ရက်စက်မှု
Vol. 34 Ch. 464
စုယာက ခေါင်းငုံ့လျက် လင်းဖန်၏ ဘေးတွင် ထိုင်လိုက်သည်။ သူမ၏ ပါးလေးက အနည်းငယ် ရှက်သွေးဖြာနေပြီး သူ့အား စိုက်မကြည့်ရဲပေ။
“ ယွမ်အာ ဘာဖြစ်လို့လဲ” လင်းဖန်က မိုးမြေနားလည်နိုင်စွမ်းကို ကျမ်းအဖြစ် ပြောင်းလဲခြင်းအား အဆုံးသတ်ပြီး မေးလိုက်သည်။ သူက သတ်ဖြတ်ရေးစစ်ဆေးမှုအတွင်း သူ့စိတ်ကို လေ့ကျင့်ဖို့အတွက် ဤအလေ့အကျင့်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
“ယောက်ျား …. ယွမ်အာက ခ.. ခစားဖို့ အသင့်ဖြစ်နေပါပြီ” သူမ၏ မျက်နှာက အတော်လေးကို နီရဲလာသည်။
“ အော် ဒီနေ့ ဘာချက်ထားလို့လဲ” လင်းဖန်က လက်ထဲမှ စာရွက်ကို ကြည့်နေရင်း မေးလိုက်သည်။
“ ယွမ်အာ ဆိုလိုတာက ဇနီးဝတ္တရားကို ဖြည့်စည်းဖို့ အသင့်ဖြစ်ပါပြီလို့ ပြောတာပါ”
လင်းဖန်က သူမ၏ ဆိုလိုရင်းကို နားလည်သွားသည်။ ထို့ကြောင့် သူက သူမအား ကြည့်လိုက်၏။ သူက သူမ၏ ရှက်သွေးဖြာနေသည့် ပါးပြင်ကို မြင်လိုက်သည့်အခါ သူ့မျက်ဝန်းအထက် ရမ္မက်စိတ် ဖြတ်ပြေးသွားသည်။ ထို့နောက် သူက အလျင်အမြန် ဖုံးကွယ်လိုက်၏။
သူက စုယာ၏ မေးစေ့မှ ကိုင်ကာ ခေါင်းကိုမော့ကာ အပြုံးလေးဖြင့် ပြောလိုက်သည် “ ယွမ်အာ မင်းအလျင်လိုနေဖို့ မလိုဘူး။ မင်းမှတ်ဉာဏ်တွေက ပြန်ပေါ်မလာသေးဘူးဆိုတော့ စောင့်ဆိုင်းတာ အကောင်းဆုံးပဲ။ မင်းဘာသာမင်း အတင်းအကြပ် ဖိအားပေးဖို့ မလိုဘူး”
စုယာ၏ မျက်နှာအထက်တွင် ဝမ်းနည်းမှုတို့ ချက်ချင်း ဖြစ်တည်လာပြီး “ ယောက်ျားက ကျွန်မကို မလိုချင်ဘူးလား…။ ကျွန်မက အသုံးမဝင်တာကြောင့်လား …”
သူမ၏ မျက်ဝန်းမှ မျက်ရည်များ စီးကျလာသည်။
“ ဘယ်ဟုတ်ပါ့မလဲ” လင်းဖန်က သူမကို ဖက်ထားရင်း အလျင်အမြန် ပြန်ဖြေလိုက်သည် “ မင်းရဲ့ ကျန်းမာရေးနဲ့ အဆင်သင့်ဖြစ်တာကို သေချာစေချင်လို့ပါ”
ထိုစကားများ ပြောလိုက်သော်လည်း စုယာက ငိုနေတာကို မရပ်တန့်သေးပေ။ ထိုအစား သူမက ဇနီးတစ်ယောက်အဖြစ် အသုံးမကျဘူးဟုသာ ဆက်တိုက်ရေရွတ်နေလေ၏။
“ ကောင်းပြီ။ ငါတို့တွေ တစ်ရက်ရက် အချိန်ယူကြတာပေါ့”
“ တကယ်လား” သူမက ပြုံးပြုံးလေးဖြင့် မေးလိုက်သည်။
လင်းဖန်က ဤသို့ရိုးရှင်းကာ ဆွဲဆောင်မှုရှိသည့် အပြုံးကို မခုခံနိုင်ပေ။ သူမ၏ မျက်ဝန်းတွင် မျက်ရည်များ ရှိနေဆဲဖြစ်၏။
“ ဒါပေါ့”
“ ယောက်ျားကို ကောင်းကောင်းခစားနိုင်ဖို့ အစ်မရှုရှစ်ဆီ သွားပြီး မေးလိုက်ဦးမယ်” ထို့နောက် သူမက အခန်းထဲမှ ပျော်ရွှင်မှုအပြည့်ဖြင့် ထွက်သွားလေသည်။
လင်းဖန်က ထိုအရာကိုကြည့်နေရင်း သူ့ဘာသာသူ တွေးလိုက်မိ၏။
သူမသာ ငါ့မိန်းမဖြစ်လာရင် ဒီအစီအစဉ်က ပိုပြီးအောင်မြင်နိုင်ချေ ရှိလိမ့်မယ်။ နောက်ပိုင်း သူမက မှတ်မိလာတယ်ဆိုရင်တောင် ဒီသူမရဲ့ စိတ်အခြေအနေမှာ ပြစ်ချက်ဖြစ်သွားပြီးတော့ ပြိုင်ဘက်အဖြစ် ခြိမ်းခြောက်နိုင်စွမ်းကို လျှော့ချသွားနိုင်မှာပဲ…
သူက သူမ ချက်ချင်းမှတ်မိလာလျှင် သတ်ဖြတ်ဖို့ ကြံစည်ထားခဲ့သော်လည်း ယခုအတွက်မူ မလိုအပ်သေးပေ။
သုံးရက်ကြာမြင့်ပြီးသည့်နောက်တွင် စုယာက ရှုရှစ် ကိုယ်တိုင် ရွေးပေးထားသည့် ဝတ်စုံလှလှလေးကို ဝတ်ဆင်ထားသည်။ ထို့နောက် သူမက အိပ်ခန်းတွင် စောင့်ဆိုင်းနေလေ၏။ အခန်းအတွင်း ဝင်လာပြီးနောက် လင်းဖန်က သူမ၏ အလှတရားကြောင့် ဆွံ့အမိသွားသည်။
နောက်ဆုံးတွင် သူတို့က ယင်နှင့်ယန် တာအိုကို ကျင့်ကြံခဲ့သည်။ လင်းဖန်က နှစ်ကိုယ်တူကျင့်စဉ်သည် သူတို့၏ ကမ္ဘာဦးယင်နှင့်ယန်ကို ရောနှောပေးဖို့ရာ အသုံးပြုခဲ့သည်။
ထိုစွမ်းအားကို အသုံးပြုကာ သူသည် စုယာနှင့်အတူ ခန္ဓာကိုယ်ကိုပါ လေ့ကျင့်ပေးခဲ့သည်။
နောက်တစ်ရက်တွင် သူမက အပြုံးလေးဖြင့် နိုးထလာ၏။ သို့သော်လည်း နာကျင်မှုကို ခံစားပြီးသည့်နောက်တွင် သူမက သွေးကွက်ကို ငုံ့ကြည့်လိုက်သည်။
“ ယောက်ျား ဒါက ကျွန်မတို့ ပထမဆုံးအကြိမ်လား” သူမက မှတ်ဉာဏ် မရှိသော်လည်း အစ်မရှုရှစ်ဆီမှ အခြေခံဗဟုသုတတချို့ကို သင်ယူထားလေသည်။
“ ဟုတ်တယ်…ငါတို့လက်ထပ်တုန်းက မင်းက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် မရောက်မချင်း ခန္ဓာကိုယ်ကိုကာကွယ်ထားတဲ့ ထူးဆန်းတဲ့ ကျင့်စဉ်တစ်ခုကို ကျင့်ကြံနေခဲ့တာ။ အဲဒါကြောင့် ပြီးတော့ အဲဒီနောက်ပိုင်းက တိုက်ပွဲဆိုးဆိုးရွားရွား ဖြစ်တာဆိုတော့ ငါတို့က အလုပ်ရှုပ်နေတော့။ အဲဒါကြောင့် ငါတို့တွေ ဒီအခွင့်အရေးကို တစ်ခါမှ မရခဲ့ဘူး”
လင်းဖန်က အနည်းငယ် အံ့အားသင့်သွားသည်။ စုယာသည် ဤသို့သော အတွေ့အကြုံ မြောက်များစွာ ရှိနေမည်ဟု ထင်ထားခဲ့မိသည်။ သူမက သူမဘာသာသူမ ဆွဲဆောင်မှုရှိသည့် မြေခွေးငယ် တစ်ကောင်လိုမျိုး ပြုမူနေ၍လည်း ဖြစ်နေနိုင်သည်။ ထို့ကြောင့် သူမက လက်တွဲဖော် မရှိလျှင်ပင် ထိုသို့သော အတွေ့အကြုံမျိုးကို ရှိလိမ့်မည်ဟု ထင်ထားမိခဲ့သည်။
သူမ အကြောင်း ကောလဟာလတွေက အမှန်ပဲလား…
လင်းဖန်က သူ့စိတ်ထဲမှ အတွေးကို မဖယ်ရှားခင် တွေးလိုက်မိသည်။ ယခုမူ ကိစ္စများက အရေးမကြီးတော့ပေ။ ထိုမြင်ကွင်းကို ကြည့်နေသည့် ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက ထိုဖြစ်စဉ်အတွင်း တစ်စုံတစ်ခု ဖြစ်ပွားလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း မှားယွင်းနေခဲ့သည်။
ထို့ကြောင့် သူက ကျန်ရှိနေသည့် အဖြစ်အပျက်ကိုသာ အာရုံစိုက်ထားလိုက်သည်။
သုံးလတာကြာမြင့်သွားလေသည်။
စုယာက လင်းဖန်၏ အခန်းအတွင်း ပြေးဝင်လာကာ အော်ပြောလာ၏ “ ယောက်ျား ကျွန်မ ကိုယ်ဝန်ရှိနေပြီ”
“ ဘာ”
လင်းဖန်က ချက်ချင်းဆိုသလို သူမအနား ပေါ်လာကာ အံ့ဖွယ်အသိစိတ်ဖြင့် ခန္ဓာကိုယ်အား စစ်ဆေးကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း သူမ၏ ခန္ဓာကိုယ်အတွင်း သေးငယ်ကာ ကျိုးပဲ့လွယ်သည့် အသက်ဓာတ်တစ်ခု ကြီးထွားနေသည်ကို ခံစားမိလာ၏။
ထို့အပြင် ထိုအသက်ဓာတ်လေးမှ သူနှင့် သူ့သွေးချင်း ဆက်နွယ်နေကြောင်း ခံစားမိလိုက်သည်။
“ ငါက အဖေ ဖြစ်ပြီ” လင်းဖန်က ရေရွတ်လိုက်သည်။ ထို့နောက် စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက အားပါးတရ ရယ်မောလိုက်၏ “ ငါက နောက်ဆုံးတော့ အဖေဖြစ်ပြီ”
သူက ကလေးကို စောစောစီးစီး ယူဖို့ရာ မစီစဉ်ထားသော်လည်း အဖေတစ်ယောက်ဖြစ်လာရခြင်းက သူ့အား ပျော်ရွှင်စေလေသည်။
“ ညီမကျီယွမ် ဂုဏ်ပြုတယ်နော်။ ယောက်ျား ဂုဏ်ပြုပါတယ်” ရှုရှစ်က အပြုံးလေးဖြင့် ပြောလိုက်သည်။ ထိုကလေးကို ကျောက်ဆူးအဖြစ် ထားလျှင် သူတို့၏ အစီအစဉ်က ပိုမိုအောင်မြင်နိုင်ချေမြင့်မားလေသည်။
လင်းဖန်က ကျောင်းတော်အား ထိုသတင်းကို တိတ်တဆိတ် သတိပေးလိုက်သော်လည်း သူ့မိသားစုကိုမူ မပြောပြသေးပေ။ သူက စုယာတွင် ပြဿနာမရှိကြောင်း သေချာအောင် လုပ်ပြီး ကလေးမွေးဖွားသည်အထိ စောင့်ဆိုင်းဖို့ ဆုံးဖြတ်ထားသည်။ ထို့နောက် မိသားစုသုံးယောက်က သတင်းနှင့် ပတ်သက်ပြီး ပျော်ရွှင်နေကြသည်။
လင်းဖန်က သူမ၏ မှတ်ဉာဏ်ပြန်ရဖို့အတွက် နေရာတချို့ကို မသွားရောက်စေလိုပေ။
ဤသို့ဖြင့် နှစ်နှစ်ကျော်ကြာ ကုန်ဆုံးသွားလေသည်။
စုယာက အနည်းငယ် ဗိုက်ဖောင်းနေပြီဖြစ်သော်လည်း သူမက မွေးဖွားမည့် အရိပ်အယောင် မရှိသေးပေ။ ဤသည်က ပုံမှန်သာဖြစ်၏။ သေမျိုးများနှင့် မတူဘဲ ကျင့်ကြံသူတစ်ယောက်၏ ကိုယ်ဝန်ဆောင်ချိန်က သုံးနှစ်မှ ကိုးနှစ်အထိ ဖြစ်တတ်သည်။ အားကောင်းပြီး ချမ်းသာသည့်သူများအတွက်မူ နှစ်ရာချီ သို့မဟုတ် နှစ်ထောင်ချီ ကြာမြင့်တတ်လေသည်။
နမူနာအားဖြင့် ယုယန်သည် ဝမ်ဝေ့ကို မမွေးဖွားခင် ၁၈၄ နှစ် ကိုယ်ဝန်ဆောင်ခဲ့သည်။ ထိုတိုတောင်းသည့်ကာလ၏ အဓိကအကြောင်းအရင်းမှာမူ သူမက သူ့အား မှန်ကန်သည့် အခိုက်အတန့်တွင် မွေးဖွားလို၍ ဖြစ်သည်။
အမျိုးသမီး ကျင့်ကြံသူများက ကံပြဿနာကို ရှောင်ရှားဖို့ သူတို့၏ ကိုယ်ဝန်ဆောင်ချိန်ကို နှောင့်နှေးနိုင်ကြသည်။ နမူနာအားဖြင့် သူတို့သည် နောက်မျိုးဆက် မစတင်မချင်း ကလေးကို မွေးဖွားကြမည် မဟုတ်ပေ။
ဤသည်က ကောင်းကင်ရွေးချယ်ခံ အများစုသည် တူညီသည့်အချိန်တွင် မွေးဖွားလာသည့် အကြောင်းအရင်း ဖြစ်၏။
ဤသို့ဖြင့် ပုံရိပ်တွင် ၃ နှစ်တာ ကုန်ဆုံးသွားသော်လည်း ဝမ်ဝေ့တွင် မိနစ်ပိုင်းမျှသာ ကြာမြင့်သေး၏။ အသေးစိတ်လိုက်လံ စစ်ဆေးကြည့်နေသည်။ တစ်ခုတည်းသော မူမမှန်သည့်အချက်မှာ ရှုရှစ်ကို ကြည့်နေသည့် စုယာ၏ အကြည့် ဖြစ်သည်။
ဤသည်က လိုအင်ဆန္ဒနှင့် ရမ္မက်တို့ ပါဝင်နေသည့် အကြည့်မျိုး ဖြစ်၏။
နောက်ဆုံးတွင် ဝမ်ဝေ့ သတိမထားမိခဲ့သည့် တစ်စုံတစ်ခု ဖြစ်ပျက်လာခဲ့သည်။
တစ်ရက်တွင် စုယာက အားလုံးအား သူမ နေမကောင်းကြောင်းပြောကာ တစ်ယောက်တည်း နေလိုခဲ့သည်။ သူမက တစ်ယောက်ထဲရှိနေရင်း သူမဘာသာ ရေရွတ်လိုက်၏ “ ငါ့မှတ်ဉာဏ်ထဲက အရာက အသုံးဝင်လား ကြည့်ရအောင်”
သူမက နှလုံးသားထဲ လက်ထည့်ကာ အရင်းအမြစ် သွေးသုံးစက်ကို ဖယ်ရှားလိုက်သည်။ ထို့နောက် သူမက မြေပေါ်တွင် သင်္ကေတအမျိုးမျိုး ရေးဆွဲလိုက်သည်။ ကြည့်ရသည်မှာ ထူးဆန်းသည့် အခမ်းအနားမျိုး ဖြစ်ပုံပေါ်သည်။
ထိုအရာကို ပြီးဆုံးပြီးသည့်နောက် သူမက သူ့လက်အား ဝမ်းဗိုက်အတွင်း ထည့်သွင်းကာ တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်သည်။ သူမ၏ မမွေးဖွားရသေးသော၊ မဖွံ့ဖြိုးသေးသော သန္ဓေသားလောင်း ဖြစ်၏။ ထိုအရာက နှစ်နှစ်တာမျှ ရှိသော်လည်း သန္ဓေသားလောင်းက ဦးခေါင်းနှင့် အပေါ်ပိုင်းခန္ဓာကိုယ်မျှသာ ရှိသေးသည်။
တခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းများကမူ ခွဲခြားဖို့ ခက်သေး၏။
စုယာက အေးစက်စက် ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းအတွင်းပိုင်းတွင် ဝမ်းနည်းမှုနှင့် နောင်တတရားတို့ကို မြင်တွေ့နိုင်လေသည်။
“ ကလေး တောင်းပန်ပါတယ်။ ဒါပေမဲ့ ဒါက ငါနဲ့ အစ်မရှုရှစ်တို့ အတူတူရှိနိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းမလို့ပါ”
သူမက သန္ဓေသားကို ကြမ်းပြင်ပေါ်ရှိ သင်္ကေတအလယ်တွင် ထားလိုက်သည်။
“ ဒီမျိုးဆက်ကျိန်စာက သက်ရောက်မှုရှိဖို့ မျှော်လင့်တယ်”
သင်္ကေတများက လင်းလက်လာသောကြောင့် အခန်းက ရုတ်ချည်းဆိုသလို အနီရောင် ပြောင်းလဲသွားသည်။ စုယာက အလွန်ရှည်လျားသည့် မန္တန်ကို ထူးထူးဆန်းဆန်း ဘာသာစကားဖြင့် ရေရွတ်လိုက်၏။ ထိုသန္ဓေသားလောင်းက အစိတ်စိတ်အမြွာမြွာ ဖြစ်သွားပြီး သွေးနီရောင် သင်္ကေတတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုအခိုက်အတန့်တွင် လင်းဖန်နှင့် ရှုရှစ်တို့က အခန်းအတွင်း ဝင်ရောက်လာကြ၏။ သူ၏ မမွေးဖွားရသေးသော ကလေး၏ အသက်ဓာတ်သည် အင်မတန် အားနည်းလာသည်ဖြစ်ကြောင်း ခံစားမိကာ တစ်စုံတစ်ခု ဖြစ်ပျက်သွားတာလားဟု စိုးထိတ်လာမိသည်။ သူ အခန်းထဲသို့ ရောက်ရှိလာသည်နှင့် ထိုသွေးနီရောင် သင်္ကေတက သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်။
လင်းဖန်က နည်းလမ်းအမျိုးမျိုး သုံးကာ ကာကွယ်လိုက်သော်လည်း အသုံးမဝင်ပေ။ ထိုအရာသည် သူ့သွေးနှင့် ဆက်စပ်နေကြောင်း ခံစားမိပြီးနောက် ထိုအရာကို ဖြတ်တောက်ဖို့ ကံကိုအသုံးပြုဖို့ ကြိုးစားသော်လည်း အသုံးမဝင်ခဲ့ပေ။
ထိုအရာက သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားပြီးနောက် ကျိန်စာက သူ့အား စတင်သတ်ဖြတ်တော့သည်။ သူ့ခန္ဓာကိုယ်၊ ကမ္ဘာဦးဟွင်သွမ်းရုပ်ခန္ဓာ သို့မဟုတ် စည်းမျဉ်းစွမ်းအားများက အသုံးမဝင်တော့ဘဲ သူက သူသိသမျှ နည်းလမ်းများဖြင့် အသက်ကို ကယ်တင်ဖို့ စတင်ကြိုးစားနေရသည်။
“ မင်းက ဘယ်လောက်တောင် ရက်စက်ရတာလဲ” ရှုရှစ်က အော်ဟစ်ရင်း ပြောလိုက်သည်။ အကြောင်းမှာ စုယာက သူမ၏ မှတ်ဉာဏ်တချို့ ပြန်ရလာသည်ဟု တွေးမိလိုက်၍ ဖြစ်သည်။
“ ဒါက ကျွန်မတို့တွေ အတူတူရှိနိုင်မဲ့ တစ်ခုတည်းသောနည်းလမ်းပဲ။ သူ သေရမယ်”
ရှုရှစ်က သူမ၏ ဆိုလိုရင်းကို နားမလည်ပေ။ သို့သော် ဤသည်က အချိန်မဟုတ်ပေ။ သူမက လင်းဖန်ဆီ ပြေးသွားပြီး ကူညီဖို့ ကြိုးစားလိုက်သည်။
ထိုစဉ် ထိုလူ၏ မျက်နှာက ဖြူဖတ်ဖြူလျော် ဖြစ်လာလေသည်။ သူက လက်သီးဆုပ်ကာ စုယာအား ထိုးခွင်းလိုက်သည်။
လင်းဖန်က ကျိန်စာအကောင်အထည်ဖော်သူကို သတ်ဖြတ်နိုင်လျှင် ထိုအရာကို ဖယ်ရှားနိုင်လိမ့်မည်ဟု တွေးထားခဲ့သည်။ ကံဆိုးစွာဖြင့် သူ့အင်အားက သိသိသာသာ လျော့ကျသွားပြီး တိုက်ကွက်က အသုံးမဝင်ခဲ့ပေ။ တစ်ချိန်တည်းဆိုသလို သူ့ဆီ သေခြင်းတရားက အလျင်အမြန် ချဉ်းကပ်လာလေ၏။ သူက တစ်စုံတစ်ခုကို အမှတ်မရခင်အထိ ဘာလုပ်ရမှန်း မသိတော့ပေ။
***