အဆင့်တစ်
Vol. 29 Ch. 391
မိုဝူကျီဆီ ချီတက်လာကြသည့် ကူနို့ကြယ်တာရာမှ လောက အင်မော်တယ်အဆင့် ဖြစ်စေ၊ အာကာသ အဆင့်၈ သားရဲ ဖြစ်နေစေကာမူ သူတို့အားလုံးမှာ မိုဝူကျီ၏ လျှပ်စီးမိုးကို ရပ်တန့်နိုင်စွမ်း မရှိကြပေ။ သူတို့က မှော်လက်နက်များကို မဆွဲထုတ်မချင်း သူတို့ကိုယ်သူတို့ လျှပ်စီးမိုးမှ မကာကွယ်နိုင်ကြပေ။ အကြောင်းအရင်းမှာ မိုဝူကျီ၏ တိုက်ခိုက်မှု၌ လျှပ်စီးမိုး သာမက လျှပ်စီးဓားများလည်း ပါဝင်နေပေသည်။
မိုဝူကျီက လျှပ်စီးဓားများကို အားနည်းသည့် သားရဲများနှင့် ကျင့်ကြံသူများ အပေါ်တွင် အသုံးမပြုချေ။ သို့သော် လောက အင်မော်တယ် အဆင့် သို့မဟုတ် အဆင့်၈ သားရဲများနှင့် ရင်ဆိုင်ရသည့်အခါ သူက တစ်မျိုးတဖုံ ကွဲကွဲပြားပြား ဆက်ဆံရမည်။ သူက အားကောင်းသည့် သားရဲများ၊ အဆင့်မြင့် ကျင့်ကြံသူများနှင့် တွေ့လျှင် လျှပ်စီးကွန်ရက်တချို့ ထုတ်လွှင့်လိုက်သည်။
“သူက မြေကမ္ဘာ အင်မော်တယ်အဆင့် ကျင့်ကြံသူပဲ ... မြန်မြန် နောက်ဆုတ်ကြ ...” မကြာခင်တွင် မိုဝူကျီက လောက အင်မော်တယ် အဆင့်များနှင့် အဆင့်၈ သားရဲများကို အလွယ်တကူ သတ်နိုင်သည့်အရာမှာ လောက အင်မော်တယ်အဆင့်များ တတ်နိုင်သည့်အရာ မဟုတ်မှန်း သတိပြုမိ လိုက်ကြသည်။ ထို့ကြောင့် မိုဝူကျီမှာ မြေကမ္ဘာ အင်မော်တယ် ဖြစ်ရမည်ဟု ယူဆလိုက်ခြင်း ဖြစ်သည်။
လောက အင်မော်တယ်များနှင့် အဆင့်၈ သားရဲများမှာ မိုဝူကျီနား ပိုပိုများလာကြ၍ စုရွှမ်နှင့် ကျန်သော လောက အင်မော်တယ်များမှာ အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။ သူတို့လည်း သားရဲများကို အပြင်းအထန် ပြန်သတ်ဖြတ်နေကြသည်။ သို့သော်လည်း သူတို့က မည်မျှ သတ်စေကာမူ မိုဝူကျီ၏ နှုန်းကိုတော့ လိုက်မမီပေ။
တိုက်ပွဲမှာ ပို၍ ရှုပ်ထွေးလာလေသည်။ ယခင်ကတည်းမှ အုတ်အော်သောင်းတင်း ဖြစ်နေခဲ့သော်လည်း ယခုအခါ ပို၍ ကြမ်းတမ်းလာကြသည်။ ယခင် တိုက်ပွဲ တစ်လျှောက်တွင် ကူနို့ကြယ်တာရာမှ ချပ်ဝတ်တပ်က ရှေ့တက်လာပြီး သားရဲများမှာ ဘေးပတ်လည်မှ ဝိုင်းရံထားကာ သတ်ဖြတ်ပေးနေသည်။ ကူနို့ကြယ်တာရာ တပ်များနှင့် သားရဲများက အရေးသာ နေသောကြောင့် ကျန်းမိုနယ်မြေ ကျင့်ကြံသူများမှာ အသတ်ခံနေရသလို သူတို့ကိုယ် သူတို့လည်း ကာကွယ်နေကြရသည်။
ယခုအခါ မိုဝူကျီက ထိုတိုက်ပွဲမညီမျှမှုကို ချိုးဖောက်ပေးလိုက်၍ ကူနို့တပ်များမှာ စတင်၍ နောက်ဆုတ်လာကြပြီး ဦးနှောက်မရှိသည့် သားရဲများမှာမူ ပြေးလွှားနေဆဲ ဖြစ်သည်။
မိုဝူကျီက ဝံပုလွေဘုရင်တောင်ကို ဖြိုချရန် ရည်ရွယ် ထားသောကြောင့် ထိုသားရဲများကို အဘယ်ကြောင့် လွှတ်ပေးရမည်နည်း။ သူက လျှပ်စီးမိုးကို ထပ်ထုတ်လွှတ်လိုက်သည်။
“အဲဒီလူက ကြယ်တာရာသခင်မိုပဲ ... ငါတို့ ဝံပုလွေ ဘုရင်တောင်က သူ့ဆီ ရှုံးနိမ့်သွားပြီ။ နောက်ဆုတ်ကြစို့ ... ကြယ်တာရာသခင်မို ခင်ဗျားတို့တပ်လည်း နောက်ဆုတ်သင့်ပါတယ် ...” အဆင့်၈ ထိပ်တန်း နွားသိုး သားရဲက မိုဝူကျီ၏ သတ်ဖြတ်နိုင်စွမ်းကို သတိပြုမိကာ အော်ပြောလိုက်သည်။
မိုဝူကျီက ထိုကြောင်တောင်တောင် ဦးနှောက်မရှိသည့် သူကို မြင်သည့်အခါ အမှန်ပင် ဆွံ့အမိသွားသည်။
ဒီလိုစကားမျိုးကို ဒီလိုအချိန်မှာ ပြောထွက်တယ်လား ...
စုရွှမ်က မိုဝူကျီဘေး ရောက်လာလေ၏။ ထိုပြင်းထန်လှသည့် တိုက်ပွဲကြောင့် သူမ ဝိညာဉ်စွမ်းအားများ မငြိမ်မသက် ဖြစ်မှုနှင့်အတူ ဒဏ်ရာအနည်းငယ် ရထားပြီး သွင်ပြင်အရ ဆံပင်များမှာ ရှပ်ပွနေပေသည်။
“ကြယ်တာရာသခင်မို အရင်တုန်းက ဒီလိုအခြေအနေမျိုးနဲ့ ကြုံတွေ့တိုင်း ကြယ်တာရာ သခင်ချီထုံက ရပ်ဖို့ပဲ အမြဲရွေးချယ်ခဲ့တယ်။ အဲဒီနွားသိုးကြီးရဲ့ နာမည်က နျူမန်တဲ့ ... သူက ပေါင်လေ့လောက် အားမကောင်းပေမဲ့ ဝံပုလွေ ဘုရင်တောင်မှာတော့ အရက်စက်ဆုံးထဲက တစ်ယောက်ပဲ ... ပြီးတော့ အာကာသ ဝံပုလွေဘုရင်ကြီး ပြန်လာပြီလို့ ပြောခဲ့တာလည်း သူပဲ ...” သူမ အဝတ်အစားများကိုပင် သပ်သပ်ရပ်ရပ် မပြင်ရသေးခင် ခပ်မြန်မြန် ပြောပြလိုက်သည်။
အာကာသ ဝံပုလွေဘုရင်ကြီး ပြန်ရောက်လာသည်နှင့် သူတို့၏ အကြီးမားဆုံး စိုးရိမ်မှုမှာ ပြန်လည် တိုက်ခိုက်ရန်၊ မတိုက်ခိုက်ရန် မဟုတ်ဘဲ လောကခန်းမကို မည်သို့ ကာကွယ်မလဲ ဆိုသည့် ကိစ္စရပ်သာ ဖြစ်သည်။ သို့သော် မိုဝူကျီ ရောက်ရှိလာသည့် အတွက် သူမက မိုဝူကျီကို အခြေအနေများ အားလုံးကို တင်ပြလိုက်သည်။
“ကြယ်တာရာသခင်မို ... ဝံပုလွေဘုရင်ကြီး ပြန်ရောက်လာပြီးပြီ ဆိုတော့ တကယ်လို့ ခင်ဗျား ဆက်သတ်ဖြတ်နေမယ် ဆိုရင် ဝံပုလွေဘုရင်ကြီးနဲ့ ကမ္ဘာ့ရန် ဖြစ်သွားလိမ့်မယ်။ အဲဒီလိုသာ ဖြစ်လာရင် ဒီနေရာကို ဗလာနတ္ထိအဖြစ် ဖျက်ဆီး ပစ်လိုက်လိမ့်မယ် …” နျူမန်က ကျယ်ကျယ်လောင်လောင် အော်ပြောလိုက်သည်။
မိုဝူကျီက နျူမန်ကို စိတ်ထဲမထားဘဲ စုရွှမ်ဘက် လှည့်ကာ “ကျန်းမိုနယ်မြေက ကျင့်ကြံသူအားလုံးကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့ အဲဒီနယ်ခြား ကျူးကျော်သူတွေ အားလုံးကို သတ်ဖို့ စုစည်းထားလိုက် ... အစောပိုင်းက ပါသွားတဲ့ နယ်မြေတွေကိုလည်း ပြန်သိမ်းယူဖို့ အကောင်းဆုံး ကြိုးစား ...”
မိုဝူကျီက အာကာသ ဝံပုလွေဘုရင်ကြီးကို တစ်ခါမျှ မညွှန်းဆိုသည်ကို သတိထားမိပြီး စုရွှမ်က မိုဝူကျီက တစ်ယောက်မှ အသက်ရှင်ခွင့် မပေးဘဲ အားလုံးကို သတ်ခိုင်းမှန်း မည်သို့ နားမလည်ဘဲ နေမည်နည်း။
“ဟုတ်ကဲ့ ...” စုရွမ်က မိုဝူကျီကို ရှင်းပြပြီးနောက် နောက်ဆုံး ဆုံးဖြတ်ချက်ကို ကြယ်တာရာသခင် ကိုယ်တိုင် ချမှတ်ပေးမည် ဖြစ်သည်။ ကြယ်တာရာသခင်၏ ဆုံးဖြတ်ချက်မှာ သူမဆန္ဒနှင့် ကိုက်ညီစွာ နယ်ခြားအင်အားစု အားလုံးကို သုတ်သင်ပစ်ရန် ဖြစ်သည်။ ကြယ်တာရာ သခင်ချီထုံမှာ နယ်ခြား အင်အားစုများကို မျှတခြေကျန်ရှိဖို့ရာ အမြဲ ကြိုးစားခဲ့သော်လည်း ကူနို့ကြယ်တာရာတပ်မှ မြေကမ္ဘာ အင်မော်တယ်အဆင့် ကျင့်ကြံသူ၏ လုပ်ကြံမှုကို မခံခဲ့ရပေဘူးလား။ အကယ်၍ ကြယ်တာရာသခင်မို၏ သူရဲကောင်းဆန်ဆန် ပြတ်သားမှုများကြောင့်သာ မဟုတ်လျှင် ဤနေရာမှာ နယ်ခြားအင်အားစု၏ ပိုင်နက် ဖြစ်နေပေလိမ့်မည်။
အစပိုင်း တွေဝေနေကြသည့် တပ်များမှာ နယ်ခြားအင်အားစု သတ်ရန် အမိန့်ကြားပြီးသည်နှင့် စိတ်ဓာတ်များ ပြန်လည် တက်ကြွလာကြသည်။
ကျင့်ကြံသူတပ်များ စိတ်ဓာတ်ကျနေသည့် အကြောင်းအရင်းမှာ တိုက်ပွဲအတွင်း ရဲဘော်အချို့ သေဆုံးသွားမှုနှင့် အတူ မျှော်လင့်ချက် ပျောက်ဆုံးသွားမှုကြောင့် ဖြစ်သည်။ လတ်တလောတွင် အခြေအနေများက ပြောင်းပြန် လှန်လိုက်သလို ပြောင်းလဲသွားသည့် အပြင် သူတို့ခေါင်းဆောင်များက အင်အားအပြည့်ဖြင့် သတ်ရန် အမိန့်ပေးလာသည့် အခါ အဘယ်ကြောင့် တွေဝေ နေဦးမည်နည်း။
စိတ်တိုင်းကြိုက် သတ်ဖြတ်နိုင်မှုသည် အားလုံး သဘောကျ နှစ်သက်သည့်အရာ ဖြစ်ရာ ကျင့်ကြံသူတပ်မှ ကျင့်ကြံသူ နှစ်သန်းမှာ ရှေ့တက်လာပြီး ရန်သူများကို စတင် သတ်ဖြတ်ကြတော့သည်။
မိုဝူကျီကိုယ်တိုင် သားရဲအုပ်ရှေ့ ချီတက်လာရင်း သူ့လျှပ်စီးမိုးများမှာ နောက်တစ်ဖန် ဖုံးလွှမ်းသွားပြန်သည်။ ထိုစဉ် သူက သူ့အမိန့်များ ပေးထားပြီးပြီ ဖြစ်၍ ကျင့်ကြံသူတပ် ဘာလုပ်ရမှန်း လမ်းပျောက်နေမည်ကို မစိုးရိမ်ရတော့ပေ။ သူလည်း စိတ်တိုင်းကျ သတ်နိုင်လေပြီ။ ကျင့်ကြံသူတပ် အကူအညီဖြင့် သူက နယ်ခြားအင်အားစု သန်းပေါင်းများစွာကို အချိန်တိုလေးအတွင်း သတ်ဖြတ်နိုင်ခဲ့သည်။
“ငါတို့ ဝံပုလွေဘုရင်တောင်ရဲ့ အာကာသ ဝံပုလွေဘုရင်ကြီးနဲ့ ဆန့်ကျင်ရဲတယ်ပေါ့ ...” နျူမန်က မိုဝူကျီ တိုက်ခိုက်မှုများက အားလျော့သွားမည့်အစား ပိုမို ကျယ်ပြန့်လာသည်ကို သတိပြုမိလိုက်သည်။ ထို့အပြင် ကျန်းမိုနယ်မြေ၏ ကျင့်ကြံသူတပ်များက အားကုန်သုံး၍ သတ်ဖြတ်ရန် ချီတက်လာကြသည်။
လျှပ်စီးဓားတစ်လက်က သူ့ဆီ ရောက်လာ၍ နျူမန်မှာ အလျင်အမြန် ရှောင်ရှားလိုက်ရသည်။ သို့သော်လည်း လျှပ်စီးဓားကြောင့် သွေးတော့ ထွက်သွားသေး၏။
“အာကာသ ဝံပုလွေဘုရင်ကြီးက ဘယ်သူမလို့ ငါ့ကျန်းရှင်းမှာ လာပြဿနာ ရှာရဲတာလဲ …” မိုဝူကျီက တိုက်ခိုက်မှုကို မရပ်တန့်ပဲ ပြောဆိုနေရင်း ကောင်းကင်တစ်ခွင်အပြည့် လျှပ်စီးမိုးနှင့် လျှပ်စီးဓားများကို စတင် စုစည်းလိုက်သည်။
နောက်ထပ် လျှပ်စီးဓားတစ်လက် ဆင်းသက်လာသော်လည်း နျူမန်က ရှောင်ရှားနိုင်လိုက်သည်။ သို့သော် သူက လျှပ်စီးကွန်ရက်ကြား ပိတ်မိသွားလေသည်။ ထို့နောက် နောက်ထပ် လျှပ်စီးဓားက သူ့ခါးကို ထိုးဖောက် သွားသောကြောင့် နျူမန်က အသံနက်ကြီးနှင့် အော်ညည်းလိုက်ရသည်။ ထို့နောက် အရိပ်မည်းအဖြစ် ပြောင်းလဲသွားပြီး အာကာသထဲမှ ပျောက်ကွယ် သွားတော့သည်။
မိုဝူကျီက အာကာသ ဝံပုလွေဘုရင်ကြီးကို မကြောက်ပေ။ သူက မြေကမ္ဘာ အင်မော်တယ်ကိုပင် သတ်နိုင်ခဲ့ရာ ဤနေရာ၌ နေ၍ သေခြင်းတရားကို ဘာကြောင့် ထိုင်စောင့်နေရမည်နည်း။ ကူနို့ကြယ်တာတပ်နှင့် သားရဲများမှာ အရေအတွက်အားဖြင့် များပြားသော်လည်း သူတို့တွင် အဆင့်၉ သားရဲများ မရှိသလို မြေကမ္ဘာ အင်မော်တယ်အဆင့် ကျင့်ကြံသူလည်း မပါရှိချေ။
ထို့အပြင် အာကာသ ဝံပုလွေဘုရင်ကြီးမှာ ကြယ်တာရာ သခင်မိုနောက် လိုက်ရန် ထွက်သွားပြီးနောက် တစ်ခါမျှ ပြန်ရောက်မလာဘဲ အစအန ပျောက်သွားလေသည်။ မဟုတ်လျှင် ကန်ကြွယ်က သူ့အသက်ကို စတေး၍ ကျန်းရှင်းကို သွားရောက်စရာ မလိုအပ်ပေ။ သူပြောသည့် ဝံပုလွေဘုရင်ကြီး ပြန်လာကြောင့် သတင်းမှာ အလိမ်အညာသာ ဖြစ်၏။
ယခုအခါ အာကာသ ဝံပုလွေဘုရင်ကြီးက ပြန်ရောက်မလာဘဲ သူလိုက်ဖမ်းနေသည့် မိုဝူကျီက ဘာမှမဖြစ်သကဲ့သို့ ပြန်ရောက်လာကာ အားလုံးကို သတ်ဖြတ်နေလေ၏။ မိုဝူကျီက မြေကမ္ဘာ အင်မော်တယ်အဆင့် တက်လှမ်းထားဟန် ပေါ်သောကြောင့် နျူမန်အနေနှင့် ထွက်ပြေးဖို့ရာ မရွေးချယ်လျှင် အသက်ရှင်နေရတာ အတော်လေး ညည်းငွေ့နေ၍သာ ဖြစ်လိမ့်မည်။
နျူမန် ထွက်သွားသည်နှင့် အုတ်အော်သောင်းတင်း ဖြစ်နေသော သားရဲအုပ်ကြီးမှာလည်း ပို၍ ရုန်းရင်းဆန်ခတ် ဖြစ်လာပြီး ခြေဦးတည့်ရာ ကမူးရှူးထိုး သွားလာနေကြသည်။ ထိုစဉ် ကူနို့ကြယ်တာရာတပ်ပင် ထွက်ပြေးဖို့ရာ လမ်းကြောင်းရှာတွေ့ရန် ခက်ခဲကြောင်း သိကြ၏။
မိုဝူကျီ၏ လျှပ်စီးမိုးများက ပိုပိုများပြားလာပြီး ကူနို့တပ်နှင့် သားရဲများမှာ သူ့လျှပ်စီးမိုးအောက် အသက်ပျောက်ကုန်ကြသည်။ မိုဝူကျီကို အဝေးမှ ကြည့်နေသည့် စုရွှမ်က ကြောင်အကြည့်မိနေသည်။ ကြယ်တာရသခင်မှာ မြေကမ္ဘာ အင်မော်တယ်အဆင့် မရောက်သေးမှန်း သိသော်လည်း တိုက်ခိုက်မှုမှာ မြေကမ္ဘာ အင်မော်တယ်အဆင့် ကျင့်ကြံသူ တိုက်ခိုက်မှုထက် အားမနည်းချေ။ ကျူးချူက ကြယ်တာရာသခင်နှင့် ရင်ဆိုင်ရမှာ ကြောက်ရွံ့၍ ထွက်ပြေးသွားသည်မှာ အံ့သြစရာတော့ မရှိတော့ချေ။
သူမအတွက် တုန်လှုပ်စရာ အကောင်းဆုံးအရာမှာ ကြယ်တာရာသခင်၏ သဘာဝ စွမ်းအားများနှင့် စိတ်စွမ်းအားမှာ ဘယ်တော့မှ ကုန်ခန်းမသွားသည့် အလား သူ့လျှပ်စီးမိုးမှာ ယခုအချိန်အထိ လုံးဝ အားလျော့ မသွားသေးပေ။ ဤသည်မှာ တိုက်ပွဲ မဟုတ်တော့ပဲ တစ်ဖက်သတ် သတ်ဖြတ်နေခြင်းသာ ဖြစ်နေသည်။ တစ်ရက်တာ ကုန်ဆုံးသွားပြီးနောက် နေရာတစ်ခုလုံးလည်း ငြိမ်ကျသွားလေ၏။
မိုဝူကျီက သူ့သဘာဝစွမ်းအားများ အပြည့်အဝ ကုန်ခန်းနေပြီ ဖြစ်သောကြောင့် လျှပ်စီးမိုးများ ထုတ်လွှတ်မှုကို ရပ်တန့်လိုက်သည်။ အာကာသသားရဲ သန်းပေါင်းများစွာနှင့် သန်းချီနေသော ကူနို့တပ်မှာလည်း သူ့လျှပ်စီးမိုးနှင့် ကျင့်ကြံသူ တပ်လက်အောက်တွင် သေကျေကုန်ပြီ ဖြစ်၏။ ထွက်ပြေး သွားနိုင်ကြသူများမှာ ရောက်လာသည့် အရေအတွက် တစ်ဝက်ပင် မရှိချေ။
မိုဝူကျီက လောက အမှတ်အသားပြားကို ထုတ်ယူလိုက်ပြီး တစ်ချက် ကြည့်လိုက်ပြီးနောက် သက်ပြင်းအရှည်ကြီး ချလိုက်တော့သည်။
စာလုံးများမှာ ရှင်းလင်းနေပေသည်။ မိုဝူကျီ၊ ရမှတ် - ၉ ၉၉၉ ၉၉၉၊ အဆင့်တစ် ဟူ၍ ဖြစ်သည်။
သူက နောက်ဆုံးတွင် အဆင့်တစ် ဖြစ်လာခဲ့လေပြီ။ ယခင် သူ ကန်ကြွယ်၊ ဟူဗာနှင့် ပေါင်လေ့တို့ကို သတ်လိုက်စဉ်က သူ့ရမှတ်မှာ ငါးသန်းရှိသော်လည်း ဒုတိယနေရာသာ ရခဲ့လေသည်။ ထို့ကြောင့် ပြန့်ရွမ်းပိကို ကျော်ဖို့ရာ ဆယ်သန်းနီးပါးလောက် အမှတ်လိုခဲ့၍ ထိုသူမှာ မည်သို့ လူစားမျိုး ဖြစ်မည်နည်း။
သို့သော်လည်း သူ့တွင် ရှိနေသည်က ဆယ်သန်းဖြစ်ဖို့ရာ တစ်မှတ်သာ လိုတော့သည့်အတွက် တိုက်ဆိုင်သည်ဟု မယုံကြည်ပေ။ သူက တိုက်ဆိုင်မှာ မဟုတ်ဘဲ ကန့်သတ်ချက် ဖြစ်လိမ့်မည်မှန်းတော့ မှန်းဆမိရာ လောက အမှတ်အသားပြားတွင် စုဆောင်နိုင်သည့် အများဆုံးအမှတ်မှာ ၉ ၉၉၉ ၉၉၉ (ကိုးသန်း) ကျော် ဖြစ်ကြောင်း သိလိုက်သည်။
“ကြယ်တာရာ သခင်သာ ရောက်မလာရင် ကျုပ်တို့ ကျန်းရှင်းက ကျင့်ကြံသူတွေတော့ အားလုံး သုတ်သင်ခံရတော့မှာ ...” စုရွှမ်နှင့် စန်းချိုက်ဟယ်တို့က ရောက်လာကြသည်။ စန်းချိုက်ဟယ် ဒဏ်ရာမှာ စုရွှမ်ထက် အခြေအနေ ပိုဆိုးသည့်ဟန် ရှိသည်။ မိုဝူကျီသာ ယနေ့ ရောက်မလာပါက သူမအသက် ဆုံးရှုံးနိုင်ကြောင်း သိထား၍ အလွန် ကျေးဇူးတင်မိနေသည်။
မိုဝူကျီက ဘေးနားမှ လောက အင်မော်တယ်အဆင့် ကျင့်ကြံသူများကို ကြည့်လိုက်သည့်အခါ ကိုးဆယ် ရာခိုင်နှုန်းလောက်မှာ ကြယ်တာရာ ဘုရင်တောင်မှ ဖြစ်ကြပြီး ကျန်လူများမှာ တခြားဂိုဏ်းများမှ ဖြစ်ကြသည်။
“ကျုပ်တို့ ကျန်းရှင်း ကျင့်ကြံတပ်က ဒီတစ်ခါ ဘယ်လောက် ရှိလဲ” မိုဝူကျီက အရှုပ်များကို ရှင်းလင်းရေး လုပ်နေသည့် ကျင့်ကြံသူတပ်ကို တစ်ချက်ကြည့်ကာ ‘သူတို့သာ ဤကျင့်ကြံတပ် လူနှစ်သန်းကို မခေါ်ဆောင်နိုင်ခဲ့လျှင်’ ဆိုသည့် အကြောင်းကို တွေးမိ၍ စိတ်လေးလာမိသည်။
စုရွှမ်က မျက်နှာမှုန်မှိုင်းလာကာ “ကျင့်ကြံတပ် ဆယ်ခုလုံးတော့ ပါပေမဲ့ စုစုပေါင်း လေးသန်းကျော်ပဲ ခေါ်ထုတ်လာနိုင်တယ်။ အခု အသက်ရှင်ကျန်ရစ်တာ တစ်သန်း ကိုးသိန်းလောက် ဆိုတော့ တစ်ဝက်ကျော် ဆုံးရှုံးသွားတယ်။ ဒါက ကျမတို့အတွက် သမိုင်းတစ်လျှောက် အကြီးမားဆုံး ဆုံးရှုံးမှုကြီးပဲ ...”
မိုဝူကျီက သက်ပြင်းချကာ သူတို့ဆုံးရှုံးမှု ခံစားရမှန်း သိသော်လည်း ဤမျှအထိ အပြင်းအထန် ဆုံးရှုံးသွားမည်မှန်း မခန့်မှန်းထားမိပေ။ အကြောင်းမှာ အရေအတွက် လိုအပ်ချက်ကြောင့် မဟုတ်ချေ။ ကျင့်ကြံတပ်များ၏ အင်အားမှာ အရေအတွက်ဖြင့် ထည့်တွက်၍ မရပေ။
အဓိက အကြောင်းအရင်းမှာ ကျန်းမို နယ်မြေတပ်တွင် အဆင့်မြင့် ကျင့်ကြံသူ နည်းပါးလွန်း၍ ဖြစ်သည်။ စုရွှမ်က တပ်ခေါင်းဆောင် ဖြစ်သောကြောင့် သူမက ကိုယ်တိုင် ဝင်တိုက်မည့်အစား သူတို့၏ တိုက်ခိုက်မှု ပုံစံများနှင့် တိုက်ခိုက်မှုများကို ညွှန်ကြားပေးသင့်သည်။ ထိုအကြောင်းအရင်း မှာလည်း ဂိုဏ်းကြီးများက ပါဝင်ထောက်ပံ့ရန် ငြင်းဆိုကြသည့် အတွက် သူမက ရွေးချယ်စရာ မရှိဘဲ ကိုယ်တိုင် ဝင်တိုက်ရခြင်း ဖြစ်သည်။
“ကျမတို့တွေ ဆုံးရှုံးမှုများများ ကြုံရတဲ့ အကြောင်းအရင်းက ကျင့်ကြံသူတပ်မှာ ခေါင်းဆောင် လွတ်နေလို့ပဲ။ အဲဒီမှာ ရှိနေတဲ့ ကျင့်ကြံသူ တပ်တချို့ကို ရွမ်ယုသာ ထွက်ပြီး မဦးဆောင်ခဲ့ဘူးဆိုရင် ကျမတို့ ဆုံးရှုံးမှု ပိုကြီးမားလာနိုင်တယ် ...” စုရွှမ်က လေးလေးနက်နက် ပြောလိုက်သည်။
သူမက မိုဝူကျီကို သူတို့ဆုံးရှုံးမှု ကြီးမားရသည့် အဓိက အကြောင်းအရင်းမှာ တခြား ဂိုဏ်းများမှ အဆင့်မြင့် ကျင့်ကြံသူများ လာရောက်ရန် ငြင်းဆိုသည့် အတွက်ကြောင့် ဖြစ်ကြောင်း ပြောပြချင်နေသည်။ သို့သော်လည်း တခြားဂိုဏ်းအချို့မှ ဂိုဏ်းသားများ ရှိနေသည့်အတွက် ထိုသို့မျိုး မပြောချင်ပေ။
“လောက အင်မော်တယ်အဆင့်နဲ့ အထက် အားလုံးကို စုစည်းထားပြီးတော့ ဂိုဏ်းကြီးကို ကိုယ်စားပြုမဲ့ ဂိုဏ်းချုပ်တွေ၊ ကြယ်သုံးလုံး အထက်နဲ့ ခေါင်းဆောင်တွေကို လောကခန်းမမှာ ညီလာခံတက်ဖို့ ခေါ်လိုက် ... ရှုရွမ်ယုက အခုချိန်ကစပြီး အချိန်တစ်ခုအထိ ကြယ်တာရာ တိုက်ပွဲအတွက် ကျင့်ကြံသူတပ်ကို တာဝန်ယူရမယ် ...” မိုဝူကျီက ပြတ်ပြတ်သားသား ပြောလိုက်သည်။
***