မိုထျန်းချန်ရဲ့ တည်နေရာ
Vol. 28 Ch. 388
ခြေသံများကို ကြားမိ၍ မိုဝူကျီက လှည့်ကြည့်မိလိုက်ရာ သူ့ကို ကြိုဆိုဖို့ ရောက်လာသည့်သူများကို ကြည့်၍ အတော်လေး အံ့အားသင့်မိသွားသည်။ သူ့ရှေ့တည့်တည့်တွင် ကြော့ရှင်း ချောမောသည့် အမျိုးသမီး တစ်ဦးရှိနေပြီး သူမနောက်တွင် အနည်းဆုံး လူဆယ်ယောက် ပါရှိသည်။ ဘေးတွင် အဖြူရောင် တူညီဝတ်စုံနှင့် အမျိုးသမီး သက်တော်စောင့်များပါ ပါရှိသေး၏။
မိုဝူကျီက မေးဖျား ပွတ်မိသွားသည်။
ဒီလိုကြိုဆိုမှုမျိုးက နည်းနည်း ပိုလွန်းမနေဘူးလား ... ဘာတွေ ဖြစ်နေတာပါ့လိမ့်...
မိုဝူကျီက ချီဟော်အာဆီမှ ထျန်းချီအိမ်တော်သခင် ဒေါသထွက်နေသည့် အကြောင်းကို ကြားထားမိသည်။
ဒါပေမဲ့ ဒီလိုကြိုဆိုမှုမျိုးက ဒေါသထွက်နေတာရော ဟုတ်ရဲ့လား ...
“ကြယ်တာရာသခင်မို ... ကျမလည်း ကြယ်တာရာဘုရင်တောင်ဆီ ထွက်လာတော့မလို့ပါ။ ကြယ်တာရာ သခင်ကိုယ်တိုင် ရောက်လာမယ်လို့ မျှော်လင့်မထားမိဘူး။ ဒါက ကျမတို့ ထျန်းချီအိမ်တော်အတွက် ဂုဏ်ယူရမှာပါ ...” သူမက သူ့နားမရောက်ခင် ယန်ဟွေ့မင်က အရင်ဦးစွာ အပြုံးပန်း ဆင်မြန်းရင်း နှုတ်ခွန်းဆက်လိုက်သည်။
ယန်ဟွေ့မင်တင် မကပေ။ သူမနောက်မှ အကြီးအကဲများအားလုံးက လက်သီးဆုပ်ကာ ဂါရဝပြုပြီး နှုတ်ဆက်လိုက်ကြသည်။
“အာ” မိုဝူကျီက ထိုသို့ နွေးနွေးထွေးထွေး ဆက်ဆံမှုမျိုးကို အမှန်တကယ် မခံစားနိုင်ပေ။
သူက “အာ” ဟု ယောင်ယမ်း ထွက်သွားပြီးနောက် မြန်မြန် ဖြည့်ပြောလိုက်ရသည် “အိမ်တော်သခင်က ယဉ်ကျေးလွန်းနေပါပြီ။ ကျုပ်ရောက်လာတာက အိမ်တော်သခင်ကို အခက်တွေ့စေပြီ ...”
ယန်ဟွေ့မင်က အသာရယ်မောလိုက်ပြီး “ကိစ္စမရှိပါဘူး။ အခက်မတွေ့ပါဘူးရှင် ... ကျမတို့ ထျန်းချီအိမ်တော်က ကြယ်တာရာ သခင်မိုဆီအတွက် တစ်ခုခု လုပ်ပေးနိုင်တာကိုက ဂုဏ်ယူရမှာပါ ...”
ယန်ဟွေ့မင်က တစ်ခုခုကို ပြန်အမှတ်ရသည့်ဟန်ဖြင့် ရုတ်တရက် ပြောလိုက်သည် “ရှီယွဲ့ ... ကြယ်တာရာသခင်ကို မြန်မြန် နှုတ်ဆက်လိုက်လေ။ ကြယ်တာရာသခင် ဒါက ကျမရဲ့ တပည့်လေး ရှီယွဲ့ပါ ...”
“ကျွမ်းရှီယွဲ့က ကြယ်တာရာသခင်ကို နှုတ်ခွန်းဆက်ပါတယ်ရှင်...” ကျွမ်းရှီယွဲ့က ရှေ့ထွက်လာပြီး ခေါင်းကို ငုံ့ထားကာ မိန်းမဆန်ဆန် နှုတ်ဆက်လိုက်လေ၏။
ထိုစဉ်် သူမ နှလုံးသားမှာ အပြင်းအထန် ခုန်ပေါက်နေသည်။ သူမက ခန့်ညားချောမောလှသည့် ကျင့်ကြံသူများကို မြင်တွေ့ဖူးကာ သူမဆီ လာရောက် တွေ့ဆုံကြသည့်အထဲတွင် လူချောများ မရှားလှပေ။ သို့သော်လည်း ကြယ်တာရာသခင်မိုကဲ့သို့ လူမျိုးကို တစ်ခါမျှ မမြင်တွေ့ဖူးပေ။
သူမရဲ့ အတွေးမျှင်လေးတွေအထိ ထိန်းချုပ်မှု ကင်းလွတ်သွားစေတဲ့ သူ ...
အကြည့်တစ်ချက်တည်းဖြင့် သူက လမ်းပေါ်တွင် တွေ့နေရသည့် သာမန်လူတစ်ယောက်နှင့် ဘာမျှ မကွာခြားပေ။ သို့သော် သူမ သူ့ကို သေချာအာရုံစိုက်လိုက်ပါက ထူးထူးခြားခြား ခံစားချက်ကို ရနေ၏။
သူ့ဆံပင်မှာ အနည်းငယ် ဖို့ရိုးဖားယား ဖြစ်နေသည်။ သူမက သူမဆရာနောက်တွင် ရပ်နေရင်း သတင်းဓားပျံကို ခိုးကြည့်လိုက်၍ ကန်ကြွယ်မှာ ကြောက်မခန်းလိလိ မီးတောက် ပိုင်ဆိုင်ကြာင်း သိထားသည်။ သူ့ဆံပင် ပွရောင်းရောင်း ဖြစ်နေသည့် အချက်မှာ ထိုမီးတောက်ကြောင့် ဖြစ်နိုင်ပေသည်။ သို့သော် ထိုဆံပင်ကို သေချာဖြီးသပ်၍ စည်းနှောင်လိုက်ပါက ပြောမပြတတ်သည့် ခံစားချက်မျိုး ပေးစွမ်းနိုင်လိမ့်မည်။
သူ့သွင်ပြင်မှာ အချိုးအစားကျလှပြီး တောင့်တင်း ခိုင်မာလေသည်။ သို့သော်လည်း ထိုသို့ ခန္ဓာမျိုးနှင့် သာမန်မျက်နှာနှင့် တွဲဖက်လိုက်သည့်အခါ သူမကို သူမတူသည့် အမျိုးသား တစ်ယောက် အမြင်ပေးစွမ်း၏။
သူမ မျက်လုံးထဲတွင် သူက သာမန်သေမျိုး တစ်ယောက်နှင့်သာ တူနေသော်လည်း သာမန်သေမျိုးနှင့်လည်း အလှမ်းကွာလွန်းနေပြန်သည်။ သူ့တွင် ရင့်ကျက်မှုနှင့် ယောက်ျားပီသမှုတို့က ထင်းထွက်နေသည်။ ထိုအရာအားလုံးမှာ သူ့သာမန်ဖြစ်မှုအောက်တွင် ပုန်းကွယ်နေခြင်း ဖြစ်သည်။
အကယ်၍ သူမသာ သူ့ကို လမ်းမပေါ် တွေ့ပါက ကြယ်တာရာ ဘုရင်တောင်မှ ကြယ်တာရာသခင် ဖြစ်လိမ့်မည်ဟု တွေးမိမည် မဟုတ်ပေ။ သို့သော် သူက ကြယ်တာရာသခင်မှန်း သိ၍ ကျန်းရှင်းတွင် ကြယ်တာရာသခင် ဖြစ်လာဖို့ရန် သူ့ထက် သင့်တော်သည့် ဒုတိယလူ မရှိကြောင်း ခံစားမိလိုက်သည်။
ကျွမ်းရှီယွဲ့က နှလုံးခုန်မြန်နေလေသည်။ သူမရှေ့တွင် ရှိနေသာ ထိုအမျိုးသားမှာ တောင်ကြီးတစ်လုံးကဲ့သို့ ခံစားနေရသည်။ သူ့သာမန်ဖြစ်မှုများ၊ ဖုံးကွယ်ထားသော သူ့နက်ရှိုင်းမှုများနှင့်အတူ ကျယ်ပြန့်မှုများပါ ခံစားမိနေသည်။
ကမ္ဘာပေါ်ရှိ အခန့်ညားဆုံး အမျိုးသားပင် သူ့ရှေ့၌ အမှိုက်သရိုက်လို ဖြစ်သွားပေလိမ့်မည်။
သူမက လက်တွဲဖော်ကို ဘယ်တုန်းကမှ ကိုယ်တိုင် မရွေးချယ်ဖူးသော်လည်း ထိုသို့သော အမျိုးသားနောက် လိုက်ရမည့် ကိစ္စမှာ သူမအတွက် အကောင်းဆုံး ဖြစ်၏။
မိုဝူကျီက ကျွမ်းရှီယွဲ့ကို သတိပြုမိသွားသောအခါ ကျွမ်းရှီယွဲ့ အလှတရားမှာ မှင်တက်မိသွားသည်။
ကမ္ဘာမြေတွင် မိတ်ကပ်စွမ်းအားဖြင့် အလှလေးများစွာ မြင်တွေ့ဖူးသည်။ ကျန်းရှင်းသို့ ရောက်လာပြီးနောက်တွင် သူက ချိန်စုယင်ကို မြင်တွေ့ခဲ့မှသာ တကယ့်အလှစစ်ကို သဘောပေါက် သွားမိခြင်း ဖြစ်သည်။
သူ့ရှေ့တွင် ရှိနေသည့် ကျွမ်းရှီယွဲ့မှာ ရုပ်ရည်အားဖြင့် ချိန်စုယင်ထက် နောက်ကောက်မကျပေ။
သူမက အဝါဖျော့လေး ဝတ်ဆင်ထားသည့် မိန်းမပျိုလေး ဖြစ်ကာ သူ့ကို ရံဖန်ရံခါ ခိုးကြည့်ပြီးနောက် ခေါင်းငုံ့သွားတတ်သည်။ သို့သော်လည်း မြို့တော်ပင် ပျက်စီးစေနိုင်သော အလှလေးများ မိုဝူကျီ မျက်လုံးထဲ ရောက်နေလေပြီ။ သူမ၏ ပြီးပြည့်စုံလှသော ကောက်ကြောင်းနှင့် ဆံပင်ပေါ်တွင် ပန်းလေးတချို့ ပန်ဆင်ထားသည့်အတွက် မှင်တက်လောက်အောင် ချောမောနေရုံသာမက ဖြူရှင်းသန့်စင်မှုကိုလည်း ခံစားမိ၏။
အကယ်၍ ချိန်စုယင်က ပျောက်ဆုံးနယ်မြေ၏ နံပါတ်တစ် အလှလေး ဆိုလျှင် ဤကျွမ်းရှီယွဲ့မှာ ကျန်းမိုနယ်မြေ၏ နံပါတ်တစ် အလှလေး ဖြစ်လိမ့်မည်။
ထျန်းချီအိမ်တော်သခင် ယန်ဟွေ့မင်က ကျွမ်းရှီယွဲ့ကို ခေါ်ဆောင်၍ ကြယ်တာရာ ဘုရင်တောင်သို့ လာဖို့ရန် ယုံကြည်ချက် ရှိနေသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။ ထိုသို့မျိုး ကြော့ရှင်းလှပသည့် မိန်းမပျိုလေး ရှိနေ၍ ယုံကြည်ချက် မရှိစရာ အကြောင်းမရှိချေ။
ကျွမ်းရှီယွဲ့က မိုဝူကျီကို ဦးညွှတ်ပြီးနောက် ယန်ဟွေ့မင်က မိုဝူကျီကို လေ့လာအကဲခတ် ကြည့်လိုက်သည်။ အရိုးသားဆုံးဆိုရလျှင် သူမက မိုဝူကျီ၏ သာမန်ဖြစ်မှုအောက်တွင် မျှောပါသွားမိ၏။
သူက ကြယ်တာရာ ဘုရင်တောင်၏ ကြယ်တာရာသခင် ဖြစ်သော်လည်း ဝိညာဉ်စွမ်းအား တစ်စက်လေးမျှ ရှိမနေချေ။ သူက သာမန်သေမျိုး တစ်ယောက်နှင့် တူသည့်အတွက် မကြာခင်တွင် သူမက မိုဝူကျီ၏ ထူးခြားမှုကို ရှာဖွေတွေ့ရှိသွားသည်။ သူက ဓားကောင်းတစ်လက်ကို အသေအချာ ဖုံးကွယ်ထားခြင်း ဖြစ်သည်။ သူ့ကြည်လင် တောက်ပနေသည့် မျက်ဝန်းအစုံကပင် သူမကိုယ်တိုင် မလွတ်မြောက်နိုင်တော့မှန်း ခံစားမိသည်။
မိုဝူကျီက ကျွမ်းရှီယွဲ့အပေါ် အကြည့်ကို မြင်လိုက်သည့်အခါ ယန်ဟွေ့မင်က ပျော်ရွှင်မိသွားသည်။ သူမက ဤကိစ္စတွင် ပြဿနာ မရှိတော့ကြောင်း ယုံကြည်သွားသည်။
“မိန်းကလေး ကျွမ်းက ယဉ်ကျေးလွန်းနေပါပြီ” မိုဝူကျီက လက်သီးဆုပ်ကာ ပြန်နှုတ်ဆက်လိုက်သည်။
ကျွမ်းရှီယွဲ့၏ စိတ်နှလုံးမှာ တင်းကျပ်သွားသည်။ သူမဆီ လာရောက်ကြသော အမျိုးသား ကျင့်ကြံသူများက သူမကို အမြဲတမ်း ဂျူနီယာညီမလေး ရှီယွဲ့ဟုသာ ခေါ်ဝေါ်တတ်ကြသည်။ အလွန် ရှေးရိုးစွဲသည့်သူတချို့က သူမကို မိန်းကလေး ရှီယွဲ့ဟု ခေါ်ဆိုကြသည်။ သူမကို မိန်းကလေး ကျွမ်းဟု ခေါ်ဆိုခံရသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပြီး နားလည်ရခက်သည့် အကွာအဝေးတစ်ခု ခြားသွားသလို ခံစားမိစေသည်။
“ကြယ်တာရာသခင်မို အထဲကြွပါ ...” ယန်ဟွေ့မင်က ကျွမ်းရှီယွဲ့ထက် အတွေ့အကြုံပိုများပြီး အစပိုင်း အခေါ်အဝေါ်မှာ များစွာ အဓိပ္ပာယ်မရှိကြောင်း သိထားသည်။
ကြယ်တာရာဘုရင်တောင် ကြယ်တာရာသခင် တစ်ယောက်အနေနှင့် မိုဝူကျီက ရမ္မက်များသည့် အမူအရာချက်ချင်း ထုတ်ပြ၍ မဖြစ်ပေ။ ထိုသည်က မိုဝူကျီနှင့် အသုံးမကျသည့် ရှားမူကြားမှ ကွာခြားချက် ဖြစ်ပေသည်။
အကယ်၍ ရှားမူသာ မိုဝူကျီလို ဖြစ်မည် ဆိုလျှင် ရှားမျိုးနွယ်စုက သုတ်သင်ခံရဦးမည်လား ...
ယန်ဟွေ့မင် အမြင်အရ ရှားမျိုးနွယ်စု ပျောက်ကွယ်သွားခြင်းမှာ ရှားမူက မိုဝူကျီ၏ စေ့စပ်ထားသူကို ဆူးနစ်လေဂိတ်အတွင်း ရောက်ရန် အတင်းကြပ် ဖိအားပေးခဲ့၍ သူမ သေဆုံးသွားရခြင်းကြောင့် ဖြစ်လိမ့်မည်ဟု ယုံကြည်နေသည်။
ချိန်စုယင်က ဆူးနစ်လေဂိတ်အတွင်း မသေဆုံးဘဲ နှင်းခါးပင်လယ်တွင် သေဆုံးသွားမှန်း မသိကြပေ။
လူအုပ်ကြီး လမ်းညွှန်မှုဖြင့် မိုဝူကျီက ထျန်းချီအိမ်တော်၏ အခမ်းနားဆုံး၊ အသားနားဆုံး ခန်းမထဲ ရောက်ရှိလာသည်။
သူက ထိုင်လိုက်သည်နှင့် ထျန်းချီအိမ်တော်၏ အကောင်းဆုံး ဝိညာဉ်သစ်သီးများနှင့် အမျိုးမျိုးသော လက်ဖက်ရည်ကြမ်းများနှင့်အတူ သေရည်များကို လာရောက်ဧည့်ခံကြသည်။ မိုဝူကျီနောက်တွင် လိုအပ်သမျှ လုပ်ပေးရန် ပိန်ပါးပါး မိန်းမငယ်လေး နှစ်ဦး ရပ်နေလေသည်။ မိုဝူကျီက လက်ဖက်ရည်ကြမ်း တစ်စက်လေးမျှ မသောက်သော်လည်း သူတို့က ပိုနွေးသည့် လက်ဖက်ရည်ကြမ်းဖြင့် လဲလှယ်ပေးနေကြဆဲ ဖြစ်သည်။
မိုဝူကျီက စိတ်အတွင်းမှ သက်ပြင်းသာ ချလိုက်တော့သည်။ မိုဝူကျီ ကျန်းရှင်းကို ရောက်လာကတည်းမှ အခက်အခဲ အမျိုးမျိုး ကြုံတွေ့ခဲ့ရသည်။ သို့သော် တစ်ချိန်တည်းတွင် သူက ဂိုဏ်းချုပ်အဆင့် ရောက်ရှိသွားပြန်သည်။ သူက တျန်းဂျီဂိုဏ်းချုပ်၊ ဂိုဏ်းတစ်ရာ မဟာမိတ်ခေါင်းဆောင် သို့မဟုတ် ကြယ်တာရာ ဘုရင်တောင်၏ ကြယ်တာရာသခင် မည်သို့ပင် ဖြစ်စေ သူက ထိုမျှ အာရုံစိုက်ပေးသည့် ဂရုစိုက်မှုမျိုး တစ်ခါမျှ မရဖူးပေ။ ဤထျန်းချီအိမ်တော်၏ အင်အားမှာ သာမန်ဖြစ်သော်လည်း သူတို့က ထိုနည်းလမ်းများဖြင့် အတွေ့အကြုံများ နေကြသည်။
ယန်ဟွေ့မင်က မိသားစုတစ်ယောက်လိုမျိုး ရင်းရင်းနှီးနှီး ပြောတော့သည်။ သူမက မိုဝူကျီအား ကျန်းရှင်းကို ကာကွယ်ပေးခဲ့သည့် အကြောင်းနှင့်အတူ အားကောင်းလှသည့် နည်းလမ်းများကို ချီးကျူးလိုက်သည်။ ကြယ်တာရာ ဘုရင်တောင်တွင် မိုဝူကျီ ရှိနေသည်က ကျန်းရှင်းတစ်ခုလုံး၏ ကံကောင်းမှုသာ ဖြစ်၏။
မိုဝူကျီက ယန်ဟွေ့မင် ချီးကျူးမှုများကို နားထောင်လိုသည့် စိတ်အခြေအနေ မဟုတ်သလို ဇိမ်ခံစရာ ကောင်းလှသည့် ခန်းမထဲတွင်လည်း ဆက်နေလိုရန် ရည်ရွယ်ချက် မရှိတော့သောကြောင့် လက်ဖက်ရည်ကြမ်း အနည်းငယ် သောက်ကာ တဲ့တိုး ပြောလိုက်တော့သည်။
“အိမ်တော်သခင်ယန် ... ကျုပ် ဒီနေ့လာတာက ကိစ္စတစ်ခု စုံစမ်းစရာ ရှိလို့ပါ ...”
ယန်ဟွေ့မင်က အဓိကခေါင်းစဉ် ရောက်လာမှန်း သိ၍ လက်ထဲက ခွက်ကို ချထားလိုက်ပြီး အလေးအနက် ပြောလိုက်သည်။
“ကြယ်တာရာသခင် မေးပါ ... ကျမတို့ ထျန်းချီအိမ်တော်က ဖြေပေးနိုင်တာဆိုရင် သေချာပေါက် ဖြေပေးပါ့မယ် ...”
“အဲလိုဆို ... အိမ်တော်သခင်ယန်ကို ကျေးဇူးတင်ရမှာပဲ။ အရင်က အိမ်တော်သခင် ကြယ်တာရာ ဘုရင်တောင်ကို လာတွေ့တုန်းက ကျုပ်က အမြဲတမ်း တံခါးပိတ် ကျင့်ကြံနေမိလို့ တွေ့ဆုံရတာ နောက်ကျသွားတဲ့အတွက် ဗွေမယူစေချင်ဘူး ...”
မိုဝူကျီက ထိုစကားအဆုံးတွင် ယန်ဟွေ့မင် အပြောကို မစောင့်ဘဲ ဆက်ပြောလိုက်သည် “လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ကျုပ် တံခါးပိတ် လေ့ကျင့်နေတာက ထွက်လာတော့ အိမ်တော်သခင်က မိုထျန်းချန်အကြောင်း ပြောသွားတယ်လို့ ကြားလို့ပါ။ ကျုပ် သွယ်ဝှက်မနေတော့ပါဘူး ... ကျုပ်နဲ့ အဲဒီမိုထျန်းချန် ဆက်ဆံရေးက အတော်လေး နက်ရှိုင်းတယ်။ အိမ်တော်သခင်ယန် ပြောပြပေးမယ်လို့ မျှော်လင့်ပါတယ် ...”
ယန်ဟွေ့မင်က မိုဝူကျီ ရောက်လာသည့် အကြောင်းကို မှန်းဆပြီးပြီ ဖြစ်လေသည်။ သူမ ခန့်မှန်းထားသည့်အတိုင်း ကွက်တိ ဖြစ်နေသည်။ အကြည့်နှင့်ပင် သူမက သူမစုံစမ်းမှု အလကား ဖြစ်မသွားကြောင်း သိလိုက်သည်။ သူမက လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်ပြီး
“ကြယ်တာရာသခင်မိုက အမြွှာတောင်ကြားကို ကြားဖူးမလား မသိဘူး။ တစ်ခုက အင်မော်တယ်နတ်ဆေးဆရာ တောင်ကြားနဲ့ နောက်တစ်ခုက အင်မော်တယ်ဆေးလုံး တောင်ကြားပဲ ...”
“ကျုပ်က အင်မော်တယ်နတ်ဆေး ဆရာတော်ကြားတော့ ကြားဖူးပေမဲ့ အင်မော်တယ် ဆေးလုံးတောင်ကြားတော့ မကြားဖူးဘူး” မိုဝူကျီက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။ သူက အမှန်ပင် ထိုတောင်ကြားကို မကြားပင် မကြားဖူးချေ။ တစ်ဖက်တွင် အင်မော်တယ် နတ်ဆေးဆရာ တောင်ကြား၏ စန်ယီရှန်းသည် အလွန် နာမည်ကျော်ကြားလှပြီး အသက်များစွာ ကယ်တင်ပေးဖူး၍ ကြားဖူးနေခြင်း ဖြစ်သည်။
ယန်ဟွေ့မင်က ရှင်းပြလိုက်သည်။
“လွန်ခဲ့တဲ့နှစ် နှစ်ဆယ်လောက်တုန်းက ကျန်းမိုနယ်မြေရဲ့ နံပါတ်တစ် ဆေးလုံးဆရာက အင်မော်တယ်ဆေးလုံး တောင်ကြားရဲ့ အဆင့် ၈ ကောင်းကင်ဆေးလုံးဆရာ လိုင်ဝမ်ရှင်းပဲ ... စွမ်းအားကောင်းကောင်း မျိုးအောက်မှာ သူက အဆင့် ၉ ဆေးလုံးကိုတောင် ဖော်စပ်နိုင်သေးတယ်။ ကျန်းမိုနယ်မြေမှာ ဆေးလုံး တစ်လုံးဖော်စပ်ဖို့ သူ့ကို ဖိတ်ခေါ်ရတာ အတော်လေး ခက်တယ်။ ကြယ်တာရာ သခင်ချီထုံတောင် သူ့အကူအညီ သွားတောင်းခဲ့သေးတယ်တဲ့ ... ကြယ်တာရာသခင် မြေကမ္ဘာအင်မော်တယ်အဆင့် တက်လှမ်းသွားနိုင်တာ သူနဲ့ ဆက်စပ်နေမလားတော့ မပြောတတ်ဘူး ...”
မိုဝူကျီက ခေါင်းညိတ်ပြလိုက်သည်။ ဆေးပညာရပ်တွင် ကောင်းကင်အဆင့်ထိ ရောက်သည့်အခါ အဆင့်တစ်ဆင့် တက်ဖို့ရန် အတော်လေး ခက်ခဲလှပေသည်။ လိုင်ဝမ်ရှင်းအတွက် အဆင့် ၈ ကောင်းကင်ဆေးလုံး ဆရာအထိ ဖြစ်လာနိုင်သည်မှာ အံ့ဩစရာ ကောင်းလှပေ၏။
“ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က လိုင်ဝမ်ရှင်း ရုတ်တရက် ပျောက်သွားခဲ့တယ်။ သူ ဘယ်ထွက်သွားတယ် ဆိုတာ ဘယ်သူမှ မသိကြဘူး ...”
ယန်ဟွေ့မင်က ခဏရပ်လိုက်ပြီး မိုဝူကျီကို ကြည့်ကာ “ကျမသာ အလောင်းတစ်လောင်း ရှာမတွေ့ခဲ့ရင် ဒီကိစ္စကို သေချာသိမှာ မဟုတ်ဘူး။ အလောင်းပေါ်မှာ သွေးထွင်းထားတဲ့ ကျောက်စိမ်းပြားကို တွေ့ခဲ့တယ်။ အဲဒီကျောက်စိမ်းပြားပေါ်မှာ နာမည်ဆယ်ခုကျော် ရှိနေတာ ...”
ထို့နောက် ယန်ဟွေ့မင်က ထိုကျောက်စိမ်းပြားကို ထုတ်၍ မိုဝူကျီဆီ ပေးလိုက်သည်။ ထိုကျောက်စိမ်းပြားကို ရှာတွေ့ထားသည်မှာ မကြာသေးသော်လည်း ထျန်းချီအိမ်တော်ဆီ ရောက်နေသည်မှာ ဆယ်နှစ်ကျော်လေပြီ။
မိုဝူကျီက ကျောက်စိမ်းပြားကို လက်ခံလိုက်ပြီး ကြည့်လိုက်သည့်အခါ အမှန်ပင် နာမည်များ ပါရှိနေသည်။
ကွမ်းကျင်းယန် - ထိပ်သီး ကျောက်စိမ်း ကျောင်းတော် အကြီးအကဲ၊ သတ္တုဓာတ် အဆင့်လေး မြေကမ္ဘာဆေးလုံးဆရာ
ကျားယဲ့ရှန်း - ရုန်ကျွင်းကျား မျိုးနွယ်စု ဆေးလုံးဆရာ၊ သတ္တုဓာတ် အဆင့် ၃ လူသားဆေးလုံးဆရာ
ဖန်ဟောင်ဟောင် - အနီရောင်ဝိညာဉ်ဂိုဏ်း ဆေးလုံးဆရာ၊ သတ္တုဓာတ် အဆင့် ၃ လူသားဆေးလုံးဆရာ
ကောစီ ကွမ်းကျန်း - ကျန်းမို နယ်လှည့် ကျင့်ကြံသူ၊ သတ္တုဓာတ် အဆင့် ၂ လူသားဆေးလုံးဆရာ
မိုထျန်းချန် - ပျောက်ဆုံးနယ်မြေမှ မြောက်ဖက်ပိုင်း ချင်စီရင်စု မိုမျိုးနွယ်စု၊ သတ္တုဓာတ် အဆင့် ၃ လူသားဆေးလုံးဆရာ
***
မိုဝူကျီက မိုထျန်းချန် နာမည်ကို သေချာ ကြည့်လိုက်သည့်အခါ သူ့အဖိုးဖြစ်သူမှာလည်း ဆေးလုံးဆရာ တစ်ယောက် ဖြစ်နေကြောင်း သိလိုက်ရသည်။ သို့သော် သူက အဆင့် ၃ ဖြစ်နေလိမ့်မည်ဟု ထင်မထားပေ။
မကြာခင်တွင် မိုဝူကျီက ထူးခြားမှုကို ရှာတွေ့သွားသည်။ ထိုဆေးလုံးဆရာတိုင်းတွင် သတ္တုဓာတ် ဝိညာဉ်ကြော ရှိနေခြင်း ဖြစ်သည်။ သူကိုယ်တိုင်က အဆင့် ၆ မြေကမ္ဘာဆေးလုံးဆရာ ဖြစ်သောကြောင့် ဝိညာဉ်ကြောများမှာ ဆေးလုံးဖော်စပ်ရာ၌ အရေးပါကြောင်း သိထားသည်။ ဆေးလုံးဖော်စပ်နိုင်မှု အနည်းဆုံး ဝိညာဉ်ကြောမှာ သတ္တုဓာတ် ဝိညာဉ်ကြော အမျိုးအစား ဖြစ်ပေသည်။ ထိုဝိညာဉ်ကြောများမှာ မသင့်တော်ရုံသာမက ဆေးလုံးအောင်နိုင်ခြေလည်း အလွန်နည်း၏။
သူက မိုထျန်းချန်သည် သတ္တုဓာတ် ဝိညာဉ်ကြော ရှိရုံသာမက အဆင့် ၃ လူသားဆေးလုံးဆရာ ဖြစ်နေလိမ့်မည် မသိပေ။
သူ့ဆေးပညာအရည်အချင်းက ကောင်းကင်ကိုများ သွေဖည်နေတာလား ...
မြောက်ဘက်ပိုင်း ချင်စီရင်စုတွင် သတ္တုဓာတ် ဝိညာဉ်ကြောကို ဆိုမထားနှင့် သစ်သားဓာတ် ဝိညာဉ်ကြောပိုင်ရှင်ပင် အဆင့် ၃ ရောက်ရန် အလွန် ခက်ခဲပေလိမ့်မည်။
***