖြစ်လိမ့်မည်။
မိုဝူကျီက သူ့ကိုယ်သူ သန့်ရှင်းလိုက်သည့်အချိန် သူ့၁၀၆ ခုမြောက် ချီသွေးကြောတွင် စွမ်းအင်တချို့ စတင်စုစည်းနေလေသည်။ ထိုစွမ်းအားများမှာ သူ့အသိစိတ်ပင်လယ်နှင့် ပေါင်းစပ်သွားဟန် ရှိသည်။ မိုဝူကျီ စိတ်အတွင်း၌ ဖျော့တော့တော့ ထိုးထွင်းသိမြင်ဉာဏ် ပေါ်လာသလို ခံစားမိလိုက်သည်။ ထိုစွမ်းအားများ ပေါင်းစပ်သွားလေလေ သူ့ထိုးထွင်းဉာဏ်မှာ ပိုမို ရှင်းလင်းလာလေလေ ဖြစ်သည်။
မိုဝူကျီက ဘယ်လက်ဟန် သင်္ကေတမှ မလုပ်ဘဲ လက်ဗလာဖြင့် ဆုပ်ကိုင်လိုက်ရုံဖြင့် အချိန်တိုလေးအတွင်း သူ့ရှေ့မှ ဟင်းလင်းပြင်နေရာ တစ်ခု ဖြစ်ပေါ်လာလေ၏။
မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသော်လည်း မိုဝူကျီက စိတ်လှုပ်ရှားနေမိဆဲ ဖြစ်သည်။
သူ့ကျင့်ကြံဆင့် အလွန်နိမ့်ကျနေစဉ်က များစွာသော အဆင့်မြင့် ကျင့်ကြံသူများနှင့် တိုက်ခိုက်ခဲ့ရသည်။ အာကာသ ချုပ်နှောင်ခြင်းကို အမျိုးမျိုး ကြုံတွေ့ဖူး၍ မည်မျှပင် အံ့အားသင့်စရာ ကောင်းကြောင်း သိထားသည်။
သဘာဝငါးမျိုးနှင့် အာကာသ ချုပ်နှောင်ခြင်း ဖြစ်ဖြစ် တခြား သဘာဝအမျိုးအစားများလည်း ဖြစ်ဖြစ် အားလုံးကို ပညာရပ်အဖြစ် ယူဆထားကြသည်။ ထို့ကြောင့် သူတို့ ကျင့်ကြံဆင့်မမြင့်ခင် သူတို့က လက်ဟန် သင်္ကေတများ ပြုလုပ်ဖို့ရာ လိုအပ်ပေသည်။
သို့သော်လည်း သူက ချက်ချင်း အာကာသ ဖြစ်တည်ခြင်း အသုံးပြုလိုက်ရာ ထိုအရာမှာ သူ့အာကာသ အသိပညာပေါ် အခြေခံထား၏။ မိုဝူကျီက လောကအင်မော်တယ်အဆင့် ရောက်နေပြီ ဖြစ်၍ ဤပညာရပ်အဆင့်ကို မည်သို့ မသိဘဲ နေမည်နည်း။ ထိုအရာမှာ လျှို့ဝှက်ပညာရပ် လမ်းစဉ်တစ်ခု ဖြစ်ပေသည်။
သူက လျှပ်စီးကွန်ရက်တိုက်ကွက်ကို အသိဉာဏ်ပွင့်ပြီးနောက်တွင် လောက အင်မော်တယ်အဆင့် ရောက်လာသည်နှင့် လျှို့ဝှက်ပညာရပ်တစ်ခုကို ဉာဏ်အလင်းပွင့်ခဲ့လေသည်။ ဤလျှို့ဝှက်ပညာရပ်မှာ လက်ဟန် သင်္ကေတ တစ်ခုမှ မလိုအပ်ဘဲ အာကာသ နားလည်နိုင်စွမ်းကို အပြည့်အဝ အခြေခံထားတာ ဖြစ်၏။
သူက လောကအင်မော်တယ်အဆင့် တက်လှမ်းနိုင်သွားသော်လည်း ယခုလောက် စိတ်မလှုပ်ရှားမိပေ။ ယခုတွင် အမှန်ပင် စိတ်လှုပ်ရှားမိနေသည်။
အာကာသ ဖြစ်တည်ခြင်း ... ထိုအရာမှာ တိုက်ပွဲအတွင်း အခြေအနေတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်သည့်အရာ ဖြစ်၏။
သူ ကျူးချူကို အလစ်ဖမ်းတိုက်စဉ်က ဘာကို သုံးခဲ့ရသလဲ ...
လောကအင်မော်တယ် ခုနစ်ယောက်က ကျူးချူ၏ အားနည်းချက် နေရာကို ဝိုင်းတိုက်ခိုက်ဖို့ရာ အမျိုးမျိုး လှည့်ကွက် သုံးထားရသည်။ ထို့ကြောင့်သာ အလစ်ဖမ်းတိုက်ခိုက်မှု အောင်မြင်လာခြင်း ဖြစ်သည်။ ထိုအရာမှာလည်း သူ့အစီအရင်များအပေါ် ကျွမ်းကျင်မှုနှင့်အတူ ကျိုးပျက်ဂိုဏ်း ကျင့်စဉ်အပေါ် နားလည်နိုင်စွမ်းကြောင့် ဖြစ်ပေသည်။
အကယ်၍ သူသာ ဤအာကာသ ဖြစ်တည်ခြင်းကို ထိန်းချုပ်နိုင်လာပြီး ခဏလေးသာ ဖမ်းဆုပ်နိုင်ခဲ့လျှင် အလစ်ဖမ်းတိုက်ဖို့ရာ နောက်ထပ် အခွင့်အရေး ရလာနိုင်သည်။
“ဟားဟား” မိုဝူကျီက စိတ်အတွင်းမှ ပျော်ရွှင်နေမှုကို မထိန်းချုပ်နိုင်တော့ပေ။
ထိုသို့ဖြစ်မလာခင် သူက လောကအင်မော်တယ်အဖြစ် ရောက်ရှိသွားသော်လည်း ကျူးချူကို ဖယ်ရှားဖို့ရန် အလွန်ခက်ခဲမည် ဖြစ်ကြောင်း သိသည်။ သူက ကျူးချူ၏ ပြိုင်ဘက် မဟုတ်သေးပေ။ သို့သော် သူက ထိုအာကာသ ဖြစ်တည်ခြင်းကို ထိန်းချုပ်နိုင်ပြီ ဖြစ်၍ ကျူးချူနှင့် ရင်ဆိုင်တွေ့ချင်မိသည်။
ကျူးချူ ... ငါ ပေးလိုက်တဲ့ ဒဏ်ရာကနေ ပြန်ကောင်းပါစေလို့ မျှော်လင့်တယ် မဟုတ်ရင်တော့ မကြာခင် မင်း အသုဘ ဖြစ်သွားလိမ့်မယ်။
သူက ပျော်ရွှင်နေသောကြောင့် တခြားစိုးရိမ်မှုများကို မခံစားမိတော့ပေ။ စိတ်လွတ်လက်လွတ် ခံစားချက်သည် သူ့အား စိတ်အေးလက်အေး ဖြစ်စေသည်။
“ဘုန်း” နောက်အခိုက်အတန့်လေး၌ မိုဝူကျီက ရုတ်တရက် စွမ်းအားများ တိုးပွားလာကာ လောကအင်မော်တယ် အဆင့် ၁ မှ အဆင့် ၂ သို့ မြင့်တက်သွားစေသည်။
နှလုံးသားကို မွေးမြူခြင်းသည် ကျင့်ကြံခြင်းလောက် အရေးပါပေသည်။ တစ်ခါတစ်ရံတွင် စိတ်နှလုံးမှ စိုးရိမ်မှုများသည် ကျင့်ကြံခြင်းအပေါ် များစွာ သက်ရောက်နိုင်သည်။ တစ်ဆင့်သာ တိုးတက်သွားသော်လည်း မိုဝူကျီ၏ ဆုလာဘ်မှာ ထိုထက်ပိုများ၏။
ရေဖြင့် ဆေးကြောသန့်စင်ပြီးနောက် အောက်ခံအဝတ်အထိ အားလုံးကို ပြောင်းလဲလိုက်ကာ မိုဝူကျီက စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည်။
သူက ကြယ်တာရာသခင်တောင် အပြင်ဘက်တွင် ရပ်နေသော စိတ်လှုပ်ရှားနေသည့် ချီဟော်အာကို မြင်လိုက်သည့်အခါ သူ့စိတ်ထဲ၌ နွေးထွေးမှုလေး ခံစားလိုက်ရသည်။
ချီဟော်အာမှာ ကြယ်တာရာသခင်ကို အမှန်ပင် သစ္စာရှိလှသည်။ သူက တခြားကြယ်တာရာ သခင်များကိုလည်း တူညီသည့် သစ္စာရှိမှုမျိုး ရှိသော်လည်း သူလို လူမျိုးမှာ အမှန်တကယ် ရှားပါးလှပေသည်။
မိုဝူကျီက ကြယ်တာရာသခင်တောင်မှ ထွက်လာပြီး ချီဟော်အာကို ယခင်နှစ်အတွင်း အဖြစ်အပျက်များကို မေးတော့မည့် ဆဲဆဲတွင် ပုံရိပ်တစ်ခု အပြေးအလွှား ဝင်ရောက်လာသည်။
“ထိန်းသိမ်းရေးမှူးချီ ... မြန်မြန် ကျုပ် ကြယ်တာရာသခင်ကို တွေ့ဖို့ လိုနေပြီ” အလွန်အမင်း အလောတကြီး ပြောလိုက်သည့်သူမှာ တစ်ခါတည်း အားရပါးရ ဆက်တိုက် ပြောလိုက်တော့သည်။
ချီဟော်အာက ရောက်လာသည့်သူကို ကူပေးလိုက်ပြီး မေးလိုက်သည် “ခန်းမသခင်ဖေး ... ဘာတွေ ဖြစ်လာတာလဲ။ ဘာလို့ ဒဏ်ရာတွေ ရနေတာလဲ”
“ကြယ်တာရာသခင်ကို တွေ့ဖို့ လိုနေပြီ” ရောက်လာသူမှာ ဖေးချောင် ဖြစ်လေ၏။ သူက ချီဟော်အာ စကားများကို ပြန်မဖြေသော်လည်း စိုးရိမ်တကြီး ပြောလိုက်သည်။ ခြေတစ်လှမ်းတည်းဖြင့် မိုဝူကျီက သူတို့ဘေးနား ရောက်လာကာ
“ခန်းမသခင်ဖေး ... ခင်ဗျားက ကိုးမိုမြို့မှာ မဟုတ်ဘူးလား ... ဘာတွေဖြစ်လာတာလဲ။ ခင်ဗျား အလောမကြီးန့ ဖြည်းဖြည်းချင်း ပြောပြ ...
ကျုပ်က နယ်ခြား အင်အားစုတွေတောင် ဖယ်ရှားခဲ့ပြီး ကျူးချူလည်း ကျုပ်ကြောင့် ဒဏ်ရာ ရသွားတာပဲလေ။ ဘာတွေများ စိတ်ပူဖို့ လိုဦးမှာလဲ။ ပြီးတော့ ခင်ဗျားက ခန်းမသခင်လေ ဒီလောက် စိုးရိမ်နေမှတော့ ဝူရှန်းခန်းမက လူတွေဆို ဘယ်လိုလုပ်မလဲ ...”
မိုဝူကျီ ပထမဆုံးတွေးဖူးသည့် အတွေးမှာ ကျူးချူ ပြန်ရောက်လာသည့် အကြောင်း ဖြစ်ပြီး သူ့စိတ်စွမ်းအားကို ကြယ်တာရာ ဘုရင်တောင်တစ်ခုလုံးဆီ ဖြန့်ကြက်လိုက်သည်။ သူက အခြေအနေ ထူးခြားတာမျိုး မတွေ့ပေ။
ဖြစ်နိုင်တာ သူက မိုဝူကျီကို မြင်လိုက်၍လား သို့မဟုတ် မိုဝူကျီ စကားများက အကျိုးသက်ရောက်မှု ရှိ၍လားတော့ မသိချေ။ ဖေးချောင်က ဦးညွှတ်လိုက်ပြီးနောက် “ကျိုးပျက်ဂိုဏ်းရဲ့ ကျူးချူရယ်၊ ကူနို့ကြယ်တာရာတပ်က ဟူဗာရယ် အာကာသ ဝံပုလွေဘုရင်ကြီးရဲ့ အကြီးဆုံးသား ကန်ကြွယ်ရယ် အင်အားပူးပေါင်းပြီးတော့ ကိုးမိုမြို့ကို အမြစ်ဖြတ် ရှင်းလင်းသွားကြတယ်။ ကျုပ်က လွဲပြီး ကိုးမိုမြို့မှာ တစ်ယောက်မျှ အသက်မရှင်ဘူး ...”
“ဘာ” မိုဝူကျီက ထိုအကြောင်း ကြားသည့်အခါ သူ့လူသတ်ငွေ့များက ထွက်ပေါ်လာပြီး မီးတောင်တစ်ခုလို ပေါက်ကွဲသွားတော့သည်။ ယခုလေးပင် သူက ဖေးချောင်ကို မစိုးရိမ်ဖို့ရာ ပြောနေသော်လည်း ယခုတော့ သူ့ကိုယ်တွင်းမှ သွေးများပွက်ပွက်ဆူသည့်အထိ ဒေါသထွက်နေလေပြီ။
သူက နယ်ခြား အင်အားစုတွေကို သတ်လိုက်သော်လည်း အာကာသဝံပုလွေ ဘုရင်တောင်ကို သွား၍ အာကာသ သားရဲများကို အမြစ်ဖြတ် သုတ်သင်ပစ်ဖို့ မတွေးဖူးသလို ကူနို့ကြယ်တာရာကို သွား၍ ကျင့်ကြံသူအားလုံးကို သတ်ပစ်ဖို့ရာလည်း မတွေးဖူးချေ။ သူတို့က တိုက်ပွဲဖြစ်နေခြင်း ဖြစ်သည်။ တိုက်ပွဲအတွင်း ရှင်းခြင်းသေခြင်းအတွက် တိုက်ခိုက်ရမည့် အရာ ဖြစ်သည်။
သို့သော် ယခုတွင် မိုဝူကျီက လူသတ်ငွေ့များ ပြင်းပြနေကာ ကူနို့ကြယ်တာရာနှင့် အာကာသ ဝံပုလွေဘုရင်တောင် တစ်ခုလုံးကို ဖယ်ရှားပစ်ချင်နေသည်။
မိုဝူကျီ၏ လူသတ်ငွေ့များအောက်တွင် ချီဟော်အာပင် နောက်ဆုတ်လိုက်ရသည်။ သူက မိုဝူကျီ၏ အစိမ်းသက်သက် လူသတ်ငွေ့များကို မခုခံနိုင်ပေ။ သူက အတော်လေး တုန်လှုပ်မိသွားသလို တစ်ချိန်တည်းတွင် ပျော်ရွှင်မှုကို ခံစားမိလိုက်သည်။ ကြယ်တာရာ ဘုရင်တောင်တွင် ပါရမီရှင် အစစ်အမှန် ထွက်ပေါ်လာလေပြီ။
ပါရမီရှင် အစစ်အမှန် ...
ခဏအကြာတွင် မိုဝူကျီက တည်ငြိမ်သွားလေ၏။
မင်းတို့က ငါ့မျိုးနွယ်စု မဟုတ်မှတော့ သေရမယ်...
အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီးနောက် ဒေါသနှင့်အတူ လူသတ်ငွေ့များကို ပြန်ရုပ်သိမ်းလိုက်သည်။ သူက အကောင်းဆုံး ကြိုးစားပြီး စကားဖြည်းဖြည်း ပြောလိုက်သည် “ခန်းမသခင်ဖေး ... အားလုံးကို အသေးစိတ် ရှင်းပြနိုင်မလား။ ဟူဗာနဲ့ ကျူးချူကိုတော့ ကျုပ် သိပါတယ်၊ ကန်ကြွယ်က ဘယ်သူလဲ ...”
သူက ကျင့်ကြံသူ သက်သက် မဟုတ်သည့်အတွက် သူ့တွင် ခံစားချက်များနှင့် သွေးပူမှုများ ရှိလေသည်။ သူက မြို့တစ်မြို့လုံး အသတ်ခံရသည့် ကိစ္စကို မျက်မြင်ကိုယ်တွေ့ မမြင်ရသေး၍သာ တည်တည်ငြိမ်ငြိမ် ရှိနေခြင်း ဖြစ်သည်။ သူက ကျန်းရှင်းမှ မဟုတ်သော်လည်း ကျန်းရှင်းတွင် နေလာသည်မှာ ကြာမြင့်လှပြီ ဖြစ်၍ ဤကမ္ဘာအတွက် ခံစားချက် အချို့တော့ ရှိလေသည်။
“ဟုတ်” ဖေးချောင်က ပြန်ဖြေလိုက်သည်။
“ကန်ကြွယ်က အာကာသ ဝံပုလွေဘုရင်ကြီးရဲ့ အကြီးဆုံးသားပါ။ သူက အဆင့် ၉ ရောက်နေပြီးတော့ အင်မတန် ရက်စက်တတ်တယ်၊ ပြီးတော့ ကြောက်ခမန်းလိလိ မီးတောက်ကို ပိုင်ဆိုင်ထားသေးတယ်။
သူ၊ ဟူဗာနဲ့ ကျူးချူတို့ ကိုးမိုမြို့ ရောက်လာတုန်းက ကျူးချူက အဝင်အထွက်တွေကို ပိတ်ဖို့ တာဝန်ယူထားတာ။ သူက မြို့တစ်မြို့လုံးကို ဖျက်ဆီးဖို့ တာဝန်ယူထားပြီးတော့ ဟူဗာက ကိုးမိုမြို့ရဲ့ အဆင့်မြင့် ကျင့်ကြံသူတွေကို ရှင်းဖို့ တာဝန်ယူထားကြတာ ...
သူက ကိုးမိုမြို့တစ်ခုလုံးကို မီးလောင်တိုက်သွင်းခဲ့တာ။ ကျုပ်မှာ အဆင့် ၉ လွတ်မြောက်ရေး အဆောင်ရှိနေလို့ အသက်လေး ကသီပြီး လွတ်လာခဲ့တာ ...”
မိုဝူကျီက ထိုအရာကို ကြားပြီးနောက် မည်သို့ တည်ငြိမ်နေနိုင်မည်နည်း။ သူက အာကာသ ဝံပုလွေဘုရင်တောင် တစ်ခုလုံး သတ်ဖြတ်ရန် ဆုံးဖြတ်ချက် ချထားလိုက်သည်။ ဝံပုလွေဘုရင်တောင်မှ သူများမှာ တိရစ္ဆာန်သာသာ ဖြစ်ကာ ထိုတိရစ္ဆာန်များက လူသား ပိုင်နက်ကို ကျုးကျော်ရဲလေသည်။
ဘယ်လိုများ အသက်ဆက်ရှင်ခွင့် ပေးထားနိုင်မည်နည်း။
ကူနို့ကြယ်တာရာအတွက် ကျန်းရှင်းအတွက် နယ်ချဲ့အဖြစ် ယူဆရမည်။
ကျန်းရှင်းကို ဒီလောက် လိုချင်နေမှတော့ မင်းတို့ ကူနို့ကြယ်တာရာက ဘယ်လောက် အားကောင်းလဲ ဆိုတာ ကိုယ်တိုင် သွားကြည့်ကြတာပေါ့ ...
မိုဝူကျီက တိတ်ဆိတ်နေသည်ကို မြင်၍ ဖေးချောင်က ဆက်ပြောလိုက်သည် “ခန်းမသခင်စုနဲ့ ခန်းမသခင်စန်းတို့က လောကခန်းမကို အရင်သွားနှင့်ကြပါပြီ။ ခန်းမသခင်ယန်ကတော့ စူးရှလေမြို့ဆီ ထွက်သွားပါတယ် ...
ကျုပ်က ဒီကို အရင်လာပြီး သတင်းပို့တာပါ။ အဲဒီသုံးယောက်က ကိုးမိုမြို့နဲ့တင် ရပ်သွားမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ နောက်ပစ်မှတ်က လောကခန်းမ မဟုတ်ရင်တောင် စူးရှလေမြို့တော့ ဖြစ်လိမ့်မယ်။ ပြီးတော့ ကြယ်တာရာဘုရင်တောင် ဖြစ်နေနိုင်တယ် ...”
မိုဝူကျီက ခေါင်းညိတ်ပြလိုက်သည် “ကျုပ် သိပြီ။ ထိန်းသိမ်းရေးမှူးချီနဲ့ ခန်းမသခင်ဖေးတို့က ဒီမှာ နေခဲ့ကြ ... ပြီးတော့ ခန်းမသခင်တွေနဲ့ အကြီးအကဲတွေကို ကျုပ်အမိန့် တစ်ဆင့်ကမ်းပေး ... ကြယ်တာရာ ဘုရင်တောင်ကို ကာကွယ်ထားကြ ... ကျုပ် လောကခန်းမကို သွားကြည့်လိုက်ဦးမယ် ...”
“ဟုတ်ကဲ့ပါ ကြယ်တာရာသခင်” ချီဟော်အာနှင့် ဖေးချောင်တို့က ပြန်ဖြေလိုက်ပြီးသည်နှင့် မိုဝူကျီက ကြယ်တာရာသခင်တောင်မှ ပျောက်ကွယ်သွားပြီ ဖြစ်၏။
“ကြယ်တာရာသခင်က အရင်ထက် ပိုအားကောင်းလာတယ်” ဖေးချောင်က မိုဝူကျီ ရပ်နေခဲ့သည့် နေရာကို ကြည့်ရင်း သူ့နှလုံးသားမှာ တဒုန်းဒုန်း မြည်နေဆဲ ဖြစ်သည်။
လွန်ခဲ့သည့် တစ်နှစ်ခန့်က မိုဝူကျီသည် စစ်မှန်ခြင်း နတ်ဘုရားအဆင့်သာ ဖြစ်၏။ ယခု သူက ကြယ်တာရာသခင်၏ ကျင့်ကြံဆင့်ကို မသိတော့ပေ။ သူနှင့် မိုဝူကျီကို ယှဉ်လျှင် ရေတစ်ပေါက်နှင့် မြစ်အလား ဖြစ်နေပေလိမ့်မည်မှန်းတော့ သိ၏။
ချီဟော်အာက ခေါင်းညိတ်ပြသော်လည်း ဖေးချောင် စကားများကို ပြန်မဖြေပေ။ သူက ကြယ်တာရာသခင်မှာ လောကအင်မော်တယ် အဆင့်လေး တက်သွားရုံ မဟုတ်ဘဲ လောက အင်မော်တယ်အဆင့် ၂ အထိ ရောက်သွားကြောင်း ခံစားမိလေသည်။ ထိုသို့သော အရာမျိုးကို တခြားတစ်ယောက်ဆီ ထုတ်ပြော၍ မဖြစ်ပေ။
***
မိုဝူကျီက ကြယ်တာရာ ဘုရင်တောင်မှ ထွက်လာသည်နှင့် စိတ်စွမ်းအားဖြင့် အကုန် အာရုံခံကြည့်လိုက်သည်။ သူက လောကအင်မော်တယ်အဆင့် ၂ ရောက်နေပြီ ဖြစ်၍ သူ့စိတ်စွမ်းအားမှာ အတော်လေး အားကောင်းနေလေပြီ။ သူ့စိတ်စွမ်းအား အာရုံခံနိုင်သည့် အကျယ်အဝန်းမှာ မိုင်တစ်သောင်း ပတ်လည်အထိ ကျယ်ပြန့်လာလေ၏။ မိုင် တစ်သောင်း အပြင်ဘက်ကိုမူ သူက စိတ်စွမ်းအားဖြင့် ခံစားမိနေဆဲ ဖြစ်သည်။
မကြာခင် မိုဝူကျီ၏ စိတ်စွမ်းအားအတွင်း ဝတ်ရုံကြမ်းနှင့် အမျိုးသား တစ်ယောက် ဝင်ရောက်လာသည်။ မိုဝူကျီကို အံ့ဩသွားစေသည်က ဤလူ၏ ကျင့်ကြံဆင့်မှာ လောကအင်မော်တယ်အဆင့် ၈ သာ ရောက်နေခြင်း ဖြစ်သည်။
လောကအင်မော်တယ် အဆင့် ၈ ... ကြယ်တာရာ ဘုရင်တောင်၌ ထိုသို့ ကျင့်ကြံသူ မရှိပေ။
ဝတ်ရုံကြမ်းနှင့်လူက ကြယ်တာရာဘုရင်တောင်ဆီ ဦးတည်နေဟန် ပေါ်ကာ သူက မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်။ မိုဝူကျီက လေထဲတွင် ရပ်တန့်ရင်း ထိုလူကို တည့်တည့် ပိတ်ဆို့ထားလိုက်သည်။
ထိုသူမှာ အရပ်သိပ်မရှည်သည့် လူလတ်အမျိုးသား တစ်ယောက် ဖြစ်ကာ မိုဝူကျီ စိတ်စွမ်းအားက သူ့ဆီ ဖြတ်သန်းသွားသည့်အခါ ထိုလူ၏ သဘာဝစွမ်းအားလှိုင်းများမှာ တခြားသာမန် ကျင့်ကြံသူများနှင့် ခြားနားကြောင်း သိလိုက်သည်။ သူ့အစေခံ ချန်စဲနှင့် တူညီပေသည်။
ထိုအမျိုးသား နဖူးအလယ်တွင် အနှံ သဏ္ဌာန်ပုံစံဖျော့ဖျော့လေး ရှိနေကာ ထိုအနှံမှာ ဝိညာဉ်စွမ်းအားလှိုင်းများ အာရုံခံဖို့ ခက်ခဲနေဟန် ပေါ်သည်။
“မင်းက ဟူဗာလား” မိုဝူကျီက ထိုလူကို ချက်ချင်း သတိပြုမိလိုက်သည်။ ထိုသူမှာ ဟူဗာ သာ ဖြစ်လိမ့်မည်။
အပြေးအလွှားဝင်လာသည့် ဟူဗာက တုန်လှုပ်မိသွားသည်။ ယခု မိုဝူကျီက မေးခွန်း ထုတ်လိုက်သည့်အခါ သူက နောက်ဆုတ်လိုက်ပြီး မိုဝူကျီကို စိုက်ကြည့်လိုက်သည်။
သူ့နှလုံးသားမှာ အဆက်မပြတ် အခုန်မြန်နေသည်။
မိုဝူကျီက ဘယ်လိုလုပ် သူ့ရှေ့ ပေါ်လာတာလဲ ... သူက လုံးဝ အာရုံမခံမိလိုက်ပေ။
***