← Chapters

နဂါးတို့၏ ဖျက်ဆီးမှု

Vol. 36 Ch. 491

နဂါးတို့၏ ဖျက်ဆီးမှု

Vol. 36 Ch. 491

"ဘယ်လိုတောင် ဒီလောက် ကြီးနေရတာလဲ… "

ထိုအခိုက်၌ လူတိုင်းမှာ ဝေ့ဝူယင်ကို တအံ့တသြဖြင့် ကြည့်နေခဲ့၏။ မဟာ ဘုန်းတော်ကြီး ကျိဂူ ပင်လျှင် ဆွံ့အကာ မျက်နှာတစ်ခုလုံး မယုံကြည်နိုင်ခြင်းများနှင့် ပြည့်နှက် နေခဲ့သည်။

ဒြပ်စင်သုံးခု တော်ဝင် သားတော်မှာ အသက် ငယ်ငယ်နှင့် ကြောက်မက်ဖွယ် ဝိညာဉ်အင်အားကို ပိုင်ဆိုင်ထားကြောင်း သူတို့ ကြားခဲ့ဖူးခဲ့သော်လည်း သူ၏ ကြယ်တာရာ အမြုတေ အရွယ်အစားကိုတော့ ယခုမှ တွေ့ရှိ ခဲ့ရခြင်း ဖြစ်သည်။

သုံးဆယ့်နှစ် စင်တီမီတာ…

အလွန် ကြီးမားသည်။ တကယ့်ကို ကြီးမားသည်။ မယုံကြည်နိုင်လောက်အောင် ကြီးမားသည်။ ထိုအရာက သူတို့ ဘဝ တစ်လျှောက်လုံးတွင် တွေ့ခဲ့ဖူးသည့် အကြီးဆုံး ကြယ်တာရာ အမြုတေ ဖြစ်ပေသည်။

"ဟူး… ဟူး…"

ထိုအခိုက်တွင်ပင် ခပ်ဖျော့ဖျော့ အလင်းတန်းများမှာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို ဖြတ်သန်း၍ တောက်ပလာကာ သူ၏ ကျင့်ကြံခြင်း အခြေခံမှာ ဖြည်းညင်းစွာ ပေါ်ထွက်လာခဲ့လေသည်။

"အလင်းပြန်ခြင်း အဆင့်…"

လူတိုင်း၏ မျက်လုံးများက သာ၍ပင် ပြူးကျယ်သွား၏။ မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။ အလင်းပြန်ခြင်း အဆင့် ကျင့်ကြံသူ တစ်ဦး၏ ပျမ်းမျှ ကြယ်တာရာ အမြုတေမှာ တစ်စင်တီမီတာ၏ လေးပုံတစ်ပုံ ဖြစ်သည်။ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်များပင်လျှင် စင်တီမီတာဝက်မျှသာ ရှိသည်။

သို့သော်လည်း ယခု၌ ဒြပ်စင်သားခု တော်ဝင်သားတော်မှာ အလင်းပြန်ခြင်း အဆင့် ကျင့်ကြံခြင်း အခြေခံဖြင့် သုံးဆယ့်နှစ် စင်တီမီတာ အရွယ်အစားရှိ ကြယ်တာရာ ဝိညာဥ်ကို ပိုင်ဆိုင်ထားသည်။ ထိုအရာက ဘာကို ဆိုလိုသနည်း။ ကြယ်တာရာ အမြုတေက သုံးဆယ့်နှစ် စင်တီမီတာ ဆိုလျှင် သူ၏ လောကပင်လယ်မှာ ဘယ်လောက်ထိ ကြီးမားနေသနည်း။

"သူက ဘယ်လိုတောင် ကျင့်ကြံထားတာလဲ…"

မိန်းမငယ်လေးက မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။

ဆယ်စုနှစ် တစ်ခုမျှသာ ရှိသည့် ကျင့်ကြံချိန်၊ ဝိညာဉ်အမှတ် ၃၉၃၀၀၊ မွန်းစတားဆန်သည့် ကြယ်တာရာ အမြုတေ...

ထိုအရာက ဖြစ်နိုင်ပါ၏လော။ ဖြစ်သင့်ပါ၏လေ။ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် ပါရမီရှင်များ တွင်ပင် အကန့်အသတ် ဆိုတာ ရှိစမြဲ ဖြစ်သည်။ သို့သော်လည်း ထိုလူငယ်၏ အကန့်အသတ်က အဘယ်မှာနည်း။

တစ်ချိန်တည်း၌ လူအိုကြီး၏ နှလုံးသားမှာလည်း အရှိန်ပြင်းစွာ တုန်ရီနေ၏။ လွန်ခဲ့သည့် သုံးနှစ်ခန့် အချိန် သူတို့ နှစ်ယောက် စတင်ဆုံတွေ့ချိန်၌ ဝေ့ဝူယင်၏ ကြယ်တာရာ အမြုတေက တစ်ဆယ် စင်တီမီတာသာ ရှိသည်။ သို့သော်လည်း သုံးနှစ်အတွင်းမှာပင် ၃၂ စင်တီမီတာ အထိ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မည်ကဲ့သို့နည်း။ သူက အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန်များကို သရေစာများလို စားသောက်နေသည်လား။

ဝေ့ဝူယင်ကတော့ အခြားလူများ၏ တုန့်ပြန်မှုများကို ဂရုမစိုက် သလို စိတ်လည်း မဝင်စားပါချေ။ ထို့အစား သူက လက်တစ်ဖက်ကိုသာ ဝှေ့ယမ်း၍ ဆန်းကြယ် ဒြပ်စင် မူလကမ္ဘာကိုသာ ဆင့်ခေါ်လိုက်၏။

ဘုန်း… ဘုန်း...

ထစ်ချုန်းပေါက်ကွဲသံများနှင့် အတူ အဆုံးမဲ့လှသည့် မူလ ဒြပ်စင် အင်အားများမှာ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ် လာ၏။ ၎င်းတို့က အလွန် လျှင်မြန်စွာ ဖြန့်ကျက်လာကာ စက္ကန့်ဝက်မျှ အတွင်းမှာပင် ပတ်လည် တစ်မိုင်ခန့် ဧရိယာ လုံးလုံးကို ဝါးမြို ဖုံးအုပ် သွားလေသည်။

"နောက်ဆုတ်ကြ... "

မဟာ ဘုန်းတော်ကြီး ကျိဂူက အော်ဟစ် အမိန့်ပေးလိုက်၏။ ကြယ်တာရာ အမြုတေ၏ အရွယ်အစား အရ ဝေ့ဝူယင်မှာ သာမန် ကျင့်ကြံသူ တစ်ယောက် မဟုတ်နိုင်ကြောင်း သူ ရိပ်မိပေသည်။ ပြောရလျှင် တော်ဝင်သားတော်တိုင်းမှာ သာမန် ကျင့်ကြံသူများနှင့် လုံးဝ ကွာခြားသည့် လမ်းစဥ်ကို ပိုင်ဆိုင် ထားကြသူများ ဖြစ်သည်။ အကယ်၍ သူတို့ကို သူတို့ကို သာမန် စံချိန်စံနှုန်းများနှင့် တိုင်းတာမိလျှင် လုံးဝ မှားသွားလိမ့်မည် ဖြစ်သည်။

ဝှစ်... ဝှစ်...

မျက်စိတစ်မှိတ်စာမျှ အတွင်းမှာပင် နန်းတော် အဖွဲ့ဝင်များမှာ မြို့တော် ဧရိယာထဲ ရောက်သည် အထိ နောက်သို့ ဆုတ်လိုက်ကြ၏။ သူတို့၏ လှုပ်ရှားမှုများက စီးချက်ကိုက်ထားသလိုပင် ညီညာကာ အမှားအယွင်း တစ်ခုတစ်လေပင် မရှိချေ။

“ဝင်္ကပါကို အသက်သွင်း...”

“ဘုန်း... ဘုန်း...”

ကျိဂူ၏ ညွှန်ကြားသံနှင့် အတူ ပေါက်ကွဲသံ အချို့ကို ကြားလိုက်ရ၏။ ချက်ချင်းကင် ပတ်ဝန်းကျင်ရှိ လေပြည်များမှာ လေပြင်းထန်သည့် လေပြင်းများ အသွင် ပြောင်းလဲသွားကာ နယ်စပ်စည်းမျဥ်းကို တံတိုင်း တစ်ခု သဖွယ် ကာရံလိုက်သည်။

ပုံမှန်အားဖြင့် ဆိုလျှင် တော်ဝင် ဘုရားကျောင်းများနှင့် နန်းတော်များမှာ သန့်ရှင်းသည့်  ကိုးကွယ်ခံ နေရာများ ဖြစ်လေရာ တိုက်ခိုက်ရေးနှင့် ခုခံရေး ဝင်္ကပါများ၊ အစီအရင်များအား တပ်ဆင်ခြင်းကို ရှောင်ရှားလေ့ရှိသည်။

သို့သော်လည်း တော်ဝင်သားတော် ထွက်ပေါ်လာပြီး နောက်တွင် လေပြည်လွင်ပြင်သားတို့မှာ လဲ့ကလန်နှင့် ရှန်းကလန်တို့ ကြုံခဲ့သလို အဖြစ်ဆိုမျိုးနှင့် ရင်ဆိူင်ရမှာ ကြောက်လာ ကြသည်။

ထို့ကြောင့်ပင် နန်းတော် ထိပ်တန်း အဖွဲ့ဝင်များမှာ အခြား တော်ဝင် ကလေးငယ်များ၏ ရန်မှ ကာကွယ်ရန် ခုခံရေးနှင့် တိုက်ခိုက်ရေး ဝင်္ကပါ အချို့ တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။

လပိုင်းအတွင်းမှာပင် အလျင်စလို တည်ဆောက်ခဲ့ရခြင်း ဖြစ်လေရာ ဝင်္ကပါများမှာ သိပ်မရှုပ်ထွေးလှသည့်တိုင် မဟာ ဘုန်းတော်ကြီး ကျိဂူ ကိုယ်တိုင်ပင် ဆုတ်ယုတ်မှု ရာသီ အတွင်း၌ ဖျက်ဆီးရန် ခက်ခဲလိမ့်မည် ဖြစ်သည်။ အကယ်၍ ဒြပ်စင်သုံးခု တော်ဝင်သားတော် အနေဖြင့် ထိုဝင်္ကပါကို ချိုးဖျက်ချင်လျှင် အနည်းဆုံး အချိန်သခင်များ ကဲ့သို့  အစွမ်းထက်သည့် ခွန်အားကို ပိုင်ဆိုင်ထားမှ ဖြစ်ပေလိမ့်မည်။

"မဟုတ်ဘူး... သူ့ကို သတ်ပစ်…"

ထိုအခိုက်တွင်ပင် အေးစက် ပြတ်သားသည့် မိန်းမသံ တစ်ခုမှာ ကောင်းကင်လေပြည် ဘုရားကျောင်းထဲမှ ထွက်ပေါ်လာ၏။ ၎င်းက အာကာပြင်လွှာကို တုန်ခါကာ ကျိဂူ အပါအဝင် အားလုံး၏ နားစည်များကို ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

ချက်ချင်းပင်... ဘုရားကျောင်း အဖွဲ့ဝင်များမှာ သူတို့ ဤနေရာသို့ ရောက်ရှိလာရသည့် မူယင်း ရည်ရွယ်ချက်ကို ပြန်သတိရသွားကာ မျက်နှာများ ပျက်ရွင်းသွားကြသည်။ သူတို့က အံများကို တင်းတင်းကြိတ်လိုက်ကြရင်း ကြယ်တာရာ လက်နက်များကို ဆုပ်ကိုင်ကာ ကျင့်ကြံခြင်း အခြေခံများကို လှည့်ပတ်လျှက် ဝေ့ဝူယင်နှင့် ထိပ်တိုက် ရင်ဆိုင်ဖို့ အတွက် လေပြင်း အကာအရံ၏ အပြင်ဘက်သို့ ပြန်ထွက်ရန် ဟန်ပြင်လိုက်ကြတော့သည်။

ထိုကဲ့သို့ ဘုရားကျောင်း အဖွဲ့ဝင်များ စတင် လှုပ်ရှားလာသည့် အချိန်ကလေးမှာပင် လောကကြီးမှာ တဟုန်းဟုန်း တုန်ရီလာကာ ကောင်းကင်နှင့် မြေကြီးကို ပဲ့တင်ထပ်သည့် ကြောက်မက်ဖွယ် ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာခဲ့တော့၏။

“ဂါး...”

ထိုဟိန်းဟောက်သံကြီးမှာ မတူကွဲပြားသည့် အသံကိုးမျိုးကို တစ်ချိန်တည်းတွင် ပေါင်းစပ်ထားပုံ ရ၏။ ၎င်း၏ အောက်တွင် ကောင်းကင်မှာ ပြိုကျမတတ် တုန်ဟီးသွားကာ မြေပြင်မှာ အင်အားကြီး ငလျင် တစ်ခု၏ ရိုက်ခတ်မှု ခံရသည့် အလား ပြင်းထန်စွာလှုပ်ခါသွား၏။

မဟာ ဘုန်းတော်ကြီး ကျိဂူ၏ အမူအရာက ချက်ချင်းပင် သုန်မှုန်သွားကာ ကြောက်ရွံ့မှု အငွေ့အသက် အချို့မှာ သူ့မျက်လုံးများတွင် ဖြတ်ပြေးသွား၏။ ကြီးကျယ် မြင့်မြတ်သည့် အချိန်သခင် တစ်ယောက် အနေဖြင့် လောကတွင် သူ ‌ကြောက်ရွံ့ရသည့် အရာ မရှိသလောက် ဖြစ်သော်လည်း လက်ရှိ၌ သူ့တွင် ခိုင်လုံသည့် အကြောင်းပြချက် တစ်ခု ရှိနေပေသည်။

မန်နာ...

ဂူကျိ၏ မျက်နှာ တစ်ခုလုံး ထိတ်လန့်ဖွယ် အငွေ့အသက်များဖြင့် ပြည့်နှက်သွားသည့် တစ်ချိန်တည်းမှာပင် အလွန် ပြင်းထန်သည့် မန်နာလှိုင်းလုံးများမှာ ဝေ့ဝူယင်ကို ဗဟိုပြုကာ အရှိန်အဟုန်နှင့် လှည့်ပတ်လာ၏။

ဘုန်း...

၎င်း၏ လမ်းကြောင်းအတွင်း ရှိနေသည့် လေပြင်း နံရံမှာ တုန်ရီလာကာ စက္ကန့်ပိုင်းမျှ အတွင်းမှာပင် အပိုင်းပိုင်း အစစ ကျိုးကြေ ပျက်စီးသွားသည်။

“မန်နာ...”

မရေမတွက်နိုင်သည့် လူများ၏ မျက်လုံးများက အဆုံးမဲ့ ရှုပ်ထွေးမှုတို့ဖြင့် ပြည့်နှက်နေ၏။ ဆုတ်ယုတ်မှု ရာသီတွင် နတ်ဘုရားများက မန်နာနှင့် အမတေများကို တားဆီးထားသည် မဟုတ်လော။  ယခု မည်သည့် အရာများ ဖြစ်ကုန်သနည်း။

ဘုန်း...

သူတို့ အဖြေထုတ်၍ မရ ဖြစ်နေကြစဥ်မှာပင် ဝေ့ဝူယင်၏ ပတ်လည်ရှိ အလင်းတန်းများမှာ ကျဲပါးသွားကာ တစ်သက် မမေ့နိုင်သည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့လေတော့သည်။

“ဘာလဲ...”

ရုတ်ချည်းပင် လူတိုင်း၏ မျက်လုံးများမှာ မယုံကြည်နိုင်ခြင်းများနှင့် ပြည့်နှက်သွား၏။ သူတို့၏ အရှေ့ ကောင်းကင်တွင်တော့ အလွန် ကြီးမားကာ ရှည်လျားလှသည့် သတ္တဝါကြီးများ ရှိနေခဲ့သည်။ ၎င်းတို့မှာ မီတာတစ်ထောင်ခန့် ရှည်လျားသည့် ဧရာမ ခန္ဓာကိုယ်ကြီးများကို ပိုင်ဆိုင်ထားကာ မျက်လုံးများမှာ သက်ရှိ ဝိညာဥ် အလင်းရောင်များဖြင့်ပင် တဖျပ်ဖျပ် တောက်ပနေသည်။ ၎င်းတို့၏ ကိုယ်လုံးနှင့် ခြေလက်များထက်ရှိ အကြေးခွံများကတော့ ယုတ္တိဆန်မှု၏ အဓိပ္ပာယ် ဖွင့်ဆိုနေလေ၏။ ယင်းတို့ကား နဂါးများပင် ဖြစ်သည်။ ထိုသတ္တဝါများမှာ နောက်ဆုံးတစ်ကြိမ် ထွက်ပေါ်စဥ်ကနှင့် ယှဥ်လျှင် မဆိုသလောက် သေးကွေးသွားသည် ဆိုသော်လည်း အခြားတစ်ဖက်၌ အစစ်အမှန် သက်ရှိများနှင့် ပိုမို၍ တူလာကြ၏။

ဘုန်း… ဘုန်း…

နဂါးကိုးကောင်မှာ ဝေ့ဝူယင်ကို ဗဟိုပြုကာ နာခံတတ်သည့် အိမ်မွေး တိရစ္ဆာန်လေးများ ကဲ့သို့ လှည့်ပတ်နေကြကာ အသက်ရှူလိုက်တိုင်း၌ ရောင်စုံ မြူမှုန်များကို ထုတ်လွှတ်နေကြ၏။ ပတ်ဝန်းကျင်၌ တည်ရှိနေသည့် မန်နာများမှာ ၎င်းတို့၏ ဟိန်းဟောက်သံနှင့် အတူ တိုက်ရိုက်ပင် ခုန်ပျံနေကြသည်။ တစ်ချိန်တည်း၌ ၎င်းတို့၏ မျက်လုံးများက မတူညီသည့် ဒြပ်စင် ကိုးမျိုးဖြင့် တလက်လက် တောက်ပနေကာ ကောင်းကင်လေပြည် မြို့တော်ကို စိုက်ကြည့် နေကြ၏။

“ဝိညာဉ် ကြယ်တာရာ အစီအရင်…”

နဂါးများကို စစ်ဆေးရင်း မဟာ ဘုန်းတော်ကြီး ကျိဂူ၏ မျက်လုံးများက အပ်ပေါက်များလို ကျဉ်းမြောင်းသွား၏။

"သူက ဘယ်လိုလုပ်ပြီး…"

တစ်စုံတစ်ရာကို ရိပ်မိသည်နှင့် သူ၏ အမူအရာက ထိတ်လန့် ချောက်ချားခြင်းများနှင့် ပြည့်နှက်သွား၏။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်က သတိ အနေအထားသို့ ပြောင်းလဲသွားကာ နောက်ကို လှည့်၍ အသံကုန် အော်ဟစ်လိုက်တော့သည်။

"တိုက်ခိုက်ဖို့ ပြင်ကြတော့ဟေ့…"

***

All Chapters