ကြယ်တာရာသခင် ရောက်လာပြီ
Vol. 29 Ch. 390
သူ ထျန်းချီအိမ်တော်က ထွက်လာသည်နှင့် သတင်းပို့ ဓားပျံ တစ်ချောင်းက မိုဝူကျီလက်ထဲ ကျရောက်လာသည်။
ဓားပျံပေါ်မှ အကြောင်းအရာမှာ အလွန်ရိုးရှင်းပေသည်။ အာကာသ ဝံပုလွေ ဘုရင်တောင်မှ သားရဲများက ကူနို့ကြယ်တာရာတပ်နှင့် ပူးပေါင်းကာ လောကခန်းမကို တိုက်ခိုက်သည့် သတင်း ဖြစ်ပေသည်။ ဤတစ်ကြိမ်တွင် ဝံပုလွေဘုရင်တောင်မှ အားလုံး ထွက်ပေါ်လာသည့်ဟန် ရှိသည်။ လောကခန်းမမှာ အကျဉ်းအကျပ် အခြေအနေထဲ ကျရောက်နေလေပြီ။
မိုဝူကျီက ထိုသတင်းကို မြင်လိုက်သည့်အခါ ဒေါသမီး တောက်လောင်လာသည်။ သူက အာကာသ ဝံပုလွေဘုရင်တောင်ကို မဖြိုချခင် ဝံပုလွေဘုရင်တောင်မှ သားရဲအုပ်က သူ့ဆီ ရောက်လာရဲ၏။
အစပိုင်းတွင် မိုဝူကျီက ပျောက်ဆုံးနယ်မြေကို အရင် သွားချင်သော်လည်း ဤသတင်းက ဘာမျှမလုပ်ခင် ထိုနယ်ခြား အင်အားစုအားလုံးကို သတ်ဖြတ်ပစ်ဖို့ရာ တိုက်တွန်းနေသည်။
ထိုစဉ် မိုဝူကျီက စတင်၍ သံသယ ဝင်လာမိသည်။ ကြယ်တာရာသခင် နှစ်ယောက် သေဆုံးပြီးနောက်တွင် မျိုးနွယ်စုကြီးသုံးခု ပျက်သုဉ်းလာသည်နှင့် အတူ ကိုးမိုမြို့ပါ အမြစ်ဖြတ် သုတ်သင်ရှင်းလင်း ခံလိုက်ရသောကြောင့် ကျန်းရှင်းမှာ အမှန်တကယ် ဒုက္ခပင်လယ် ဝေခဲ့ရသော်လည်း ဤမျှအထိ အခြေအနေ မဖြစ်သင့်ပေ။
ကူနို့ကြယ်တာရာနှင့် အာကာသ သားရဲများမှာလည်း ဆုံးရှုံးမှု အများအပြား ခံစားခဲ့ရပြီး သူတို့ဆုံးရှုံးမှုမှာ တိုက်ရည်ခိုက်ရည် ကောင်းသူများ ဖြစ်ကြသည်။
***
မိုဝူကျီက လောကခန်းမဆီ ကူးပြောင်း အစီအရင်သုံး၍ အချိန်တိုအတွင်း အမြန်အဆန် သွားလိုက်သည်။
လောကခန်းမရှိ လောက အင်မော်တယ်များကြားတွင် မိုဝူကျီက ယန်ကျဲ တစ်ယောက်သာ တွေ့လိုက်ရသည်။ ယန်ကျဲမှာ မျက်တွင်းများကျ၍ သူ့အနားမှ ဝိညာဉ်စွမ်းအားများ မှာလည်း အစီအစဉ်မကျ ဖြစ်နေ၏။
“ကြယ်တာရာသခင်” ယန်ကျဲက မိုဝူကျီကို မြင်လိုက်သည့်အခါမှ စိတ်သက်သာရာ ရသွားတော့သည်။
လောကခန်းမ၌ ကျန်ရှိနေသော ကျင့်ကြံသူများလည်း မိုဝူကျီကို နှုတ်ဆက်လိုက်သည်။ မိုဝူကျီက ကြယ်တာရာ ဘုရင်တောင်၏ ကြယ်တာရာ သခင်ဖြစ်ကာ တော်တော်များများက မမြင်ဖူးကြသော်လည်း သူ့ပုံရိပ်များကို လောကခန်းမရှိ နေရာတိုင်းတွင် အဆက်မပြတ် ပြသထားလေသည်။ ကြယ်တာရာ သခင်မိုသာ မရှိလျှင် လောကခန်းမမှာ ယနေ့အထိ တည်ရှိနေနိုင်မည် မဟုတ်ပေ။
“ခန်းမသခင်စုနဲ့ ကျန်တဲ့လူတွေရော ...” မိုဝူကျီက ချက်ချင်း မေးလိုက်သည်။
ယန်ကျဲက လောကတိုင်ကို လက်ညှိုးထိုးပြကာ “ခန်းမသခင်စုက ကြယ်တာရာ တိုက်ပွဲထဲ ကိုယ်တိုင် ဝင်သွားပြီ။ သူမ တစ်ယောက်တည်းတော့ မဟုတ်ဘူး။ ကြယ်တာရာ ဘုရင်တောင်က လောကအင်မော်တယ် အချို့တော့ ပါသွားတယ်။ ဒီကိစ္စက သေရေးရှင်ရေး အရေးမကြီးရင် ခန်းမသခင်စုက ကြယ်တာရာ သခင်မိုကို နှောင့်ယှက်ဖို့ စိတ်ကူးမရှိပါဘူး ...”
မိုဝူကျီက ခေါင်းညိတ် ပြလိုက်သည်။ အကြောင်းမှာ သူတို့က သူသည် အရေးမပါသည့် ကိစ္စများ လုပ်ဆောင်ရသည်ကို သဘောမကျမှန်း သိသည့်အတွက် အကြီးအကဲများ၊ ကာကွယ်သူများနှင့် ခန်းမသခင်များက အရေးကြီးကိစ္စ မဟုတ်လျှင် မနှောင့်ယှက်ကြချေ။ ဤတစ်ကြိမ်တွင် သူက ဓားပျံမှတစ်ဆင့် သတင်း ရရှိထားသောကြောင့် သူ့ကို လိုအပ်နေသည့် ကိစ္စသာ ဖြစ်ရမည်။
“ကျုပ် သွားကြည့်လိုက်မယ်” မိုဝူကျီက သူ့စကားဆုံးသည်နှင့် လောကတိုင်ဆီ ဦးတည် သွားတော့သည်။
ယန်ကျဲက သူ့ဘေးမှ လိုက်ပါလာရင်း ရှင်းပြနေမိသည် “အရင် အာကာသ ဝံပုလွေဘုရင်ကြီး ရှိတုန်းက သူက အားကုန်သုံးပြီး တိုက်ခဲ့တာ မဟုတ်ဘူး။ သူက ကြယ်တာရာ တိုက်ပွဲဖြစ်လာရင် အရှုံးမရှိဘဲ အမြတ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိတယ် ...
အဲဒါကြောင့် သူက ဝံပုလွေ ဘုရင်တောင်က သားရဲတွေကို အားကောင်းလာဖို့ လုံလောက်တဲ့ တိုက်ခိုက်တဲ့ လေ့ကျင့်ကွင်း ဖြစ်လာအောင် ခွင့်ပြုပေးထားတာ။ အဲဒီလိုဆိုရင် သူ့ဝံပုလွေ ဘုရင်တောင်က သားရဲအရေအတွက်ကို လျှော့ချနိုင်ပြီးတော့ အရင်းအမြစ်ကို ချွေတာနိုင်မယ်လေ။ အခု ဝံပုလွေဘုရင်ကြီး မရှိတော့ ကူနို့ကြယ်တာရာတပ်နဲ့ အာကာသ သားရဲတွေက အားကုန်သုံးပြီး ကျုပ်တို့ကို လာတိုက်နေကြတာ ...”
မိုဝူကျီက ယန်ကျဲစကားများ ကြားသောအခါ တစ်ယောက်ယောက်၏ သွေးထိုးမှုမှန်း သိလိုက်သည်။ ထိုတစ်ယောက်ယောက် မှာလည်း လောကတိုင်မှ လွတ်မြောက်သွားသည့် ကျူးချူသာ ဖြစ်ရမည်။ ကျန်းရှင်း ကျင့်ကြံသူများကို သူတို့ကျင့်ကြံခြင်း အတွက် လေ့ကျင့်ဖို့ရာ ပစ်မှတ်အဖြစ် သဘောထားနေသည့် အာကာသ ဝံပုလွေဘုရင်ကြီးမှာ အကောင်း မြင်လွန်းနေသည်သာ ဖြစ်လိမ့်မည်။
ကြယ်တာရာ သခင်မှာ ချီထုံမဟုတ်ဘဲ သူ မိုဝူကျီ ဖြစ်နေသည်။ လေ့ကျင့်ဖို့ရာ အတွက် ပစ်မှတ်လိုလျှင်ပင် နောက်တစ်နည်းတော့ ရှိပေလိမ့်မည်။ ကျန်းရှင်းမှ ကျင့်ကြံသူများ အတွက် အာကာသ သားရဲများကို ပစ်မှတ်ထား၍ လေ့ကျင့်လို့ရသည် မဟုတ်ပါလော။
“ခန်းမသခင်ယန် ... ကျန်းရှင်းမှာ လောက အင်မော်တယ်အဆင့် ကျင့်ကြံသူတွေရှိတဲ့ ဂိုဏ်းတွေ အများကြီး ရှိရက်သားနဲ့ ဒီလောက် အခြေအနေဆိုးစရာ မလိုဘူးမလား။ အခြေအနေက ဘာလို့ ကျုပ်တို့ဘက်က အရေးမသာရတာလဲ ...” မိုဝူကျီက အသိချင်ဆုံး ကိစ္စကို မေးလိုက်သည်။
ယန်ကျဲက အံကြိတ်ထားကာ “ကျန်းရှင်း ဂိုဏ်းအကြီးကြီးတွေက အားမထုတ်ဘဲနဲ့ အကျိုးမြတ်ရဖိုပဲ ကြိုးစားနေကြတာ။ ဒီတိုက်ပွဲကိုလည်း ဝင်မပါကြဘူး။ အခု ကြယ်တာရာတိုက်ပွဲမှာ ကြယ်တာရာ ဘုရင်တောင်ကလွဲရင် ဂိုဏ်းဆယ်ဂိုဏ်းထဲက နှစ်ဂိုဏ်းပဲ လိုလိုလားလား လာတိုက်ပေးကြတယ် ...”
“သူတို့တွေကို မဆက်သွယ်ဘူးလား” မိုဝူကျီ အမူအရာမှာ ပြောင်းလဲလာလေသည်။ အကြောင်းမှာ ကျန်းမိုနယ်မြေ၏ အဓိကအင်အားမှာ ကြယ်တာရာ ဘုရင်တောင်၊ ကျင့်ကြံသူတပ်များနှင့် ဂိုဏ်းကြီးများ ပေါင်းစည်းထားသော အင်အားစု ဖြစ်သည်။
တကယ်တော့ ကျင့်ကြံသူ တိုက်ပွဲအတွင်း အရေးကြီးဆုံးအချက်မှာ တစ်ဖက်စီမှ အဆင့်မြင့် ကျင့်ကြံသူ အရေအတွက် ဖြစ်သည်။ ကျန်းမိုနယ်မြေမှ အဆင့်မြင့် ကျင့်ကြံသူ အများစုက လာဖို့ရာ ဆန္ဒမရှိလျှင် ကျန်းမိုနယ်မြေ အနေနှင့် အရေးနိမ့်သွားပေလိမ့်မည်။
“ဘယ်လိုလုပ် မဆက်သွယ်ပဲ နေပါ့မလဲဗျာ ... ကျုပ်တို့ သတင်းပို့ ဓားပျံအများကြီး ပို့လွှတ်ခဲ့ပေမဲ့ ကူညီဖို့ ရောက်လာတာ ကျုပ်တို့ ကြယ်တာရာသခင်မိုပဲ ရောက်လာတာ။ ဂိုဏ်းအားလုံးမှာ သီးသန့် ကူးပြောင်းအစီအရင် ရှိကြတယ်။ သတင်းပို့ ဓားပျံက သူတို့ဆီကို ကြယ်တာရာ သခင်မိုထက်တောင် စောရောက်ဦးမှာ။ အဲဒီဂိုဏ်းက လူတွေက မလာရုံတင် မကဘူး။ လောကခန်းမမှာ ရှိနေကြတဲ့ သူတွေကလည်း ကြယ်တာရာ တိုက်ပွဲဆီ သွားဖို့ စိတ်မပါကြဘူး” ယန်ကျဲက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
ကြယ်တာရာ ဘုရင်တောင်က မည်မျှပင် အားကောင်းစေကာမူ ဂိုဏ်းအားလုံးကိုတော့ ပြားပြားဝပ်အောင် လုပ်မထားနိုင်ပေ။ အကယ်၍ သူတို့ တိုက်ဖို့ရာ စိတ်မပါလျှင် ကြယ်တာရာ ဘုရင်တောင်က အတင်းကျပ် တိုက်ခိုင်းလို့ မရနိုင်ပေ။
မိုဝူကျီက အေးစက်စွာ ရယ်မောလိုက်သည်။ သူသွားလိုက်သည့် နေရာတိုင်းတွင် အရှက်မဲ့သူများက ရှိနေဆဲ ဖြစ်၏။ ကျန်းရှင်းမှ ထွက်မသွားခင် ထိုဂိုဏ်းများကို သူက ကြယ်တာရာ သခင်အဖြစ် ပြရုပ်သပ်သပ် မဟုတ်ကြောင်း သိအောင် ပြသရမည်။
သူတို့ကို သူ့အသက် ရန်လာရှာသည့် ကိစ္စကို ဘာမျှအရေးမယူဘဲ ခွင့်လွှတ်ထားသည်နှင့် ခေါင်းပေါ်ထိ တက်ချင်နေကြသည်။
သူတို့ အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရမည့် ကြယ်တာရာ သခင်လို့များ တွေးတော နေကြတာလား ...
“ခန်းမသခင်ယန် ... လောကခန်းမကို ဆက်စောင့်ကြပ် ထားပြီးတော့ ဒီတစ်ကြိမ် တိုက်ပွဲမှာ ကျုပ်တို့အတွက် တိုက်ပေးဖို့ စိတ်ကူးမရှိတဲ့ ဂိုဏ်းတွေအားလုံးကို ချမှတ်ထားလိုက်။ ကျုပ်ပြန်ရောက်လာရင် အဲဒီစာရင်းကို လာယူမယ် …” မိုဝူကျီ စကားအဆုံးတွင် သူက လောကတိုင် တတိယအလွှာ တက်သွားပြီး အာကာသထဲ ထွက်သွားလိုက်တော့သည်။
ယန်ကျဲက ကြယ်တာရာ ဘုရင်တောင်၏ ခန်းမသခင်ဖြစ်ပြီး ယခင်က မျိုးနွယ်စုကြီးသုံးခု အတွင်းရေး ပဋိပက္ခများ ဖြစ်သည့် အချိန်တွင်လည်း သူ့အဆင့်အတန်းကို လက်မလျှော့ခဲ့ပဲ ကျန်လူများနှင့် မတူကြောင်း သက်သေပြခဲ့သည်။ မိုဝူကျီ စကားများကို ကြားပြီး ကြယ်တာရာသခင်မှာ ဒေါသထွက်သွားမှန်း သိလိုက်သည်။ ဤတိုက်ပွဲကြီး ပြီးဆုံးသွားလျှင် ကြယ်တာရာသခင်က ထိုသူများကို ဘာလုပ်မလဲ သိချင်နေမိပြီ။
ရိုးရိုးသားသား ပြောရလျှင် သူ ခန်းမသခင် ဖြစ်လာကတည်းမှ မိုဝူကျီ ကြယ်တာရာသခင် ဖြစ်လာသည့် အချိန်များသည့် သူ့အတွက် အပျော်ရွှင်ဆုံး၊ အနေပျော်ဆုံး အချိန်များ ဖြစ်ခဲ့သည်။ အနည်းဆုံးတော့ သူ့၌ အကြောင်းပြချက် များစွာဖြင့် တောင့်ခံထားစရာ မလိုဘဲ စိတ်တိုင်းကျ တိုက်ခိုက်နိုင်လေသည်။
ချီထုံက ကျန်းရှင်းအတွက် အမြဲအကောင်းဆုံး ကြိုးစား ပေးခဲ့သော်လည်း ယန်ကျဲက ချီထုံ လက်အောက်တွင် စိတ်မပျော်ပေ။ သူတို့ တိုက်ပွဲဆင်နွှဲသည့် အခါတိုင်း ချီထုံက အာကာသ ဝံပုလွေဘုရင်ကြီး ဒေါသကို ဆွမိမည် စိုးရိမ်၍ သူတို့ အလိုအတိုင်းသာ ခွင့်ပြုပေးခဲ့၏။
***
လောကတိုင် ရောက်ရှိ လာပြီးနောက်တွင် သူပထမဆုံး ကြားလိုက်သည့် အသံမှာ သတ်ဖြတ်နေသည့် အသံများဖြစ်ပြီး သူက စိတ်စွမ်းအားဖြင့် အပြင်ဘက် အာရုံခံ ကြည့်လိုက်သည့် အခါ အတော်လေး ဒေါသထွက်သွားသည်။
ကျန်းမိုနယ်မြေမှ ကျင့်ကြံသူများမှာ ၂သန်းလောက်သာ ရှိပြီး တစ်ဖက်မှ အာကာသ သားရဲများနှင့် ချပ်ဝတ်တပ်တို့နှင့် ယှဉ်လိုက်လျှင် ပင်လယ်ထဲမှ ရေစက်လေးအလား အရေအတွက် ကွာခြားလွန်းလှသည်။
ကူနို့တပ်နှင့် အာကာသ သားရဲများ ချီတက်လာသည့် အခါတိုင်း ကျန်းမိုနယ်မြေမှ ကျင့်ကြံသူများစွာ သေဆုံးကြရသည်။ အာကာသသားရဲ သန်းပေါင်း မြောက်မြားစွာက ကျန်းမိုနယ်မြေမှ ကျင့်ကြံသူများ အလောင်းကို တက်နင်း၍သော် လည်းကောင်း၊ ကိုက်ဖြတ်၍သာ လည်းကောင်း ဖျက်ဆီးပစ်ကြသည်။
စုရွှမ်၊ စန်းချိုက်ဟယ်နှင့် လော့ယွီချန်တို့မှာ အလယ်တွင် ပိတ်မိနေကြပြီး သူတို့အင်အားကို ပြန်လည် မစုစည်းနိုင်ပဲ ဖြစ်နေကြ၏။ သူမြင်လိုက်ရသော လောကအင်မော်တယ် အဆင့် ကျင့်ကြံသူတိုင်းမှာ ကြယ်တာရာ ဘုရင်တောင်မှသာ ဖြစ်ကြ၍ ယန်ကျဲက လိမ်ညာနေခြင်း မဟုတ်ပေ။
အမှန်တကယ်တော့ ချီထုံနှင့် ယှဉ်လျှင် စုရွှမ်က ကျင့်ကြံသူတပ်ကို အမိန့်ပေးနိုင်သည့် အနေအထားကို ကောင်းကောင်း မထိန်းချုပ်နိုင်သေးပေ။
ကူနို့ကြယ်တာရာတပ်နှင့် အာကာသ သားရဲများလည်း ဖြန့်ကြက်ထား၍သာ မဟုတ်လျှင် ကျင့်ကြံသူတပ် ပျောက်ကွယ်သွားတာ ကြာမြင့်လောက်လေပြီ။
ထိုစဉ် မိုဝူကျီက မည်မျှပင် အားကောင်းစေကာမူ သူက ပိုမိုကောင်းမွန်သည့် တိုက်ခိုက်ရေး နည်းစနစ်ကို ပုံစံဖော်နိုင်မည့် ကျင့်ကြံသူတပ် တစ်ခုလုံးကို မစုစည်းနိုင်ပေ။
သူလုပ်နိုင်သည့် တစ်ခုမှာ ထိုတိုက်ပွဲ အတွင်းဝင်၍ သူသတ်နိုင်သမျှ သတ်ဖြတ်ခြင်းသာ ဖြစ်၏။
သေမျိုးတိုက်ပွဲ မဟုတ်ဘဲ ကျင့်ကြံသူတိုက်ပွဲ ဖြစ်၍သာ ကံကောင်း ပေတော့သည်။
ကျင့်ကြံသူကြားမှ တိုက်ပွဲမှာ အများစုမှာ တိုက်ခိုက်ရေး ဗျူဟာများထက် လျှို့ဝှက်ပညာရပ်များနှင့် မှော်ကျင့်စဉ်များ အပေါ်သာ မှီခိုကြသည်။
မိုဝူကျီက ချက်ချင်း တိုက်ပွဲကွင်းပြင်ထဲ ဝင်လိုက်ပြီး လက်ကို မြှောက်ကာ လျှပ်စီးမိုးကို ခေါ်ယူလိုက်သည်။ သူက လောက အင်မော်တယ်အဆင့်၂ တက်လှမ်းပြီး နောက်တွင် သူ့စိတ်စွမ်းအားမှာ မီတာ တစ်သောင်းလောက်အထိ ဖြန့်ကြက်လာနိုင်သည်။ ထို့ကြောင့် သူ့လျှပ်စီးမိုးမှာ မီတာရာချီ ကျယ်ဝန်းသွားပြီး ဖျက်ဆီး နိုင်စွမ်းမှာလည်း ယခင်ကထက် ပို၍ အားကောင်းပေသည်။
ထိုစဉ် သူက အမြောက်ကို အသုံးမပြုလျှင်ပင် မြေကမ္ဘာ အင်မော်တယ်အဆင့် ကျင့်ကြံသူ ရောက်မလာသရွေ့ သူ့ကို အာကာသ သားရဲများ သန်းပေါင်းများစွာ ဝိုင်းထားလည်း ကြောက်ရွံ့နေမည် မဟုတ်ပေ။
“ဘမ်း ဘမ်း ဘမ်း” ပေါက်ကွဲသံများမှာ နေရာအနှံ့ ကြားနေရပြီး အပြာရောင် လျှပ်စီးများမှာ မိုးများကဲ့သို့ တိုက်ပွဲကွင်းအတွင်း အငြိုးတကြီး ရွာသွန်းနေသည်။
သူ့လျှပ်စီးမိုးများက သူနှင့် မီတာ တစ်ရာပတ်လည်ကို ဖုံးလွှမ်းထားနိုင်သည်။
အာကာသ သားရဲဖြစ်စေ၊ ကူနို့ကြယ်တာရာ ချပ်ဝတ်တပ် ဖြစ်စေ၊ ကျန်းမိုနယ်မြေမှ ကျင့်ကြံသူများပင် ထိုလျှပ်စီးမိုးအောက်တွင် နောက်ဆုတ်ကုန်ကြသည်။
နေရာအနှံ့မှ ညည်းညူသံများ ကြားနေရပြီး လျှပ်စီးအား ကျရောက်သည်နှင့် အသက် ပျောက်သွားကြသည်။ မကြာခင်တွင် ကျန်းမိုနယ်မြေမှ ကျင့်ကြံသူများက သူတို့သာ ဦးတည်ရာမရှိ လျှောက်မပြေးနေပါက ထိုလျှပ်စီးများက သူတို့ကို အန္တရာယ်မပြုကြောင်း သိလိုက်ကြသည်။
“ကြယ်တာရာ သခင်မို ရောက်လာပြီ။ အဲဒီလျှပ်စီးမိုးအောက် လျှောက်မပြေးကြနဲ့ ...”
“ကြယ်တာရာ သခင်မို ရောက်လာပြီ”
“ကျုပ်တို့ရဲ့ ကြယ်တာရာ ဘုရင်တောင်က ကြယ်တာရာသခင် ရောက်လာပြီ”
အချိန်ပိုင်းလေး အတွင်း ကြယ်တာရာသခင် ရောက်လာသည့် အကြောင်းမှာ တိုက်ပွဲတစ်ခုလုံး ပျံ့နှံ့သွားလေသည်။ ကြယ်တာရာ ဘုရင်တောင်မှ ကျင့်ကြံသူများမှာ စိတ်ဓာတ် ပြန်လည် မြင့်တက်လာကြပြီး ကူနို့ကြယ်တာရာနှင့် သားရဲများမှာမူ ကောင်းကင်တစ်ခွင် ပြည့်နေသည့် လျှပ်စီးများကို မော့ကြည့်လိုက်ကြသည်။
ဤနေရာတွင် မိုဝူကျီကဲ့သို့ အစုံလိုက် အပြုံလိုက် သတ်ဖြတ်ပစ်နိုင်သည့် နည်းစနစ်မျိုးကို မည်သူမျှ မပိုင်ဆိုင်ကြပေ။
မကြာခင်တွင် ထိုသားရဲများနှင့် ကူနို့တပ်များမှာ တုံ့ပြန်လာကြသည်။ သူတို့အထဲမှ အဆင့်မြင့် ကျင့်ကြံသူတချို့က မိုဝူကျီဆီ ရောက်လာကြသည်။
သူတို့က အရူးမဟုတ်ပေ။ မိုဝူကျီ လျှပ်စီးအားများက မည်မျှ အားကောင်းကြောင်း မြင်သည်နှင့် ကူနို့ကြယ်တာရာတပ်နှင့် သားရဲများမှာ သူတို့အချိန်တိုအတွင်း အဆုံးသတ် ခံရလိမ့်မည် ဖြစ်ကြောင်း သိကြသည်။
***