စစ်အုပ်ချုပ်သူနှင့် တိုက်ပွဲရူး အပြိုင်
Vol. 34 Ch. 471
လီကျွင်းက အာကာပြင်ကို ဖွင့်ကာ အလယ်ပိုင်းကုန်းမြေရှိ တခြားနယ်မြေဆီ ကူးသန်းသွားလိုက်သည်။ သူ့အမူအရာက လေးနက်နေပြီး ပြင်းထန်သော တိုက်ပွဲအငွေ့အသက်တို့ ရှိနေသည်။
မဟာဝူတိုင်းပြည်၊ တော်ဝင်နန်းတော်
“ အိမ်ရှေ့စံ အရေးကြီးတဲ့ သတင်းရှိပါတယ်” အနက်ရောင် ဝတ်ထားသည့် အစေခံတစ်ဦးက ရွှေရောင်ပလ္လင်ပေါ်တွင် ထိုင်နေသည့် လူငယ်နားတွင် ဒူးထောက်လိုက်သည်။
“ ဒီတစ်ခါ ဘာကိစ္စလဲ” စွင်းကျောင်းလုံက မေးလိုက်သည်။
“ အရှင့်ကို နောက်တစ်ယောက်က လာပြီးတော့ ထပ်စိန်ခေါ်ပါတယ်”
စွင်းကျောင်းလုံက မျက်လုံးဖွင့်ကာ စိတ်တိုသည့် အရိပ်အယောင်ဖြင့် ကြည့်လိုက်သည်။ ယခင်နှစ်ထောင်ပိုင်းအတွင်း လူများစွာက သူ့အား လာရောက်စိန်ခေါ်ခဲ့ကြသည်။
ပထမဦးစွာ ကျောင်းတော်၏ စစ်ဆေးမှုမှ ထိပ်တန်းကောင်းကင်ရွေးချယ်ခံ အယောက်သုံးဆယ်ထဲမှ တချို့ကသာ လာရောက်စိန်ခေါ်ခဲ့ကြ၏။ နောက်ပိုင်းတွင် လူများစွာက လာရောက်စိန်ခေါ်ခဲ့ကြသည်။
ထိပ်တန်းဆယ်ယောက်ထဲမှ တချို့က သူ့အား လာရောက်စိန်ခေါ်ခဲ့ကြစဉ် သူက ကျန့်ဝူရွှမ်းထံ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားကာ သူ့ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရသည်။ သူက တာအိုကိုးကွယ်ရေးနန်းဆောင်မှ ကျန်းရွှမ်နှင့် မိုရှင်းယွင်တို့ကို အနိုင်ယူနိုင်ခဲ့သည်။
သူက သူမသည် အကြောင်းအရင်းတချို့ကြောင့် အင်အားကို ဖုံးကွယ်ထားသည်ဟု ယုံကြည်ထားသော်လည်း အကြောင်းအရင်းကိုမူ မသိရပေ။ ထို့အပြင် ဖန်းလီကျွင်းက သူ့အား ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့၍ သေလုနီးပါး အခြေအနေအထိ ဖြစ်သွားခဲ့ရသေးသည်။
မည်သို့ပင်ဆိုစေကာမူ အခြေအနေက ပိုမိုဆိုးရွားလာခဲ့၏။ စုယာ၏ ကံကြမ္မာကို ကမ္ဘာဆီ ဖြန့်ဝေပေးလိုက်သည့်အချက်ကြောင့် ပါရမီရှင်အသစ်များစွာက ပေါ်ထွက်လာကြသည်။ အများစုက မူလကောင်းကင်ရွေးချယ်ခံများကဲ့သို့ စိတ်ရှည်မှု မရှိဘဲ လူသားကံကြမ္မာဓားအတွက် စွင်းကျောင်းလုံနောက်ကို တန်း၍ လိုက်လာကြသည်။
ကံကောင်းသည်က ထိုလူအများစုသည် မြင့်တက်လာခါစဖြစ်၍ အားနည်းနေဆဲသာ ဖြစ်၏။ သူတို့က မောက်မာပြီး ယုံကြည်မှုလွန်ကဲနေခြင်းသာ ဖြစ်၏။
“ ဒီတစ်ခါ ဘယ်သူလဲ” စွင်းကျောင်းလုံက စိတ်တိုစွာဖြင့် မေးလိုက်သည်။ အရှင်းဆုံးပြောရလျှင် သူက စိန်ခေါ်မှုများကို လက်မခံလိုပေ။ သို့သော် သူက အကြောင်းအရင်း နှစ်ခုကြောင့် လက်ခံနေရ၏။ သူတို့က သူ ကျရှုံးသွားသည့်အခါများတွင်ပင် သူ့အား အတွေ့အကြုံမြောက်များစွာ ပေးလေသည်။
ဒုတိယအချက်အနေဖြင့် သူ့ဖခင်က တခြားဂိုဏ်းများသည် သူ့တိုင်းပြည်အပေါ် ဖိအားစတင်ပေးလာကြောင်း ပြောနေသည်။ အကယ်၍ သူသာ ထိုဓားကို ဆက်လက်သိမ်းထားလိုပါက စိန်ခေါ်မှုအားလုံးကို လက်ခံကာ သူသည် ထိုအရာကို ထိန်းသိမ်းထားဖို့ ထိုက်တန်ကြောင်း သက်သေပြရမည်။
စွင်းကျောင်းလုံက ရိုးဖြောင့်သည့်သူ မဟုတ်ပေ။ အကယ်၍ သူ အနိုင်မယူနိုင်ကြောင်း ယုံကြည်သည့် တစ်ယောက်ယောက်က စိန်ခေါ်လျှင် စိန်ခေါ်မှုကို လက်ခံမည် မဟုတ်သလို လိုအပ်လာပါက ထွက်ပြေးနိုင်လေသည်။
ကံကြမ္မာသားတော်အနေဖြင့် စွင်းကျောင်းလုံသည် လူတချို့ကသာ သူ့ကံကောင်းမှုနှင့် အမှီလိုက်နိုင်ပြီး သူ့အား ထွက်ပြေးခြင်းမှ တားဆီးနိုင်ကြောင်း သိလေသည်။ သူက ထိုလူများအတွက်လည်း ကြိုတင်ပြင်ဆင်ထား၏။ သူ အသက်ရှင်နေသရွေ့ သူသည် သေခြင်း၊ ရှင်ခြင်းအခြေအနေအတိုင်း ကျော်ဖြတ်ပြီးသည့်နောက်တွင် အလွန်အားကောင်းလာလိမ့်မည်။
သူက ကံအပြောင်းအလဲ အခွင့်အရေးများစွာနှင့်လည်း တွေ့ဆုံလိမ့်မည်။ သူ့ အဓိကရည်ရွယ်ချက်က ကံကြမ္မာသားတော်အဆင့်အတန်းကို ပျောက်ကွယ်မသွားဘဲ အရွယ်မတိုင်ခင် သေဆုံးသွားခြင်းမှ ကာကွယ်ဖို့ရာသာ ဖြစ်၏။
“ တာအိုအခွင့်အလမ်းဂိုဏ်းက သခင်လေး လီကျွင်းပါ” အစေခံက ပြန်ဖြေလိုက်သည်။
“ သူတစ်ယောက်ထဲလား” သူက အလျင်အမြန် မေးလိုက်၏။
“ အဲလိုဖြစ်ပုံပါပဲ”
စွင်းကျောင်းလုံက စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။ သူက လက်ရှိအဆင့်တွင် ထိုမကောင်းဆိုးဝါးနှင့် မတွေ့ချင်သေးပေ။ ထို့ကြောင့် သူက လက်ရှိအခြေအနေကို စဉ်းစားကြည့်လိုက်၏။
သူက ဓားကို လိုချင်ပေမဲ့ ငါက သူနဲ့ မတိုက်နိုင်ဘဲ ထွက်ပြေးမှာဆိုးလို့ သူ့လူကို လွှတ်လိုက်တာပဲ။ ငါ့ကို အတော်လေး လျှော့တွက်နေတဲ့ပုံ…
“ တိုက်ပွဲကို စစ်တန်းလျားမှာ တိုက်မယ်လို့ သွားပြောချည်”
“ အိမ်ရှေ့စံ သခင်လေး လီကျွင်းက တိုက်ပွဲကို ကြားနေဇုန်မှာ တိုက်ဖို့ ပြောထားပါတယ်”
စွင်းကျောင်းလုံက မျက်မှောင်ကြုတ်လိုက်သည်။ အကယ်၍ တခြားလူဖြစ်ပါက သူသည် ထပ်မံ ပြောနိုင်သော်လည်း လီကျွင်းနောက်မှလူများကို ထည့်စဉ်းစားပေးရမည်။ ဤနှစ်များတစ်လျှောက် သူ့အနေနှင့် မဟာဝူတိုင်းပြည်သည် မည်မျှအားနည်းကြောင်း သူ့အဖေဆီမှ သင်ယူခဲ့ရသည်။
ခမ်းနားကြီးကျယ်မှုက အပေါ်ယံမျှသာဖြစ်ပြီး လူများစွာက သိထားပြီးသား ဖြစ်ကြသလို သံသယလည်း ဝင်လာကြလေပြီ။ သူ့အဖေ ပြောစကားအရ အသင်္ချေအင်ပါယာကမ္ဘာ၏ လက်ရှိ တည်ငြိမ်မှုကြောင့်သာ သူတို့အသက်ရှင်နိုင်ဆဲ ဖြစ်၏။
အကယ်၍ ကိစ္စများက ဧကရာဇ်မျိုးနွယ်တစ်ခုခုက ဧကရာဇ်တာအိုစစ်ပွဲ စတင်လာသလိုမျိုး ရုန်းရင်းဆန်ခတ်ဖြစ်လာသည့်အခါ သူတို့သည် ပထမဆုံး ဖျက်ဆီးခံရမည့် မျိုးဆက် ဖြစ်သွားလိမ့်မည်။
စွင်းကျောင်းလုံ၏ ရည်ရွယ်ချက်က ထာဝရဧကရာဇ်ဖြစ်လာပြီး မဟာချင်တိုင်းပြည်၏ ဂုဏ်ကျက်သရေကို ပြန်လည်ထွန်းတောက်စေဖို့ ဖြစ်၏။ ကံဆိုးသည်က သူ့တိုင်းပြည်အပေါ် မှီခို၍ မရကြောင်း သိထားလေသည်။ ထိုအရာက အဟန့်အတားမျှသာ ဖြစ်နေ၏။
“ သူ့စိန်ခေါ်မှုကို လက်ခံတယ်လို့သာ ပြောလိုက်။ ဒါပေမဲ့ ငါ တိုက်ပွဲအတွက် ကြားနေဇုန်ကို ငါကိုယ်တိုင် ရွေးမယ်လို့ ပြောလိုက်”
မိနစ်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် နှစ်ဖက်လုံးက တိုက်ပွဲအတွက် အခြေအနေကို ညှိနှိုင်းလိုက်ကြသည်။ ထိုအရာက လူမနေထိုင်သည့် နေရာရှိ တောအုပ်ကြီး ဖြစ်၏။
စွင်းကျောင်းလုံက နဂါး လက်သည်း ၅ ခုဖြင့် ပုံဖော်ထားသည့် ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ သူက ညာဘက်လက်တွင် လူသားကံကြမ္မာဓားကို ကိုင်ဆောင်ထားပြီး တိုက်ပွဲအတွက် အသင့်ဖြစ်နေလေပြီ။
လီကျွင်းအတွက်မူ သူက လှံကိုသာ ကိုင်ဆောင်ထားပြီး ကာကွယ်ရေးအတွက် ချပ်ဝတ် ဝတ်ဆင်ထားခြင်း မရှိပေ။ ထိုအရာက စွင်းကျောင်းလုံအား အနည်းငယ် အံ့အားသင့်သွားစေသည်။ သူက တစ်ဖက်လူသည် အမြဲတမ်းလိုလို တိုက်ခိုက်သည့်အခါ ချပ်ဝတ် ဝတ်ဆင်ကြောင်း သိထားလေသည်။ သူ့သတင်းအချက်အလက်က မှားယွင်းနိုင်ဖွယ် မရှိပေ။
ထို့ကြောင့် ဖြစ်နိုင်ချေက နှစ်ခုသာ ရှိလေသည်။ လီကျွင်း၏ တိုက်ခိုက်ရေးပုံစံက ပြောင်းလဲသွားခြင်း သို့မဟုတ် သူ့ကို လျှော့တွက်ခြင်း ဖြစ်လိမ့်မည်။
“ ဝမ်ဝေ့က ကိုယ်တိုင် မတိုက်ရဲတော့ သူ့လူကို လွှတ်လိုက်တာပဲ”
လီကျွင်းက အားပါးတရ ရယ်မောမိသွားသည်။ ထိုအရာက တစ်ဖက်လူ၏ စိတ်အခြေအနေအပေါ် လွှမ်းမိုးဖို့ လှည့်ကွက်တချို့ဖြစ်ကာ အဆင့်နိမ့်လွန်းသည့်အတွက် သရော်လိုက်မိ၏။
“ မင်းရော ငါရော သူသာ လာမယ်ဆိုရင် မင်း ချက်ချင်းထွက်ပြေးသွားမယ်ဆိုတာကို သိပါတယ်”
စွင်းကျောင်းလုံက ထိုစကားကို ကြားပြီး ဒေါသထွက်ကာ ရှုံ့မဲ့သွားလေသည်။ ကံကောင်းသည်က သူသည် အုပ်ချုပ်သူတစ်ဦး ဖြစ်၍ သူ့စိတ်အခြေအနေကို မည်သို့ထိန်းချုပ်ရမည်ကို သိထားသည်။ သူ့အတွက် ကံဆိုးသည်က လီကျွင်းက မရပ်တန့်သွားပေ။
“ ပြီးတော့ ဒီမျိုးဆက် ကောင်းကင်ရွေးချယ်ခံထဲမှာ မင်းက အားအနည်းဆုံးဆိုတာ အကုန်လုံး သိကြတာပဲ မဟုတ်ဘူးလား။ အုပ်ချုပ်သူ ညီအစ်ကို လူသတ်သမား”
စွင်းကျောင်းလုံ၏ နဖူးအထက် သွေးကြောများ ထွက်ပေါ်လာသည်။ သူက သူ့ကိုယ်သူ မနည်းထိန်းထားရ၏။ သူ့အစ်ကိုကို သတ်လိုက်သည့်အချက်မှာ သူ့အတွက် တားမြစ်ချက်တစ်ခုလို ဖြစ်နေပြီး သူ့နှလုံးသား နတ်ဆိုးကပင် ထိုအချက်ကို အသုံးပြုကာ စမ်းသပ်ခဲ့သည်။
“ မင်း ပြောလို့ပြီးပြီလား”
လီကျွင်းက ပုခုံးတွန့်ကာ သရော်လိုက်သည် “ မင်း မပြီးမြောက်နိုင်တာကို မစတင်တာ အကောင်းဆုံးပဲ”
လီကျွင်းက သူ့အစ်ကိုကြီးလိုမျိုး တစ်ဖက်လူကို စကားဖြင့် အနိုင်ပိုင်းနိုင်သည့်လူကို မစဉ်းစားမိပေ။ သူက ဟာကွက်များကိုသာ တည့်တိုးပြောလိုက်၏။
တစ်ချိန်က သူတို့လက်ရည်စမ်းစဉ်အတွင်း လီကျွင်းက သူ့အား ဆိုးဆိုးရွားရွားပြောဖို့ တောင်းဆိုခဲ့ဖူးသည်။ ဝမ်ဝေ့က သူ့အား တကယ်လားဟု မေးခဲ့၏။ အရှင်းဆုံးပြောရလျှင် လီကျွင်းက သူ့ဆုံးဖြတ်ချက်ကို နောင်တရမိခဲ့သည်။
ထိုတိုက်ပွဲအပြီးတွင် သူက ထိုစကားများကို ကြားမိပြီးနောက် သူ့ခံစားချက် မည်မျှညစ်ပတ်သွားသည်ကို တွေးမိကာ သန့်စင်ရေးဝိညာဉ်ဆေးဝါးများဖြင့် အကြိမ်ရာချီမျှ သန့်စင်ရေချိုးခဲ့ရသည်။
သူ့မျိုးနွယ်၏ ဘိုးဘေး ၂၇ဆက်လုံးက သူ့ကို ကျိန်ဆဲနေလိမ့်မည်ဟု ခန့်မှန်းမိနေသည်။ သံသရာတွင်ပင် သူတို့က ထိုစကားများကို ကြားဖို့ လက်ခံမည် မဟုတ်ပေ။
ထိုလက်ရည်စမ်းပွဲအတွင်း သူက သူ့စိတ်ခံစားချက်ကို ထိန်းချုပ်၍ ရူးသွပ်လုနီးပါး ဖြစ်သွားခဲ့သည်။ နောက်တစ်ရက်တွင် သူက ဝမ်ဝေ့အား ထိုနည်းလမ်းကို သင်ပေးဖို့ တောင်းဆိုခဲ့၏။ သို့သော် ဝမ်ဝေ့က မထိုက်တန်ကြောင်းပြောကာ ငြင်းဆန်ခဲ့သည်။
“ ဒီလိုဆိုရင် စတင်ကြတာပေါ့”
စွင်းကျောင်းလုံက လီကျွင်းဆီ ပြေးလာကာ သူ့ခြေလှမ်းအောက်တွင် ပင့်ကူသဖွယ် အက်ကြောင်းများ ချန်ထားခဲ့သည်။ သူက ဓားကို ဝှေ့ယမ်းလိုက်၏။ သို့သော် သူ့အား အံ့အားသင့်သွားစေသည်က လီကျွင်းသည် မှော်ဆန်ဆန် သူ့နောက်ဘက်မှ ပေါ်လာကာ လှံဖြင့် ရိုက်ခတ်လိုက်သည့်အတွက် သူ့အား လွင့်စင်သွားစေသည်။
သစ်ပင်တချို့ကို ဝင်တိုက်ပြီးသည့်နောက်တွင် စွင်းကျောင်းလုံက သူ့အရှိန်ကို ထိန်းချုပ်လိုက်ပြီး မြေပြင်ပေါ် ပြန်လည်ရပ်လိုက်သည်။ လီကျွင်းက သူ့ရှေ့တွင် ချက်ချင်းပေါ်ထွက်လာကာ ထိုးချလိုက်၏။ စွင်းကျောင်းလုံက လှံပေါ်ရှိ သတ်ဖြတ်ရေးဆန္ဒကို ခံစားမိလေသည်။ ထို့ကြောင့် သူက ရွှေရောင်ဓားဖြင့် တားဆီးလို၏။ သို့သော်လည်း သူ့အလိုလိုသိစိတ်က ထိန်းချုပ်သွားကာ ကောင်းကင်သို့ ပျံသန်းသွားလိုက်သည်။
ဓားက ငါ့အားနည်းချက်ကို တိုက်ခိုက်နေတာလား…
[စစ်အုပ်ချုပ်သူ ပိုင်းဖြတ်ရေး ဧကရာဇ်စွမ်းအား]
အဝါရောင် နဂါးဝတ်စုံ ဝတ်ဆင်ထားသည့် စွင်းကျောင်းလုံ၏ ပုံရိပ်ကြီးက ကောင်းကင်အထက် ပေါ်ထွက်လာသည်။ ဧရာမပုံစံ လူသားကံကြမ္မာဓားဖြင့် သူက ပိုင်းခုတ်လိုက်သည်။
တောအုပ်တစ်ခုလုံးကို ကြောက်မက်ဖွယ် ဖိနှိပ်မှုတစ်ခု လွှမ်းခြုံသွားကာ သစ်ပင်များနှင့် တိရစ္ဆာန်များက ချက်ချင်းဆိုသလို ပယ်ပျောက်သွားသည်။ ထိုဓားချက် လီကျွင်းဆီ ချဉ်းကပ်လာသည်နှင့် သူသည် ဒူးထောက်ဖို့ အတင်းအကြပ် ဖိအားပေးနေသည့် မြေဆွဲအားလိုမျိုး စွမ်းအားကို ခံစားမိလိုက်သည်။
သို့သော် သူက မတုန်မလှုပ် ရှိနေသေး၏။ စက္ကန့်ပိုင်းလေးအတွင်း သူက လှံကို အားအပြည့်ဖြင့် ပစ်လွှတ်လိုက်သည်။ လက်နက်က ကောင်းကင်ဆီ လေဟုန်ခွင်းသွားစဉ် အာကာပြင်အတွင်း အက်ကြောင်းတစ်ခု ပေါ်ထွက်လာသည်။
လှံက အနီရောင်အဖြစ် ပြောင်းလဲသွားသည်။ ထိုအရာက ဓားရိုက်ချက်နှင့် ထိတွေ့မိတော့မည့်ဆဲဆဲတွင် ဓားက စက္ကန့်ပိုင်းမျှပင် မခုခံနိုင်ဘဲ ကြေမွသွားလေသည်။
ထိုစဉ် လှံက စွင်းကျောင်းလုံဆီ ဆက်လက်၍ သွားနေသည်။ ပထမပိုင်းတွင် သူက အချိန်မှီ တုံ့ပြန်နိုင်တော့မည့်ပုံ မပေါ်ပေ။ သို့သော်လည်း နောက်ဆုံးစက္ကန့်ပိုင်းလေးအတွင်း သူက ခေါင်းကို အသာလှည့်ကာ ရှောင်ရှားလိုက်၏။
မည်သို့ပင်ဆိုစေကာမူ သူ့ပါးပြင်တွင် ဒဏ်ရာအနည်းငယ် ရရှိသွားသည်။ ဤသည်က အဆုံးသတ် မဟုတ်သေးပေ။ လှံများသည် စွင်းကျောင်းလုံအထက် ပေါ်ထွက်လာသည်။
ထိုလူက မတုံ့ပြန်နိုင်ခင် လီကျွင်းက ခေါင်းအား ဖြတ်ကန်လိုက်သည်။
လက်တစ်ချက်အဝှေ့တွင် လှံက သူ့လက်ထဲ ရောက်ရှိလာပြီး စွင်းကျောင်းလုံ၏ ပါးပြင်မှ ပေလာသည့် သွေးကို စုပ်ယူလိုက်သည်။ စွင်းကျောင်းလုံက မြေပြင်ပေါ် လဲကျနေစဉ် သူ့မျက်နှာပေါ်ရှိ အနီရောင်သင်္ကေတ အက္ခရာတစ်ခုကို သတိထားမိလိုက်၏။
ကျိန်စာလား။ သူက ဘယ်တုန်းက ကျိန်စာမှာ ကျွမ်းကျင်လာရတာလဲ…
ထို့နောက် စွင်းကျောင်းလုံက သူသည် ဤတိုက်ပွဲကို အလေးအနက် ထားဖို့လိုကြောင်း၊ မဟုတ်ပါက သူ့အသက်မရှင်နိုင်ကြောင်း သဘောပေါက်သွားသည်။
***