နောက်ဆုံး ဆုံးဖြတ်ချက်
Vol. 34 Ch. 466
“ မင်း ပြန်လာပြီပဲ”
“ ဟုတ်ကဲ့ ဆရာ” စုယာက ပြောလိုက်သည်။
“ တစ်ခုခု ဖြစ်လို့လား” ယင်စန္ဒာသူတော်စင်မက မေးလိုက်သည်။
စုယာက ခေတ္တတုံ့ဆိုင်းသွားပြီးနောက် ဇာတ်ကြောင်းတစ်ခုလုံးကို ပြောပြလိုက်သည်။
“ အဲဒါဆို ချီယွီလျိုချင်ကျမ်းက ဘယ်မှာလဲ” သူမက အလျင်အမြန် မေးလိုက်သည်။
“ ကျွန်မ ပြန်ယူခဲ့ပါပြီ”
“ ကောင်းတယ်။ ဒီတစ်ခါ မင်း လင်းဖန်လိုမျိုး ပြိုင်ဘက်ကို ထုတ်နိုင်ခဲ့တာဆိုတော့ ကောင်းကောင်းလုပ်ခဲ့တယ်”
စုယာက ခေါင်းငုံ့လိုက်ပြီး ဘာမှပြန်မပြောပေ။
“ ဒီအဖြစ်အပျက်မှာ စိတ်ခံစားချက် အများအပြား ကြုံတွေ့ခဲ့ရမှာဆိုတော့ မင်းကျင့်ကြံရေးအတွက် ကောင်းလိမ့်မယ်။ ပြန်သွားပြီးတော့ မင်းရဲ့ နားလည်မှုကို နက်နဲအောင် လုပ်ခဲ့”
စုယာက ခေါင်းညိတ်လိုက်ပြီးနောက် ဝမ်းနည်းနေသည့် အမူအရာဖြင့် ထွက်သွားလေသည်။
သူမက ဒီစာအုပ်ကိုပဲ ဂရုစိုက်တာလား…
သူမက သူမ၏ နန်းဆောင်အတွင်း ပြန်ရောက်ပြီးသည့်နောက်တွင် လအနည်းငယ်ကြာ ကျင့်ကြံလိုက်သည်။ သူမက ခန္ဓာကိုယ်အား တာအိုနှင့် ရုပ်ခန္ဓာနားလည်နိုင်စွမ်းကို နက်နဲအောင် လုပ်ရင်း အားဖြည့်လိုက်သည်။
စုယာက ထွက်လာပြီးသည့်နောက် သူမ၏ ဆရာနှင့် ထပ်မံ သွားရောက်တွေ့ဆုံနေသည်။ ယင်စန္ဒာသူတော်စင်မက သူမကို မြင်လိုက်သည်နှင့် အနည်းငယ် ကွဲပြားနေကြောင်း ပြောနိုင်လေသည်။ သို့သော်လည်း သူမက အာရုံမစိုက်ပေ။
“ ဘာကိစ္စလဲ”
“ ဖြစ်ပျက်ခဲ့တာတွေကို ပြန်လည်သုံးသပ်ပြီးတဲ့နောက်မှာ တစ်ခုခုမှားယွင်းနေတယ်လို့ ခံစားမိလို့ပါ။ တိုက်ဆိုင်တာတွေက အရမ်းကို များလွန်းတယ်။ ကြည့်ရတာ ကျွန်မ အကွက်ချမှုတစ်ခုထဲ ရောက်သွားသလိုပဲ”
သူတော်စင်မက မျက်မှောင်ကြုတ်လိုက်ပြီးနောက် အခြေအနေအား စဉ်းစားလိုက်သည်။ တချို့ကိစ္စများက မသိသော်လည်း သူမက ပြောလိုက်၏ “ မင်းက အတွေးလွန်နေတာ နေမှာပါ။ အရေးကြီးတာက နောက်ဆုံးရလဒ်ပဲ”
“ ဆရာ ကျွန်မ ဘာဖြစ်နေတယ်ဆိုတာကို သိချင်တယ်”
သူတော်စင်မက သူမ တပည့်၏ စိတ်အခြေအနေအား သိကာ အနည်းငယ် စိတ်မရှည်သည့် အမူအရာမျိုး ပေါ်ထွက်လာသည်။ သူမက လက်ဝှေ့လိုက်သည် “ မင်းရဲ့ တာအိုကာကွယ်သူကို သွားမေးချည်။ တစ်ခုခု သိလိမ့်မယ်”
စုယာက ဦးညွှတ်လိုက်ပြီးနောက် ပျံသန်းထွက်သွားသည်။ ဝေဟင်ထဲတွင် သူမက ဗလာကျင်းနေသည့် ဂိုဏ်းအား ကြည့်လိုက်၏။ အမျိုးသမီးတချို့ကသာ သူတို့ကိုယ်ပိုင်ကိစ္စ လုပ်နေသည်ကို မြင်တွေ့နိုင်သည်။
တခြားဂိုဏ်းများနှင့် မတူဘဲ ယင်စန္ဒာဂိုဏ်းသည် သူတို့၏ အကြည့်အများစုကို ကမ္ဘာအနှံ့ ခရီးသွားခြင်း၊ လူသားများနှင့် ဆက်ဆံခြင်းတို့ဖြင့် အချိန်ကုန်ဆုံးလေ့ ရှိသည်။ သူတို့၏ ကျင့်ကြံရေးတွင် စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒ၏ စွမ်းအားများ ပါဝင်နေသည့်အတွက် ဤသည်က သူတို့ဘာသာသူတို့ သီးသန့်ကျင့်ကြံခြင်းထက် ထိုနည်းလမ်းက အကောင်းဆုံး ဖြစ်ပေသည်။
ထို့ကြောင့် တပည့်များက သူတို့၏ ဇစ်မြစ်ကို ဖုံးကွယ်ကာ အသင်္ချေအင်ပါယာကမ္ဘာအတွင်း သွားလာ၍ လူအမျိုးမျိုးနှင့် ဆက်ဆံခဲ့သည်။ တချို့က သူတို့ကိုယ်သူတို့ သူတောင်းစား၊ ကိုယ်လုပ်တော်၊ လူသားတိုင်းပြည်၏ ဘုရင်မအဖြစ် သို့မဟုတ် အပျော်ဂေဟာများတွင် ဖျော်ဖြေသူအဖြစ်ပါ ဟန်ဆောင်ကြလေသည်။
ကမ္ဘာအနှံ့ အင်အားစုအမျိုးမျိုးတွင် ယင်စန္ဒာနန်းဆောင်၏ တပည့်များက သေမျိုးများနှင့် ထိတွေ့မှုအများဆုံး ဖြစ်၏။ ထိုအကြောင်းအရင်းကြောင့် သူတို့တွင် သူလျှိုစနစ်တစ်ခု ရှိထားသေးသည်။
စုယာက တောင်အနက်ပိုင်းရှိ ဂူရှေ့သို့ ရောက်ရှိပြီးသည့်နောက်တွင် စောင့်ဆိုင်းနေလိုက်သည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဂူရှိ အစီအရင်က ပွင့်လာလေသည်။ ထို့နောက် သူမက ဝင်ရောက်သွားသည်။
လူလတ်အရွယ် မိန်းမလှတစ်ဦးက ဂူအလယ်တွင် တင်ပျဉ်ခွေထိုင်နေလေ၏။ သူမက အလွန်အေးဆေးကာ ရင့်ကျက်သည့် အငွေ့အသက်မျိုး ရှိသည်။ သူမရှေ့တွင် စားပွဲခုံငယ်လေးမှအပ ဘာမှမရှိပေ။
“ ရှောင်ယာ … ဒီနေ့ ဘာလို့ လာတွေ့တာလဲ” သူမက အပြုံးလေးဖြင့် မေးလိုက်သည်။
ထို့နောက် စုယာက အခြေအနေတစ်ခုလုံးကို ရှင်းပြလိုက်၏။ ထိုအမျိုးသမီးက သက်ပြင်းချလိုက်ပြီးနောက် “ မင်း အဆင်ပြေရဲ့လား”
“ ကျွန်မ အဆင်ပြေပါတယ်။ ကျွန်မရဲ့ တာအိုနှလုံးသားအပေါ် သက်ရောက်မှုရှိနိုင်တဲ့အရာမျိုး မဟုတ်ပါဘူး”
“ ကောင်းတယ်။ ဒါပေမဲ့ သတိထားဦး။ မင်းရဲ့ ကောင်းကင်ရုပ်ခန္ဓာက နှလုံးသားနတ်ဆိုးရဲ့ စွမ်းအားကို လျှော့ချပေးနိုင်တယ်ဆိုပေမဲ့ သတိထားတာ အကောင်းဆုံးပဲ။ ပြီးတော့ မင်း စကားပြောဖို့ လူလိုတယ်ဆိုရင် ငါ ဒီမှာရှိတယ်”
စုယာက ထိုစကားကို ကြားလိုက်ပြီးနောက် ပြုံးလိုက်သည်။
“ မင်းရဲ့ မေးခွန်းအတွက်တော့ ဒီကိစ္စမှာ မူမမှန်မှုတွေ အများကြီးပဲ။ ဒါပေမဲ့ ငါ အကြောင်းအရင်းကိုတော့ စဉ်းစားလို့မရဘူး”
စုယာက ချက်ချင်းဆိုသလို စိတ်ပျက်သွားသည်။ ထိုအရာကို မြင်တွေ့ပြီးသည့်နောက် သူမ၏ တာအိုကာကွယ်သူက စိတ်မကောင်း မဖြစ်ဘဲ မနေနိုင်တော့ပေ။ ထို့ကြောင့် သူမက ပြောလိုက်၏ “ ဒီလိုဆိုရင် ဘိုးဘေး တစ်ယောက်ယောက်များ သိမလားလို့ သွားမေးကြည့်တာ အကောင်းဆုံးပဲ”
“ မလိုပါဘူး။ ကိစ္စတွေက အဲလောက်ကြီး မလေးနက်ပါဘူး။ ဘိုးဘေးတွေအထိ အသိပေးနေစရာ မလိုပါဘူး”
“ အဓိပ္ပါယ် မရှိတာ။ တစ်ယောက်ယောက်က မင်းကို နာကျင်အောင် လုပ်ဖို့ ကြိုးစားတဲ့ ဖြစ်နိုင်ချေ ရှိနေမှတော့ ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပဲ”
စုယာက တုံ့ဆိုင်းနေလိုက်ပြီးနောက် သဘောတူလိုက်သည်။ သူမ၏ တာအိုကာကွယ်သူက သူမ၏ ဥယျာဉ်ထဲရှိနေသည့် အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံဖို့ ခေါ်သွားလေသည်။ ပထမမြင်မြင်ချင်းတွင် သူမက သာမန်လူတစ်ယောက်နှင့် တူနေ၏။ သို့သော်လည်း စုယာက သူမဆီမှ မည်သည့်ခံစားချက်ကိုမှ မတွေ့ရှိရပေ။ သူမက ဖုံးကွယ်ထားသည်ထက် ထိုခံစားချက်များ၊ ဆန္ဒများမှ လွတ်မြောက်သွားဟန်ပေါ်သည်။
“ ရှောင်ယာလား … မင်းက တော်တော်လေး လှလာတာပဲ”
ထိုမိန်းမအိုကြီးက စုယာဆီ လျှောက်လာကာ ခေါင်းလေးကို အသာပုတ်ပေးလိုက်သည်။ စုယာ မှတ်မိသလောက် သူမ လိုချင်နေသည့် မိသားစုမေတ္တာကို ခံစားမိလိုက်၏။
“ ဘိုးဘေးက ကျွန်မကို သိတယ်လား”
“ ဒါပေါ့။ ငါ့ကို ဘိုးဘေးလို့ မခေါ်ပါနဲ့။ ဘွားဘွားပျိုနီလို့ ခေါ်လို့ရတယ်”
စုယာက တုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်ကာ သူမနှင့် ပြောခဲ့သည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူမက အခြေအနေအား ရှင်းပြလိုက်၏။
“ ကြည့်ရတာ လင်းဖန်ရဲ့ တားမြစ်ခံ စစ်ဆေးမှုမှာ မင်းကို နယ်ရုပ်အဖြစ် အသုံးချခဲ့တဲ့ပုံပဲ”
“ တားမြစ်ခံ စစ်ဆေးမှုတဲ့လား”
ဘွားဘွားပျိုနီက စစ်ဆေးမှုအကြောင်းနှင့် သတင်းအချက်အလက်အား ရှင်းပြလိုက်သည်။ စုယာက သူမ ခံစားခဲ့သမျှ အရာအားလုံးက ကောင်းကင်တာအိုသည် တစ်စုံတစ်ယောက်ကို စမ်းသပ်လို၍ ဖြစ်မည်ဟု စဉ်းစားကြည့်မိလိုက်သည့်အခါ နဖူးမှ သွေးကြောများ ထောင်သွားလေသည်။
သူမက သွေးမျိုးဆက်ကျိန်စာကို မည်သို့ရှာဖွေတွေ့ရှိခဲ့သည်ကို စဉ်းစားမိလိုက်သည်။ ဤသည်က ကံအပြောင်းအလဲ အခွင့်အရေး ဖြစ်သည်ဟု စဉ်းစားမိခဲ့သည်။ သူမ၏ ကလေးကို ဆုံးရှုံးခဲ့ရသည်။ သူမက ကလေးကို ဘယ်တုန်းကမှ မလိုချင်ခဲ့ဖူးသော်လည်း သူမ၏ အပိုင်ဖြစ်နေသည့်အချက်ကိုမူ မပြောင်းလဲနိုင်ပေ။
တကယ်လို့ ငါသာ…
“ ကောင်းကင်တာအိုက ရက်စက်ပြီးတော့ အားလုံးကို ညီတူညီမျှ ဆက်ဆံတယ်” ဘွားဘွားပျိုနီက တည်ငြိမ်စွာ ပြောလိုက်သည်။
“ အဲဒီစကားပုံရှိတဲ့ အကြောင်းအရင်းလည်း ရှိတယ်မလား။ ဒီလိုမျိုးပြောတဲ့ အကြောင်းအရင်းလည်း ရှိတယ်။ တကယ်လို့ မင်း ခံစားရတာ သက်သာစေမယ်ဆိုရင် အဲဒီကောင်စုတ်လေး ဝမ်ဝေ့ကတောင် နယ်ရုပ်အဖြစ် ဆက်ဆံခံရတာပဲ။ ပြီးတော့ သူက အထွတ်အထိပ် တားမြစ်ခံဆိုတော့ ကြာကြာအသက်ရှင်နိုင်မှာ မဟုတ်ဘူး”
စုယာက အနည်းငယ် နေလို့ကောင်းသွားသည်။ သို့သော်လည်း ထိုကောင်စုတ်သည် အသက်ရှင်နိုင်ဖို့ နည်းလမ်းရှိမည်ဟု ခံစားချက်ရနေမိ၏။ သူမအနေဖြင့် သူသည် သူမ ကျမ်းကို လိုချင်သည်မှာ ထိုစစ်ဆေးမှုကြောင့် ဖြစ်မည်မှန်း ခန့်မှန်းမိလိုက်သည်။
“ ရှောင်ယာ … မင်း ဘာဆက်လုပ်မှာလဲ”
စုယာက မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူမ၏ မျက်ဝန်းအထက် ဆုံးဖြတ်ချက်ပြတ်သားသည့် အရိပ်အယောင်မျိုး ပေါ်ထွက်လာသည်။
“ ဘွားဘွားပျိုနီ ကျွန်မက…”
“ အကြံကောင်းပဲ။ ဒီလိုမျိုး မကောင်းဆိုးဝါး ပြည့်နှက်နေတဲ့ ခေတ်ကာလမှာ အဲဒါက အကောင်းဆုံးရွေးချယ်မှု ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ မင်းရဲ့ဆရာကို ပြောဖို့တော့ လိုတယ်”
စုယာက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမက ဆရာနှင့် သွားရောက်တွေ့ဆုံလိုက်၏။
“ ဒီတစ်ခါဘာကိစ္စလဲ” ယင်စန္ဒာသူတော်စင်မက စာရွက်စာတမ်းများကို ကြည့်နေရင်း မေးလိုက်သည်။
“ ကျွန်မ စည်းပိတ်ပြီးတော့ နောင်အနာဂတ် ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာမှ ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပြီ”
“ ဘာ မင်း ရူးနေလား။ ငါ ခွင့်မပြုနိုင်ဘူး” သူမက မတ်တပ်ရပ်ရင်း အော်ပြောလာသည်။
“ ကျွန်မရဲ့ တာအိုနဲ့ လမ်းစဉ်က အသက်ရှင်သန်မဲ့ လိုအင်ဆန္ဒတွေ ပါဝင်နေတယ်။ ဒီမျိုးဆက်မှာ ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ အသက်ရှင်နိုင်ချေက နည်းတယ်။ အဲဒါကြောင့် နောင်မျိုးဆက်မှာ ယှဉ်ပြိုင်ပြီးတော့ တာအိုသက်သေပြတာ အကောင်းဆုံးပါ”
“ မင်း ရူးနေလား။ မင်းက လင်းဖန်ကို သတ်ပြီးတော့ ကံကြမ္မာတွေကို ယူကာစပဲ ရှိသေးတယ်လေ။ တကယ်လို့ မင်းကိုယ်မင်း စည်းပိတ်လိုက်ရင် အဲဒါတွေက ဆုံးရှုံးသွားမှာပေါ့”
“ ကျွန်မ သိပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်ဘူး”
“ မရဘူး။ ငါ လုံးဝ ခွင့်မပြုဘူး။ မင်းကို ဒီလိုသတ္တိကြောင်တဲ့ အလုပ်မျိုး လုပ်ခွင့်မပြုနိုင်ဘူး”
“ ကျွန်မကို စိုးရိမ်တာလား။ ဒါမှမဟုတ် ကျွန်မက မဟာဧကရာဇ် ဖြစ်လာပြီးတော့ ဆရာ့အတွက် မသေမျိုး ဘဝ မပေးနိုင်မှာကို စိုးရိမ်တာလား” စုယာက နှာခေါင်းရှုံ့ကာ မေးလိုက်သည်။
“ မင်း ဘာပြောတာလဲ” သူတော်စင်မက အမူအရာ ပျက်ယွင်းသွားလေ၏။ ထို့နောက် သူမက စုယာအား ရိုက်ဖို့ ရည်ရွယ်ချက်ဖြင့် ပြေးလာသည်။ ကံဆိုးစွာဖြင့် အကြည့်တစ်ချက်တည်းဖြင့် သူတော်စင်မသည် ကြမ်းပေါ်သို့ လဲကျသွားသည်။
စုယာက သက်ပြင်းချလိုက်၏။ သူမ၏ ဆရာသည် ဤမျှအားနည်းလိမ့်မည်ဟု တစ်ခါမှ တွေးမထားမိပေ။ သာမန်အထက် ပုံရိပ်ယောင်တစ်ခုဖြင့် ထိပ်တန်းသူတော်စင်သည် အလွယ်တကူ ရှုံးနိမ့်သွားလေသည်။
“ ကျွန်မက အမြဲတမ်း ဒီတစ်ခုကို သိချင်နေခဲ့တာ။ အခုက အချိန်ကောင်းပဲ”
စုယာက သူမ၏ ပုံရိပ်ယောင်ကို အသုံးပြုကာ သူမဆရာ၏ စိတ်ထဲမှ သူမ၏ အတွေးအမြင်အပေါ် စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူမ၏ မျက်ဝန်းမှ မျက်ရည်များ စီးကျလာပြီး ရေရွတ်လိုက်၏။
“ အဲဒါဆိုတော့ ကျွန်မက ဒီဂိုဏ်းမှာ ရှင့်ရဲ့အာဏာကို ထိန်းထားဖို့ ပစ္စည်းတစ်ခုအပြင် ဘာမှမပိုဘူးပေါ့”
စုယာက သူမ၏ ဆရာသည် သူမနှင့် အချိန်အတူတူ ဂိုဏ်းသို့ ဝင်ရောက်လာသည့် အင်မတန် ပါရမီထူးချွန်သည့် ညီမတစ်ယောက် ရှိဖူးကြောင်း သိလိုက်ရသည်။ သို့သော်လည်း ထိုညီမက စွမ်းဆောင်ရည် ကောင်းသော်လည်း ရည်မှန်းချက်မကြီးပေ။
ထို့ကြောင့် သူတော်စင်မက သူ့အား ယင်စန္ဒာသူတော်စင်မ ဖြစ်လာဖို့အတွက် ထောက်ခံပေးဖို့ ဖျောင်းဖျခဲ့သည်။ ထိုသို့ သူမကလည်း လုပ်ဆောင်ခဲ့၏။ ညီမဖြစ်သူ၏ အကူအညီဖြင့် သူမသည် ပြိုင်ဘက်များအား အနိုင်ယူကာ ခြိမ်းခြောက်နိုင်သည့်သူများအား သတ်ပစ်ခဲ့သည်။
သို့သော်လည်း သူမ၏ နေရာကို ရရှိပြီးသည့်နောက် ညီမဖြစ်သူက ဂိုဏ်း၏ စည်းမျဉ်းကို ချိုးဖောက်ကာ ဓားရေးစံအိမ်မှ လူနှင့် လက်ထပ်သွားခဲ့သည်။ ယင်စန္ဒာသူတော်စင်မက သူ့တွင် ထောက်ပံ့ပေးမည့်သူ မရှိသည့်အတွက် ဒေါသထွက်လာ၏။
ထင်ထားသည့်အတိုင်း အားကောင်းသည့် နောက်ခံမရှိဘဲ ဂိုဏ်းချုပ်အနေဖြင့် သူမ၏ အာဏာက ကန့်သတ်ခံထားရသည်။ တခြားသော အဖွဲ့ဝင်များက သူမ၏ ရာထူးကို အသိအမှတ်ပြုဖို့ ငြင်းဆန်ကြလေသည်။ အကြောင်းမှာ သူမ လုပ်ခဲ့သည့် ရက်စက်သည့် နည်းလမ်းများကြောင့် ဖြစ်၏။
ဂိုဏ်းအတွင်း သူတော်စင်မ၏ အာဏာက နှစ်များစွာကြာ ကျိုးပဲ့လွယ်နေခဲ့သည်။ သူမက စုယာကို ရှာမတွေ့ခင်အထိ ဖြစ်၏။ တတိယကောင်းကင်ရုပ်ခန္ဓာက ယင်စန္ဒာနန်းဆောင်တွင် ထူးကဲသည့် အဆင့်အတန်းတစ်ခုကို ကိုင်ဆောင်ထားသည်။ ထို့ကြောင့် သူမက သူ့တပည့်၏ တည်ရှိမှုအား အသုံးပြုကာ ဂိုဏ်းအတွင်း သူမ၏ အာဏာအား ထိန်းထားခဲ့သည်။
စုယာက သက်ပြင်းချလိုက်သည်။ သူမက ထိုအရာကို သိနေခဲ့သော်လည်း ဝန်ခံဖို့ ငြင်းဆန်နေခဲ့သည်။ သူမက ခေါင်းကိုခါလိုက်ပြီးနောက် စည်းပိတ်ခြင်း ဖြစ်စဉ်ကို စတင်ရန် ဘွားဘွားပျိုနီနှင့် သွားရောက်တွေ့ဆုံလိုက်သည်။
သူမက ပျံသန်းလာစဉ်အတွင်း သူမ၏ စိတ်အခြေအနေက ပိုမိုသိမ်မွေ့သွားသလို ခံစားလိုက်ရပြီး သူမ စိတ်အတွင်းမှ တိမ်တိုက်ကလည်း ထာဝရ ပျောက်ကွယ်သွားလေပြီ။
“ မင်း ကောင်းကောင်းလုပ်ခဲ့တယ်” ဘွားဘွားပျိုနီက ပြောလိုက်သည် “ မင်းကိုယ်မင်း စည်းမပိတ်ခင် မင်းခန္ဓာကိုယ်ကို ဆေးကြောပြီးတော့ အုတ်မြစ်ကို အားကောင်းလာစေမဲ့ ခံစားချက်မူလရေကန်ဆီ ပို့ပေးမယ်”
“ ခံစားချက် မူလရေကန်တဲ့လား။ အဲဒါက ဘာလဲဟင်”
“ ခံစားချက် မူလချီတွေ ပါဝင်နေတဲ့ ရေကန်ပေါ့။ ဒီကမ္ဘာရဲ့ အမြင့်ဆုံးစိတ်ခံစားချက် စွမ်းအားလေ။ တည်ထောင်သူက အဲဒီဟာကို မူလချီလေဟာနယ်ကနေ သန့်စင်ထားတာ။ ပြီးတော့ ဧကရာဇ်တစ်ယောက်ချင်းစီကလည်း အဲဒီဟာကို အားမြှင့်ပေးခဲ့တယ်”
စုယာက ခေါင်းညိတ်လိုက်သည်။ ရက်အနည်းငယ်ကြာမြင့်ပြီးသည့်နောက် သူမက ရေကန်အတွင်း ဝင်ရောက်သွားလေသည်။ ထိုဖြစ်စဉ်က သူမ၏ အုတ်မြစ်ကို အားကောင်းစေဖို့အတွက် ၁၂ နှစ်တာ ကြာမြင့်သွားလေ၏။ နောက်ဆုံးတွင် သူမက သင်္ကေတများ ရေးထွင်းထားသည့် ခေါင်းတလားများစွာရှိသော လျှို့ဝှက်နယ်မြေအတွင်း ဦးတည်လိုက်သည်။
“ ကျွန်မ တောင်းဆိုထားတဲ့ဟာက ပြီးသွားပြီလားဟင်” စုယာက မေးလိုက်သည်။
“ ပြီးသွားပြီ။ ဒီကံကြမ္မာအဆောင်နဲ့ဆိုရင် မင်း စည်းပိတ်နေစဉ်အတွင်း ကံကြမ္မာမြစ်ကြောင်းကနေ စိတ်ခံစားချက်တွေနဲ့ လိုအင်ဆန္ဒတွေကို စုပ်ယူရလိမ့်မယ်” ဘွားဘွားပျိုနီက ပြောလိုက်သည် “ ဒါပေမဲ့ သတိထားဦး။ စည်းပိတ်ခြင်းဖြစ်စဉ်က ပိုမိုခက်ခဲသွားနိုင်တယ်”
စုယာက ထိုအရာကို မျှော်လင့်ထားပြီးသားဖြစ်၏။ သူမက စည်းပိတ်ရင်း ကံကြမ္မာကို ဆေးကြောဖို့ သီးသန့်တစ်ယောက်တည်း နေထိုင်ရလိမ့်မည်။ အကယ်၍ သူမက ထိုဖြစ်စဉ်အတွင်း စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒများကို စုပ်ယူပါက ကိစ္စများက ပိုမိုခက်ခဲသွားနိုင်သည်။ သို့သော်လည်း သူမက လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ဆဲသာ ဖြစ်၏။
သူမက နိုးထလာသည်နှင့် ကမ္ဘာတွင် အားအကောင်းဆုံး အုတ်မြစ်ရှိလိမ့်မည်ဖြစ်ကြောင်း သိထားသည်။ ထိုအခါ သူမအား တာအိုသက်သေပြဖို့ မည်သူမှ တားဆီးနိုင်မည် မဟုတ်ပေ။
သူမက တုံ့ဆိုင်းခြင်း မရှိ ခေါင်းတလားထဲဝင်ကာ ပိတ်လိုက်သည်။
သူမ၏ ကိုယ်ပွားများကလည်း သူမနှင့်အတူ ပိတ်လိုက်ပြီး သူတို့၏ တောက်ပမှုကို ပြဖို့ နောက်မျိုးဆက် သို့မဟုတ် ခေတ်ကာလကို စောင့်ဆိုင်းနေကြသည်။
“ နောင်မျိုးဆက်မှာ မင်း ဘာတွေလုပ်နိုင်မလဲဆိုတာကို မြင်ရဖို့ မစောင့်နိုင်တော့ဘူး” ဘွားဘွားပျိုနီက အပြုံးလေးဖြင့် ပြောလိုက်သည်။
…………………
ဝမ်ဝေ့က သူ့တောင်သို့ ပြန်လာပြီး ရုတ်ချည်း ရပ်တန့်လိုက်သည်။ သူက သူ့ကံကြမ္မာသည် သိသိသာသာ တိုးမြင့်လာကြောင်း ရုတ်ချည်းခံစားမိလိုက်၏။ ထို့ကြောင့် သူက အကြောင်းအရင်းကို တွက်ချက်ကြည့်လိုက်သည်။
စုယာက သူမဘာသာသူမ စည်းပိတ်လိုက်တာလား…
မိုးမြေ၏ စည်းမျဉ်းအရ ကောင်းကင်ရွေးချယ်ခံ ကျင့်ကြံသူတစ်ယောက်က စည်းပိတ်လိုက်သည်နှင့် ယခုမျိုးဆက်မှ တိုက်ပွဲကို လက်လျှော့လိုက်သည်နှင့် အတူတူသာ ဖြစ်၏။ သူမ ပိုင်ဆိုင်ထားသည့် ကံကြမ္မာအများစုကလည်း ခွဲဝေပေးခြင်း ခံရလိမ့်မည်။
စုယာကို အနိုင်ယူထားသည့် နောက်ဆုံးလူက ကံကြမ္မာ၏ လေးပုံပုံတစ်ပုံကို ရရှိမည်ဖြစ်ကာ ကျန်အရာများက ကံအပြောင်းအလဲ အခွင့်အရေးကို ဖန်တီးနိုင်ဖို့ ကမ္ဘာအနှံ့ ပျံ့နှံ့သွားလိမ့်မည်။
ကံကောင်းသည့်သူ သို့မဟုတ် အားကောင်းသည့်သူက ထိုကံကြမ္မာကို စုပ်ယူပြီး ကောင်းကင်ရွေးချယ်ခံအသစ်အဖြစ် မြင့်တက်လာလိမ့်မည်။
ယေဘုယျအားဖြင့် ထိုအရာသည် ကိစ္စကြီးကြီး မဟုတ်ပေ။ သို့သော်လည်း စုယာက သတ်ဖြတ်ရေးစစ်ဆေးမှုမှ လင်းဖန်၏ ကံကြမ္မာအားလုံးကို ရရှိလိုက်သည်။ ထိုပမာဏအမြောက်အများဖြင့် ဝမ်ဝေ့သည် လူများစွာ မြင့်တက်လာမည်ကို သိနေသည်။
ဝမ်ဝေ့က ခေါင်းခါလိုက်ပြီးနောက် များများစားစား မစဉ်းစားတော့ပေ။ ကံကြမ္မာက သူ့အား မကယ်တင်နိုင်ပေ။ ထို့ကြောင့် သူက အာရုံမစိုက်နိုင်ပေ။ သူက မရပ်မနား အိမ်သို့ အလျင်အမြန် ပြန်သွားလိုက်၏။
***