← Chapters

ဘဝအတွေ့အကြုံ

Vol. 29 Ch. 389

ဘဝအတွေ့အကြုံ

Vol. 29 Ch. 389

“ကြယ်တာရာသခင် မြင်တဲ့အတိုင်း ဆေးလုံးဆရာ အားလုံးက သတ္တုဝိညာဉ်ကြော ပိုင်ရှည်တွေချည်းပဲ။

အရှင်းဆုံးပြောရရင် သစ်သား ဝိညာဉ်ကြောတို့၊ မီးဝိညာဉ်ကြောတို့ ရှိတဲ့ လူတစ်ယောက်က ကောင်းကင်ဆေးလုံး ဆရာအဆင့်အထိ ရောက်လာတယ် ဆိုရင်တော့ သိပ်အံ့သြမိမှာ မဟုတ်ဘူး။ ဒါပေမဲ့ သတ္တုဝိညာဉ်ကြော ပိုင်ရှင် တစ်ယောက်အနေနဲ့ ဆေးလုံးဆရာ ဖြစ်လာတာက တကယ်ကို မယုံနိုင်ဖွယ်ပဲ ...” မိုဝူကျီ တိတ်ဆိတ် နေသည်ကို သတိပြုမိပြီး ယန်ဟွေ့မင်က ဘေးမှ ရှင်းပြလိုက်သည်။

မိုဝူကျီက ပျောက်ဆုံးနယ်မြေမှ ရောက်လာသူမှန်း သိသည့်အတွက် သူမက မိုထျန်းချန်အကြောင်း မေးလိုက်ခြင်း ဖြစ်သည်။ သူတို့နှစ်ယောက် ဆက်နွှယ် နေလိမ့်မည်ဟု ထင်မထားပေ။

သူက သတ္တုဝိညာဉ်ကြော ပိုင်ရှင် ဆေးလုံးဆရာ နာမည်စာရင်း အောက်ကို ဆက်ကြည့်လိုက်သည့် အခါ စာကြောင်း တစ်ကြောင်း ပါရှိနေသည်

“လိုင်ဝမ်ရှင်းက ရက်စက် ယုတ်မာတယ်။ သူက ကျန်းရှင်း သတ္တုဝိညာဉ်ကြော ပိုင်ရှင် ဆေးလုံးဆရာတွေ အားလုံးကို အဓမ္မ ခေါ်ဆောင်သွားပြီးတော့ ကျုပ်တို့ကို ကျန်းရှင်းကနေ ထွက်သွား စေချင်နေတယ်။ ကျုပ်ကိုယ်မှာ ရှိနေတဲ့ ဖုံးကွယ်ရေး အဆောင်က စွမ်းအားကြောင့် လွတ်မြောက် နိုင်ခဲ့ပေမဲ့ ဒီသတင်းကို ကြယ်တာရာ ဘုရင်တောင်ဆီ ပို့မပေးနိုင်တော့ဘူး ... ”

ထို့နောက် စာကြောင်း ထပ်မရှိတော့ပေ။ လွတ်မြောက်လာသည့် ဆေးလုံးဆရာ နာမည်ပင် မပါရှိချေ။

မိုဝူကျီက ထိုဆေးလုံးဆရာမှာ အသက်မျှင်းမျှင်းလေးဖြင့် ထွက်ပြေး လွတ်မြောက်ခဲ့ပြီး သေဆုံး သွားခြင်းသာ ဖြစ်ရမည်ဟု မှန်းဆ မိလိုက်သည်။

ထိုကျောက်စိမ်းပြားပေါ်ရှိ သတင်း အချက်အလက်များ အရ လိုင်ဝမ်ရှင်းက ကျန်းရှင်းမှ သတ္တုဝိညာဉ်ကြော ပိုင်ရှင် ဆေးလုံး ဆရာများကို တစ်ခုခု လုပ်ဖို့ရာ ခေါ်ထုတ်သွားခြင်း ဖြစ်ရမည်။

“လိုင်ဝမ်ရှင်းရဲ့ ကျင့်ကြံဆင့်က ဘယ်လိုလဲ” အချိန်တစ်ခဏ အကြာတွင် မိုဝူကျီက ရုတ်တရက် မေးလိုက်သည်။

ယန်ဟွေ့မင်က ပြန်ဖြေလိုက်သည်  “သူ့ဆေးပညာ အရည်အချင်း ထိပ်တန်းဖြစ်ရုံသာ မကဘူး။ သူ့ကျင့်ကြံဆင့်ကလည်း ထိပ်တန်းပဲ ... လွန်ခဲ့တဲ့ နှစ်၁ဝဝလောက်က သူက လောက အင်မော်တယ် အဆင့်၉ ရောက်နေတယ်လို့ ကြားထားတယ်။ အခု နှစ်၁ဝဝ ကုန်ဆုံးသွားပြီ ဆိုတော့ မြေကမ္ဘာ အင်မော်တယ် အဆင်‌တော့ ရောက်နေ လောက်ရောပေါ့ ...”

“အိမ်တော်သခင်ကို ကျေးဇူးတင်ပါတယ်။ ဒါနဲ့ ဒီကျောက်စိမ်းပြားကို ကျုပ်ကို ပေးလို့ ရမလား” မိုဝူကျီက လက်နှစ်ဖက်ယှက်ကာ တောင်းဆိုလိုက်သည်။

ယန်ဟွေ့မင်က တောက်တောက်ပပ ပြုံးရင်း  “ကြယ်တာရာသခင်က လက်ခံမယ် ဆိုရင်ကို ကျမအတွက် ဂုဏ်ယူစရာပါ၊။ ဘယ်လိုလုပ် ငြင်းပယ်ပါ့မလဲရှင် ...”

ဤကျောက်စိမ်းပြားတွင် မိုထျန်းချန် နာမည် ပါရှိနေသည်။ မိုဝူကျီက မိုထျန်းချန်ကို သီးသန့် လိုက်မရှာသော်လည်း ဤကျောက်စိမ်းပြားသာ တစ်ယောက်ယောက်ပေါ် တွေ့ရှိပါက သူက စုံစမ်းကြည့်မည်တော့ ဖြစ်သည်။

“ကျုပ် ရောက်လာတာ နှောင့်ယှက်မိသွားပြီ” သူက လိုအပ်တာ လုပ်ပြီးပြီ ဖြစ်၍ ထွက်သွားဖို့ရန် ပြင်လိုက်သည်။

ယန်ဟွေ့မင်က  မိုဝူကျီ နှုတ်ဆက်စကား မပြောခင် အရင်ဦးစွာ ပြောလိုက်သည်  “ကြယ်တာရာ သခင်မို ...  ကြယ်တာရာ သခင်မိုရဲ့ တာအိုမိတ်ဖက် ချိန်စုယင်က ဆူးနစ်လေဂိတ်မှာ‌ သေဆုံးသွားတယ်လို့ ကြားလိုက်မိသေးတယ် ...

မိန်းကလေး စုယင်က တစ်မူထူးတဲ့ ထိပ်တန်း အလှလေးပါ။ ဟိုလူတွေကြောင့်သာ သူမက အသာလွန်ဆုံး နယ်ပယ်ထဲ သေဆုံးသွားခဲ့ရတာ  ... တကယ်ကို နှမြောစရာ ကောင်းလွန်းတယ် ...”

မိုဝူကျီ မျက်လုံးများပင် မှေးမှိန် သွားလေသည်။ သူက ချိန်စုယင်ကို သူမမိခင် အုတ်ဂူဘေးနား ပြန်ခေါ်သွားပေးရန် ရည်ရွယ်ထားသော်လည်း ယခုအထိ မလုပ်ရသေးချေ။ သူ့မသိစိတ်ထဲ၌ ချိန်စုယင် ထွက်သွားမည်ကို  မလိုချင်ပေ။ ထို့ကြောင့် အာကာသထဲ သွား၍ အာကာသဝံပုလွေ ဘုရင်တောင်ကို ဖြိုချင်နေခြင်း ဖြစ်သည်။

အကယ်၍ သူသာ အာကာသ ဝံပုလွေဘုရင်ကြီးနှင့် တွေ့လျှင် မည်သို့ ဖြစ်သွားမည်နည်း။ သူက အာကာသ ဝံပုလွေ ဘုရင်တောင် မပျက်စီးသွားခင် သူအရင် ပျောက်ကွယ် သွားပေလိမ့်မည်။ သူက ကန်ကြွယ်ကို သတ်နိုင်ခဲ့သော်လည်း အာကာသ ဝံပုလွေဘုရင်ကြီး၏ ပြိုင်ဖက် မဟုတ်သေးကြောင်း သိ၏။

စုယင်ကို သူမ မိခင်ဘေး အရင်ပြန်ပို့သင့်လား ဒါမှမဟုတ် ချိန်စုယင်ကို သူနှင့် အတူ အမြဲတမ်း ထားထားရမလား ...

မိုဝူကျီ မျက်လုံးများက ရုတ်တရက် ဝေဝါးလာလေသည်။ သူက ချိန်စုယင်ကို အမှန်ပင် လက်မလွှတ်နိုင်ပေ။ စုယင်က သေဆုံးသွားပြီ ဖြစ်သော်လည်း သူ့ဆီ စုယင် ရှိနေသရွေ့ သူ့၌ မျှော်လင့်ချက်လေး ရှိနေသေးသည်။

ဒါပေမဲ့ ဒါက စုယင် တကယ်လိုချင်တာရော ဟုတ်ပါ့မလား ...

သူမက ဇာတိမြို့လေးဆီ ပြန်သွားချင်သည်ဟု ပြောခဲ့ဖူးသည်။ သူက တကယ်ကို တစ်ကိုယ်ကောင်း ဆန်မိနေပေ၏။

မိုဝူကျီက သက်ပြင်းချလိုက်ပြီး စုယင်ကို ပျောက်ဆုံးနယ်မြေဆီ ပြန်ခေါ်သွားပေးကာ  သူမမိခင်ဘေး အတူတူ သင်္ဂြိုဟ်ပေးရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ထို့နောက် သူက အာကာသ ဝံပုလွေဘုရင်တောင်ကို သွားဖြိုမည်။

သူ့အရင်ဘဝတွင် မိန်းမတစ်ယောက်ကြောင့် သေဆုံးခဲ့ရသည်။ ဤဘဝတွင် အမျိုးသမီးတစ်ဦးက သူ့အတွက် သေဆုံးသွားရသည်။ သူ့တွင် နောင်တများသာ ကျန်ရှိနေလေ၏။

“ကျမလည်း ထပ်တူထပ်မျှ ဝမ်းနည်းမိပါတယ် ...” မိုဝူကျီ မျက်ဝန်းမှ နာကျင်နေသည့် အရိပ်အယောင်များကို မြင်၍ ယန်ဟွေ့မင်က မြန်မြန် ပြောလိုက်သည်။

ထို့နောက် သူမက ဆက်ပြောလိုက်သည်  “ကျင့်ကြံခြင်း လမ်းစဉ်က ရှည်လျားပြီးတော့ အဆုံးအစမဲ့တယ်။ ယုံကြည်စိတ်ချရတဲ့ တာအိုမိတ်ဖက်သာ  မရှိရင် နှလုံးသားကို ယုံယုံကြည်ကြည် အပ်နှံထားရမဲ့ နေရာ ပျောက်သွားရုံတင် မကဘူး။ မြင့်မြတ်လှတဲ့ တာအိုမှာလည်း သဟဇာတဖြစ်မှု လျော့နည်းလာလိမ့်မယ်။

ကြယ်တာရာသခင်မို ... ကျမတပည့် ရှီယွဲ့လေးလည်း ထိပ်တန်းအလှလေးပါပဲ ... သူမက ကြယ်တာရာသခင်မိုကို အရမ်းလေးစားနေတာ။ တကယ်လို့ ကြယ်တာရာ သခင်မိုသာ အလိုရှိမယ်ဆိုရင် ကျမ ...”

မိုဝူကျီ သက်ပြင်းချသံက ယန်ဟွေ့မင် စကားများကို ဝင်နှောင့်ယှက် လိုက်လေသည်။

“အိမ်တော်သခင်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဂျူနီယာရှီယွဲ့ရဲ့ အလှတရားက ပြိုင်စံရှားပါ။ သူမရဲ့ အကျင့်စရိုက် သဘောသဘာဝ ကလည်း နွေးထွေးပြီးတော့ ဖြူစင်တယ်။ ရှီယွဲ့ရဲ့ သဘောကျမှုကို လက်ခံရတဲ့ သူတိုင်း ကံကောင်းကြသူတွေပဲ ဖြစ်မှာပါ။ ကျုပ်   ဂျုနီယာရှီယွဲ့ အလှတရားကြောင့် မှင်တက်မိသွား ပေမဲ့လည်း  ...”

ဘေးမှ ကျွှမ်းရှီယွဲ့က မိုဝူကျီ စကားများကြားသော အခါ သူမခေါင်းကိုသာ အတင်းငုံ့ထားမိသည်။ သူမက  မျက်နှာပူနေပြီး နှလုံးခုန်နှုန်းမှာလည်း မူမမှန်တော့ပေ။ အကယ်၍ သူမဆရာသာ သဘောတူပါက သူမက သူ့နောက် ချက်ချင်း လိုက်သွားဖို့ရာ ဆန္ဒရှိလေသည်။

ယန်ဟွေ့မင်က သူမတပည့် စိတ်လှုပ်ရှားနေမှုကို သတိပြုမိ၍ စိတ်အတွင်း၌ သက်ပြင်းသာ ချလိုက်တော့သည်။ မိုဝူကျီ စကားများတွင် ပြဿနာမရှိဘဲ ရှီယွဲ့ကို ချီးမြှောက် ပြောဆိုနေသော်လည်း ပြောမပြတတ်သည့် ခံစားချက်တချို့ ခံစားနေရသည်။

မိုဝူကျီက ဆက်ပြောလိုက်သည်  “ဒါပေမဲ့ ကျုပ်နှလုံးသားမှာ တခြားတစ်ယောက် ရှိနှင့်ပြီးသွားပြီ။ စုယင်ကလွဲရင် တခြားတစ်ယောက်ကို ကျုပ်နှလုံးသား မပေးနိုင်တော့ဘူး။ ဂျူနီယာရှီယွဲ့ရဲ့ အနာဂတ် တာအိုမိတ်ဖက်က သူမကို ကျုပ်ထက် ပိုချစ်နိုင်တဲ့သူ ဖြစ်မှာပါ ...”

ထို့သို့ပြောပြီး မိုဝူကျီက မတ်တတ်ရပ်ကာ ယန်ဟွေ့မင်နှင့် ကျွှမ်းရှီယွဲ့ကို နှုတ်ဆက်လိုက်သည်။

ကျွမ်းရှီယွဲ့က မိုဝူကျီ စကားများကို ကြားသည့်အခါ သူမ၏နီရဲနေသည့် မျက်နှာမှာ ချက်ချင်းဆိုသလို ဖြူဖျော့သွားလေ၏။ သူမနှလုံးသားမှာလည်း အေးစက်လာလေသည်။ သူမက တစ်ယောက်ယောက် သူမရှေ့တွင် တည့်တိုး ငြင်းပယ်လိမ့်မည်ဟု တစ်ခါမျှ တွေးမထားဖူးပေ။

သူမက မကောင်းလို့လား ... မလှလို့လား ...

သူမက သူမဆရာ  သဘောတူသည့်အတိုင်း အမြဲလိုက်လုပ်ခဲ့သည်။ သူမက သူမဘာသာ လေ့လာ စုံစမ်းဖူးသော်လည်း ယောက်ျားနှင့် မိန်းမကြားမှ ဆက်ဆံမှုမျိုး ကြားတွင် မပါဝင် မပတ်သက်ဖူးပေ။ သူမကိုယ်တိုင် ဖြစ်နေလျှင်ပင် သူမက ထိုသို့ခံစားချက်မျိုး မတွေးမိပေ။ သူမ တာအိုမိတ်ဖက် ဖြစ်လာသူမှာ သူမဆရာ သဘောတူသည့်အတိုင်း ဖြစ်မည်မှန်း သိထား၏။ သူမက ကိုယ်တိုင် လေ့လာခဲ့လျှင်ပင် သူမဆရာ အကြိုက်တွေ့စေမည့် ယောက်ျားမျိုး အပေါ်သာ စုံစမ်းခဲ့မိသည်။ ထို့ကြောင့် သူမက အသက်နှင့် ဘဝကို ပေးအပ်ထားသည့် အချစ်မေတ္တာ အကြောင်း မသိပေ။

မိုဝူကျီအတွက် သူမ ခံစားချက်များသည် သူမဆရာ၏ လေးစားမှုနှင့် အားထားမှုများပေါ် မူတည်၍ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ယောက်ျားနှင့် မိန်းမ ဆက်ဆံရေးကြားမှ ခံစားချက်မျိုးအတွက်မူ သူမက မိုဝူကျီနှင့် မပတ်သက်ဖူးသေးသည့် အတွက် မည်သို့ သိမည်နည်း။

ယန်ဟွေ့မင်က အနည်းငယ် စိတ်တိုသွားမိသည်။ သူမက ယောက်ျားနှင့် မိန်းမကြားမှ ခံစားချက်များကို အနည်းအကျဉ်း နားလည်ပေသည်။ သို့သော် ကျင့်ကြံသူများ အတွက် သူတို့လက်ရှိ အခြေအနေကိုသာ အာရုံမစိုက်သင့် ပေဘူးလား။ ကျင့်ကြံသူများ အနေနှင့် ကျင့်ကြံဖို့ရာပင် အချိန်မလောက်ငှကြပေ။ အချစ်အကြောင်း ဆွေးနွေးဖို့ မည်သို့ အချိန်ရှိမည်နည်း။

သူမက ကျွှမ်းရှီယွဲ့ကို တခြားသူများထက် ပိုသိသော်လည်း မိုဝူကျီ သဘောထားကြောင့် စိတ်ရှုပ်မိသွားသည်။

သူ့နှလုံးသားကို တခြားတစ်ယောက် ပိုင်ဆိုင်ပြီးသွားပြီ ဆိုတာ ဘာအဓိပ္ပာယ်လဲ ...

သူက သူမတပည့်ကို စိတ်မဝင်စားတာ ဖြစ်နိုင်သော်လည်း မိုဝူကျီက ဒုတိယမြောက် တာအိုမိတ်ဖက် ထပ်မရှာတော့ကြောင်း မယုံကြည်ပေ။

အကယ်၍ ရှီယွဲ့က သူ့မျက်လုံးထဲ မတိုးလျှင် ကျန်းရှင်းရှိ မည်သူကများ သူ့အာရုံကို ဖမ်းစားနိုင်ဦးမှာလဲ ...

“ကြယ်တာရာ သခင်မိုရဲ့ အနာဂတ်က အတိုင်းအဆ မရှိတဲ့အတွက် ရှီယွဲ့ကို မမြင်တာ သဘာဝကျပါတယ်။ ကျမ အတွေးတိမ်မိ သွားတယ် ...” ယန်ဟွေ့မင်က ဒေါသ ထွက်လာလေသည်။

ရှင်တို့   ကြယ်တာရာ ဘုရင်တောင်က အလွန် အားကောင်းနေရင်လည်း  ကျမတို့ ထျန်းချီအိမ်တော်ရဲ့ အလှလေးတွေ အတွက်လည်း သင့်တော်သူ မရှားပါဘူး ...

မိုဝူကျီက ယန်ဟွေ့မင် သဘောထားကို ဂရုမစိုက်သော်လည်း တုန်ယင်နေသည့် ကျွမ်းရှီယွဲ့ကို မြင်လိုက်ရသည့်အခါ စိတ်ထဲ၌ သက်ပြင်းသာ ချလိုက်တော့သည်။ သူက အပြစ်ကင်းသည့် နောက်ထပ် အမျိုးသမီးလေး တစ်ယောက်ကို မရည်ရွယ်ပဲ နာကျင်စေမိပြီ။

ထိုအရာမှာ  သူလိုချင်သည့် အရာ မဟုတ်ပေ။ ထိုအတွေးဖြင့် မိုဝူကျီက  “ကျုပ် ဇာတိမြို့မှာ ပြောနေကြ စကားတစ်ခုရှိတယ်။ ‘ပင်လယ်ပြာထဲ ရောက်နေတဲ့အချိန် ဘယ်လောက်ပဲ  ရေသောက်သောက် ရေငတ်မပြေဘူး၊ ပြီးတော့  ဝူတောင်ပေါ်က တိမ်တွေလောက် ဘယ်နေရာမှ မလှဘူး’ တခြားနေရာမှာ ရေတွေ ရှိနေပေမဲ့လည်း ကျုပ်နှလုံးသားထဲ မှာတော့ ပင်လယ်ပြာကရေပဲ ရေလို့ ယူဆနိုင်တယ်။ တခြားနေရာမှာ တိမ်တွေ ဘယ်လောက်လှလှ ကျုပ်စိတ်ထဲမှာ ဝူတောင်ပေါ်က တိမ်တွေက အလှဆုံးပဲ ...”

ထိုသို့ပြောပြီး မိုဝူကျီက  လှည့်ထွက်လိုက်သည်။

ထိုစာသားမှာ ထန်မင်းဆက်မှ ကဗျာဆရာဖြစ်သည့် ယွမ်ကျန်း လက်ရာ ဖြစ်ပြီး ထိုစာလုံးများမှာ မိုဝူကျီ ခံစားချက်နှင့် ထပ်တူကျနေလေသည်။ သို့သော်လည်း မိုဝူကျီက ထိုယွမ်ကျန်းကိုတော့ မနှစ်သက်ပေ။ ထိုသူက လူအများကို လိမ်လည်၍ အောင်မြင်မှု ရလာသော အရှက်မဲ့သူ ဖြစ်၏။

သူက နောက်အမျိုးသမီး တစ်ယောက်အတွက် သူ့မိန်းမကို စွန့်ပစ်ခဲ့သည်။  သူ့မိန်းမသေဆုံးပြီးသည့် နောက်တွင် ထိုကဗျာကို ရေးသားထားခြင်း ဖြစ်သည်။ ထို့‌နောက် မင်မခြောက်သေးခင် နောက်အိမ်ထောင် ပြုသွားလေ၏။ ထိုသို့ မလုံလောက်သေးပါက အခြား အမျိုးသမီးများနှင့်လည်း သွားဆော့ကစား သေးသည်။ မိုဝူကျီ ခံစားချက်များကို မဖော်ပြနိုင်ပါက ထိုစာသားကို ယူသုံးမည် မဟုတ်ပေ။

“ ‘ပင်လယ်ပြာထဲ ရောက်နေတဲ့အချိန် ဘယ်လောက်ပဲ  ရေသောက်သောက် ရေငတ်မပြေဘူး၊ ပြီးတော့  ဝူတောင်ပေါ်က တိမ်တွေလောက် ဘယ်နေရာမှ မလှဘူး’ ဆိုတာက ...” ကျွှမ်းရှီယွဲ့က မိုဝူကျီ စကားများကို ရေရွတ်လိုက်သည်။ စကားလုံးများကြောင့် ပထမဆုံးအကြိမ် စိတ်လှုပ်ရှားမိသွားခြင်း ဖြစ်သည်။ ထိုစကားများကို ပြောဖို့ရာ ဘယ်လို အချစ်မျိုး၊ ဇွဲလုံ့လမျိုး လိုအပ်မည်နည်း။

ထိုသို့သော လူစားမျိုးကို လက်လွတ်လိုက်ပါက သူမက သူမဆရာစကားကိုသာ ကျန်ဘဝတစ်လျှောက်လုံး နားထောင်နေရပြီး သူမက နာမည်ပင် မသိသည့် အမျိုးသားနှင့် လက်ထပ် နေရလိမ့်မည်။

သူမ ရှုံးနိမ့်သွားမိသည်ဟု  ဘာကြောင့် ခံစားမိနေတာလဲ ... သူမအလိုရှိနေသည့် သူက သူမရှေ့တွင် ရှိမနေဘူးလား ...  နောက်ထပ် တွေ့ရာတစ်ယောက်ကို လက်ထပ် ချင်နေတာလား ...

“အစ်ကိုမို ... အဲဒီပင်လယ်ပြာနဲ့ ဝူတောင်က ဘယ်မှာရှိတာလဲ ဆိုတာ သိလို့ရမလား” ကျွမ်းရှီယွဲ့က ခေါင်းကို မော့လိုက်ပြီး မိုဝူကျီကို တဖျတ်ဖျတ် တောက်ပနေသည့် မျက်လုံးများနှင့် ကြည့်လိုက်သည်။

သူမ မျက်နှာပေါ်ရှိ ဖြူဖျော့ဖျော့ ဖြစ်နေမှုက ပျောက်ကွယ်သွားလေပြီ။ သူမက တခြားအရာများကို ဂရုမစိုက်သော်လည်း ဤအရာကိုအတွက် သေချာတိုက်ခိုက်ရမည်။

အကယ်၍ စီနီယာစုယင်သာ အသက်ရှင်နေပါက သူမက သူတို့ကို ကောင်းချီးပေးလိမ့်မည် ဖြစ်သော်လည်း စီနီယာချိန်စုယင်က မရှိတော့သောကြောင့် အဘယ်ကြောင့် တိုက်နေရမည်နည်း။ သူမဆရာက အခွင့်အရေးမှာ လျှပ်တစ်ပြက် ပေါ်လာတတ်သည်ဟု ပြောထားဖူးသောကြောင့် ဖမ်းဆုပ်ဖို့ရာ လက်လွှတ်မိလိုက်ပါက ထာဝရ ဆုံးရှုံးသွားပေလိမ့်မည်။

ယန်ဟွေ့မင်က သူမတပည့်၏ သဘောထားနှင့် အသံကို သတိပြုမိလိုက်သည်။ ဤတစ်ကြိမ်တွင် သူမက ကြယ်တာရာသခင်ဟုပင် မခေါ်ဘဲ အစ်ကိုမိုဟု တည့်တိုး ခေါ်လိုက်လေသည်။ သူမ တပည့်လေးလည်း သူမ၏ ကိုယ်ပိုင် ပင်လယ်ပြာနှင့် ဝူတောင်ကို ရှာဖို့ ကြိုးစားနေသည်မှာ သိသာလှသည်။

မိုဝူကျီက ရပ်လိုက်ကာ  ကျွမ်းရှီယွဲ့၏ ပြောင်းလဲသွားမှုနှင့် သတ္တိတို့ကို ခံစားမိသော်လည်း  သူမက ထိုထက် ပိုလှပနေလျှင်ပင် သူက အမှန်တကယ် သူမနှင့်အတူ ရှိမနေနိုင်ချေ။

ပင်လယ်ပြာနှင့် ဝူတောင်မှာ သူ့နှလုံးသားထဲတွင် စွဲမြဲနေသော မှတ်ဉာဏ်များသာ ဖြစ်၏။ သူက တကယ့်ပင်လယ်အစစ်၊ တကယ့်တောင်အစစ်တို့ကို ရည်ညွှန်းခြင်း မဟုတ်သော်လည်း မိုဝူကျီက ကျွမ်းရှီယွဲ့မှာ သူမဆုံးဖြတ်ချက်ကို ပြသရန်အတွက် မေးခြင်းဖြစ်ကြောင်း သိ၏။

“ပင်လယ်ပြာနဲ့ ဝူတောင်က ကျုပ် မွေးရပ်မြေက နေရာတွေပါ။ ကျုပ်ကိုယ်တိုင်တောင် ဘယ်အချိန် ဘယ်ပြန်သွားနိုင်မလဲ ဆိုတာ မသိသေးဘူး” မိုဝူကျီက သက်ပြင်းချလိုက်သည်။

သူက ကမ္ဘာမြေကို ပြန်နိုင်မည်၊ မပြန်နိုင်မည်ကို မသိပေ။ သူက ကျန်းရှင်းကဲ့သို့ နေရာကို အဘယ်ကြောင့် ရောက်လာမှန်းပင် မသိပေ။

ထိုသို့ပြောပြီးနောက် မိုဝူကျီက ဆက်မပြောတော့ပဲ ခန်းမမှ ဖြည်းဖြည်းချင်း လျှောက်လှမ်း ထွက်သွားတော့သည်။

ကျွမ်းရှီယွဲ့က မိုဝူကျီ၏ ပျောက်ကွယ်သွားသည့် ပုံရိပ်ကို ကြည့်ရင်း အချိန်အတော်ကြာ ရပ်နေမိသည်။

အချိန်ခဏအကြာတွင် ကျွမ်းရှီယွဲ့က ရုတ်တရက် ပြောလိုက်သည်  “ဆရာ ... ကျမလည်း ကိုယ့်ဘာသာ အချိန်တစ်ခုအထိ လေ့ကျင့်ချင်တယ်”

ယန်ဟွေ့မင်က ကျွမ်းရှီယွဲ့ဘေးတွင် ရပ်နေသည်။ သူမက သူမတပည့် အခြေအနေကို ကောင်းကောင်း နားလည်သည်။ သူမတွင် နွေးထွေးလွန်းပြီး အလျှော့ပေးတတ်သည့် စရိုက်ရှိလေ၏။ သို့သော် ကျွမ်းရှီယွဲ့ နှလုံးသားတွင် ဆုံးဖြတ်ချက် ခိုင်မာနေလေပြီ။ ထိုဆုံးဖြတ်ချက်သာ လောင်မြိုက်လာပါက သူမဆရာဖြစ်သည့် ယန်ဟွေ့မင်ပင် ငြှိမ်းသတ်နိုင်မည် မဟုတ်ပေ။ ယန်ဟွေ့မင်က ကျွမ်းရှီယွဲ့ကို အတင်းကျပ် လုပ်ဆောင်ပါက ဘာအကျိုးရှိမည်နည်း။

“သွားပါ ... အားလုံးကို ကံစီမံရာအတိုင်း ထားလိုက်ကြတာပေါ့။ ဆရာတို့တွေ တချို့အရာတွေကို အတင်းကျပ်လုပ်လို့ မရဘူးလေ။ အတင်းကျပ်လုပ်တာက လူတစ်ယောက်ရဲ့ တကယ့် အကျင့်စရိုက်ကို ပြောင်းပြန်လှန်သလို ဖြစ်နေလိမ့်မယ်။ ကိုယ့်သဘာဝကို ဆန့်ကျင်မိရင် ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်တော့ဘူး” ယန်ဟွေ့မင်က ပြောလိုက်သည်။ ရှီယွဲ့က ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ရောက်နေပြီ ဖြစ်သောကြောင့် ကျန်းရှင်းတွင် သူမကိုယ်သူမ ကောင်းကောင်း ကာကွယ်နိုင်လိမ့်မည်။

ယန်ဟွေ့မင်အနေနှင့် လက်လွှတ်ပေးရန် အချိန် ကျရောက်လာလေပြီ။  သူမက ကြယ်တာရာ ဘုရင်တောင်မှ ကြယ်တာရာ သခင်နှင့် မစေ့စပ်ပေး နိုင်သောကြောင့် တခြားဂိုဏ်းများနှင့် စေ့စပ်ပေးခြင်းကလည်း သူမတို့ ထျန်းချီအိမ်တော် အတွက် များစွာအကျိုးပြုမည် မဟုတ်ပေ။ ထို့အပြင် ထိုသို့ လုပ်ဆောင်ခြင်းက ရှီယွဲ့အတွက် ဘဝတစ်လျှောက်လုံး နောင်တတရားတို့ ဖြင့်သာ  အသက်ရှင် နေထိုင်ရလိမ့်မည်။

***

All Chapters