မီးတောက်ကြားမှ တိုက်ပွဲ
Vol. 28 Ch. 385
မိုဝူကျီ မြင်လိုက်ရသည်က မီးတောက်နေသည့် ကော်ဇော ဖြစ်နေသည်။ အချိန်ကြာလာသည်နှင့် ထိုကော်ဇောရှိ အပူချိန်မှာ တဖြည်းဖြည်း မြင့်တက်လာပြီး နောက်တစ်ဆင့် ရောက်သွားသည်။ ထိုအရာအပြင် ကော်ဇောမှာ အရွယ်အစား တဖြည်းဖြည်း ကြီးမားလာသည်။
အဝေးမှာ ရပ်နေသည့် ယန်ကျဲနှင့် စုယွီတို့ပင် ထိုကြောက်ခမန်းလိလိ အပူချိန်ကို ခံစားမိ၍ နောက်ဆုတ် မိလိုက်ကြသည်။ အစပိုင်းတွင် နှစ်ယောက်သားက မိုဝူကျီကို ကူညီပေးချင်သော်လည်း မိုဝူကျီ အနား သွားဖို့ရာပင် မဖြစ်နိုင်ကြောင်း သတိပြုမိလိုက်သည်။
မိုဝူကျီက ကော်ဇောကို ချုပ်ထားနိုင်မည့် လျှပ်စီးကွန်ရက်ကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
အသက်ရှူကြိမ် အနည်းငယ်အတွင်း အက်ကွဲသံနှင့်အတူ မိုဝူကျီ၏ လျှပ်စီးကွန်ရက်မှာ ကော်ဇော အပူချိန်ကြား ပျောက်ကွယ် သွားတော့သည်။ မိုဝူကျီက ကန်ကြွယ်သည် ကိုးမိုမြို့ကို ဖျက်ဆီးရာတွင် ဤကော်ဇောကို သုံး၍ မီးလောင်တိုက် သွင်းခဲ့ကြောင်း မှန်းဆမိသွားသည်။ သူ အသုံးပြုသည့် ကော်ဇောအတွင်းမှ မီးတောက်မှာ မမြင်ရသော်လည်း အတော်လေး အားကောင်းပေသည်။
သူက ထိုကော်ဇော ဆက်လက် ကြီးထွားလာခွင့် မပေးနိုင်ပေ။ ထိုအရာ ကြီးမားလာသည်နှင့် မည်မျှ ကြောက်စရာ ကောင်းလာမည်နည်း။ အကယ်၍ သူက မီးတောက် စူးရှလေမြို့အထိ ရောက်လာသည်ကို စောင့်နေလျှင် သူ အသက်ရှင်နေလျှင်ပင် မြို့ကို ကယ်တင်နိုင်တော့မည် မဟုတ်ပေ။
သူ့တျန်းဂျီတုတ်ကို ယမ်းလိုက်သည့်အခါ တုတ်အရိပ်များစွာအဖြစ် ပြောင်းလဲသွားပြီး ကော်ဇောဆီ ရောက်ရှိသွားတော့သည်။
“ဘုန်း” တျန်းဂျီတုတ်က ကော်ဇောနှင့် တွေ့သည့်အခါ ထိုကော်ဇော ကျိုးပျက်သွားမည့်အစား သုံးမီတာ ပတ်လည်လောက်ရှိသည့် သဏ္ဌာန်မဲ့ မီးတောက်က ကောင်းကင်တစ်ခွင် ပြန့်သွားသည်။ ပြင်းထန်လှသည့် အပူချိန်မှာ မိုဝူကျီဆံပင်ကိုပင် လောင်မြိုက်သွားသေး၏။
မိုဝူကျီ တုတ်၏ စွမ်းအားကြောင့် မီးတောက်နေသည့် ကော်ဇောမှာ ကျုံ့သွားမည့်အစား ကျယ်ပြန့်လာခြင်းသာ ရပ်တန့်သွားတော့သည်။
ကော်ဇောအလယ် နေရာမှာ မိုဝူကျီကို လွှမ်းခြုံထားရလောက်အောင် အထိ ကြီးမားလာပြီး အလယ်ရှိ အပူချိန်မှာ ယခင်ကထက်ပင် ပိုအားပြင်းလာသည်။
“မင်းလိုမျိုး လောကအင်မော်တယ် အဆင့်လေးနဲ့ ငါ့ကို လာယှဉ်ရဲတယ်လား” ကန်ကြွယ်က ကော်ဇောကို ရိုက်ရင်း အားရပါးရ ရယ်မောလိုက်သည်။
ကော်ဇောမှ မီးတောက်အချို့ကို မိုဝူကျီဆီ ပစ်လွှတ်လိုက်သည်။
ကော်ဇောအတွင်းမှ အပူချိန်မှာ ကြောက်မက်ဖွယ် ကောင်းပေသည်။ သူက ပညာရှင်နှလုံးသား၏ အပူချိန်ကို ကြုံတွေ့ဖူးသော်လည်း သူ့ခန္ဓာအတွင်းမှ တက်လာသည့် အပူချိန်ကို ခံစားမိနေဆဲ ဖြစ်ကာ သူ့သဘာဝစွမ်းအား အကာအကွယ်ဒိုင်းပင် မခုခံနိုင်ပေ။ သူ့သဘာဝစွမ်းအား အကာအကွယ်ဒိုင်း လောင်ကျွမ်းသွားသည်နှင့် အဝတ်အစားများနှင့် အရည်ပြားမှာ နောက်တစ်လှည့် ဖြစ်၏။ မိုဝူကျီက လေအေးများ ရှူသွင်းလိုက်သည်။ သူက ထိုမီးတောက်ကြား ပိတ်မိသွားသည်မှာ ဂရုမမူမိ၍ မဟုတ်ဘဲ ထိုမီးတောက် မည်မျှ အားကောင်းကြောင်း သိချင်မိ၍ ဖြစ်သည်။
မိုဝူကျီက ရွှေ့ပြောင်းစွမ်းရည်သုံးဖို့ ကြိုးစားလိုက်သည့်အခါ ထိုမီးတောက်နယ်ပယ်အတွင်း သူ့ရွှေ့ပြောင်းစွမ်းရည်ကို ချုပ်နှောင်ထားနိုင်သည့် ဥပဒေသများ ပါရှိနေကြောင်း သတိပြုမိလိုက်သည်။ သူက ခြေလှမ်း အနည်းကျဉ်းသာ လှုပ်ရှားနိုင်လေသည်။
မိုဝူကျီက ထိုရောက်လာသည့် မီးတောက်ကို ရှောင်နိုင်ရုံမျှလေးသာ ဖြစ်ပြီး ကန်ကြွယ်မှာ အဆက်မပြတ် ထိုကော်ဇောကို ထုရိုက်နေသည်။
မီးတောက်အများအပြား ထွက်လာသည့်အခါ ကော်ဇောအတွင်းမှ အပူချိန်မှာ မြင့်တက်လာပြီး မိုဝူကျီ၏ လှုပ်ရှားမှုများကိုလည်း ပို၍ ချုပ်နှောင်လာသည်။ နောက်ဆုံး မီးတောက်တစ်ချက်မှာ မိုဝူကျီ ခါးဆီ ရောက်ရှိလာပြီး သူက အပူဓာတ်ကို ခံစားမိလိုက်ကာ သူ့ခန္ဓာကိုယ်မှ အန်ထွက်လာသော သွေးများပင် ချက်ချင်းဆိုသလို ဗလာနတ္ထိအဖြစ် လောင်ကျွမ်းသွားသည်။
မိုဝူကျီက နောက်တစ်ဖန် သက်ပြင်းချမိလိုက်သည်။ သူက ထိုသို့ အားကောင်းလှသည့် မှော်ရတနာမျိုးကို တစ်ခါမှ မမြင်ဖူးပေ။ ဤမှော်ရတနာမှာ သူ့ကို တိုက်ခိုက်နိုင်ရုံသာမက ကန်ကြွယ်နှင့် မျက်နှာချင်းဆိုင် စကားပြောဖို့ အခွင့်ပင် မရပေ။ ပြန်လည် တိုက်ခိုက်ဖို့ရာ အလှမ်း ကွာလွန်းလှသည်။
“ဘမ်း” မိုဝူကျီက အလယ်တွင် ပိတ်မိနေသောကြောင့် မီးတောက် ကော်ဇောမှာ နေရာတစ်ခုလုံးအထိ လွှမ်းခြုံလာ၏။
သို့သော်လည်း မိုဝူကျီက စိတ်အေးအေးထားကာ သူက ထိုသို့ ပိတ်မိသွားခြင်းမှာ အတွေ့အကြုံ လိုအပ်နေ၍ ဖြစ်ကြောင်း သိလိုက်သည်။ သူက ကန်ကြွယ်မှာ ကျူးချူနှင့် ယှဉ်စရာ မရှိကြောင်း ယုံကြည်သည်။ မိုဝူကျီ၏ လက်ရှိအင်အားမှာ ကျူးချူနှင့် ယခင်တစ်ခါ တွေ့စဉ်ကထက် အနည်းဆုံး ဆယ်ဆလောက် တိုးတက်လာပြီ ဖြစ်၏။
သို့သော်လည်း သူက ထိုကော်ဇောထဲ ပိတ်မိသွားသောကြောင့် ကန်ကြွယ်နှင့် ယှဉ်တိုက်ဖို့ရာ အခွင့်အရေးပင် မရလိုက်ချေ။ အကယ်၍ သူသာ ထိုသို့သော အခြေအနေမျိုးကို ပိုမို အတွေ့အကြုံရှိပါက ထိုကော်ဇောအစား ကန်ကြွယ်ကိုသာ ချက်ချင်း တိုက်ခိုက်လိုက်မည်။
မိုဝူကျီက လက်ကို မြှောက်လိုက်သည့်အခါ မရေတွက်နိုင်သည့် လျှပ်စီးဓားများ ထွက်ပေါ် လာသော်လည်း ထိုဓားများမှာ ကော်ဇောကို အနည်းငယ် တုန်ခါသွားအောင်သာ ပြုလုပ်နိုင်ပြီး မချိုးဖျက်နိုင်သေးပေ။
အကြိမ်ရေ အနည်းငယ်ကြာပြီး ထိုမီးတောက်များမှ နှစ်ချက် အပစ်ခံရပြီးနောက် မိုဝူကျီက မီးတောက်ကော်ဇောကို ချိုးဖျက်ဖို့ ကြိုးစားခြင်းကို လက်လျှော့လိုက်တော့သည်။
ပညာရှင်နှလုံးသားက သဘာဝစွမ်းအား ဒိုင်းအပေါ်တွင် အသစ်အကာအရံတစ်ခု ဖြစ်ပေါ်လာပြီး မီးတောက်များအား ခုခံပေးထားသည်။ သူက သူ့ကိုယ်သူ ကိုယ်ပိုင်မီးတောက်နှင့် ကာကွယ်ရန် အကြံဉာဏ်သစ် ရလိုက်သည်။
ကန်ကြွယ်က မိုဝူကျီသည် ပညာရှင်နှလုံးသားကို ထုတ်ယူ၍ အကာအရံအဖြစ် ထားထားသည်ကို စိတ်ထဲ မထားပေ။ သူက မိုဝူကျီဆီ မီးတောက်များ ပိုမို ထုတ်လွှင့်နေသည်။
ကန်ကြွယ်က တိုက်ပွဲ ဆင်နွဲလာသည်မှာ ကြာမြင့်လာပြီ ဖြစ်၍ မိုဝူကျီထက် အတွေ့အကြုံ ပိုများပေသည်။ သူက မိုဝူကျီ အပြုအမူများကို စိတ်ထဲ မထားသော်လည်း တစ်ဖက်လူမှာ ပေါင်လေ့နှင့် ဟူဗာကို သတ်နိုင်ထားပြီး ကြယ်တာရာ ဘုရင်တောင်မှ ကြယ်တာရာသခင် ဖြစ်လာသောကြောင့် အတော်လေး စွမ်းဆောင်ရည် ကောင်းသူ ဖြစ်မည်မှန်း မှန်းဆမိ၍ အထင်တော့ မသေးပေ။
လက်ရှိတွင် သူက မိုဝူကျီကိုသာ ဖယ်ရှားနိုင်သရွေ့ မြို့ကို ဖျက်ဆီးဖို့ရာ အတားအဆီးဘာမှ ရှိတော့မည် မဟုတ်ပေ။ သူက သူ့မီးတောက်ကော်ဇော အသုံးမပြုဘဲဖြင့် မိုဝူကျီကို အလွယ်တကူ သတ်နိုင်လိမ့်မည်ဟု ယုံကြည်သည်။ သို့သော် သူက မိုဝူကျီကို အဆုံးသတ်ရန် ယုံကြည်စိတ်ချရသည့် နည်းလမ်းရှိ၍ မိုဝူကျီနှင့် ဘာကြောင့် တစ်ယောက်ချင်း ရင်ဆိုင်နေရမည်နည်း။
“ဘုန်း ဘုန်း ဘုန်း” မပြီးဆုံးနိုင်သည့် မီးတောက်များက မိုဝူကျီ၏ ပညာရှင်နှလုံးသား အကာအရံဆီ ရောက်ရှိလာပြီး ကော်ဇောအတွင်း မီးတောက်များက ဧရာမ မီးတောက် အလင်းတန်းအဖြစ် ဖြစ်ပေါ်လာသည်။ ပြန့်လာသည့် မီးတောက်အလင်းတန်းမှာ ရေမြှုပ်နှင့်တွေ့သွားသည့် ရေစက်လေးအလား ပညာရှင်နှလုံးသား အကာအရံက အစအနမကျန်အောင် စုပ်ယူပစ်လိုက်သည်။
မိုဝူကျီ သတိပြုမိလိုက်သည့် အခိုက်လေး၌ သူက သဘာဝစွမ်းအား များများစားစား အသုံးလိုက်ရဘဲ ထိုမီးတောက်များကို ပညာရှင်နှလုံးသား အကာအရံက ဝါးမျိုသွားသောကြောင့် သဘောတွေ့နေသည်။
အစပိုင်းတွင် မိုဝူကျီက ပညာရှင်နှလုံးသားကို သူကိုယ်သူ ကာကွယ်ဖို့ရန်နှင့် တခြားနည်းလမ်းတစ်ခု စဉ်းစားလို့ ရသည့်အထိ အချိန်ရရန်အတွက် ထုတ်ယူလိုက်ခြင်း ဖြစ်သည်။
ယခု ပညာရှင်နှလုံးသားမှာ မီးတောက်ကော်ဇောမှ မီးနှင့် ရင်ဆိုင်နိုင်မှန်း သိသည့်အခါ မပျော်ရွှင်သင့်ပေဘူးလား။
သူက ပညာရှင်နှလုံးသားကို မီးတောက် ကော်ဇောဆီ ပစ်လွှတ်လိုက်ပြီး မီးတောက်ကော်ဇောမှ ထွက်ပေါ်လာသော မီးတောက်နယ်ပယ်ကို စတင် သန့်စင်လိုက်သည်။
အသက်ရှူကြိမ် ဆယ်ကြိမ်ခန့် ကြာချိန်တွင် သူ့မှန်းဆချက်မှာ မှန်ကန်လာကြောင်း သိလိုက်သည်။ ပညာရှင်နှလုံးသားမှာ ထိုမီးတောက်အလင်းကို ဆက်တိုက် စုပ်ယူနေပြီး မီးတောက်ကော်ဇောမှ မီးတောက်အပူချိန်မှာလည်း မြင့်သထက် မြင့်လာနေသည်။
ပညာရှင်နှလုံးသားက အပူချိန် စုပ်ယူနေသည့်နောက်တွင် မီးတောက်ကော်ဇောမှ ထုတ်ပေးနိုင်သော မီးတောက်နယ်ပယ်မှာ တဖြည်းဖြည်း အားနည်းလာသည်။
မိုဝူကျီက သတိပြုမိသောကြောင့် ကန်ကြွယ်လည်း သတိပြုမိပေသည်။ သူ့မီးတောက်ကော်ဇောမှာ သူ့အစွမ်းဆုံး ဖြစ်ပြီး မိုဝူကျီကို မြင်လိုက်သည်နှင့် ထုတ်သုံးလိုက်သည်မှာ မိုဝူကျီက ပေါင်လေ့နှင့် မျက်လုံးဖြူ ဝံပုလွေနှင့်အတူ အခြားသော အာကာသ သားရဲများစွာကို သတ်ထားသောကြောင့် သူစိတ်အတွင်း၌ မိုဝူကျီကို အတော်လေး မုန်းတီးနေပေသည်။
ကန်ကြွယ်က အလွန် ရုပ်ဆိုးသော်လည်း ဆင်ခြင်တုံတရား ရှိသည့်သူ ဖြစ်၏။ မိုဝူကျီအတွက် အမုန်းတရား ကြီးမားလာလေလေ သူက ပိုသတိထားလေလေ ဖြစ်၏။ သူ့အစွမ်းဆုံး တိုက်ကွက်ဖြင့် မိုဝူကျီကို ချုပ်နှောင်ခဲ့သည့် အချက်မှာ သူ့သတိကြီးမှုကို ပြသနေခြင်းသာ ဖြစ်၏။
သို့သော်လည်း သူက မိုဝူကျီကို မချုပ်နှောင်နိုင်ခင် သူ့အဆုံးသတ် တိုက်ကွက်မှာ မိုဝူကျီ၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရသည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...
ကန်ကြွယ်က သူ့မီးတောက်ကော်ဇောကို ပြန်ရုပ်သိမ်းချင်သော်လည်း သူ့ကိုယ်ပိုင် မီးတောက်ကော်ဇောမှာ သူ့မီးတောက်လိုမျိုး မီးတောက်တစ်ခုမှ ထိန်းချုပ်ခြင်းခံနေရပြီး စုပ်ယူခံနေရသည်။ အချိန်ကြာလာသည်နှင့် မိုဝူကျီ၏ မီးတောက်မှာ တဖြည်းဖြည်း အားကောင်းလာပြီး သူ့မီးတောက်မှာ အားနည်းလာသည်။
ထိုစဉ် ကန်ကြွယ်က သတိထားရန် စိတ်ထဲ မထားတော့ဘဲ မီးတောက်ကော်ဇောအတွင်းမှ မီးတောက်နယ်ပယ်ဆီ ခြေချလိုက်တော့သည်။ သူက လက်ကို မြှောက်လိုက်သည့်အခါ သူ့ဆဋ္ဌမတိမ်ထုံးမှာ မိုဝူကျီဆီ ရောက်သွားသည်။
အဖြူရောင် ဆဋ္ဌမတိမ်ထုံး ရောက်လာသည်နှင့် မိုဝူကျီမှာ တိုက်ပွဲကွင်းဆီ ရောက်သွားသလို ခံစားလိုက်ရပြီး အရှိန်အဝါများအောက် ဖိနှိပ်ခြင်း ခံလိုက်ရသည်။
တျန်းဂျီတုတ်မှ နိဗာနတုတ်အရိပ် ထွက်ပေါ်လာပြီး သူ့သဘာဝ စွမ်းအားများမှာ ထိုမီးတောက်နယ်ပယ် အတွင်း ပေါက်ကွဲသွားတော့သည်။
သဘာဝစွမ်းအားများ အချင်းချင်း ရိုက်ခတ် သွားသောကြောင့် မိုဝူကျီ ရင်ဘတ်ဆီ သံမဏိတူကြီး ကျရောက်လာသလို ခံစားလိုက်ရသည်။ မိုဝူကျီက တစ်ဖက်လူ၏ သဘာဝစွမ်းအားများမှာ သူ့အရည်ပြားကို ဆွဲဖြဲနေသည့်အလား ခံစားနေရသည်။
မိုဝူကျီနှင့် နှိုင်းယှဉ်လျှင် ကန်ကြွယ်က ပိုဒေါသထွက်လာပြီး အံ့ဩလာမိသည်။ မိုဝူကျီ၏ မီးတောက်မှာ သူ့မီးတောက်ကော်ဇောကို ချုပ်နှောင်ထားပြီးသည့် အချက်က သူ့ကို အတော်လေး တုန်လှုပ် သွားစေသော်လည်း ယခု မိုဝူကျီက လောကအင်မော်တယ် အဆင့်လေးဖြင့် သူ့သဘာဝစွမ်းအားများကို ခုခံနိုင်စွမ်း ရှိနေသည်လား။ သူက အဆင့် ၉ သားရဲ ဖြစ်ကာ အဆင့် ၉ အစောပိုင်းအဆင့်တွင် ရှိနေလျှင်ပင် အာကာသ သားရဲများကြား အလွန်ရှားပါးလှသည်ဟု ဆိုလိုရပေသည်။
မိုဝူကျီက မကြောက်ပေ။ တစ်ချက် ယှဉ်တိုက်ပြီးသည်နှင့် မိုဝူကျီက ကန်ကြွယ်မှာ ကျူးချူနှင့် နှိုင်းယှဉ်လျှင် ပုရွက်ဆိတ်လေးသာ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။
ကန်ကြွယ် အပြုအမူကို မစောင့်တော့ဘဲ မိုဝူကျီက လေဟုန်ခွင်း ထွက်ပေါ်လာပြီး ကန်ကြွယ်ဆီ လျှပ်စီးဓားများစွာကို ပစ်လွှတ်လိုက်သည်။ ထို့နောက် အာကာသ ချူပ်နှောင်ခြင်းကို အသုံးပြုလိုက်သည်။ ပညာရှင်နှလုံးသားကို အသုံးပြုပြီးသည့်နောက်တွင် မီးတောက်အခင်း အတွင်းမှ နယ်ပယ်ကို ကန်ကြွယ်က ထိန်းချုပ်၍ မရတော့ပေ။
ကန်ကြွယ်ကို တွေ့စဉ်ကတည်းမှ ကန်ကြွယ်က အရင်ဦးဆုံး စတိုက်ခဲ့သူ ဖြစ်ကာ မိုဝူကျီက ခံရသူသာ ဖြစ်ခဲ့သည်။ သို့သော် နောက်ဆုံးအလှည့်တွင် ဦးဆုံးတိုက်ရန် သူ့အလှည့် ကျရောက်လာလေပြီ။
ကန်ကြွယ်က သူ့ဆဋ္ဌမတိမ်ထုံးကို ထုတ်ဖော်လိုက်သည့်အခါ အဖြူရောင် အလင်းတန်းများက ထိုလျှပ်စီးဓားများနှင့် ရင်ဆိုင်တွေ့သွားသည်။
ထိုစဉ် ကန်ကြွယ်က တစ်ခုခု လွဲမှားနေကြောင်း သတိထားမိလိုက်သည်။ မိုဝူကျီ၏ လျှပ်စီးဓားမှာ အားကောင်းသော်လည်း သူ့ကို မထိခိုက်စေနိုင်ပေ။ သဘောတရားအရ ပြောရလျှင် မိုဝူကျီက နောက်ဆုံးတွင်မှ တိုက်ခိုက်ခွင့် ရလာသည် ဖြစ်ရာ ထိုသို့ လက်လွတ်ဆုံးရှုံးခံမည်လား ...
တစ်ခုခုတော့ မှားယွင်းနေလေပြီ။ ထိုအတွေးဖြင့် သူ့ ဆဋ္ဌမတိမ်ထုံးဆီ ပိုများသည့် သဘာဝစွမ်းအားများ ပေါင်းစပ်လိုက်သည်။ ဆက်တိုက်ဆိုသလို ကန်ကြွယ်က သူ့ဘေးနားမှ တည်နေရာ၌ အပြောင်းအလဲတချို့ ဖြစ်သွားကြောင်း ခံစားမိလိုက်သည်။ နေရာအနေအထားမှာ စောစောလေးနှင့် မတူတော့ချေ။ ယခု မိုဝူကျီ၏ တည်နေရာကို အာရုံခံ၍ မရတော့ပေ။
မကောင်းတော့ဘူး ...
သေစေလောက်သည့် အငွေ့အသက်တို့က သူ့စိတ်အတွင်း ကိန်းအောင်းလာလေ၏။
ကန်ကြွယ်က မိုဝူကျီကို ဆက်တိုက်ဖို့ရာ ဘာလို့ တွေးနေရမည်နည်း။ သူ့တစ်ကိုယ်လုံးမှာ နဂိုအတိုင်း မဟုတ်တော့ဘဲ ပုံပျက်လာသောကြောင့် ဤနေရာမှ အမြန်ဆုံးသာ ထွက်သွားချင် တော့သည်။
“ဖူး” သံမဏိတုတ်က ကန်ကြွယ်လည်ပင်းဆီ ကျရောက်လာပြီး အရိုးကျိုးသံနှင့်အတူ နာကျင်မှုက ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည်။ ကန်ကြွယ်က မီးတောက်ကော်ဇော အကြောင်းပင် မတွေးနိုင်တော့ပေ။ သူက လှည့်ထွက်သွားချင်မိသည်။
အာကာသ ချုပ်နှောင်ခြင်းနှင့်အတူ နိဗာနတုတ်အရိပ် ပူးပေါင်း တိုက်ခိုက်မှုမှာ မိုဝူကျီ၏ အဆုံးသတ်အကွက် ဖြစ်သော်လည်း ကန်ကြွယ်က ထိုရိုက်ချက်ကို ရှောင်နိုင်လိမ့်မည်ဟု တွေးမထားပေ။
စက္ကန့်ပိုင်းလေးအတွင်း ကန်ကြွယ်က မိုဝူကျီနှင့် သုံး မီတာ ကွာဝေးသော နေရာသို့ ရောက်ရှိသွားလေ၏။
အကယ်၍ သူက တခြားတစ်ယောက်နှင့် တိုက်နေလျှင် လွတ်မြောက် သွားနိုင်သော်လည်း မိုဝူကျီနှင့် ရင်ဆိုင်နေရသည့်အတွက် သုံး မီတာသာ အလှမ်းကွာဖို့ စွမ်းဆောင်နိုင်ခဲ့သည်။
“ဘုန်း” ကန်ကြွယ် နောက်တစ်ခေါက် ထွက်မပြေးခင် မိုဝူကျီက ကန်ကြွယ် အနောက်ဘက်မှ ခုန်အုပ်လိုက်သည်။
“ဘမ်း” ကန်ကြွယ်က ထွက်သွားဖို့ရာ အာရုံစိုက် ထားသောကြောင့် မိုဝူကျီက သူ့နောက်တွင် ရုတ်တရက် ပေါ်လာလိမ့်မည်ဟု မည်သို့ သိမည်နည်း။ သူ သိလိုက်သည့်အရာမှာ ရော်ဘာဘောလုံး တစ်လုံးလို သူ့ခန္ဓာမှာ လွင့်စဉ်သွားခြင်းသာ ဖြစ်၏။
ယန်ကျဲနှင့် စုယွီတို့က စူးရှလေမြို့အစွန်းဘက်ထိ နောက်ဆုတ် ထားကြသည်။ သူတို့က ဤတိုက်ပွဲတွင် ဝင်မပါနိုင်ကြောင်း သိကြ၏။ ထိုမီးတောက် ပြင်းပြင်းများအောက်တွင် သူတို့အနေနှင့် မည်သူက အရေးသာနေမှန်းပင် မသိပေ။
ထိုစဉ် သူတို့က လွင့်စဉ်လာသော ကန်ကြွယ်ကို မြင်လိုက်ရသည်။ ကန်ကြွယ် ကျောဘက်တွင် လက်သီးအရွယ် အပေါက်ကြီး ရှိနေသည်။
***