သံသယလွန်ကဲမှု
Vol. 34 Ch. 468
ဘိုးဘေး ဝမ်ဝူချန်းနှင့် တွေ့ဆုံပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့မိသားစုနှင့် တွေ့ဆုံဖို့ မသွားဘဲ အမွေခံသားတော် တောင်ထိပ်ဆီ ပျံသွားလိုက်သည်။ ထို့နောက် ထပ်မံ သီးသန့်ကျင့်ကြံလိုက်၏။ ယခင်က သူသည် ကောင်းကင်ဖုံးကွယ်ရေး အစီအရင်ရှိသည့် လျှို့ဝှက်နယ်မြေအတွင်း ပြောင်းရွှေ့ခဲ့သည်။
ဝမ်ဝေ့က ရှုရှစ်တစ်ယောက် သီးသန့်ကျင့်ကြံရေးအချိန်မှ ထွက်လာမည့်အချိန်အား တွက်ချက်ကာ သူမနောက် လိုက်လိုသည်။
သူ ရရှိလိုက်သည့်အဖြေက သူမသည် သူတော်စင်အဆင့် မရောက်မချင်း ကျောင်းတော်မှ ထွက်မလာပေ။ ထိုအခါ သူ့အတွက် နောက်ကျလွန်းသွားလိမ့်မည်။
ထို့ကြောင့် သူက သူမအား ကျောင်းတော်မှ မျှားခေါ်ဖို့ နည်းလမ်းအမျိုးမျိုး တွက်ချက်ခဲ့သော်လည်း သူ မည်သည့်နည်းလမ်း အသုံးပြုစေကာမူ ကျရှုံးစမြဲသာ ဖြစ်၏။ ကျောင်းတော်က သူမအား တတ်နိုင်သမျှ များများ အထဲတွင် သိမ်းဆည်းထားဖို့ ဆုံးဖြတ်ထားဟန်ပေါ်သည်။
ထို့ကြောင့် သူက သူ့ကံကြမ္မာခိုးယူရေး နည်းစနစ်ဖြင့် ကျောင်းတော်အတွင်း ဝင်ရောက်ကာ ရှုရှစ်၏ တည်နေရာကို ရှာဖွေသည့် အနေအထားကို တွက်ချက်ကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း တစ်စုံတစ်ခု မှားယွင်းသွားကာ ကျောင်းတော်က သူ့အား တွေ့ရှိသွားလေသည်။ သူ့နောက်ဆုံးကံကြမ္မာက သေခြင်းတရားသာဖြစ်ပြီး အစစ်အမှန် အုပ်ချုပ်သူများနှင့် ဧကရာဇ်တစ်ပိုင်းအဆင့် မြောက်များစွာက သူ့အား ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်။ သူက လူထောင်ချီကို သတ်နိုင်ခဲ့၏။ အဆုံးသတ်တွင်မူ ကျောင်းအုပ်စုန့်လီက ကျောင်းတော်၏ ဧကရာဇ်အစီအရင်အား အသက်သွင်းကာ သူ့အား သုတ်သင်ခဲ့သည်။
ဝမ်ဝေ့က ထပ်မံ ကြိုးစားကြည့်လိုက်ပြန်သည်။ ဤတစ်ကြိမ် သူက ကျောင်းတော်အတွင်း ဝင်ရောက်ဖို့ ကိုယ်ပွားများ စေလွှတ်ခဲ့ပြီး လင်းဖန်၏ မိသားစုနှင့် နီးကပ်ကာ သတင်းအချက်အလက် ရယူဖို့ ကြိုးစားခဲ့သည်။ နှမြောစရာကောင်းသည်က သူ မည်မျှပင် လှုံ့ဆော်စေကာမူ ရလဒ်က အတူတူသာ ဖြစ်နေသည်။
ဝမ်ဝေ့က ကျောင်းတော်ရှိ တစ်ယောက်ယောက်သည် သူ့အစီအစဉ်ကို သိထားပြီး သူ့အပြုအမူများအား ကာကွယ်ဖို့ စောင့်ကြည့်နေကြောင်း ခံစားမိလိုက်သည်။ ထို့နောက် သူက ရှုကွမ်းအား ပြန်ပေးဆွဲကာ ရှုရှစ် ထွက်လာအောင် ဖိအားပေးခဲ့သည်။ သို့သော်လည်း ထိုအစီအစဉ်က အလုပ်မဖြစ်ခဲ့ပေ။ ကျောင်းတော်အနေဖြင့် ဝမ်ဝေ့သည် သူ့အဖေကို သတ်လိုက်လျှင်ပင် ရှုရှစ်ဆီ သတင်းမရောက်အောင် ဖုံးကွယ်ထားခဲ့သည်။ သူက လင်းဖန် အသက်ပြန်ရှင်လာသလိုမျိုး ဟန်ဆောင်ကာ သူမအား မျှားခေါ်ဖို့ ကြိုးစားခဲ့သော်လည်း သူမက ထွက်မလာခဲ့ပေ။
သူက ရွေးချယ်စရာ မရှိဘဲ နေရာအနှံ့ ရှာဖွေရတော့သည်။ ဝမ်ဝေ့က တခြားကမ္ဘာအသိုက်အဝန်းတွင် ဟွင်သွမ်းရုပ်ခန္ဓာ ရှိထားကြောင်း သိထားသည်။ အကြောင်းမှာ အဆုံးမဲ့လေဟာနယ်အတွင်း ထိပ်တန်းရုပ်ခန္ဓာသုံးခုသည် အတူတူသာဖြစ်၏။
နှမြောစရာကောင်းသည်က အဆုံးမဲ့လေဟာနယ်က ကျယ်ပြန့်လွန်းလှပြီး ကောင်းကင်တာအိုက မိုးမြေ၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားသည်။ သူက လူနှစ်ယောက်၏ ဇစ်မြစ်နှင့် အနေအထားကိုသာ အာရုံခံနိုင်လိုက်သည်။ ကံဆိုးစွာဖြင့် သူ့အချိန်စက်ဝန်းတွင် ဝမ်ဝေ့က ထိုလူများသည် သတ်ဖြတ်ရေး စစ်ဆေးပွဲတွင် သေဆုံးသွားခဲ့ကြောင်း သိလိုက်ရသည်။
ထိုတွက်ချက်မှုက သူ့အား နှစ် ၁၆၀၀ ကြာမြင့်သွားစေသည်။ ရလဒ်ကမူ ရှုံးနိမ့်မှုသာ ဖြစ်၏။ ကံကောင်းစွာဖြင့် သူက ထိုနှစ်များတွင် အချိန်ဖြုန်းနေခြင်း မဟုတ်ပေ။ ယခုတွင် သူက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်၏။
သူက သူ၏ သန္ဓေသားအလင်းနှင့် တောက်ပစိတ်ဝိညာဉ်တို့ကို စုပ်ယူပြီး နားလည်သွားခဲ့သည်။ သန္ဓေသားအလင်းသည် သူ့သက်တမ်းအား နှစ်ငါးထောင် တိုးမြှင့်ပေးပြီး တောက်ပအလင်းသည် သူ့စိတ်စွမ်းအားကို တိုးမြှင့်ပေးသည်။
ရလဒ်အနေဖြင့် သူ့စိတ်ဝိညာဉ်အမှုန်ပေါင်း သန်းထောင်ပေါင်း ၅၆၀ က ယခုအခါ လင်းလက်လာပြီး နားလည်နိုင်စွမ်းနှင့် သတင်းအချက်အလက်များ ဖတ်ရှုရာတွင် နားလည်စေမည့် အရှိန်ကို တိုးမြှင့်ပေးထားသည်။
သူက ဝူဟုန်၏ သတိပေးချက်အတိုင်း တောက်ပစိတ်ဝိညာဉ်၏ သံကြိုးများကို မချိုးဖောက်ခဲ့ပေ။
ဝမ်ဝေ့က သူ့ခန္ဓာကိုယ်အပေါ် အာရုံစိုက်မထားတော့ဘဲ ပင်မဆုံမှတ် ၁၉၆၂ခုကို အားဖြည့်လိုက်သည်။ သိပ်မကြာခင် သူတို့က ကြယ်တာရာ သို့မဟုတ် သူ့အနေအထားဖြင့် ဆိုရလျှင် တွင်းနက်ကြီးများဖြင့် စတင်ဖွဲ့စည်းလာသည်။
သူ လက်ခံရရှိလိုက်သည့် နောက်ထပ် အကျိုးကျေးဇူးမှာ သွေးကျိန်စာ ဖြစ်၏။ သူ သီးသန့်ကျင့်ကြံနေစဉ်အတွင်း သူ့ဖခင်က အချိန်နှင့် သက်ဆိုင်သည့် အရင်းအမြစ်တချို့ကို ပို့ဆောင်ပေးသည့်အတွက် သူ့တွင် အနာဂတ်ဗုဒ္ဓခန္ဓာကိုယ် ၇၂ ခု ရှိနေလေပြီ။
ထိုကျိန်စာတွင် ထိုနည်းစနစ်၏ အမြင့်ဆုံးအဆင့်ဖြစ်သည့် တည်ရှိမှု သဘောတရား ပါဝင်နေသည်။ ထို့ကြောင့် အနာဂတ်ဗုဒ္ဓကိုယ်တချို့ကို အသုံးပြုကာ သူသည် စုယာ အသုံးပြုခဲ့သည့် နည်းစနစ်ကို ကောက်ချက်ချနိုင်ခဲ့၏။ ထို့နောက် သူက အံ့အားသင့်သွားစေသည့် အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
ဤသည်က ထာဝရဧကရာဇ်များ နားလည်ထားသည့် တည်ရှိမှု သဘောတရားနှင့် အတူတူ ဖြစ်၏။
ထိုအချက်ကို သဘောပေါက်ပြီးသည့်နောက်တွင် ဝမ်ဝေ့က သူသည် ကံကောင်းသည်ဟု နားလည်လိုက်ပြီး လင်းဖန်တွင် အသက်ရှင်နိုင်မည့် အခွင့်အရေး မရှိခဲ့ပေ။
ပထမကျိန်စာက အားနည်းသည့် ပုံစံမျှသာဖြစ်၏။ ထိုစဉ်လင်းဖန်က အသက်ရှင်သန်ဖို့ မျှော်လင့်ချက် ရှိလေသည်။ သို့သော်လည်း စုယာက အငြိုးတရားဖြင့် အင်အားကို တိုးမြှင့်လိုက်သည့်အခါ ကျိန်စာသည် လင်းဖန်၏ တည်ရှိမှုအထိ ကပ်ငြိတွယ်သွားသည်။ ထိုအချိန်ထိ လင်းဖန်က အသက်ရှင်သန်ဖို့ မျှော်လင့်ချက်ရှိနေဆဲ ဖြစ်၏။
ထိုအခါ မရဏအစားထိုးအဆောင်က အလုပ်ဖြစ်လျှင်ပင် ထာဝရဧကရာဇ်တစ်ပါးက လာရောက်မကယ်တင်မချင်း သူက သေဆုံးလိမ့်မည်သာ ဖြစ်၏။
ဝမ်ဝေ့အတွက် ကံကောင်းလာခြင်း ဖြစ်သည်။ သေမျိုးတစ်ယောက်အနေနှင့် သူက ကောင်းကင်အလိုဆန္ဒကို မရမချင်း တည်ရှိမှုသဘောတရားကို ထိတွေ့နိုင်မည် မဟုတ်ပေ။
သို့သော် ကောင်းကင်တာအိုက စုယာ၏ အငြိုးတရားအား လင်းဖန်၏ သေဆုံးမှုကို သေချာဖို့ အသုံးပြုခဲ့သည့်အတွက် သူက အခွင့်အရေးကို ယူလိုက်ခြင်း ဖြစ်၏။ အကယ်၍ အနာဂတ်ဗုဒ္ဓကျမ်းအပေါ် ကောင်းကင်ဘုံ သွေဖယ်နေသည့် နားလည်နိုင်စွမ်းကြောင့်သာ မဟုတ်လျှင် သူသည် ဤသို့သော ကံအပြောင်းအလဲ အခွင့်အရေးကို တွေ့ဆုံရမည် မဟုတ်ပေ။
ဝမ်ဝေ့က သူ့တည်ရှိမှုကို ဝေဝေဝါးဝါးသာ ခံစားမိလေ၏။ သို့သော်လည်း ထိုဝေဝါးသည့် ခံစားချက်က ထာဝရဧကရာဇ်ဖြစ်လာဖို့အတွက် အခွင့်အရေးအား ၅ ရာခိုင်နှုန်း တိုးမြင့်စေခဲ့သည်။
ထို့အပြင် သူက အစွမ်းထိန်းချုပ်ရေး နည်းစနစ်ကို မည်သို့ လုပ်ဆောင်ရမည်ကို အတွေးတစ်ခု ရသွားသည်။ ပို၍အရေးကြီးသည်က သူသည် ထိုကျိန်စာအပေါ် နားလည်လိုသည့် အဓိကရည်ရွယ်ချက်အား အောင်မြင်သွားပြီ ဖြစ်၏။ သူက လင်းဖန်သည် ခုခံဖို့ မည်မျှအင်အားမဲ့ကြောင်း မြင်တွေ့ခဲ့ရသည်။ သူသည် အားနည်းသည့် ပုံစံကျိန်စာဖြင့် ထိတွေ့ခဲ့ပါက လင်းဖန်ထက် နာရီအနည်းငယ်မျှ ကြာမြင့်အောင် တောင့်ခံနိုင်လိမ့်မည်။
ယခု သူက ထိုသို့သော အဆင့်မျိုးကို တာအိုဆန္ဒ၏ ရှေ့ပြေးပုံစံဖြစ်သည့် တုယီနယ်ပယ်ကို အသုံးပြုကာ တားဆီးနိုင်မည့် နည်းလမ်းကို တွေ့သွားသည်။ ထိုအရာက သူ့တည်ရှိမှုဝန်းကျင်တွင် ကာကွယ်ရေးချပ်ဝတ်တစ်ခု ထားရှိလိုက်ဖို့ ဖြစ်၏။
ဤနည်းလမ်းက သူသည် ကိစ္စများအား မရေမရာ ခံစားမိသေးသောကြောင့် ကိစ္စများက ခက်ခဲမည်ဖြစ်သော်လည်း အလုပ်ဖြစ်နိုင်လေသည်။
ဝမ်ဝေ့က ဤကျိန်စာကို မည်သို့ဖန်တီးခဲ့ကြောင်း စဉ်းစားနေမိ၏။ သူ့အမြင်တွင် သာမန်မဟာဧကရာဇ်များက ထိုသို့သောအရာကို မလုပ်နိုင်ကြပေ။ ကံဆိုးသည်က ယခုကား ထိုကိစ္စကို ရှာဖွေနေရမည့် အချိန်မဟုတ်သလို အလွယ်တကူ အဖြေရရှိနိုင်မည်ဟုလည်း မထင်မိပေ။ ထို့ကြောင့် သူက အနာဂတ်ကိုသာ အာရုံစိုက်ထားလိုက်သည်။
သူ့အနာဂတ်အစီအစဉ်အတွက် ဝမ်ဝေ့က ဆေးလုံးသန့်စင်ရေးကျမ်းကို အသုံးပြုကာ သူ့ဝိညာဉ်စွမ်းအားအား သိသိသာသာတိုးမြှင့်ပြီး စိတ်ဝိညာဉ်အမှုန်များကို လင်းလက်စေဖို့ ကြံရွယ်ထားသည်။ ဝိညာဉ်တိုးမြှင့်ရေး ဆေးလုံးများစွာကို သောက်သုံးပြီးသည့်နောက်တွင် သူသည် ထိုဆေးလုံးများ၏ ခုခံရေးကို ဖယ်ရှားကာ ထပ်မံ အသုံးပြုလိုက်သည်။
ထို့ကြောင့် သူက လေဟာနယ်ဖြိုခွင်းခြင်းအဆင့် မဝင်ရောက်ခင် စိတ်ဝိညာဉ်အမှုန်များစွာကို အလျင်အမြန် လင်းလက်စေနိုင်လိမ့်မည်။
လေဟာနယ်ဖြိုခွင်းခြင်းအဆင့်ကို တွေးမိသည့်အခါ ဝမ်ဝေ့က အချိန်ပြတ်လပ်နေကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက သီးသန့်ကျင့်ကြံရာမှ ထွက်လာပြီး စမ်းသပ်မှု အောင်မြင်ဖို့ နည်းလမ်းကို ဆက်လက်ရှာဖွေလိုက်သည်။
ဝမ်ဝေ့က သူ့စံအိမ်မှ ထွက်လာပြီးသည့်နောက်တွင် တောက်ပစွာ လင်းထိန်နေသည့် ကောင်းကင်ကြီးအား ကြည့်လိုက်သည်။ ထို့နောက် နေမင်းကို ရုတ်ချည်းဆိုသလို ကွယ်သွားသည့် တိမ်များကြောင့် အရာအားလုံးက မှုန်မှိုင်းသွားလေ၏။
သူက မိုးမြေစွမ်းအားကို အသုံးပြုလိုက်ခြင်း ဖြစ်၏။ အံ့ဖွယ်ခန္ဓာကိုယ်အဆင့်တွင် ကျင့်ကြံသူများက မိုးမြေစွမ်းအားကို ငှားယူကာ သူတို့၏ တိုက်ပွဲခွန်အားကို တိုးမြှင့်လိုက်ကြသည်။
သို့သော်လည်း ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်တွင် သူတို့က မိုးမြေစွမ်းအားကို ထိန်းချုပ်ရာ၌ ပိုမိုသင့်တော်ကာ ကျွမ်းကျင်သည့် နည်းလမ်းကို အသုံးပြုလာနိုင်ကြသည်။ ကျင့်ကြံသူများက မိုး၊ တိမ်၊ မိုးကြိုးတို့ကို ဆင့်ခေါ်ပြီး မြေငလျင် ဖြစ်ပေါ်အောင် သို့မဟုတ် မီးတောင် ပေါက်ကွဲသွားအောင် လုပ်နိုင်ကြသည်။ သူတို့က မိုးမြေစွမ်းအားကို အသုံးပြုကာ သဘာဝဖြစ်ရပ်များကိုပင် ထိန်းချုပ်နိုင်ကြသည်။ ကံဆိုးသည်က ထိုနည်းလမ်းများသည် အနည်းဆုံးတော့ အလွှာမြင့် တိုက်ပွဲအတွင်း အသုံးမဝင်ကြပေ။
ဝမ်ဝေ့ ဖတ်ရှုထားသလောက် အလွှာနိမ့်ရှိ ကမ္ဘာဦးစိတ်ဝိညာဉ် နယ်ပယ်အဆင့် ကျင့်ကြံသူများသည် ထိုအရာများကို တိုက်ပွဲအတွင်း မကြာခဏ အသုံးပြုလေ့ရှိကြသည်။
သူက တိမ်မည်းများအား ကြည့်ကာ သူ့ဘာသာသူတွေးလိုက်မိသည်။
ဟွင်သွမ်းရုပ်ခန္ဓာကို ရှာဖို့ ဘာလို့ အဲ့လောက်တောင် ခက်ခဲနေရတာလဲ။ ကောင်းကင်တာအိုက ငါ့ကောက်ချက်ချမှုကို မြင်ပြီးတော့ ကြိုတင်ကာကွယ်ထားတာများလား…
သဘောတရားအရပြောရလျှင် ကောင်းကင်ဖုံးကွယ်ရေး အစီအရင်ဖြင့်ပင် ဝမ်ဝေ့က ကိစ္စများသည် အောင်မြင်လုနီးပါး ဖြစ်သည့်အခါတိုင်း လမ်းလွဲသွားသည်ကို တွေးမိပြီး သံသယလွန်ကဲလာမိ၏။
သူက ကောင်းကင်အား ကြည့်လိုက်ပြီး တစ်နေရာသို့ အဆောင်တစ်ခု ပို့ဆောင်လိုက်သည်။ နာရီအနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ကျူက လာရောက်တွေ့ဆုံ၏။
“ သခင်လေး… ဖန်းလီကျွမ်းက သခင်လေးရဲ့ ဖိတ်ခေါ်ချက်ကို ငြင်းပယ်လိုက်ပါတယ်”
“ ဘာလို့လဲ” သူက လေထဲတွင် ရေးသားလိုက်သည်။
“ အရင်နှစ်ထောင်ပိုင်းမှာ သခင်လေးက ဖုန်းဟွမ်၊ ဟွမ်ယွမ်နဲ့ စုယာတို့ကို အနိုင်ပိုင်းခဲ့တော့ လူတော်တော်များများက ကံကြမ္မာနဲ့ ကံကောင်းမှုကို စုစည်းနေတယ်လို့ ထင်သွားကြပြီးတော့ သခင်လေးနဲ့ မတိုက်ခိုက်ချင်ကြဘူး”
ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ သူ့ဘာသာသူ တွေးလိုက်မိသည်။ သူက သူမ၏ ကိုယ်ပျောက်အဆောင်အား အသုံးပြုကာ ကောင်းကင်တာအိုဆီမှ အပြီးတိုင် ဖုံးကွယ်ထားနိုင်မည်လားဟု စမ်းကြည့်ချင်မိသည်။ သူက သက်သေ မရှိဘဲ သံသယများရှိထားသော်လည်း သူ့အလိုလိုသိစိတ်ပင် သတိမပေးသောကြောင့် သူ့အနေနှင့် သတိကြီးကြီးထားရုံမှအပ မတတ်နိုင်ပေ။
“ ပြန်သွားပြီးတော့ ပြောလိုက်။ စိန်ခေါ်မှုအစား အလဲအလှယ် လုပ်ဖို့ပြောလိုက်”
ဝမ်ဝေ့က သူမ ထွက်သွားသည်ကို ကြည့်နေရင်း သူ့အဖေဆီ နောက်ထပ် အဆောင်တစ်ခုကို ပေးပို့လိုက်သည်။ သူက အဆုံးမဲ့လေဟာနယ်အတွင်း ဟွမ်သွမ်းရုပ်ခန္ဓာရှိသည့်လူတချို့ကို ရှာဖွေဖို့ တောင်းဆိုလိုက်၏။
တစ်ချိန်တည်းဆိုသလို ဝမ်ဝေ့က စမ်းသပ်ချက် အောင်မြင်ဖို့ရာ ဤလမ်းစဉ်သည် အကူအညီ မဖြစ်နိုင်ကြောင်း ခံစားချက်ရရှိလိုက်သည်။
မိနစ်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ကျူက ပြန်ရောက်လာ၏။ သူမ မျက်နှာအထက်မှ တုံ့ဆိုင်းနေသည့် အမူအရာကို မြင်တွေ့ပြီးသည့်နောက် ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “ အံ့ဖွယ်တာအိုမျိုးနွယ်က လူတွေက ကျွန်မ ထွက်လာတာနဲ့ ဖန်းလီကျွမ်းက သီးသန့်ကျင့်ကြံသွားတယ်ဆိုပြီး ပြောကြတယ်”
“ သူတို့ အလဲအလှယ်အတွက် ရရှိမဲ့ အကျိုးအမြတ်ကိုရော ပြောမပြလိုက်ဘူးလား”
“ ပြောပြလိုက်ပါတယ်။ သူတို့ရဲ့ တုံ့ပြန်မှုပေါ် မူတည်ပြီး သူတို့က အလဲအလှယ် လုပ်ချင်တယ်ဆိုတာ သေချာတယ်။ ဒါပေမဲ့ သူတို့က ဖန်းလီကျွမ်းကိုလည်း မနှောင့်ယှက်ချင်ကြဘူး။ အဲဒါကြောင့် အကြောင်းပြချက် မရှိတဲ့ပုံပါပဲ”
ဝမ်ဝေ့က စဉ်းစားလိုက်သည်။ ဖန်းလီကျွမ်းက သူ့အကျင့်စရိုက်အရ လွယ်လွယ်နှင့် လက်မလျှော့တတ်ကြောင်း သိထားလိမ့်မည်ဟု ခန့်မှန်းမိလိုက်သည်။ ထို့ကြောင့် သူမက ထိုအခွင့်အရေးအား အသုံးချကာ ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားဖို့ သီးသန့်ကျင့်ကြံသွားခြင်း ဖြစ်၏။
ဝမ်ဝေ့က လက်ရှိအခြေအနေကို သံသယရှိရုံမှအပ မတတ်နိုင်ပေ။ သူက နောက်အဆင့်ကို စဉ်းစားရင်း နားထင်ကို နှိပ်နယ်လိုက်သည်။
ထို့နောက် ရုတ်ချည်းဆိုသလို ဝမ်ကျူက ဆက်သွယ်ရေး အဆောင်တစ်ခု လက်ခံရရှိလိုက်သည်။
“ သခင်လေး … တစ်ယောက်ယောက်က သခင်လေးနဲ့ တွေ့ချင်နေတယ်”
“ ဘယ်သူလဲ”
“ ကျွန်မ မသိဘူး။ ဒါပေမဲ့ ကျွန်မတို့ လူတစ်ယောက်က သခင်လေးကို ပေးစရာရှိတယ်လို့ ပြောနေတဲ့ လူတစ်ယောက်ကို ဖမ်းမိခဲ့တယ်”
“ အဲဒါက အာရုံစိုက်စရာလိုလို့လား”
သူ့လက်ရှိအဆင့်အတန်းဖြင့် လူများစွာက သူနှင့် အကြောင်းအမျိုးမျိုးကြောင့် တွေ့ဆုံလိုကြသည်။ သူတို့က သူ့နောက်လိုက်ဖြစ်ကြသည့် လူအများစု ဖြစ်၏။
“ အဲဒီလူက သတင်းစကား ပို့လာတယ်။ အစတုန်းကတော့ တစ်ယောက်ယောက်က ကျွန်မတို့အာရုံကို ဖမ်းစားဖို့ ထူးထူးဆန်းဆန်းလုပ်တယ်လို့ ထင်ခဲ့မိတာ။ ဒါပေမဲ့ ကျွန်မလူတွေရဲ့ သုံးသပ်ချက်အရ ဒီလူက မရိုးရှင်းဘူး။ အဲဒါကြောင့်မလို့ ကျွန်မကို နောက်ဆုံး ဆုံးဖြတ်ချက်ချစေချင်တဲ့ပုံပဲ”
“ သတင်းစကားက ဘာတဲ့လဲ”
“ တားမြစ်ခံတဲ့”
ဝမ်ဝေ့က ထိုအရာကိုကြားကာ မျက်မှောင်ကြုတ်လိုက်သည်။ သူ့မိသားစုသာ တားမြစ်ခံစစ်ဆေးမှုအကြောင်း သိထားကြ၏။ လီကျွင်းနှင့် ယန်းလီလင်းပင် အခြေအနေကို မသိကြလေရာ ဝမ်ကျူအား ထုတ်ပြောဖို့ပင် မလိုတော့ပေ။
“ သူ့ကို ခေါ်ခဲ့”
သိပ်မကြာခင် အနက်ရောင် ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးက စံအိမ်ရှေ့တွင် ပေါ်ထွက်လာသည်။ ဝမ်ဝေ့က သူ့ကို မြင်လိုက်သည်နှင့် မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ထိုလူ၏ ကံကြမ္မာကြိုးမျှင်ကို ဖတ်ရှုဖို့မပြောနှင့် မမြင်ရပေ။
သူက သူ့ကျင့်ကြံဆင့် သို့မဟုတ် ထိုလူနှင့် ပတ်သက်သည့် အရာအားလုံးကို မမြင်တွေ့နိုင်ပေ။ ကြည့်ရသည်မှာ သူက မတည်ရှိသကဲ့သို့ဖြစ်၏။
“ မင်းက ဘယ်သူလဲ။ ဘာလိုချင်လို့လဲ”
လူငယ်လေးက ဦးညွှတ်လိုက်ပြီးနောက် သတ္တု ကုဗတုံးတစ်ခုကို ထုတ်ယူလာသည်။
“ သခင်က ဒီဟာလေးကို ငှားပေးဖို့ ပြောလိုက်လို့ပါ။ သခင်က ခင်ဗျား ကောင်းကင်တာအိုဆီက အပြည့်အဝ ဖုံးကွယ်ထားချင်ရင် ဒီဟာက အကူအညီ ဖြစ်လိမ့်မယ်လို့ ပြောတယ်”
ဝမ်ဝေ့က ထိုလူလက်ထဲမှ ကုဗတုံးအား တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူက ထိုလူငယ်၏ စကားအနည်းငယ်ဖြင့် ကိစ္စသုံးခုကို သင်ယူလိုက်ရသည်။
ပထမတစ်ချက်က သူ့တွင် သခင် ရှိပြီး သူက နောက်ကွယ်မှ ကြိုးကိုင်သူ မဟုတ်ပေ။
ဒုတိယအချက်က ထိုကြိုးကိုင်သူသည် သူ့တားမြစ်ခံအဆင့် အနေအထားကို သိထားဟန်ပေါ်၏။
တတိယအချက်က ထိုလူသည် အံ့မခန်းသတင်းအချက်အလက် အဖွဲ့အစည်း ရှိလိမ့်မည်။ အကြောင်းမှာ သူတို့က ဝမ်ကျူသည် အံ့ဖွယ်တာအိုမျိုးနွယ်သို့ သွားရောက်ကာ သတင်းအချက်အလက် ရယူခဲ့ကြောင်း သိထားလေသည်။ ထို့အပြင် သူတို့က သူ့ရည်ရွယ်ချက်ကို မှန်းဆမိသည့်အတွက် ဉာဏ်ကောင်းသည်ဟု ဆိုနိုင်သည်။
ဝမ်ဝေ့က ဘာမှမပြောဘဲ ထိုလူငယ်အား စိုက်ကြည့်လိုက်သည်။
ထိုသူက တည်တည်ငြိမ်ငြိမ် အမူအရာဖြင့် ဆက်ပြောလိုက်၏ “ သခင်ပြောတာက ခင်ဗျား ဒီစစ်ဆေးမှုကို အောင်မြင်သွားရင် သူတို့ ဒီဇစ်မြစ်ကို ထုတ်ဖော်ပြသမယ်လို့ ပြောလိုက်ပါတယ်။ တကယ်လို့ ဒီလက်ဆောင်ကို လက်ခံမယ်ဆိုရင် အပြန်အလှန်အနေနဲ့ ကူညီပေးဖို့ ကတိ လိုချင်တယ်။ အဲဒါက ခင်ဗျားရဲ့ စွမ်းဆောင်နိုင်ရည်အတွင်းမှာပဲ ရှိမှာပါ”
ဝမ်ဝေ့က ထိုကုဗတုံးအား ကြည့်လိုက်သည်။ တစ်ယောက်ယောက်က သူနှင့် ကံကြွေး ရှိလိုကြောင်း နားလည်လိုက်၏။
အရိုးသားဆုံးပြောရလျှင် ထိုကုဗတုံးက မလိုအပ်လောက်ပေ။ ကောင်းကင်တာအိုက သူ့အနာဂတ်တွက်ချက်မှုများအား မမြင်နိုင်သော်လည်း သူ လုပ်နိုင်သည့် အပြုအမူအားလုံးကိုမူ ကောက်ချက်ချထားနိုင်သည်။ ထို့ကြောင့် ကြိုတင်ကာကွယ် တားဆီးထားနိုင်၏။
ထိုစစ်ဆေးမှုအပေါ် သံသယကြောင့် သူ့အနေနှင့် ပိုမိုခိုင်မာသည့် နည်းလမ်းကို ရှာဖွေလိုမိသည်။ အဆုံးသတ်တွင် သူက ထိုကုဗတုံးကို ယူဆောင်လိုက်၏။ ထို့နောက် ချက်ချင်းဆိုသလို လူငယ်လေးက အမှုန်များအဖြစ် အစိတ်စိတ်အမြွာမြွာ ကွဲကြေသွားကာ ဘာမှမရှိတော့သကဲ့သို့ ပျောက်ကွယ်သွားသည်။
စိတ်ဝင်စားစရာပဲ။ ဒီကုဗတုံးပေါ်မှာ ကံကြမ္မာအနှောင်အဖွဲ့ မရှိဘူး။ အဲဒါဆိုတော့ နောက်ကွယ်ကြိုးကိုင်သူက ငါနဲ့ စာချုပ် ချုပ်ဆိုဖို့ တောင်းဆိုမထားဘူးပဲ။ ဒါက ယုံကြည်မှုကို ပြတဲ့နည်းလမ်းလား။ ငါက ကတိကို စောင့်ထိန်းလိမ့်မယ်လို့ သူတို့က ယုံကြည်နေတယ်လို့ ပြောနေတာလား။
***