ကြယ်တာရာဘုရင်တောင်ရဲ့ ကြယ်တာရာသခင် မိုဝူကျီ
Vol. 28 Ch. 384
“မင်းက ကြယ်တာရာဘုရင်တောင်ရဲ့ ကြယ်တာရာသခင် မိုဝူကျီလား” ဟူဗာက နောက်ဆုံးတွင် အသိပြန်ဝင်လာသည့်အခါ ငယ်ငယ်ရွယ်ရွယ်နှင့် စွမ်းအားကြီးနေသူမှာ မိုဝူကျီကလွဲ၍ မည်သူ ဖြစ်နိုင်မည်နည်း။ တစ်ဖက်လူမှာ မိုဝူကျီမှန်း အတည်ပြုပြီးနောက် ဟူဗာက မိုဝူကျီသည် အားကောင်းလွန်းသော်လည်း ကျင့်ကြံဆင့် အကန့်အသတ်တော့ ရှိသေး၍ တည်ငြိမ်သွားမိသည်။
မိုဝူကျီက တည်တည်ငြိမ်ငြိမ် ဖြေလိုက်သည် “ဟုတ်တယ် ခင်ဗျား ဘာလို့ တစ်ယောက်တည်း ဖြစ်နေတာလဲ။ ကန်ကြွယ်နဲ့ ကျုးချူက ဘယ်မှာလဲ”
သူ့မျက်လုံးတွင် ဟူဗာက ဘာဆိုဘာမျှ မဟုတ်ပေ။ သူက ကျူးချူနှင့် ကန်ကြွယ်ကို ပို၍ စိုးရိမ်မိသည်။ မိုဝူကျီက ထိုသူနှင့်ကန်ကြွယ် အတူတူ ရှိနေလျှင်ပင် စိတ်ထဲ မထားပေ။ အကြောင်းမှာ အားအကောင်းဆုံးမှာ ကျူးချူ ဖြစ်ပေသည်။
ကန်ကြွယ်က မြေကမ္ဘာအင်မော်တယ်နှင့် တူသည့် အဆင့်၉ သားရဲဖြစ်သော်လည်း မိုဝူကျီက မြေကမ္ဘာအင်မော်တယ် အဆင့်ကို မတွေ့ဖူးသည်တော့ မဟုတ်ပေ။ သူက ကူနို့ကြယ်တာရာမှ ဂန်စီမှာ နမူနာကောင်း မဟုတ်ပါလော။
အကယ်၍ သူသာ ဂန်စီကို ကျူးချူနှင့် ရင်ဆိုင်ခိုင်းလျှင် ကျူးချူမှာ ဂန်စီကို မိနစ်ပိုင်းလေးအတွင်း အဆုံးသတ်ပစ်နိုင်လိမ့်မည်ဟု ယုံကြည်မိသည်။ နှစ်ယောက်လုံးမှာ မြေကမ္ဘာ အင်မော်တယ်အဆင့်များ ဖြစ်ကြသော်လည်း သူတို့နှစ်ယောက် စွမ်းအားမှာ ကွာခြားချက် ကြီးမားလှပေသည်။
ဟူဗာက မိုဝူကျီ၏ ကြောက်ခမန်းလိလိ တိုက်ခိုက်စွမ်းများ ကြားထားသည့်အပြင် ကျူးချူ၏ ဒဏ်ရာမှာလည်း သူ့လက်ချက် ဖြစ်ကြောင်း သိထားသည်။ ကျူးချူမှာ ထိုဒဏ်ရာကြောင့် အပြည့်အဝ ပြန်မကောင်းသေးပေ။ သို့သော်လည်း ဟူဗာက အာကာသ အမြောက်မှာ အဝေးတိုက်ခိုက်သည့်အရာ ဖြစ်ပြီး အနီးကပ် တိုက်ခိုက်မှုများတွင် အသုံးမဝင်သောကြောင့် မကြောက်ပေ။ မိုဝူကျီက သူ့အမြောက်ကို သုံးနိုင်မည် မဟုတ်ပေ။ ကျူးချူကို သတ်ဖြတ်ရန် လာစဉ်က သူက လောကအင်မော်တယ် ခုနစ်ယောက်ကို ခေါ်ဆောင်လာခဲ့သည်။ သူ့အမြင်တွင် ဝက်တစ်ကောင်က လောကအင်မော်တယ် ခုနစ်ယောက်ကို ခေါ်ဆောင်လာပြီး ကျူးချူကို တိုက်ခိုက်လျှင်ပင် အောင်မြင်လိမ့်မည်ဟု တွေးထင်မိသည်။
မိုဝူကျီက ပေါင်လေ့ကို သတ်လိုက်သည့် သတင်းကိုတော့ အရူးသာ ယုံလိမ့်မည် ...
သူက လောက အင်မော်တယ်အဆင့် ၈ ရောက်သွားပြီ ဖြစ်၍ ဤကြယ်တာရာသခင်တွင် ထူးဆန်းအံ့ဖွယ် ကျင့်စဉ် ရှိနေလျှင်ပင် သူ့ကို အနိုင်တိုက်နိုင်ရန် လုံလောက်မည် မဟုတ်ပေ။
ဟူဗာက ကျူးချူနှင့် မဟာမိတ် ပူးပေါင်းထားသော်လည်း ကျုးချူ မည်မျှ အင်အားကြီးကြောင်းကို တစ်ခါမျှ မမြင်ဖူးပေ။ ထို့ကြောင့်သာ ဤသို့ တွေးမိခြင်း ဖြစ်သည်။ သူက ကျူးချူကို ဂန်စီကဲ့သို့ တခြား မြေကမ္ဘာအင်မော်တယ်ကဲ့သို့ မှတ်ယူလိုက်ခြင်း ဖြစ်သည်။
“အစ်ကိုကန်က စူးရှလေမြို့ကို သွားပြီ။ အစ်ကိုကျုးကတော့ လောကခန်းမကို သွားနှင့်ပြီ။ ကြယ်တာရာသခင်မိုလည်း ကျုပ် ဒီကို ရောက်လာတဲ့ ရည်ရွယ်ချက်ကို သိမှာပါ ... တကယ်တော့ မှန်းဆနေဖို့တောင် မလိုပါဘူး။ ကျုပ်က ကြယ်တာရာ ဘုရင်တောင်ဆီ ချီတက်လာတာ။ ခင်ဗျားက အမြောက်သုံးပြီးတော့ ကျုပ်ရဲ့ကူနို့ကြယ်တာရာတပ်ကို ဖယ်ရှားနိုင်ခဲ့တော့ရော ဘာအရေးလဲ ... ကျုပ် ...”
ဟူဗာ စကားမဆုံးခင် မိုဝူကျီ၏ တျန်းဂျီတုတ်မှာ သူ့ဆီ ပျံသန်း ရောက်ရှိလာပြီ ဖြစ်၏။
မိုဝူကျီ မျက်လုံးထဲ၌ ဟူဗာက လောကအင်မော်တယ်အဆင့် ၈ ရောက်နေသော်လည်း သူနှင့် တစ်ကိုယ်ချင်း ယှဉ်တိုက်ခွင့် မရှိချေ။ သူက လောကခန်းမနှင့် စူးရှလေမြို့ကိုသာ စိုးရိမ်မိနေသည်။
စန်းချိုက်ဟယ်က လောကအင်မော်တယ်အဆင့် ၇ ဖြစ်ကာ စုရွှမ်မှာလည်း လောကအင်မော်တယ်အဆင့် ၇ တက်လှမ်းလာခါစ ဖြစ်သောကြောင့် ကျူးချူနှင့် သေချာပေါက် ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
ဟူဗာက မိုဝူကျီ လှုပ်ရှားလိုက်သည်ကို မြင်သောအခါ အေးစက်စွာ ရယ်မောရင်း မှော်ရတနာ ထုတ်ယူလိုက်သည်။ သို့သော် နောက်စက္ကန့်ပိုင်းလေး၌ သူက မှင်တက်သွားတော့သည်။
ထိုစဉ် သူ့ဘေးနားပတ်လည်မှ တည်နေရာ တစ်ခုလုံးနှင့်အတူ သူ့လှုပ်ရှားမှုများကို ပိတ်လှောင်လိုက်သလို ဖြစ်သွားလေသည်။ သို့သော်လည်း ထိုသို့ ရပ်တန့်သွားသော်လည်း သူက ရောက်လာသည့် သေခြင်းတရားကိုတော့ ခံစားမိ၏။
“ဖူး” ထိုခဏတာ ရပ်တန့်သွားပြီးနောက် ဟူဗာက ဘာမျှ မလုပ်နိုင်ခင် မိုဝူကျီ၏ သံမဏိတုတ်မှာ သူ့နဖူးပေါ် ကျရောက်လာသည်ကိုသာ မြင်တွေ့လိုက်ရတော့သည်။ သွေးများက ပြန့်ကျဲသွားပြီး ဟူဗာ၏ ကမ္ဘာဦးစိတ်ဝိညာဉ်ကိုလည်း မိုဝူကျီက ဖျက်ဆီးပစ်လိုက်သည်။
ငါ တိုက်ကွက် တစ်ကွက်တောင် မထုတ်နိုင်ခဲ့ဘူးလား ...
သူ မသေခင် နောက်ဆုံးတွေးသွားသည့် အတွေးဖြစ်၏။
***
“ဘုန်း” စူးရှလေမြို့ အပြင်ဘက်တွင် ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေပြီး ပေါက်ကွဲသံ ကြားလိုက်သည်နှင့် စူးရှလေမြို့ရှိ ကာကွယ်ရေး အစီအရင် အက်ကွဲသံများကိုပါ ကြားနေရသည်။ စူးရှလေမြို့ ကာကွယ်ရေး အစီအရင်ကို တိုက်နေသူမှာ အရပ်ရှည်ရှည်၊ ဆံပင် ရှည်ရှည်နှင့် အမျိုးသား တစ်ဦး ဖြစ်၏။ ထိုအမျိုးသားမှာ အလွန်တရာ ရုပ်ဆိုးလှပြီး သူ့ဦးခေါင်းပေါ်တွင် မည်းနက်နေသည့် ဦးချိုတစ်ခု ပါရှိလေသည်။
ယန်ကျဲက လောကအင်မော်တယ်အဆင့် ကျင့်ကြံသူ နှစ်ယောက်ကို ခေါ်ဆောင်လာကာ အစီအရင်ပေါ်တွင် ရပ်ကာ အစီအရင်ဆရာများကို မရပ်မနား ပြန်ပြင်ဖို့ရာ ဆက်တိုက် အမိန့်ပေးနေရသည်။ ထိုသို့ဆိုလျှင်ပင် ကာကွယ်ရေး အစီအရင် အက်ကွဲလာသည်က ပို၍ ကြီးမားလာနေသည်။
အက်ကွဲကြောင်း ကြီးလာသည်နှင့် ယန်ကျဲနှင့် အခြားလူများ၏ အမူအရာများမှာလည်း ပုံဆိုးပန်းဆိုး ဖြစ်လာကြသည်။
အားလုံးက ဆံပင်ရှည်ရှည် ရုပ်ဆိုးဆိုးလူမှာ အာကာသ ဝံပုလွေဘုရင်ကြီး၏ အကြီးဆုံးသား ကန်ကြွယ် ဖြစ်ကြောင်း သိကြသည်။
ဖေးချောင် ပြောစကားအရ ကိုးမိုမြို့ကို ဤဝံပုလွေဘုရင်ငယ်ကြောင့် မြေခခဲ့ရသည်ဟု ဆိုသည်။ ထို့အပြင် ဤတစ်ဂျိုပါ ဝံပုလွေဘုရင်ငယ်က အမျိုးသမီးငယ်လေးများ၏ နှလုံးသား စားသောက်ရသည်ကို အလွန်သဘောတွေ့၏။ သူ လိုအပ်နေသည်က ကမ္ဘာကြီးအကြောင်း များများမသိသေးပြီး ကျင့်ကြံဆင့် မြင့်ကာ လှပသည့် သွင်ပြင်ရှိသည့် မိန်းမငယ်လေးများ၏ အသည်းနှလုံး ဖြစ်သည်။
“ခေါင်းဆောင်စု ... စူးရှလေမြို့က ကူးပြောင်းရေး အစီအရင်တွေ အလုပ်လုပ်သေးလား” သူက ကာကွယ်ရေး အစီအရင် ပျက်စီးသွားတော့မည်ကို မြင်ပြီး ယန်ကျဲက လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ အကယ်၍သာ အစီအရင် ပျက်စီးသွားပါက ဖြစ်လာမည့် ရလဒ်ကို ရှင်းရှင်းလင်းလင်း သိနေလေပြီ။
နောက်ထပ် ကိုးမိုမြို့ ဖြစ်သွားပေလိမ့်မည်။
အကယ်၍ စူးရှလေမြို့သာ ကိုးမိုမြို့ အတိုင်းသာ ဖြစ်သွားပါက ကျန်းမိုနယ်မြေ တစ်ဝက်လောက်က ကျဆုံးပြီးသား ဖြစ်သွားလိမ့်မည်။ အကယ်၍ သူတို့က ကျန်းရှင်း တစ်ဝက်သာ ဆုံးရှုံးသွားရလျှင် ကျန်းရှင်တွင် ဘာကျန်နေဦးမည်နည်း။
ယန်ကျဲဘေးတွင် ရှိနေသူက လောကအင်မော်တယ်အဆင့် ၄ ဖြစ်သည့် စူးရှလေမြို့၏ ခေါင်းဆောင်စု ဖြစ်၏။
ယန်ကျဲ၏ စကားများကို ကြားပြီး စုယွီက ခေါင်းခါပြလိုက်သည်။
“ကန်ကြွယ်က ဒီကာကွယ်ရေး အစီအရင်မတိုက်ခင်ကတည်းက ဘေးနားက ကူးပြောင်းရေး အစီအရင်တွေအားလုံးကို ဖျက်ဆီးပြီးသွားပြီ။ ကန်ကြွယ်က ဒီလောက် ဉာဏ်မကောင်းဘူး ... အခုက ကျုးချူ အကူအညီနဲ့ လုပ်သွားတာ နေမှာ ...”
ယန်ကျဲက သက်ပြင်းအရှည်ကြီး ချလိုက်မိတော့သည်။ အဓိက အစီအရင်မှာ စူးရှလေမြို့မှ ကိုးမိုမြို့ ဆက်သွယ်ထားခြင်း ဖြစ်သည်။ ယခု ကိုးမိုမြို့က ဖျက်ဆီးခံလိုက်ရပြီ ဖြစ်ကာ ကူးပြောင်းရေး အစီအရင်လည်း ပါသွားလောက်လေပြီ။
သို့သော်လည်း စူးရှလေမြို့တွင် အရေးပေါ်အတွက် လျှို့ဝှက် ကူးပြောင်းရေး အစီအရင်တချို့ ကျန်နေသေးသည်။ ယခု ထိုကူးပြောင်းရေး အစီအရင်များမှာ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်၍ ကြယ်တာရာသခင်ပင် ဤကိစ္စသိသွားသည်နှင့် အချိန်တိုအတွင်း ရောက်လာနိုင်တော့မည် မဟုတ်ပေ။
စူးရှလေမြို့ ကျဆုံးခြင်းက ကျန်းရှင်း၏ ကျဆုံးခြင်း ဖြစ်ပေလိမ့်မည်။ ယန်ကျဲက ယခင် ကြယ်တာရာသခင်ချီထုံ၏ အပြုအမူများကို နားလည်သွားပေသည်။ သူက အာကာသ ဝံပုလွေဘုရင်ကြီးကို ရင်မဆိုင်ရဲ၍ မဟုတ်ဘဲ အာကာသ ဝံပုလွေဘုရင်ကြီးကို ကျန်းရှင်းထဲ ဝင်ခွင့်မပြုနိုင်၍သာ ဖြစ်သည်။
ရောက်လာသူမှာ အာကာသ ဝံပုလွေဘုရင်ကြီး ကိုယ်တိုင် မဟုတ်ဘဲ သူ့အကြီးဆုံးသား တစ်ဂျိုပါ ဝံပုလွေဘုရင်ငယ် ဖြစ်နေသည်။ သူတို့က သူနှင့် ရင်ဆိုင်ရသည့်အခါ ကူကယ်ရာမဲ့ ခံစားနေရသည်။ အာကာသ ဝံပုလွေဘုရင်ကြီး ပြန်ရောက်လာသည်နှင့် ကျန်းရှင်းက အပြီးပိုင် ဖယ်ရှားခံရလိမ့်မည်။
“ခန်းမသခင်ယန် ... စူးရှလေမြို့ထဲမှာ သွေးပူနေတဲ့ အမျိုးသားတွေ အများကြီး ရှိသေးတယ်။ ဘယ်လိုလုပ် ဒီတစ်ယောက်တည်းကို ကြောက်နေနိုင်ပါ့မလဲ။ ကန်ကြွယ်က အဆင့် ၉ သားရဲ ဖြစ်နေတော့ရော ဘာအရေးလဲ ...
ကျုပ်တို့တွေက ကျန်းရှင်းမှာ ရှိတဲ့အရာတွေကို ကာကွယ်ရင်းနဲ့ သေဖို့ ဆန္ဒရှိတယ် ...” လောကအင်မော်တယ်အဆင့် ၁က အော်ပြောလိုက်သည်။
ယန်ကျဲက ခေါင်းခါပြကာ
“ကန်ကြွယ်က ဘယ်လောက် ကြောက်ဖို့ကောင်းတယ် ဆိုတာ ခင်ဗျားတို့ မသိသေးလို့။ ပြီးတော့ ကျုပ်တို့ သူနဲ့ တိုက်တဲ့အခါ အနိုင်ရနိုင်ခြေလေး နည်းနည်းရှိနေမယ်ဆိုရင် ကျုပ် ယန်ကျဲက ကြောက်နေမဲ့ လူစားမျိုးလား ... အခုက သူနဲ့တိုက်ရင် နိုင်ဖို့ အခွင့်အရေးက လုံးဝမရှိမှာကို စိုးရိမ်မိတာ ...”
ယန်ကျဲက ကန်ကြွယ်အင်အားကို သေချာသိသောကြောင့် လျှောက်ပြောနေခြင်း မဟုတ်ပေ။ ယန်ကျဲက အဆင့် ၉ သားရဲနှင့် ရင်ဆိုင်ပါက နောက်ဆုံးစကားပင် မချန်ထားနိုင်ဘဲ သေဆုံးသွားမည် ဖြစ်ကြောင်း သိ၏။ ကျန်လူများအတွက် ကန်ကြွယ်၏ ရက်စက်တတ်သည့် စရိုက်အရ အားလုံးကို သေသည့်အထိ အရှင်လတ်လတ် မီးလောင်တိုက်သွင်းပစ်လိမ့်မည်။
“ဘုန်း” နောက်ထပ် ပေါက်ကွဲသံကို ကြားလိုက်ရသည်။
“ဘမ်း”
ကာကွယ်ရေး အစီအရင် နောက်ဆုံးအပိုင်းအစလေးမှာ ကျိုးပျက်သွားပြီ ဖြစ်၍ စူးရှလေအတွင်းသို့ လမ်းကြောင်းမှာ ပေါ်လာလေပြီ။ ထိုအခါ ကန်ကြွယ်က တစ်ချက် စိုက်ကြည့်လိုက်ပြီး
“ဟားဟားဟား” ကန်ကြွယ်၏ အားရပါးရ ရယ်မောသံကို စူးရှလေမြို့ တစ်မြို့လုံး ကြားရလေသည်။
ကန်ကြွယ် အရှိန်အဝါနောက်တွင် သတ်ဖြတ်ငွေ့များက လိုက်ပါလာပြီး စူးရှလေမြို့အတွင်း ဝင်ရောက်လာ၍ ယန်ကျဲ၏ စိတ်နှလုံးသားမှာ အေးစက်လာသည်။ သေသည့်အထိ တိုက်ခိုက်လိုသည်ဟု ပြောထားသော လောကအင်မော်တယ်အဆင့် ၁ ကျင့်ကြံသူလည်း ဖြူဖျော့သွား၏။ နောက်ဆုံးတွင် သူတို့အားလုံးမှာ ကန်ကြွယ်ကို ရင်ဆိုင်ဖို့ရာ မဖြစ်နိုင်ကြောင်း သိလိုက်သည်။ ကန်ကြွယ်အရှိန်အဝါ တစ်ခုတည်းကပင် သူက ကန်ကြွယ်ကို ယှဉ်တိုက်ရန် အရည်အချင်း မရှိကြောင်း သိလိုက်ရသည်။
“မင်းက အရိုင်းအစိုင်း သက်သက်ပဲ ... အဲဒါကို ဒီနေရာလာပြီး မောက်မာပြရဲတယ်လား” ကန်ကြွယ်က ကာကွယ်ရေး အစီအရင်ကို ဖြတ်၍ စူးရှလေမြို့အတွင်း မဝင်ခင် မထီမဲ့မြင်အသံကို ကြားလိုက်ရသည်။
“ကြယ်တာရာ ဘုရင်တောင်ရဲ့ ကြယ်တာရာသခင် မိုဝူကျီပဲ” ထိုအသံနောက်တွင် ကန်ကြွယ်ရှေ့သို့ လေထဲမှ ပုံရိပ်တစ်ခု ဆင်းသက်လာကာ စူးရှလေမြို့ရှိ ကာကွယ်ရေး အစီအရင်ရှေ့ ပိတ်ရပ်လိုက်သည်။
“ကြယ်တာရာသခင် ရောက်လာပြီ” နဂိုက ဖြူဖျော့နေသည့် ယန်ကျဲက လက်သီးလက်မောင်းတန်းကာ စိတ်လှုပ်ရှားမှုကို ထိန်းမထားနိုင်တော့ပေ။
“ဘုန်း” နဂိုက မှုန်မှိုင်းနေသည့် စူးရှလေမြို့မှာ ကျင့်ကြံသူများ၏ အားပေးသံများနှင့်အတူ အသက်ပြန်ဝင်လာကာ ကြယ်တာရာသခင် ရောက်ရှိလာမှုကို ပျော်ရွှင်နေကြသည်။
သေခြင်းတရားနှင့် ရင်ဆိုင်ရသည့်အခါမှ အသက်တန်ဖိုးကို အမှန်တကယ် နားလည်၏။ ကိုးမိုမြို့ တစ်မြို့လုံး ဖျက်ဆီးမှု ခံရပြီးနောက် အားလုံးက ကန်ကြွယ်သာ စူးရှလေမြို့အတွင်း ရောက်လာပါက ကိုးမိုမြို့ထက် အခြေအနေ ကောင်းကောင်းဖြင့် အဆုံးသတ်သွားမည် မဟုတ်ကြောင်း သိထားကြသည်။
ယခု ကြယ်တာရာသခင် ရောက်လာပြီ ဖြစ်၍ စူးရှလေမြို့အတွင်းမှ ကျင့်ကြံသူများမှာ ပင်လယ်ထဲ မျှောနေစဉ် သစ်တုံးကို ဖမ်းမိသည့်အလား ဖြစ်၏။
သူတို့က ကြယ်တာရာသခင်ကို ကိုယ်တိုင် ကိုယ်ကျ မမြင်ဖူးသော်လည်း သူတို့က သူလုပ်ဖူးသည့် အကြောင်းအရာများ ကြားထား၍ အတော်လေး ယုံကြည်နေမိကြသည်။ လောကခန်းမကို တစ်ယောက်တည်း ပြန်လည်သိမ်းပိုက်ခဲ့ပြီး ပေါင်လေ့နှင့် ကူနို့ကြယ်တာရာမှ မြေကမ္ဘာအင်မော်တယ် ကျင့်ကြံသူများကို သတ်ပစ်ခဲ့ခြင်း၊ ကျိုးပျက်ဂိုဏ်းကို အပြတ်ဖယ်ရှားပြီး ကျိုးပျက်ဂိုဏ်းချုပ်ကိုပင် ဒဏ်ရာ ရသွားစေခြင်းတို့ ဖြစ်သည်။
မိုဝူကျီက ကျုးချူကို ဒဏ်ရာရဖို့ရာ တခြားသူများက ကူညီသည် ဖြစ်စေ၊ မကူညီသည် ဖြစ်စေ ကိစ္စမရှိတော့ပေ။
ထိုဖြစ်ရပ်များကြောင့် ကြယ်တာရာသခင် ရှိနေသရွေ့ စူးရှလေမြို့မှာ သေချာပေါက် အဆင်ပြေမည် ဖြစ်ကြောင်း စိတ်ချနေကြသည်။
“ခေါင်းဆောင်စု ... ကျုပ်နဲ့ အတူတူ လိုက်ပြီး ကြယ်တာရာသခင်ဘေး ကူပေးရအောင် ...” ယန်ကျဲက အသိပြန်ဝင်လာပြီး သူက လောက အင်မော်တယ်အဆင့် ၆ ဖြစ်ကာ စုယွီနှင့် သူက ဤနေရာတွင် အားအကောင်းဆုံး ဖြစ်ပေသည်။ မိုဝူကျီပင် မကျော်လွှား နိုင်လောက်ကြောင်း သူက တခြားသူများထက် ပိုသိနေသည်။
လောကခန်းမကို သိမ်းယူခြင်းနှင့် ပေါင်လေ့တို့ကို သတ်ဖြတ်ခြင်းမှာ မိုဝူကျီက အာကာသ အမြောက်ကြီး သုံးပြုခဲ့သည် မဟုတ်ပါလော။ ကျိုးပျက်ဂိုဏ်းချုပ်ကို ဒဏ်ရာရစေခဲ့သည်မှာလည်း အလစ်ဖမ်း တိုက်ခိုက်ခဲ့၍သာ ဖြစ်သည်။ ကန်ကြွယ်မှာ ပေါင်လေ့တို့လိုမျိုး မဟုတ်ပေ။ ပေါင်လေ့က မည်မျှ အားကောင်းစေကာမူ သူက အဆင့် ၈ သားရဲ ဖြစ်ပြီး ကန်ကြွယ်မှာ အဆင့် ၉ သားရဲ ဖြစ်ပေသည်။ ဝံပုလွေဘုရင်တောင်တွင် အာကာသ ဝံပုလွေဘုရင်ကြီးပြီးလျှင် သူက စွမ်းအားအကြီးဆုံး ဖြစ်ပေသည်။
“မိုဝူကျီ ... ကြယ်တာရာဘုရင်တောင်ရဲ့ ကြယ်တာရာသခင်မလား။ ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ” ကန်ကြွယ်က ချက်ချင်း မတိုက်သေးဘဲ မေးလိုက်သည်။
ဟူဗာမှာ လောကအင်မော်တယ်အဆင့် ၈ ဖြစ်ပြီး ကြယ်တာရာဘုရင်တောင်မှ အားကောင်းဆုံး သုံးယောက်ရှေ့တွင်ပင် သူ့အရှိန်အဝါတစ်ခုတည်းဖြင့် ကြယ်တာရာဘုရင်တောင် တစ်ခုလုံးကို လွှမ်းခြုံထားနိုင်လိမ့်မည်။ သူက မိုဝူကျီကို ထိုက်တန်သည့် ပြိုင်ဘက်အဖြစ် ထည့်မတွက်ပေ။
“သူ့ကို မေးချင်တာလား” မိုဝူကျီက လက်ကို မြှောက်လိုက်သည့်အခါ ဟူဗာအလောင်းမှာ ကန်ကြွယ်ရှေ့ ရောက်လာသည်။
“မင်း သတ်လိုက်တာလား” ကန်ကြွယ်မျက်လုံးအတွင်းမှ ဒေါသတရားက ကြီးထွားလာပြီး သူက ဟူဗာ အသတ်ခံရလိမ့်မည်ဟု ထင်မထားပေ။ သူ့အလောင်းမှာ သူ့မျက်စိရှေ့တွင် ရှိနေသည်။
“မြင့်မြတ်လှတဲ့ ကြယ်တာရာသခင် ... ကြယ်တာရာသခင်ကို ကြိုဆိုပါတယ်” မိုဝူကျီက ဟူဗာအလောင်းကို ထုတ်ပြလိုက်သည့်အခါ စူးရှလေမြို့အတွင်း အားပေးသံများနှင့် ပြည့်နှက်လာပြီး ကာကွယ်ရေး အစီအရင် ကျိုးပျက်သွားမှုကြောင့် နဂိုစိတ်ဓာတ်ကျမှုများပင် ပြောင်းပြန် ပြောင်းလဲသွားကာ စိတ်ဓာတ်တက်ကြွလာကြသည်။
“သေစမ်း” ကန်ကြွယ်က စက်ဝိုင်း သဏ္ဌာန် မှော်ရတနာ တစ်ခု ဆွဲထုတ်လိုက်သည်။ ထိုမှော်ရတနာက မိုဝူကျီဆီ ရောက်မလာခင် ပေါက်ကွဲသံများကို ကြားလိုက်ရပြီး ဘေးပတ်ဝန်းကျင်မှ အပူချိန်မှာလည်း ရုတ်တရက် မြင့်တက်လာပေသည်။
***