အတိတ်၏ အရိပ်
Vol. 34 Ch. 473
စွင်းကျောင်းလုံက မတ်တပ်ရပ်လိုက်ပြီးနောက် လက်ဝှေ့လိုက်သည့်အချိန် သူ့လက်ထဲတွင် ပင်ကိုစည်းမျဉ်းဖြင့် တောက်ပနေသည့် ပုဆိန်လှံရှည်တစ်ချောင်း ထွက်ပေါ်လာသည်။
ထူးကဲအဆင့် ပင်ကိုရတနာလား…
လင်းဖန်က တွေးလိုက်မိသည်။
ဒီလူက တကယ့်ကို ကံကြမ္မာသားတော်ပဲ…
ထူးကဲအဆင့် ပင်ကိုရတနာသည် ဒုတိယတန်းစား ဧကရာဇ်အသုံးအဆောင်ပစ္စည်းနှင့် တူညီလေသည်။ အသုံးပြုဖို့ရာ တင်းကြပ်သည့် လိုအပ်ချက်မျိုး မရှိပေ။
ပင်ကိုရတနာ အလွန်အဖိုးတန်သည့် အကြောင်းအရင်းမှာ သူတို့သည် အသုံးပြုသူအတွက် လိုအပ်ချက်နည်းပါး၍ ဖြစ်သည်။ ဧကရာဇ်အသုံးအဆောင်ဖြစ်စေ၊ တာအိုအသုံးအဆောင်ဖြစ်စေ၊ သို့မဟုတ် မသေမျိုး အသုံးအဆောင်ဖြစ်စေ သေချာသည့် အဆင့်၊ သေချာသည့် ခွန်အားနှင့် ချီကံကောင်းမှု ကာကွယ်ရေးတို့က လိုအပ်ပေသည်။ ထိုသို့မဟုတ်လျှင် မသေမျိုးအဆင့်ကဲ့သို့သော မှော်လက်နက်များကို အသုံးပြုသည့်အခါ ဆိုးရွားသည့် အကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည်။
ဤစည်းမျဉ်း၏ တစ်ခုတည်းသော ခြွင်းချက်မှာ ထိုအသုံးအဆောင်ပစ္စည်းများက ထိုလူ၏ ရုပ်ခန္ဓာနှင့် သင့်တော်နေသည့်အခါတွင် ဖြစ်၏။ နမူကောင်းအနေဖြင့် စုယာ၏ ရုပ်ခန္ဓာနှင့် ချီယွီလျိုချင်ကျမ်း သို့မဟုတ် ဝမ်ဝေ့နှင့် ပါကွားလိပ်ခွံ ဖြစ်၏။
သို့သော်လည်း ထိုစည်းမျဉ်း သို့မဟုတ် သဘောတရားက ပင်ကိုရတနာများအပေါ် သက်ရောက်မှု မရှိပေ။ သူတို့၏ ပိုင်ရှင်များက ထိုအရာများအား အကျိုးဆက် မခံစားရပဲ အလွယ်တကူ အသုံးပြုနိုင်လေသည်။
သို့သော် ဧကရာဇ်အသုံးအဆောင်ပစ္စည်း သို့မဟုတ် တခြားသော မသေမျိုးအဆင့် လက်နက်များကဲ့သို့ သင့်တော်သည့် ကျင့်ကြံဆင့် တစ်ခုမရှိဘဲ ထိုလက်နက်များ၏ တကယ့်စွမ်းအားအစစ်အမှန်ကို ထုတ်ဖော်နိုင်မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ သူတို့က ဧကရာဇ်တစ်ပိုင်းအဆင့် လက်နက်များထက် ပိုမိုကောင်းမွန်ကာ အလားအလာကောင်းပေသည်။
လီကျွင်းက တည်တည်ငြိမ်ငြိမ် အမူအရာဖြင့် သူ့လှံအား သိမ်းဆည်းလိုက်ပြီး လက်နက်စင်ပေါ်မှ ချီလင်ပုံဖော်ထားသည့် အပြာရောင်လှံဖြင့် အစားထိုးလိုက်သည်။ ထိုလှံက အလယ်အလတ်အဆင့် ပင်ကိုရတနာဖြစ်ကာ စစ်ဆေးမှုမှ ရရှိထားခြင်း ဖြစ်၏။
ထိုအရာက သူ့ပြိုင်ဘက်ထက် အဆင့်နှစ်ဆင့် နိမ့်ကျနေသော်လည်း သူက ဟာကွက်ကို အမှီလိုက်ဖို့ လွှမ်းမိုးနိုင်စွမ်းရှိသည့် ခွန်အားကို အသုံးပြုနိုင်လေသည်။ ထိုအတွေးကို တွေးပြီးနောက် သိပ်မကြာခင် စွင်းကျောင်းလုံ၏ ချပ်ဝတ်က ရွှေရောင်မှ ခရမ်းရောင်ပုတ်သို့ ပြောင်းလဲသွားသည်။
လီကျွင်းက အကြည့်တစ်ချက်တည်းဖြင့် ထိုချပ်ဝတ်အသစ်သည် ဧကရာဇ်တစ်ပိုင်းအဆင့် မဟုတ်တော့ဘဲ ထူးကဲအဆင့် ပင်ကိုရတနာဖြစ်ကြောင်း သိလိုက်ရ၍ နှုတ်ခမ်းများက တွန့်ချိုးသွားတော့သည်။
ထို့အပြင် လူသားကံကြမ္မာဓားက ထိုချပ်ဝတ်ကို ချီကံကောင်းမှုဖြင့် အားဖြည့်ပေးနေ၏။
ကံကြမ္မာသားတော်တွေက တကယ်ကို စိတ်ပျက်ဖို့ကောင်းတာပဲ…
လီကျွင်းက တွေးလိုက်မိသည်။ သူ သိထားသလောက် သူ့အစ်ကိုကြီးလိုမျိုး ကံကောင်းမှု အမြောက်အများရှိသည့်သူပင် ပင်ကိုရတနာနှစ်ခုသာ ရှိပြီး နှစ်ခုလုံးက အဆင့်မြင့်သာ ဖြစ်၏။
သို့သော် စွင်းကျောင်းလုံတွင် အဆင့်ပိုမိုမြင့်မားသည့် ပစ္စည်းနှစ်ခုရှိထားပြီး ဤသည်က သူ့ကန့်သတ်ချက် မဟုတ်သေးပေ။
လီကျွင်းက ခေါင်းခါလိုက်ပြီးနောက် တစ်ဖက်လူဆီ ပြေးသွားလိုက်သည်။ သူက သွားနေစဉ် ရပ်တန့်သွားပြီး ကူးသန်းသွားလာလိုက်သည်။ သူက အဝေးတစ်နေရာတွင် မြောလွင့်နေရင်း သူ့ရှေ့မှ အာကာပြင်မငြိမ်သက်မှုကို ကြည့်လိုက်သည်။
လေဟာနယ်မုန်တိုင်း…
ဤသည်က အာကာပြင် မငြိမ်မသက် နယ်မြေ၏ အပြင်ဘက်တွင် ဖြစ်ပွားနိုင်ချေ ၀.၀၀၀၀၀၁ ရာခိုင်နှုန်းသာရှိသည့် သဘာဝဖြစ်ရပ် ဖြစ်၏။ သို့သော် ယခု ပေါ်ထွက်လာကာ သူ့လမ်းကြောင်းအား တားဆီးထားသည်။
လီကျွင်းက ရုတ်ချည်းဆိုသလို ကောင်းကင်မှ သူ့နေရာဆီ ကြွေကျလာသည့် ဥက္ကာပျံ သိန်းချီအား ကြည့်လိုက်သည်။ သူက မျက်မှောင်ကြုတ်လိုက်မိ၏။ အသင်္ချေအင်ပါယာကမ္ဘာကို အဆုံးမဲ့လေဟာနယ်အတွင်းမှ အကြွင်းအကျန် အားလုံးကို ဖျက်ဆီးပစ်နိုင်သည့် သဘာဝအကာအရံဖြင့် ကာကွယ်ထားလေသည်။ တစ်ခါတစ်ရံ၊ တချို့သောအရာများက ဖြတ်သန်းလာနိုင်ကြသော်လည်း ရှားပါးလှသည့် ဖြစ်ရပ်များအဖြစ် မှတ်ယူနိုင်သည်။
ဒါက ကံကောင်းမှုတာအိုရဲ့ အဆင့်မြင့် ပုံစံကို လှုံ့ဆော်ပေးခြင်းလား…
သူက လှံကို ကိုင်ဆောင်လျက် ကောင်းကင်အား ထိုးခွင်းလိုက်သည့်အချိန် ထိုဥက္ကာပျံအားလုံးကို အမှုန့်ဖြစ်သွားစေသည့် လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ စွင်းကျောင်းလုံက မတုံ့ပြန်နိုင်ခင် နောက်ထပ် လီကျွင်းတစ်ယောက်က သူ့နောက်ဘက်မှ ပေါ်ထွက်လာကာ ကောင်းကင်သို့ ကန်လွှတ်လိုက်သည်။
ထိုအခါ မူလ လီကျွင်းက စွင်းကျောင်းလုံအား ထိုးစိုက်လိုက်၏။
ဆန္ဒကျူးကျော်ခြင်း
သူ့ကိုယ်ပွားက စွင်းကျောင်းလုံကို ကန်လိုက်သည့်အခါ လီကျွင်းက ထိုချပ်ဝတ်၏ ခုခံနိုင်စွမ်းအဆင့်ကို ခန့်မှန်းမိလိုက်သည်။ ထိုအရာကို ဖျက်ဆီးဖို့ သူ့အနေနှင့် အားများစွာ စိုက်ထုတ်ရမည်ဖြစ်ကြောင်း သိလိုက်သည်။
ထို့ကြောင့် သူက စစ်ဆေးမှုအတွင်း သင်ယူထားခဲ့သည့် နည်းစနစ်အား အသုံးပြုလိုက်သည်။
[ဆန္ဒကျူးကျော်ခြင်း]
တစ်ဖက်လူ၏ အသုံးအဆောင်ပစ္စည်းများကို အတင်းအကြပ် သန့်စင်နိုင်ခွင့်ပြုထားသည်။ သူက စွင်းကျောင်းလုံလို လူမျိုးဆီမှ ပင်ကိုရတနာကို မထိန်းချုပ်နိုင်ပေ။ သို့သော်လည်း ထိုအမှတ်အသားနှစ်ခု၏ ထိပ်တိုက်တွေ့မှုအတွင်း အသုံးအဆောင်ပစ္စည်း၏ သက်ရောက်မှုကို ယာယီ လျှော့ချပေးနိုင်လိမ့်မည်။ ထိုအခိုက်အတန့်က လီကျွင်း လိုအပ်သည့် အချိန်သာဖြစ်၏။
သွေးပြောင်းပြန် စီးဆင်းခြင်း
စွင်းကျောင်းလုံက အော်ဟစ်လိုက်ပြီး ကောင်းကင်အထက် သူ့အသံသာ ပဲ့တင်ထပ်နေသည်။ သူ့သွေးများက ထိန်းချုပ်မှုမရှိ ချပ်ဝတ်မှ စီးကျလာသည်ကို ခံစားမိလိုက်၏။
ထို့အပြင် ကြောက်မက်ဖွယ် သတ်ဖြတ်ရေး အငွေ့အသက်က သူ့ကမ္ဘာဦးစိတ်ဝိညာဉ်အထိ ကျူးကျော်လာကာ သူ့စိတ်နှင့် စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်နေသည်။ သူ ကြားနေရသည်က လူသန်းချီ သေဆုံးမှုကြောင့် ကြောက်ရွံ့နေသည့် အော်သံများသာဖြစ်၏။
သူက သူတို့၏နာကျင်မှု၊ ဒေါသ၊ အမုန်းတရားနှင့် ဝန်လေးမှုများကို ခံစားမိလေသည်။
ဝုန်း
စွင်းကျောင်းလုံက မြေပြင်ပေါ် ကျဆင်းလာသည့်အခါ ချိုင့်တွင်းကြီး ဖြစ်သွားစေသည်။ ထိုအခါ ရွှေရောင်နဂါးတစ်ကောင်က သူ့ကမ္ဘာဦးစိတ်ဝိညာဉ်တွင် ပေါ်ထွက်လာပြီး သူ့အား ကာကွယ်ကာ အားဖြည့်ပေးနေ၏။
သို့သော်လည်း လီကျွင်းက ထိုတစ်ဖက်လူအား အချိန်မပေးပေ။ ထို့ကြောင့် သူက အဆိပ်အားလုံးကို အသက်သွင်းလိုက်ပြီး စွင်းကျောင်းလုံ၏ အသက်ဓာတ်ကို လျှော့ချပြီး အားနည်းစေဖို့ လုပ်ဆောင်လိုက်သည်။
ထို့အပြင် သူက လှံဖြင့် ထပ်ခါထပ်ခါ ထိုးစိုက်လိုက်၏။ ကံဆိုးသည်က သူ့တိုက်ခိုက်မှု မကျဆင်းလာခင် ထိုတိုက်ကွက်ကို ကာဆီးသည့် ဒိုင်းကာတစ်ခု ပေါ်ထွက်လာသည်။
လီကျွင်းက အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည့်အခါ ဝေဟင်ထက်တွင် လွင့်မြောနေသည့် သာမန်လူအိုကြီးတစ်ယောက်ကို မြင်လိုက်ရသည်။
ဧကရာဇ်တစ်ပိုင်းပဲ…
“ ခင်ဗျားက ဘယ်သူလဲဆိုတာ မသိဘူး။ ဒါပေမဲ့ ဒီတိုက်ပွဲကို ဝင်စွက်ဖက်ရင် တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ ရန်သူပဲ။ ခင်ဗျားနဲ့ ခင်ဗျားမိသားစု ပျက်သုန်းတဲ့အထိ အမဲလိုက်ခံရလိမ့်မယ်” လီကျွင်းက ကံကြမ္မာသားတော်၏ ကံကောင်းမှုကို စိတ်ပျက်ဖွယ်အတိဖြင့် ပြောလိုက်သည်။
“ ဒီခေတ်လူငယ်တွေက အကြီးတွေကို လေးစားရကောင်းမှန်း မသိကြဘူးပဲ” လူအိုကြီးက မုတ်ဆိတ်သပ်ကာ ပြောလိုက်သည် “ အိမ်ရှေ့စံက ငါ့အသက်ကို ကယ်ဖူးတော့ ငါ သူ့အပေါ် ကံကြွေးတင်နေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါ သူ့ကို ခေါ်သွားရမယ်”
လီကျွင်းက ဘာမှမပြောဘဲ သူ့လှံကို အင်အားအပြည့်ဖြင့် ပစ်လွှတ်လိုက်သည့်အခါ ထိုလူအိုကြီး၏ အမူအရာက ပျက်ယွင်းသွားလေသည်။ သူက ထိုတိုက်ကွက်ကိုတားဆီးဖို့ လက်ကာလိုက်ရုံမျှသာ တုံ့ပြန်နိုင်လိုက်၏။
သို့သော်လည်း ထိုလှံရှိ လျှို့ဝှက်အဆောင် တစ်ခုက ချက်ချင်းအသက်ဝင်လာကာ အက်ကြောင်းတစ်ခုကို ဖွင့်လှစ်ရင်း သူ့အား အမည်မသိ တစ်နေရာသို့ ပို့ဆောင်လိုက်သည်။
ထို့နောက် လီကျွင်းက ထိုအာကာပြင်အား ပြန်လည်ပိတ်ဆို့ဖို့ သူ့တိုက်ပွဲဆန္ဒကို ဖြန့်ကျက်လိုက်သည်။
နောက်ဆုံးတွင် သူက စွင်းကျောင်းလုံကို ကြည့်လိုက်၏။
လီကျွင်း၏ နဖူးအထက် တတိယမျက်လုံး ပေါ်ထွက်လာကာ ဖျက်စီးခြင်းစွမ်းအားအပြည့်ဖြင့် တောက်ပနေသည်။
စွင်းကျောင်းလုံက ထိုတိုက်ကွက်ကို သူ့ချပ်ဝတ်ဖြင့် ခုခံလိုက်၏။
သူက သူ့အံ့ဖွယ်ပင်လယ်ထဲရှိ မူလအဆီအနှစ်အားလုံးကို အသုံးပြုလိုက်သည်။ စွင်းကျောင်းလုံက ပင်ကိုရတနာကို ထောက်ပံ့ပေးမည့် စွမ်းအား မရှိဘဲ သူ့ဝိညာဉ်စွမ်းအား သို့မဟုတ် အသက်ဓာတ်ကို အသုံးပြုရတော့မည် ဖြစ်သည်။
လီကျွင်းက စွင်းကျောင်းလုံရှေ့တွင် ရပ်ကာ ထိုလူ၏ စိတ်ပင်လယ်အတွင်းမှ လူသားကံကြမ္မာဓားကို လေ့လာလိုက်သည်။ သူက သူ့ကမ္ဘာဦးစိတ်ဝိညာဉ်ကို အသုံးပြုကာ ထိုလက်နက်ကို အတင်းအကြပ် ယူဆောင်ဖို့ ကြိုးစားလိုက်၏။ သို့သော် ထိုအရာက သူ့အပြုအမူကို ခုခံနေသည်။
ထို့ကြောင့် လီကျွင်းက စွင်းကျောင်းလုံကို သတ်ကာ ဓားကို ယူဖို့ စဉ်းစားမိသွားသည်။ သို့သော်လည်း သူက ထိုဓားသည် ထိုလူ၏ ကမ္ဘာဦးစိတ်ဝိညာဉ်နှင့် ဆက်နွယ်နေကြောင်း သိရှိလိုက်ရသည်။
သူက ထိုလူ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့လျှင်ပင် ထိုဓားက စွင်းကျောင်းလုံ၏ ကမ္ဘာဦးစိတ်ဝိညာဉ်နှင့်အတူ လွတ်မြောက်သွားလိမ့်မည်။ ယခင်က ကျန့်ဝူရွှမ်းနှင့် ရင်ဆိုင်ခဲ့သလိုမျိုး ဖြစ်၏။
ထို့ကြောင့် လက်ရှိပြဿနာက သူ့နည်းလမ်းများသည် ထိုသို့ဖြစ်ပျက်လာအောင် တားဆီးနိုင်ပါ့မလားဟု ဟူ၍ဖြစ်သည်။ ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် လီကျွင်းက သတိကြီးကြီးထားဖို့ ဆုံးဖြတ်လိုက်သည်။ သူက အဆောင်တစ်ခုကို ထုတ်ကာ တစ်ယောက်ယောက်အား ဆက်သွယ်လိုက်၏။
မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် အာကာပြင် ချိုးဖောက်လာသည့် စွမ်းအားတစ်ခုကို ခံစားမိလိုက်သည်။ ထို့နောက် ဝမ်ဝေ့က သူ့အနားတွင် တန်း၍ပေါ်ထွက်လာသောကြောင့် လီကျွင်းက ရှုံ့မဲ့သွားသည်။
သူက အစ်ကိုကြီးနှင့် ဟာကွက်တချို့ လိုက်မှီပြီဟု ထင်ထားသော်လည်း သူ့တွင် သွားရမည့် လမ်းစဉ်အရှည်ကြီး ရှိနေသေးကြောင်း နားလည်သွားသည်။ မည်သို့ပင်ဆိုစေကာမူ သူက ပိုမိုစိတ်လှုပ်ရှားလာမိ၏။ ထိုစဉ် ဝမ်ဝေ့က ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို ကြည့်ကာ သူ့မျက်ဝန်းအထက် တိုက်ပွဲတစ်ခုလုံးကို ပြန်လည်မြင်ယောင်သွားသည်။
ဒီကောင်လေးရဲ့အင်အားက တော်တော်လေးကို တိုးတက်လာတာပဲ။ အထူးသဖြင့် သူ့ရဲ့ တိုက်ပွဲဉာဏ်ရည်…
ဝမ်ဝေ့က ခွန်အားသက်သက်၊ စွမ်းအားသက်သက်ဖြင့် လီကျွင်းအား အနိုင်ပိုင်းလိမ့်မည်ဟု ယုံကြည်ထားသော်လည်း တိုက်ပွဲအလိုလိုသိစိတ်နှင့် ပတ်သက်လာသည့်အခါ သူသည် လိုက်မမှီပေ။ ထို့ကြောင့် သူ၏ ပြိုင်လိုသည့် ဘက်အခြမ်းက ပေါ်ထွက်လာကာ နောက်ပိုင်းတွင် စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
နောက်ဆုံးတွင် သူက မြေပေါ်တွင် ဖြူဖျော့ကာ သရော်ဟန်အပြုံး ရှိနေသည့် စွင်းကျောင်းလုံအား ကြည့်လိုက်သည်။
“ ငါက ရှုံးသွားတော့ ဘာဖြစ်လဲ။ လူသားကံကြမ္မာဓားက ငါ့ကို ရွေးချယ်ခဲ့တာ။ ငါတစ်ယောက်တည်းကို ရွေးချယ်ခဲ့တာ။ မင်းတို့တွေ ဘာမှတတ်နိုင်တာ မရှိဘူး”
ဝမ်ဝေ့က တည်ငြိမ်နေဆဲဖြစ်ကာ လီကျွင်းက ခေါင်းခါလိုက်သည် “ နောက်ဆုံးတော့ မင်းက တခြားကံကြမ္မာသားတော်တွေနဲ့ အတူတူပါပဲလား။ အမြဲလိုလို ယုံကြည်ချက် လွန်ကဲနေတာပဲ”
ဝမ်ဝေ့က အချိန်မဖြုန်းဘဲ သူ၏ ကံကြမ္မာသားတော် ဖြစ်လာမည့် စွမ်းရည်ကို အသက်သွင်းလိုက်သည်။ ထိုစဉ် သူက စွင်းကျောင်းလုံဆီမှ ထိုရာထူးကို အတင်းအကြပ် ရယူနိုင်သွားပြီး စိတ်ဝိညာဉ်စွမ်းအား အမြောက်အများဖြင့် ထိုဓားအား ဆွဲထုတ်နိုင်လိုက်သည်။
“ မဟုတ်ဘူး။ မဟုတ်ဘူး” စွင်းကျောင်းလုံက အော်ဟစ်ရင်း ရွှေရောင်ဓားသည် သူ့ခန္ဓာကိုယ်မှ ဖြည်းဖြည်းချင်း ထွက်သွားသည်ကို ကြည့်နေရသည်။ ထို့ကြောင့် သူက ခုခံဖို့ ကြိုးစားသော်လည်း အသုံးမဝင်ပေ။ အဆုံးသတ်၌ သူက အံကြိတ်ကာ အော်ဟစ်လိုက်၏ “ မင်းက ဘာစောင့်နေတာလဲ။ ငါတို့ သဘောတူညီချက်ကို မေ့မနေနဲ့”
ဝမ်ဝေ့နှင့် လီကျွင်းအား အံ့အားသင့်သွားစေသည့် လေးယောက်မြောက်လူက သူတို့နှင့် မနီးမဝေးတွင် ရုတ်ချည်းပေါ်ထွက်လာသည်။ ထိုလူရှိနေခဲ့သည့်အချက်ကို မည်သူကမှ သတိမပြုမိခဲ့ကြပေ။
“ ကျီစုလား” လီကျွင်းက ဖြူဖျော့နေသည့် လူလတ်အရွယ်အမျိုးသားကို ကြည့်ကာ ရေရွတ်လိုက်သည်။ သူ့သွင်ပြင်က မမှတ်မိနိုင်လောက်အောင်အထိ ပြောင်းလဲသွားလေသည်။
“ ငါ ဒီအချိန်ကို စောင့်နေတာ ကြာလှပြီ” ကျီစုက လီကျွင်းနှင့် စွင်းကျောင်းလုံကို လျစ်လျူရှုထားပြီး ဝမ်ဝေ့အား စိုက်ကြည့်ရင်း ပြောလိုက်သည်။
ဝမ်ဝေ့က ကျီစုအား ကြည့်လိုက်ရင်း တွေးလိုက်မိသည်။
ကပ်ဘေးချီ…
ပြီးတော့ အရမ်းကိုအားကောင်းပြီးတော့ ဖုံးကွယ်ထားနိုင်တယ်…
ထို့နောက် သူက မျက်မှောင်ကြုတ်ကာ ကျီစုကို တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်က တိတ်တဆိတ် ကာကွယ်ပေးနေကြောင်း သဘောပေါက်သွားသည်။ ထို့ကြောင့် သူက သူ့ကံကြမ္မာကြိုးမျှင်ကို မမြင်ရသလို သူ့အနာဂတ်ကိုလည်း မမြင်ရပေ။ ထို့ကြောင့် သူက မြေပြင်ပေါ်မှ စွင်းကျောင်းလုံအား ကြည့်ကာ သူ့ကံကြမ္မာကြိုးမျှင်ကို ဖတ်ရှုလိုက်၏။
ထိုလူက အောင်မြင်ခြင်း လမ်းစဉ်ဟုခေါ်သည့် ကံကောင်းမှုတာအိုနည်းစနစ်ကို အသုံးပြုခဲ့သောကြောင့် ပြိုင်ဘက်များအား အနိုင်ရအောင် လုပ်နိုင်မည့် နည်းလမ်းများအား မြင်တွေ့စေနိုင်သည်။ ပြောရလျှင် ကျီစုက အဖြေ ဖြစ်၏။
ဝမ်ဝေ့က ထိုနည်းစနစ်ကို စိတ်ဝင်စားမိသည်။ ထို့ကြောင့် သူက နောက်ပိုင်းတွင် သင်ယူဖို့ မှတ်ထားလိုက်သည်။ ကံဆိုးသည်က သူ့အနေနှင့် ကျီစုသည် သူ့အား မည်သို့အနိုင်ယူမည်ကို မသိပေ။ ထို့ကြောင့် သူ့စိတ်၌ နာနိုစက္ကန့်ပိုင်းလေးအတွင်း အတွေးမြောက်များစွာ ပေါ်ထွက်လာသည်။
သူက ငါ့ရဲ့ စစ်ဆေးမှုများ ဖြစ်နေမလား…
***