← Chapters

ကြယ်တာရာသခင်မို၏ စည်းမျည်းအသစ် လောကနန်းတော်၊ လောကခန်းမရှိ ကြယ်တာရာ ဘုရင်တောင်၏ ယာယီစခန်း

Vol. 29 Ch. 392

ကြယ်တာရာသခင်မို၏ စည်းမျည်းအသစ် လောကနန်းတော်၊ လောကခန်းမရှိ ကြယ်တာရာ ဘုရင်တောင်၏ ယာယီစခန်း

Vol. 29 Ch. 392

လတ်တလောတွင် လောကနန်းတော်တွင် နေရာလွတ် မရှိတော့ချေ။ ကြယ်တာရာ သခင်ချီထုံက လခြမ်းကွေး အင်မော်တယ်နန်းတော် ပေါ်လာစဉ်က ခေါ်ယူခဲ့သည့် ညီလာခံ နောက်ပိုင်းတွင် လောကခန်းမ၌ လူစည်ကားလာခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်၏။

မိုဝူကျီက လောကနန်းတော် အတွင်း အဓိက ပင်မနေရာတွင် ထိုင်နေပြီး စုရွှမ်နှင့် ယန်ကျဲတို့မှာ သူ့ဘေးတွင် ထိုင်နေကြသည်။ ချီဟော်အာနှင့် ချန်စယ်တို့က သူ့နောက်တွင် ရိုရိုကျိုးကျိုး မတ်တတ် ရပ်နေကြသည်။

မိုဝူကျီ စကားမပြောခင် လောကနန်းတော်မှာ အလွန် တိတ်ဆိတ် နေလေ၏။ အားလုံးက သူတို့ ကြယ်တာရာ သခင်မှာ လျှပ်စီးတိုက်ကွက်ကို အသုံးပြု၍ သားရဲသန်းပေါင်း မြောက်မြားစွာကို သတ်ဖြတ်ခဲ့၍သာ  သူတို့ အရေးသာလာမှန်း ကောင်းကောင်း သိကြသည်။

ကြယ်တာရာ သခင်၏ စွမ်းဆောင်ရည်ကို လက်ခံ မယုံကြည်နိုင်သော ဂိုဏ်းများက ရှိနေသေးလျှင်ပင် မည်သူကမျှ ထိုသို့ တွေးထင်ရဲ ကြတော့မည် မဟုတ်ပေ။

မိုဝူကျီက လောက နန်းတော်ကို ဝေ့ကြည့်လိုက်ပြီး ပျက်ကွက်သူ မရှိသလောက် ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ နယ်ခြား အင်အားစုများ ကျူးကျော်လာချိန်တွင် ဂိုဏ်းချုပ်များ၊ အဆင့်မြင့် ကျင့်ကြံသူများ ရှိမနေသော်လည်း နယ်ခြားအင်အားစု နောက်ဆုတ်သွားသည့် အခါမှ အားလုံးက အလျင်အမြန် ရောက်ရှိလာကြသည်။

သူက လောကခန်းမ တစ်ခုလုံးကို စစ်ဆေး ကြည့်ပြီးနောက် မိုဝူကျီက စိတ်အတွင်းမှ အေးစက်စွာ ရယ်မောလိုက်သည်။ သူက ကျန်းရှင်းကိစ္စများကို သိပ်အရေးမစိုက်ဘဲ အမြောက်တစ်ခုဖြင့် လောကခန်းမကို ပြန်လည် သိမ်းယူခဲ့သောကြောင့် သူ့ကို ကြယ်တာရာသခင် အဖြစ် မသတ်မှတ်သည့် လူများ ကျန်ရှိနေကြောင်း သဘောပေါက်သည်။

သူ့ကို ကြယ်တာရာ သခင်ချီထုံလောက်ပင် လေးစားမှုမရှိသေးပဲ   ဒုတိယချီထုံဟု သဘောထားနေကြသူ တချို့လည်း ရှိပေသည်။ ချီထုံ၏ အဆင့်အတန်းကြောင့် သူလိုအပ်သည့်အခါ အထောက်အပံ့များ ရရှိခဲ့သော်လည်း မိုဝူကျီ ကျန်းရှင်းကို အုပ်ချုပ်ဖို့ရာ မတွေးထားသည့် အတွက် ဂိုဏ်းအများစုက သူ့ကို သိပ်မတွေးထားကြပေ။

“အားလုံးကို ဒီနေရာခေါ်ထားတဲ့ အကြောင်းအရင်းကို သိမယ်လို့ ယုံကြည်တယ်။ မကြာသေးခင်က ကူနို့ကြယ်တာရာတပ်နဲ့ ဝံပုလွေ ဘုရင်တောင်က  သားရဲတွေ ပေါင်းပြီးတော့  လောကခန်းမကို လာတိုက်ခိုက်ခဲ့ကြတယ်။ ကျုပ်တို့ ကျန်းရှင်း ကျင့်ကြံသူတပ်က နယ်ခြားအင်အားစုကို မောင်းထုတ် နိုင်ခဲ့ပေမဲ့လည်း ဆုံးရှုံးမှု အတော် ကြုံတွေ့ခဲ့ရတယ် ...

ကျင့်ကြံသူတပ် အရေအတွက်ကလည်း လေးသန်းကျော်ကနေ နှစ်သန်းအောက် ဖြစ်လာတယ်။ ကြယ်တာရာ ဘုရင်တောင်ရဲ့ ကြယ်တာရာ သခင်အနေနဲ့ ဒီဆုံးရှုံးမှုတွေ အတွက် တာဝန်ရှိတယ်လို့ ခံစားမိတယ် ...”

မိုဝူကျီ လေသံမှာ ခက်ထန်နေသည့် အတွက် ဂိုဏ်းချုပ်များက မိုဝူကျီ စကားနားထောင်ရင်း ခေါင်းငုံ့ထားကြသည်။ သူတို့က မိုဝူကျီစကား နောက်ကွယ်မှ အဓိပ္ပာယ်မှာ မကူညီသည့် အတွက် သူတို့ကို အပြစ်တင်နေခြင်း  ဖြစ်မှန်း သတိပြုမိကြသည်။ သို့သော်လည်း ထိုသို့သောအရာမှာ ပုံမှန်ကိစ္စသာ ဖြစ်ပေသည်။ ချီထုံ ကြယ်တာရာသခင် ဖြစ်စဉ်က တိုက်ပွဲရှိတိုင်း မကူညီသည့် အတွက် အပြစ်တင်သော်လည်း အရေးယူခြင်းမရှိဘဲ ပြီးဆုံးသွားတတ်သည်။

အကယ်၍ သူတို့က အချိန်တိုင်း ကူညီနေပါက တိုက်ပွဲအတွင်း ဂိုဏ်းတစ်ခုစီ အတွက်  ကုန်ခန်းသွားသည့် အထောက်အပံ့များကို မည်သူက ပြန်လည် ဖြည့်တင်းပေးမည်နည်း။ မိုဝူကျီက တစ်ယောက်မှ မပြောသည်ကို မြင်သည့်အခါ စိတ်ထဲမှာ ပို၍ ဒေါသထွက်လာသည်။ သူက ကျန်းရှင်း၏ ဦးဆောင်သူဖြစ်ပြီး သူ့အမှားကို ကိုယ်တိုင် ဝန်ခံပြီးနောက် အောက်လက်ငယ်သား များလည်း ကိုယ်စီ တာဝန်ခံမှု မရှိသင့်ပေဘူးလား။

ဒီအုပ်စုက သူ့ကို လွယ်လွယ်လေး အနိုင်ကျင့်လို့ ရတယ် ဆိုပြီး  တွေးထားကြတာပဲ ...

အသက်ပြင်းပြင်း ရှူပြီးနောက် မိုဝူကျီက နောက်တစ်ဖန် ပြောလိုက်သည်

“ဒီတစ်ကြိမ်မှာ ကျုပ်တို့ ကြယ်တာရာ ဘုရင်တောင်၊ အချက်အချာဂိုဏ်း၊ အံ့ဖွယ်ဓားငွေ့ဂိုဏ်းနဲ့   ကျင့်ကြံသူတပ်က နယ်ခြား အင်အားစုကို မောင်းထုတ်နိုင်ခဲ့တယ် ဆိုပေမဲ့  သူတို့တွေ နောက်တစ်ခေါက် ပြန်မလာဘူးလို့ ဘယ်သူက အာမခံမှာလဲ ...

ပြီးတော့ ကျိုးပျက်ဂိုဏ်းချုပ်နဲ့ အာကာသ ဝံပုလွေဘုရင်ကြီး ကိစ္စလည်း ရှိသေးတယ်ဆိုတော့ လောကခန်းမရဲ့ စည်းမျည်းတွေကို စူးရှလေမြို့အတိုင်း ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်လိုက်တယ် ...”

တချို့ ဉာဏ်ကောင်းသည့် ဂိုဏ်းများက တစ်ခုခု လွဲမှားနေကြောင်း သတိထား မိနေလေပြီ။ အချက်အချာဂိုဏ်းနှင့် အံ့ဖွယ်ဓားငွေ့ ဂိုဏ်းတို့မှာ တိုက်ပွဲကို ကူညီပေးခဲ့သော ဂိုဏ်းဖြစ်သော်လည်း ကြယ်တာရာသခင်က အားလုံးရှေ့တွင် ထိုဂိုဏ်းနှစ်ခု နာမည်ကို ညွှန်းဆိုလိုက်ခြင်းက ကျန်ဂိုဏ်းများကို သိသိသာသာ စိတ်အနှောင့်အယှက် ပေးလိုက်ခြင်း ဖြစ်သည်။

မိုဝူကျီက သူစကားပြောနေရင်း ထိုဂိုဏ်းများကို တွေးပင် မတွေးနေပဲ ဆက်ပြောလိုက်သည်။

“နယ်ခြား အင်အားစုတွေ ကျန်းရှင်းကို ကျူးကျော်လာတာ ကာကွယ်ဖို့အတွက် ကျုပ်က လောကတိုင်မှာ အစီအရင် ဂိတ်တံခါးတွေ ပြန်ပြင်မယ်။ လောကတိုင်မှာ အာကာသထဲ သွားဖို့  စုစုပေါင်း အစီအရင်ဂိတ်တံခါး ကိုးပေါက် ရှိပြီးတော့ ခုနစ်ပေါက်ကို ကျင့်ကြံသူတပ် အတွက်  ကြယ်တာရာ တိုက်ပွဲအတွင်း သွားလာဖို့ အသုံးပြုနိုင်တယ်။ အေးချမ်းနေတဲ့ အချိန်မှာတော့ ကျန်နှစ်ခုက ဝင်ဖို့ တစ်ပေါက်၊ ထွက်ဖို့ တစ်ပေါက် အသုံးပြုနိုင်မယ် ...”

အစီအရင်ဂိတ်တံခါး မည်မျှဖွင့်ပေးသည် ဖြစ်စေကာမူ သူတို့အတွက် ဆုံးရှုံးမှု ဘာမျှ မရှိသောကြောင့် အားလုံးက တိတ်ဆိတ်နေကြသည်။

“နောင်ကျ ကြယ်တာရာ တိုက်ပွဲဆီ ဝင်ချင်၊ ထွက်ချင်တဲ့ ကျင့်ကြံသူတိုင်း သူတို့ကိုယ်ပိုင် လောက အမှတ်အသားပြား အသစ်ကို သုံးရမယ်။ အခု လတ်တလော တိုက်ပွဲမှာ ပါဝင်ပေးကြတဲ့ သူတွေကို အမှတ်အသားပြား အသစ် ထုတ်ပေးပြီးတော့ ကြယ်တာရာ တိုက်ပွဲကို သူတို့ အလိုရှိတဲ့ အချိန်တိုင်း စိတ်တိုင်းကျ ဝင်နိုင်၊ ထွက်နိုင်မယ် ...”

ထိုစကားက အားလုံးကို နားမလည် ဖြစ်သွားစေသည်။ အစပိုင်းတွင် ကြယ်တာရာ တိုက်ပွဲမှာ အားလုံး စိတ်တိုင်းကျ ဝင်နိုင်ထွက်နိုင်ကြသည်။ သူတို့က ထိုသို့ မလုပ်ခင် လောက အမှတ်အသားပြား ပြရန်သာ လိုအပ်လေသည်။ ထိုဂိုဏ်းများနှင့် မျိုးနွယ်စုများက သူတို့အလိုရှိတိုင်း အမှတ်အသားပြား ရနိုင်သည့်အတွက် မည်သူက အသစ်လဲလှယ်ချက် မည်နည်း။ ကြယ်တာရာ သခင်၏ စကားများအရ သူတို့က လောက အမှတ်အသားပြား ပြုလုပ်ရန် အခကြေးငွေ ပေးဖို့ရာ လိုအပ်နေဟန် ပေါ်သည်။

မိုဝူကျီက တခြားဂိုဏ်းများမှ အတွေးများကို စိတ်ထဲမထားဘဲ ဆက်ပြောလိုက်သည်

“ကြယ်တာရာ ဘုရင်တောင်၊ အချက်အချာဂိုဏ်းနဲ့ အံ့ဖွယ် ဓားငွေ့ဂိုဏ်းတို့က လတ်တလော တိုက်ပွဲကို ပါဝင်ပေးခဲ့တဲ့ အတွက် အချက်အချာဂိုဏ်းနဲ့ အံ့ဖွယ်ဓားငွေ့ ဂိုဏ်းတွေဆီက ဂိုဏ်းသား အားလုံးအတွက် သူတို့ရဲ့ လောက အမှတ်အသားပြား အသစ်ကို လာထုတ်ယူ နိုင်ပြီးတော့ ကြယ်တာရာ တိုက်ပွဲကို အပိုအခကြေးငွေ မပေးဘဲ စိတ်တိုင်းကျ ဝင်ထွက်ခွင့် ရှိတယ် ...”

“ကြယ်တာရာသခင် ... အဲဒါဆို တခြားဂိုဏ်းတွေ အတွက်ရော ...” လူလတ်အမျိုးသား တစ်ယောက်က လက်နှစ်ဖက် ဆုပ်လျက် ဝင်မေးလိုက်သည်။

မိုဝူကျီ၏ ဘေးမှ ချန်စယ်က ဒေါသတကြီး ထအော်ကာ  “ဘယ်သူလဲ ... ကြယ်တာရာ သခင်ရဲ့ ခွင့်ပြုချက် မရှိဘဲနဲ့ မေးခွန်း ထုတ်ရဲတယ်လား။ ပြီးတော့ ကိုယ့်ဂိုဏ်းကိုတောင် မဖော်ပြဘူး။ အခု စူးရှလေမြို့ ကနေ ထွက်သွားစမ်း  ...”

အားလုံးက သူ့အမိန့်ကို တုန်လှုပ် အံ့သြသွားကြသည်။

စူးရှလေမြို့ကနေ ထွက်သွားခိုင်းတာလား ... လောကနန်းတော်တင် မဟုတ်ဘူးလား ...

လောကနန်းတော်မှ  ထွက်သွားခိုင်းရုံ သာမက စူးရှလေမြို့မှပါ ထွက်သွား ခိုင်းနေသည်။ ထိုအရာမှာ ကြယ်တာရာ သခင်၏ ခွင့်ပြုချက်မရှိဘဲ မေးခွန်းထုတ်မိ၍ အတွက်လား ...

အတော်လေး မရက်စက်လွန်း ပေဘူးလား ...

မေးခွန်း ထုတ်ခံလိုက်ရသည့် လူလတ် အမျိုးအသားမှာ ကြောင်အသွားသည်။ သူက ဂိုဏ်းချုပ်မှ အကြီးအကဲ ဖြစ်ပြီး လောက အင်မော်တယ် အဆင့်၁ ကျင့်ကြံသူ ဖြစ်ပေသည်။

ထိုအကြီးအကဲဘေးတွင် ရပ်နေသူ နောက်ထပ် အမျိုးသား တစ်ဦးက မတ်တတ်ရပ်က လက်နှစ်ဖက် ယှက်လျက်  “ရိုးရှင်းသွေးစက် ဂိုဏ်းချုပ် လွန်ဟန်က ပြောစရာ ရှိပါတယ် ...”

လွန်ဟန်၏ တောင်းဆိုချက်ကိုပင် ပြန်ပြောဖို့ရာ မစောင့်နေပဲ ချီဟော်အာက ရှေ့တက်လာပြီး  လက်ကို မြှောက်လိုက်သည့်အခါ လွန်ဟန်ဘေးမှ လူလတ် အမျိုးသားကြီးမှာ လောကခန်းမမှ လွှင့်ထွက် သွားတော့သည်။ ထို့နောက် ချီဟော်အာက အေးစက်စွာ ပြောလိုက်သည်

“ဒီလူကို စူးရှလေမြို့ အပြင်ဘက်ထိ ပို့လိုက် ... ပြီးသွားရင် အဲဒီလူရဲ့ စူးရှလေမြို့နဲ့ လောကခန်းမ ဝင်ခွင့်ကို ဖျက်လိုက် ...”

“နာခံလျက်ပါ” လောကနန်းတော် အပြင်ဘက်မှ  တုံ့ပြန်မှုတစ်ခုနှင့် အတူ ခြေသံများကို ကြားလိုက်ရသည်။

တချို့ဂိုဏ်းချုပ်များ၏ စိတ်နှလုံးမှာ အေးခဲလာကြသည်။ အပြင်မောင်းထုတ် ခံလိုက်ရသည့်သူကို အများစုက မှတ်မိကြလေသည်။ သူက ရိုးရှင်း သွေးစက်ဂိုဏ်းမှ လောက အင်မော်တယ် အဆင့်၁ ဖြစ်သည့်  အကြီးအကဲ စစ်ကျင်း ဖြစ်ပေသည်။ သူတို့က လောကအင်မော်တယ် အဆင့်၁ ကျင့်ကြံသူကို ထိုသို့ မောင်းထုတ်ပစ် လိမ့်မည်ဟု ထင်မထားကြပေ။ အရေးကြီးဆုံးမှာ စစ်ကျင်းက နောင်အခါ၌ လောကခန်းမကို ဝင်ခွင့်မရှိတော့ချေ။

အကယ်၍ လောကခန်းမ ဝင်ခွင့် ဆုံးရှံးသွားပါက သူ့အတွက် ကြယ်တာရာတိုက်ပွဲ ဝင်ခွင့်လည်း ဆုံးရှုံးသွားခြင်းသာ ဖြစ်၏။ ကြယ်တာရာတိုက်ပွဲ ဝင်ခွင့်သာ ဆုံးရှုံးသွားလျှင် စစ်ကျင်းအတွက် လက်ရှိ ကျင့်ကြံဆင့်မှာပဲ သောင်တင်နေတော့မည် ဖြစ်၏။ ကျန်းရှင်းတွင် အရင်းအမြစ် ကန့်သတ်ချက် ရှိ၍ သူ့အတွက် ကောင်းလာမည် မဟုတ်ပေ။ ထို့အပြင် ကျန်းမိုနယ်မြေရှိ ထိပ်သီးလေလံပွဲများမှာ လောကခန်းမတွင်သာ ကျင်းပလေ့ရှိကြသည်။ စိတ်စွမ်းအင် ကျောက်တုံးများ ရှိနေလျှင်ပင် ဝယ်ယူနိုင်မည် မဟုတ်ချေ။

စစ်ကျင်းကို မောင်းထုတ်ပြီးသည့် နောက်တွင် မိုဝူကျီက အသာအယာ ပြောလိုက်သည်

“ချန်စယ် ... သူတို့ပြောနေတုန်း ကြားဖြတ်မပြောနဲ့လေ။ ငါတို့တွေ အားလုံးကို လွတ်လွတ်လပ်လပ် ပြောဆိုခွင့် ပေးထားသင့်တယ် မလား ...”

“ဟုတ်ကဲ့ပါ ...  ကြယ်တာရာသခင် ...” ချန်စယ်က ဦးညွှတ်၍ ဖြေလိုက်သည်။

အားလုံးက ကြယ်တာရာ သခင်မှာ စစ်ကျင်းကို ကျန်လူများကို သတိပေးသည့် အနေဖြင့် အပြစ်ပေးလိုက်မှန်း သိကြသည်။ အစပိုင်း အာဏာပြသမှုတွင် သူက အသေးအဖွဲ့ လာစမ်း၍ ရသည့်သူ မဟုတ်မှန်း သိသာသွားစေသည်။ သူတို့  တိုက်ပွဲတွင် မပါဝင်မိခြင်းက ဤကြယ်တာရာ သခင်လေးကို ဒေါသထွက်သွားစေဟန် ပေါ်သည်။ သူ၏ ရက်ရက်စက်စက် နည်းလမ်းများကို ပြန်တွေးမိပြီး အများစုမှာ စိတ်မသက်မသာ ဖြစ်လာကြတော့သည်။

အစပိုင်း  လွန်ဟန် မတ်တတ်ရပ်လိုက်ခြင်းမှာ သူက အကြီးအကဲ စစ်ကျင်းအတွက် တောင်းဆိုပေးလို၍ ဖြစ်သည်။ သို့သော် ယခုအခါ အကြီးအကဲ စစ်ကျင်းမှာ စူးရှလေမြို့ အပြင်ဘက်ထိ မောင်းထုတ် ခံလိုက်ရသည့် အတွက် လွန်ဟန်က တံတွေးကိုသာ မျိုချလိုက်ပြီးတော့ တခြားအရာ မေးလိုက်တော့သည်။

“ကြယ်တာရာသခင် ... အဲဒါဆို ကျုပ်တို ကျန်တဲ့ ဂိုဏ်းတွေအနေနဲ့ ကြယ်တာရာ တိုက်ပွဲကို ဘယ်လိုများ ဝင်နိုင်မလဲ ...”

ထိုအရာမှာ သူ့ရိုးရှင်းသွေးစက်ဂိုဏ်း တစ်ခုတည်း သိချင်နေသည့် အရာ မဟုတ်ပေ။ အားလုံးက သိချင်နေကြပြီး အဆင့်တက်လိုသည့် ဂိုဏ်းများအတွက် ကြယ်တာရာ တိုက်ပွဲကို စိတ်တိုင်းကျ ဝင်နိုင်ရန် လိုအပ်ပေသည်။ မဟုတ်လျှင် ဂိုဏ်းများမှာ အစအနမရှိ ပျောက်ကွယ်သွားပြီး ကျန်းမိုနယ်မြေ၏ သမိုင်းကြောင်း၏ အစိတ်အပိုင်း တစ်ခုအနေနှင့်သာ အဆုံးသတ်သွားလိမ့်မည်။

လွန်ဟန်က အားလုံး သိချင်နေသည့် ကိစ္စကို မေးလိုက်သောကြောင့် သူ့စကားအဆုံးတွင် အားလုံးက မိုဝူကျီကို ကြည့်လိုက်ကြသည်။

မိုဝူကျီက ခေါင်းညိတ်ပြကာ …

“နောက်ထပ် ပြောရမဲ့ ကိစ္စတစ်ခု ရှိသေးတယ်။ ကျန်ရှိနေတဲ့ အားလုံးလည်း ကြယ်တာရာ တိုက်ပွဲကို ဝင်ဖို့ အရည်အချင်း ပြည့်မီပါတယ်။ ဒါပေမဲ့ ကြယ်တာရာ ဘုရင်တောင်၊ အချက်အချာဂိုဏ်းနဲ့ အံ့ဖွယ်ဓားငွေ့ဂိုဏ်းဝင်  ဂိုဏ်းသား   တစ်ယောက်ယောက်က မင်းတို့တွေအတွက် လောက အမှတ်အသားပြား အသစ်လုပ်ပေးဖို့  ထောက်ခံပေးရမယ်။

ပြီးတော့ အခကြေးငွေက ကြယ်တာရာ တိုက်ပွဲမှာ တစ်လထက် ပိုနေမိတဲ့  အချိန်နဲ့ ပြန်တွက်ချက်မယ်။ အခကြေးငွေ တွက်ချက်ပြီးတဲ့ နောက်မှာ အထဲမှာ တစ်လပဲ ရှိသေးတယ် ဆိုရင်တော့ အခကြေးငွေကို ဆက်စုထားမယ်”

“အဲဒါ မတရားဘူး” ခန္ဓာကိုယ် တောင့်တောင့်နှင့် အမျိုးသားက ဝိညာဉ်စွမ်းအားများ ထုတ်လွှင့်ရင်း ထရပ်လိုက်သည်။ မိုဝူကျီက ထိုလူမှာ အနည်းဆုံး လောကအင်မော်တယ် အဆင့်၅ ဖြစ်ကြောင်း သိလိုက်သည်။

သူက မိုဝူကျီ အကြည့်ကို သတိပြုမိသောအခါ ထိုလူမှာ ရုတ်တရက် တုန်သွားပြီး လက်နှစ်ဖက် ယှက်လျက် အရိုအသေပေးကာ  စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ရသည်

“တာ့လောဂိုဏ်းချုပ် ယိုကျောတောင်က ကြယ်တာရာသခင်ကို နှုတ်ခွန်းဆက်ပါတယ်။ ကြယ်တာရာသခင်ရဲ့ စည်းမျည်းအသစ်က နည်းနည်းများ မတရားဘူးလားလို့ပါ ...  ကျုပ်တို့သာ ဒီစည်းမျည်းနဲ့ ဆက်သွားရင် ကျန်းမိုနယ်မြေအတွင်း အတွင်းရေး ပဋိပက္ခတွေ ဖြစ်လာနိုင်ပါတယ်။ ပြီးတော့  ဂိုဏ်းတော်တော်များများ ကလည်း သဘောတွေ့မှာ မဟုတ်ပါဘူး ... ကျုပ်တို့ ကျန်းရှင်းက ပြဿနာအများကြီး သယ်ပိုးထားရတာ တကယ်လို့ အတွင်းရေး ပဋိပက္ခတွေသာ ဖြစ်လာရင် ကျုပ်တို့တွေ မကြာခင် ပြိုလဲသွားမှာကို စိုးရိမ်မိလို့ပါ ...”

မိုဝူကျီက ခေါင်းကို ညိတ်လိုက်ပြီး   “ဂိုဏ်းချုပ်ယိုရဲ့ စကားတွေက ကျုပ်ကို အသိဉာဏ်ပွင့်စေတာပဲ။ ခန်းမသခင်လော့ ရှိလား ...”

သူ့နောက်တွင် လှံတစ်ချောင်း သယ်ဆောင်ထားသည့် ရွှေရောင်ဆံပင်နှင့် လူငယ်လေးက ချက်ချင်း ထရပ်ကာ …

“လော့ယွီချန် ရှိပါတယ် ... ကြယ်တာရာသခင် အမိန့်ကို ထမ်းဆောင်ဖို့ အသင့်ပါ ...”

ကြယ်တာရာ ဘုရင်တောင်တွင် ရှိနေခဲ့သည့် တစ်လျှောက်တွင်း လော့ယွီချန်က ထိုမျှ မပျော်ရွှင်ဖူးပေ။ ဤကြယ်တာရာသခင်မှာ တည့်တိုးဆန်လှပြီး ကြောက်ရွံ့စွာ ပုန်းအောင်နေမည့် အစား တိုက်ဖို့ရာသာ ဆန္ဒရှိသူ ဖြစ်သည်။ ယခင်ကြယ်တာရာ သခင်ချီထုံလက်ထက်မှ အချုပ်အနှောင်များ၊ စိတ်ဓာတ်ကျမှုများ အားလုံးမှာ အစအနမရှိ ပျောက်ကွယ်သွားပြီ ဖြစ်၏။ သူက မိုဝူကျီ လက်အောက် တာဝန်ထမ်းဆောင် ရသည်မှာ ကျင့်ကြံဆင့် နောက်အဆင့် တက်သွားသကဲ့သို့ ပျော်ရွှင်မိလေသည်။

“မင်းက ကျင့်ကြံသူ ငါးသိန်းကို ခေါ်သွားပြီး စူးရှလေမြို့ကို စောင့်ကြပ်ထားပြီးတော့  ဂိုဏ်းတစ်ဂိုဏ်းကများ ကျန်းရှင်းမှာ ရှုပ်ဖို့ ကြိုးစားရင် အညှာအတာမရှိဘဲ  ချက်ချင်း ရှင်းထုတ်လိုက်။ ပြီးတော့ အချက်အချာဂိုဏ်းနဲ့ အံ့ဖွယ် ဓားငွေ့ဂိုဏ်းတို့က ဒီတိုက်ပွဲမှာ အများကြီး စွမ်းဆောင် ထားနိုင်တယ် ဆိုတော့ တခြားဂိုဏ်း တစ်ခုခုက နောက်ကွယ်ကနေ မကောင်းကြံရင်လည်း မေးခွန်းမထုတ်ဘဲ ချက်ချင်း သုတ်သင်ပစ်လိုက် ...” မိုဝူကျီက တည်ကြည်စွာ ပြောလိုက်သည်။

“နာခံလျက်ပါ” လော့ယွီချန်က ဘဝင်ခိုက်စွာ ဖြေလိုက်သည်။

အားလုံး၏ စိတ်နှလုံးမှာ အေးစက်နေပြီး သူက ဂိုဏ်းများကို ရှင်းထုတ်ရန် အရှုပ်အထွေး ပဋိပက္ခများကို စောင့်ဆိုင်းနေသည့်ဟန် ပေါ်နေသည်။ အကယ်၍ သူတို့ ကြယ်တာရာ တိုက်ပွဲဆီ ဝင်လို့မရပါက သူတို့သည် ကျင့်ကြံခြင်း အတွက် အရင်းအမြစ်၊ အထောက်အပံ့များ စုဆောင်းနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဂိုဏ်းများကြား အတွင်းရေး ပဋိပက္ခ မဖြစ်လာဖို့က မဖြစ်နိုင်လောက်ချေ။

ကြယ်တာရာ သခင်၏ ကာကွယ်မှုအောက်တွင် အချက်အချာ ဂိုဏ်းနဲ့ အံ့ဖွယ် ဓားငွေ့ဂိုဏ်းတို့မှာ အမြန်နှုန်းဖြင့် ကြီးထွားလာပေလိမ့်မည်။ နောက်ပိုင်းတွင် ကျန်းမိုနယ်မြေ၏ ထိပ်သီးဂိုဏ်းနှစ်ခု ဖြစ်လာနိုင်ပေသည်။ ဤကြယ်တာရာ သခင်မိုက အချက်အချာဂိုဏ်းနဲ့ အံ့ဖွယ် ဓားငွေ့ဂိုဏ်းများကို ကျန်ဂိုဏ်းများကို နှိပ်ကွက်ဖို့ရာ အတွက်  ထောက်ပံ့ပေးဖို့ရာ ကြိုးစားနေခြင်း ဖြစ်သည်။

“ကြယ်တာရာ သခင်မို … ဒီနေရာမှာ ရှိတဲ့ အားလုံးက ကျန်းမို နယ်မြေသားတွေ ချည်းပါပဲ။ ဘာလို့ ကျုပ်တို့ကို ကွဲကွဲပြားပြား ဆက်ဆံရတာလဲ” ယိုကျောတောင်က ဒေါသတရားကို ထိန်းချုပ်၍ မေးလိုက်သည်။

***

All Chapters