← Chapters

စိတ်ကြိုက်လုပ်ပိုင်ခွင့်

Vol. 29 Ch. 393

စိတ်ကြိုက်လုပ်ပိုင်ခွင့်

Vol. 29 Ch. 393

မိုဝူကျီ အဖြေပေးတော့မည် ထင်၍   ယိုကျောတောင် အပါအဝင် အားလုံးက မိုဝူကျီကို ကြည့်လိုက်ကြသည်။ သူက လတ်တလော တိုက်ပွဲတွင် အချက်အချာဂိုဏ်းနှင့် အံ့ဖွယ်ဓားငွေ့တို့ နှစ်ဂိုဏ်းသာ ပါဝင်ခဲ့ကြောင်း ပြောဆိုလိုက်သည်နှင့် သူတို့က ချက်ချင်း ချေပပြောဆိုမည် ဖြစ်သည်။

အကြောင်းမှာ ကြယ်တာရာ တိုက်ပွဲတွင်  ထိုဂိုဏ်းနှစ်ဂိုဏ်း ပါဝင်ဖူးသည့် ပထမဆုံးအကြိမ် ဖြစ်ပေသည်။ ယခင် ကြယ်တာရာသခင် ချီထုံရှိစဉ်က ထိုနှစ်ဂိုဏ်းမှာ တိုက်ပွဲကို ရံဖန်ရံခါ  ထောက်ပံ့ရုံသာ ရှိခဲ့ပြီး ယခုအကြိမ်မှာ  တိုက်ပွဲသို့ ပထမဆုံးအကြိမ် သူတို့အင်အားစု စေလွှတ်ဖူးခြင်း ဖြစ်သည်။

အချုပ်အားဖြင့် ကြယ်တာရာသခင် ရှိနေသည့်အခါက တခြားဂိုဏ်းများ အနေနှင့် တိုက်ပွဲတွင် ပါဝင်ဆင်နွှဲရန် လူလွှတ်ပေးလေ့ ရှိသည်။ ဂိုဏ်းအားလုံး တစ်ပြိုင်တည်း စေလွှတ်ခြင်း မဟုတ်သော်လည်း နယ်ခြား အင်အားစုများနှင့် တိုက်ပွဲကား အကြိမ်ရေ များပြားလှသည့် အတွက် ဂိုဏ်းတိုင်းလိုလို အနည်းဆုံး တစ်ကြိမ်၊ နှစ်ကြိမ်တော့ ပါဝင်ဖူးလေသည်။

ယိုကျောတောင် ဒေါသထွက်ရသည့် အကြောင်းအရင်းမှာ သူ့တာ့လောဂိုဏ်းက အားကောင်းပြီး ယခင်တိုက်ပွဲများတွင် လောက အင်မော်တယ်အဆင့် ကျင့်ကြံသူများ စေလွှတ်ခဲ့သေးသည်။ ယိုကျောတောင်၏ စကားများကို ကြားပြီး အချက်အချာဂိုဏ်းနှင့် အံ့ဖွယ် ဓားငွေ့ဂိုဏ်းတို့မှာ စိတ်လှုပ်ရှား လာကြသည်။

ဤတစ်ခါ သူတို့ အင်အားစု လွှတ်လိုက်သည့် အကြောင်းအရင်းမှာ ကြယ်တာရာသခင်မှာ ယခင်ကြယ်တာရာ သခင်ချီထုံ မဟုတ်တော့သောကြောင့် ဖြစ်သည်။ ထိုနှစ်ဂိုဏ်းမှာ ရန်သူအပေါ် မညှာတာပေးရန် အမြဲတမ်း ထောက်ခံလေ့ ရှိသော်လည်း သူတို့ နယ်ခြား အင်အားစုနှင့် ရင်ဆိုင်တိုင်း သူတို့အရေးသာသည်နှင့် ကြယ်တာရာ သခင်ချီထုံက ရန်သူများကို ညှာတာ ထောက်ထားပြီး အမြဲလွှတ်ပေးလေ့ ရှိသည်။

အကယ်၍ သူတို့က ထိုသို့တိုက်ပွဲမျိုးတွင် ဆင်နွှဲရပါက စိတ်မသက်မသာဖြင့်သာ  သေဆုံးရပေလိမ့်မည်။ အချက်အချာ ဂိုဏ်း၏ ကျင့်စဉ်မှာ အသိတရား အပေါ် မူတည်ထားသည့် အကြောင်းမှာ မှန်ကန်ပေသည်။ သူတို့က ရန်သူများကို စိတ်တိုင်းကျ မသတ်ဖြစ်နိုင်ပဲ လွှတ်ပေးလိုက်ရသည့် အတွက် ကိုယ့်လိပ်ပြာ ကိုယ်မလုံချေ။

ထို့ကြောင့် သူတို့က အနိုင်ရသူ ရှင်းရှင်းလင်းလင်း မရှိသည့် တိုက်ပွဲမျိုးတွင် မပါဝင်လိုကြချေ။

သို့သော်လည်း ကြယ်တာရာ သခင်မိုက ဝံပုလွေ ဘုရင်တောင်၏  မျက်လုံးဖြူ ဝံပုလွေကို သတ်ခဲ့သည့်အပြင် နယ်ခြားအင်အားစု သန်းပေါင်းများစွာနှင့် အတူ အာကာသ ဝံပုလွေဘုရင်ကြီး၏ အကြီးဆုံးသား ကန်ကြွယ်ကိုပင် တွေဝေခြင်း အလျှင်းမရှိ သတ်ဖြတ်ပစ်ခဲ့သည်။ ကြယ်တာရာ သခင်မို လက်အောက်တွင် သူတို့က အမှန်ပင် စိတ်တိုင်းကျ သတ်ဖြတ်နိုင်လေသည်။ ထို့ကြောင့် စုရွှမ်က အရေးပေါ် အကူအညီ တောင်းခံလွှာ ပို့ပေးပြီးနောက်တွင် အချက်အချာဂိုဏ်းနှင့် အံ့ဖွယ် ဓားငွေ့ဂိုဏ်းတို့က သူတို့၏ အဆင့်မြင့် ကျင့်ကြံသူများကို  တပ်ကူအဖြစ် ပေးပို့ကာ ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။

ကြယ်တာရာ သခင်မိုက သူတို့အား အမှန်ပင် စိတ်မပျက်စေပေ။ အကြောင်းမှာ သူက နယ်ခြားအင်အားစု သန်းပေါင်းများစွာကို ကိုယ်တိုင် သတ်ဖြတ်ခဲ့ရုံ သာမက ဂိုဏ်းနှစ်ခုလုံး ကိုလည်း အပြည့်အဝ ထောက်ခံပေးနေသည်။

မိုဝူကျီက အေးစက်စွာ ရယ်မောလိုက်ရင်း သူက ဤလူများ သူလုပ်လိုက်သည့် အကြောင်းအရင်းကို နားမလည်ကြောင်း မယုံကြည်ပေ။ ဤတစ်ကြိမ်တွင် အချက်အချာဂိုဏ်းနှင့် အံ့ဖွယ် ဓားငွေ့ဂိုဏ်းတို့သာ နယ်ခြား ကျူးကျော်သူများကို ကူညီရန် ထွက်လာခဲ့ရာ ဤနေရာရှိ လူများက အရူးများ မဟုတ်သောကြောင့် အဘယ်ကြောင့် မေးနေဦးမည်နည်း။

သူတို့က အဖြေကို သိလျက်နှင့် မေးနေသောကြောင့် ချီဟော်အာကို ရိုးရှင်း သွေးစက်ဂိုဏ်းမှ  လူကို မောင်းထုတ်ခွင့် ပေးလိုက်သည်က မှန်ကန်သွားပေသည်။ တစ်ခါတစ်ရံတွင် လူအများ သူ့စကားနားထောင်ရန် အာဏာပြဖို့ လိုအပ်တတ်သည်။ သူ့တွင် စွမ်းဆောင်ရည် မရှိပါက ယခုနေရာတွင် ထိုင်နေနိုင်မည် မဟုတ်ချေ။

“ကျုပ်က ကြယ်တာရာ သခင်လား ခင်ဗျားက ကြယ်တာရာ သခင်လား ... ကျုပ် ကြယ်တာရာသခင် ဖြစ်လာတာ မကျေနပ်ရင်လည်း မတတ်နိုင်ဘူး။ ကျုပ် စိတ်ကြိုက်တောင် လုပ်ပိုင်ခွင့် မရှိဘူးလား ...” မိုဝူကျီ လေသံမှာ အေးစက်နေပြီး အားကောင်းလှသည့်  စိတ်စွမ်းအားလည်း ထွက်ပေါ်လာသည်။

အစပိုင်းတွင် ဒေါသတကြီး ဖြစ်နေသော  ယိုကျောတောင်မှာ   မိုဝူကျီ၏ ဖိအားကြောင့် မသိမသာ နောက်ဆုတ် လိုက်ရသည်။ သူ့နောက်တွင် တစ်ခုခု ရှိမနေပါက ပို၍ နောက်ဆုတ်မိလိမ့်မည်။

မိုဝူကျီ၏ အရှိန်အဝါ ဖိအားအောက်တွင် ယိုကျောတောင် ပတ်လည်ရှိ  ဝိညာဉ်စွမ်းအားများမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည့် အလား သူ့မျက်နှာမှာလည်း ယခင်ကထက် ဖြူဖျော့လာလေသည်။

“ကျုပ် ရိုင်းစိုင်း မိသွားပါတယ် ...” ယိုကျောတောင်က သတိတကြီး ပြောလိုက်ပြီး မြန်မြန် ဦးညွှတ်လိုက်တော့သည်။ တစ်ခုခု မသင့်တော်တာ ပြောမိသရွေ့ သူ့အသက်လေး ပျောက်ဆုံးသွားနိုင်ပြီး တာ့လောဂိုဏ်းမှာလည်း ကျန်းရှင်းမှ အစအနမရှိ ပျောက်ကွယ်သွားနိုင်သည်။

မိုဝူကျီက ပို၍ သက်သက်သာသာ ရှိသည့်ဟန်ဖြင့်   “အခုကစပြီး  ကျန်းရှင်းမှာ ဂုဏ်သရေရှိ ဂုဏ်ပုဒ်ဘွဲ့အနေနဲ့ “ဂြိုဟ်ကာကွယ်ရေး ဂိုဏ်း” ဆိုတာကို ပေးအပ်မယ်။ အချက်အချာ ဂိုဏ်းနှင့် အံ့ဖွယ် ဓားငွေ့ဂိုဏ်းတို့ကို အဲဒီဂုဏ်ယူစရာ ဂုဏ်ပုဒ်ဘွဲ့ကို ချီးမြင့်မယ် ...”

ယိုကျောတောင်မှာ  ကြယ်တာရာသခင်ကို မေးခွန်းထုတ်လျှင် ဂိုဏ်းချုပ်အနေနှင့် မည်သို့ ဆက်ဆံခံရမည် ဖြစ်ကြောင်း အကောင်းဆုံး နမူနာ အဖြစ် ပြသွားခဲ့သည် မဟုတ်ပါလော။ ဂိုဏ်းအသေးလေးများက အကြောက်တရားဖြင့် တုန်ယင်နေကြပြီး အသံပင် မထွက်ရဲကြချေ။

သူတို့က ကြယ်တာရာ ဘုရင်တောင်မှ ကြယ်တာရာသခင် အများအပြား လက်အောက်တွင် ရှိခဲ့ကြသော်လည်း ထိုသို့ အင်အားကြီးသည့် ကြယ်တာရာ သခင်ကို တစ်ခါမျှ မမြင်တွေ့ဖူးပေ။

တချို့ဂိုဏ်းချုပ်များက ကြယ်တာရာသခင်မို အရိုက်အရာ လက်ခံလိုက်ခြင်း  သူက ချက်ချင်းဆိုသလို ယန်မျိုးနွယ်စုနှင့် ရှားမျိုးနွယ်စုများကို ဖယ်ရှားပစ်ခဲ့ပြီး မော့မျိုးနွယ်စုမှ ကျင့်ကြံသူတပ် ထိန်းချုပ်ခွင့်ကို ပြန်လည် သိမ်းယူ ထားနိုင်ခဲ့ကြောင်း ပြန်လည် အမှတ်ရလိုက်သည်။ မော့မျိုးနွယ်စုက မိုးသောက် ကြယ်တာရာတပ်နှင့် မြောက်ဘက်ပိုင်း ကြယ်တာရာတပ် တစ်ဝက်ကို လိုလိုလားလား ပြန်လည် ပေးအပ်ခဲ့လျှင်ပင် သူတို့ဂိုဏ်းလေး အနေနှင့် ကြယ်တာရာ သခင်မိုအတွက်  ဘာများ အဓိပ္ပာယ်ရှိမည်နည်း။

တချို့က လောကခန်းမမှ အရေးပေါ်သတင်း ရောက်လာလာချင်း  အပြေးမလာမိသည့် အတွက် နောင်တ ရနေမိကြသည်။ လောကခန်းမမှ ကိစ္စများကို စိတ်မဝင်စားသည့် ကြယ်တာရာ သခင်မိုက ရုတ်တရက် အာဏာပြလိမ့်မည်ဟု မည်သူက တွေးထားမည်နည်း။

မိုဝူကျီ တာဝန်ယူ လိုက်သည်နှင့် သူက ကြယ်တာရာ ဘုရင်တောင်မှ အင်အားစုကြီးများ ကြားမှ အတွင်းရေး ပဋိပက္ခများကို ဖြေရှင်းပေးဖို့ရာ ရှားမျိုးနွယ်စုနှင့် ယန်မျိုးနွယ်စုကို ရှင်းထုတ်လိုက်ခြင်းက ရက်စက်တတ်မှန်း သိသာနေလေပြီ။

အရေးပေါ် အကူအညီ တောင်းခံလွှာ ရောက်မလာကြောင်း အကြောင်းပြရန် ပြင်ဆင်နေကြသည့် ဂိုဏ်းချုပ်တချို့မှာ တံတွေးပြန်မျိုချ လိုက်ရသည်။ ထိုစကားများမှာ ကြယ်တာရာ သခင်မိုကို ဒေါသ ပိုထွက်သွားစေနိုင်ပြီး ကြယ်တာရာသခင်မို ဒေါသထွက်လာသည့် အခါ ဘာလုပ်မည်ကို မည်သူမျှ မသိချေ။

ထိုအကြောင်းပြချက်မှာ ကြယ်တာရာ သခင်ချီထုံအပေါ်သာ အလုပ်ဖြစ်လိမ့်မည်။ အကြောင်းမှာ ကြယ်တာရာ သခင်ချီထုံက ထိုအရာမှာ အကြောင်းပြချက် သပ်သပ် ဖြစ်ကြောင်း သိသော်လည်း အားလုံးကို မျက်နှာသာပေးကာ လက်ခံပေးခဲ့သည်။ သို့သော်လည်း ကြယ်တာရာ သခင်မိုနှင့် ရင်ဆိုင်ရသည့်အခါ ထိုသို့ဆက်ဆံမှုမျိုး ရလိမ့်မည်ဟု မျှော်လင့်ထား၍ မရပေ။

ဖြူဖျော့ဖျော့ ပိန်ပါးပါး လူငယ်လေးက ထရပ်ကာ လက်နှစ်ဖက် ယှက်လျက် “ကျုပ်က ကျီတူအင်မော်တယ် ကျောင်းတော်က ကျောင်းအုပ် ချီဟွားဟိုင်ပါ။ ကျုပ်လည်း တင်ပြစရာ ရှိပါတယ် ...”

မိုဝူကျီက ထိုသူကို စိတ်ထဲမှ မချီးကျူးပဲ မနေနိုင်တော့ချေ။ သူက အလွန် ငယ်ရွယ်သည့်ပုံ ရှိသေးသော်လည်း စစ်မှန်ခြင်း နတ်ဘုရား ထိပ်ဆုံးအဆင့် ရောက်နေလေပြီ။ သူ့၌ အလားအလာ ကောင်းများ ရှိသော်လည်း ရှေ့ထွက်လာပြီး ကိုယ့်သေတွင်းကို တူးဖို့ရာ ဆုံးဖြတ်နေသည်။

မိုဝူကျီက ဘာအမူအရာမှ မပြဘဲ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်  “ဒါက ကျန်းရှင်းရဲ့ ညီလာခံဆိုတော့ ပြောချင်တာ ပြောလို့ ရပါတယ် ...”

“ဟုတ်ကဲ့ပါ ...” ချီဟွားဟိုင်က လက်သီးဆုပ်ကာ ဂါရဝပြုလိုက်ပြီး   “ကျုပ်ရဲ့ ကျီတူအင်မော်တယ် ကျောင်းတော်က အစွန်အဖျား နေရာလေး ဖြစ်တော့ ကျုပ်တို့က လောကခန်းမကနေ ပို့လိုက်တဲ့ အရေးပေါ် သတင်းကို ပထမတစ်ကြိမ်မှာ မရရှိလိုက်ပါဘူး။ တကယ်လို့ ကျုပ်သာ တံခါးပိတ် ကျင့်ကြံရာကနေ တိုက်တိုက်ဆိုင်ဆိုင် ထွက်လာပြီး ကာကွယ်ရေး အစီအရင်ကို မဖွင်ခဲ့ဘူးဆိုရင် ဒီကျန်းရှင်း ညီလာခံကိုလည်း ကြားသိမိမှာ မဟုတ်ပါဘူး ... ”

ချီဟွားဟိုင် စကားများ ထွက်လာသည်နှင့် ဂိုဏ်းချုပ် တော်တော်များများက ထိုလူနှင့် ပတ်သက်သွားမည်ကို စိုးထိတ်နေကြသည့် အလား ခေါင်းငုံ့ထားလိုက်ကြသည်။  “ကိုယ့်သေတွင်း ကိုယ်မတူးလျှင် သေမည် မဟုတ်” ဟူသော စကားကဲ့သို့ ဖြစ်သည်။ ထိုလူမှာ ငယ်ငယ်ရွယ်ရွယ်ဖြင့် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ရောက်လာနိုင်သည့် အတွက် အင်မတန် အရည်အချင်း ရှိမှန်း သိသာလေသည်။ ထို့အပြင် သူ့အဖေ ချီထျန်းချမ်းမှာ အာကာသထဲ ပျောက်ဆုံးသွားခဲ့၍ ကျီတူ အင်မော်တယ် ကျောင်းတော် ကျောင်းအုပ် အရိုက်အရာကို ဆက်ခံခဲ့ခြင်း ဖြစ်ပေသည်။ အားလုံးက သူသည် ကျောင်းအုပ် ဖြစ်နေရသည်မှာ ငြီးငွေ့လွန်း၍ သူ့သေတွင်းသူတူးရန် ထိုသို့စကားမျိုး ပြောလိုက်သည် ဖြစ်ကြောင်း တွေးထင်လိုက်ကြသည်။

မိုဝူကျီက မျက်မှောင်ကြုတ်ကာ  “မင်းတို့ ကျီတူအင်မော်တယ် ကျောင်းတော်က အစွန်အဖျား နေရာမှာ ရှိနေလို့ရယ်၊ မင်းရဲ့ ကာကွယ်ရေး အစီအရင်ကို ပိတ်ထားလို့ရယ်ကြောင့် မင်းဆီ သတင်းပို့ဓားပျံကို မရဘူးလို့ ပြောချင်တာလား ...”

“ဟုတ်ပါတယ်။ ကျုပ်ရဲ့ ကျီတူအင်မော်တယ် ကျောင်းတော်ရဲ့ ကာကွယ်ရေး အစီအရင်က နည်းနည်းတော့ ထူးခြားတယ်။ ကျုပ်တို့ တည်နေရာက အစွန်အဖျား ဖြစ်နေတာကြောင့် ကျုပ်တို့ သတင်းဓားပျံ မရရှိတာ ပထမဆုံး အကြိမ်တော့ မကတော့ပါဘူး ...” ချီဟွားဟိုင်က ဖြေလိုက်သည်။

မိုဝူကျီက ခေါင်းညိတ်ပြလိုက်ပြီး   “အဲဒါဆိုရင်တော့ မင်းပြောတဲ့အတိုင်း ပြဿနာရှိနေတဲ့ပုံပဲ ... နယ်ခြား အင်အားစုတွေက ကျုပ်တို့ ကျန်းရှင်းကို အချိန်မရွေး ကျူးကျော်လာနိုင်တယ်။ ဒီလိုမျိုး ထပ်ဖြစ်လာရင် ကျုပ်တို့အတွက် ပြဿနာ ကြီးလာလိမ့်မယ်။

ချီဟွားဟိုင် ... အခု ချက်ချင်း ကျောင်းတော်ကို ပြန်ပြီးတော့ မင်းရဲ့ ကျီတူအင်မော်တယ် ကျောင်းတော်ကို နေရာရွှေ့လိုက် ... မင်းမှာ အဲဒီလိုလုပ်ဖို့ အချိန်တစ်ရက် ရမယ် ...”

“အာ” ချီဟွားဟိုင်မှာ ကြောင်အသွားသည်။

ဂိုဏ်းတစ်ဂိုဏ်း ထူထောင်ဖို့ရာ အတွက် အရေးကြီးဆုံးအချက်မှာ တည်နေရာ ဖြစ်ပေသည်။ ထိုနှစ်များစွာအတွင်း ကျန်းမိုနယ်မြေရှိ နေရာကောင်းများ အားလုံးမှာ ဂိုဏ်းအကြီးကြီးတွေဆီ ပါသွားပြီ ဖြစ်၏။ ထို့အပြင် ဂိုဏ်းတစ်ခု အတွက် တည်နေရာ ပြောင်းရွှေ့ခြင်းက ထိုမျှ မလွယ်ကူပေ။ အမျိုးမျိုးသော အစီအရင်များ၊ ဂိုဏ်းကျင့်ကြံရေး နေရာ၊ ဂိုဏ်း၏ စီမံရေးများနှင့်အတူ ထည့်သွင်း စဉ်းစားရမည့် အချက်များစွာ ကျန်ရှိသေး၏။

ထိုအရာအားလုံးကို ပြီးစီးဖို့ရန်  ကျင့်ကြံသူ မျိုးဆက်အလိုက် သို့မဟုတ် မျိုးရိုး ဆယ်ဆက်လောက် လိုအပ်ပေသည်။ ကျီတူအင်မော်တယ် ကျောင်းတော်က နှစ်သောင်းချီ၍ တည်ရှိနေသော ဂိုဏ်းတစ်ခု ဖြစ်ပြီး ကျန်းမိုနယ်မြေမှ ဂုဏ်သိက္ခာအရှိဆုံး ဂိုဏ်းထဲမှ တစ်ခု အပါအဝင် ဖြစ်ပေသည်။ တည်ရှိနေသာ ကျီတူ ဝိညာဉ်ကြောမှာ ကျန်းမိုနယ်မြေ တစ်ခုလုံးတွင် ထိပ်သီးဝိညာဉ်ကြော ဆယ်ခုတွင် လေးခုမြောက် နေရာ ချိတ်လေ၏။

ကြယ်တာရာ သခင်မိုက ရူးသွားပြီလား ...  သူက ဒီလို ဂုဏ်သိက္ခာ ကြီးမားတဲ့ ဂိုဏ်းကို နေရာ ရွှေ့ခိုင်းလိုက်တာလား ...

ကျန်ဂိုဏ်းများက ချီဟွားဟိုင်ကို အရူးတစ်ယောက်ကဲ့သို့ ကြည့်လိုက်ကြသည်။ အကြောင်းမှာ ချီဟွားဟိုင်က သူအလိုရှိသမျှ ရနိုင်သည့် အလိုလိုက်ခံထားရသော ကလေးတစ်ယောက်သာ ဖြစ်သည်။ သူ့တွင် ကျင့်ကြံဆင့် မြင့်နေခြင်းမှာ တံခါးပိတ် ကျင့်ကြံမှုများကြောင့်သာ ဖြစ်၏။ သူ့ကျင့်ကြံဆင့် အထောက်အပံ့ အားလုံးမှာ သူ့ဖခင်နှင့် ဂိုဏ်းဆီမှ ဖြစ်သည့်အတွက် သူ့ကိုယ်သူ အပြင်ဘက် လောကတွင် မည်သို့ အသက်ရှင် နေထိုင်ရမှန်း မသိသေးချေ။ တခြားသူများနှင့် များများ ထိတွေ့ မဆက်ဆံဖူးသေးသည့် ဂိုဏ်းချုပ်အနေနှင့် သူက သူ့ဂိုဏ်းကို မကြာခင် အဆုံးထိ ဆွဲချသွားလိမ့်မည်။

“ကြယ်တာရာသခင် ... ကျုပ် သတင်းဓားပျံ ရောက်လာတာကို သတိမပြုမိတာ ဖြစ်နေရင် ဖြစ်နေမှာ၊ ကျုပ် သွားပြီးတော့ စစ်ကြည့်လိုက်ပါ့မယ် ...” ချီဟွားဟိုင်မှာ မြန်မြန် ပြောလိုက်ရသည်။ သူသာ အချိန်ပြန်နောက်ဆုတ်လို့ ရပါက မတ်တတ်ရပ်၍ ပြောခဲ့မည် မဟုတ်ပေ။ ယခုတော့ သူက အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေလေပြီ။

မိုဝူကျီ မျက်နှာမှာ အမူအရာပျက်လာပြီး “အဲဒါဆို သတင်းဓားပျံက ရောက်သားနဲ့ ကျုပ်ကို လိမ်ညာပြီးတော့  တာဝန်ယူမှု လျော့ပေါ့အောင် ကြိုးစားနေတာလား ...”

ချီဟွားဟိုင် နဖူးမှ ချွေးအေးများ စီးကျလာသည်။ သူက ထိုသို့မျိုး တစ်ခါမျှ မကြုံတွေ့ဖူးပေ။ ပုံမှန်အားဖြင့် သူက တခြား ဂိုဏ်းချုပ်များနှင့် တွေ့လျှင် သူက ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်ရုံသာ ဖြစ်သည်။

“ဟုတ် ... ဟုတ်ကဲ့” ရိုးရှင်း သွေးစက်ဂိုဏ်း၏ အကြီးအကဲ မောင်းထုတ် ခံလိုက်ရသည်ကို တွေးမိသောအခါ ချီဟွားဟိုင်က  ချွေးအေးများ ပိုမို ထွက်လာလေ၏။ အကယ်၍ သူသာ မောင်းထုတ် ခံလိုက်ရပြီး စူးရှလေမြို့အတွင်း ခြေချခွင့် မပြုတော့ပါက သူ့အတွက် ခံယူရန် ခက်ခဲသော အရှက်ကွဲမှုကြီး ဖြစ်ပေလိမ့်မည်။

မကြာခင်တွင် သူက အတွေးလွန်နေကြောင်း သိလိုက်သည်။

 မဟုတ်သေးပါဘူး  ... အတွေးလွန်နေတာ မဟုတ်ဘဲနဲ့ ပြည့်ပြည့်စုံစုံ တွေးမိနေခြင်း ဖြစ်ပေသည်။

မိုဝူကျီက သူ့ကို စိတ်ထဲမထားဘဲ လော့ယွီချန်ဘက် လှည့်ကာ  “ခန်းမသခင်လော့ ... ကျီတူအင်မော်တယ် ကျောင်းတော်က ကျန်းရှင်းကို ကာကွယ်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ လိမ်ညာရဲတယ်။ ကျီတူအင်မော်တယ် ကျောင်းတော်ကို ချက်ချင်း ဖျက်သိမ်းပစ်လိုက် ... ကျန်းရှင်းမှာ အဲဒီလိုဂိုဏ်းမျိုး ဆက်ရှိမနေသင့်ဘူး။ ချီဟွားဟိုင် အတွက်တော့ သူ့ကျင့်ကြံဆင့် အားလုံးကို ဖျက်ဆီးပစ်လိုက် ...”

“နာခံလျက်ပါ” လော့ယွီချန်က သူ့ကြယ်တာရာ သခင်အသစ်၏ သဘောထားကို အမှန်ပင် သဘောကျမိသည်။

ကျန်းရှင်းတွင် အဆင့်မြင့် ကျင့်ကြံသူများသာ ကြယ်တာရာ သခင်နေရာကို ရယူနိုင်ကြသည်။ အကယ်၍ လုံလုံလောက်လောက် အားမကောင်းပါက သူသည် ကျန်းရှင်းတွင် အခြားလူများဆီမှ အနိုင်ကျင့်ခံရလိမ့်မည်။

“ဟမ်” ချီဟွားဟိုင်က အတော်လေး တုန်လှုပ်မိသွားသည်။

“ကြယ်တာရာသခင် ... တကယ်ပဲ ကျုပ်ရဲ့ ကျီတူအင်မော်တယ် ကျောင်းတော်ကို ဖျက်သိမ်း ပစ်ချင်တာလား” သူက သူ့နားသူပင် မယုံကြည်နိုင်ပေ။ ထိုသို့အကြောင်းအရာ မျိုးကြောင့် ဂိုဏ်းကို ဖျက်သိမ်းပစ်ဖို့ရာက အတော်လေး ရက်စက်လွန်းပေသည်။

မိုဝူကျီက ချီဟွားဟိုင် စကားများကို စိတ်ထဲမထားပေ။ သူသာ ပိုအားကောင်းနေပါက ချက်ချင်းသွား၍ ကျီတူအင်မော်တယ် ကျောင်းတော်ကို ဖျက်ဆီးပစ်မည် ဖြစ်သည်။

မိုဝူကျီ အဖြေကို မစောင့်တော့ပဲ လော့ယွီချန်က ချီဟွားဟိုင်ကို ကြက်ကလေးအလား ကိုင်ထားသည်။ ချီဟွားဟိုင်ဘေးမှ သက်တော်စောင့် နှစ်ယောက်မှာ မတ်တတ်ရပ်ကာ  လော့ယွီချန်ကို ရပ်တန့်ဖို့ရာ ကြိုးစားသော်လည်း ချီဟော်အာက သူတို့ရှေ့ ရောက်ရှိလာလေသည်။

သက်တော်စောင့် နှစ်ယောက်မှာ သက်ပြင်း ချလိုက်တော့သည်။ သူတို့၏ ကျီတူအင်မော်တယ် ကျောင်းတော်မှာ အတိတ်တွင် ကျန်ရစ်တော့မည် ဖြစ်ကြောင်း သေချာသွားလေ၏။ အမှန်တရားမှာ ကြယ်တာရာ သခင်မို၏ ဆုံးဖြတ်ချက် မပါလျှင်ပင် ချီဟွားဟိုင်ကဲ့သို့ ခေါင်းဆောင်မျိုး လက်အောက်တွင် ကျီတူအင်မော်တယ် ကျောင်းတော်မှာ ထို့ထက် တိုးတက် လာနိုင်တော့မည် မဟုတ်ပေ။

သူတို့နှစ်ယောက်လုံးက ထိုင်ချလိုက်ပြီး ဤနေရာတွင် လှုပ်ရှားလိုက်ပါက သေခြင်းတရားနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိလိုက်သည်။ သူတို့အပြုအမူများမှာ ကြယ်တာရာ သခင်မိုကို ဒေါသထွက်သွားစေပြီး သူတို့ ကျီတူအင်မော်တယ် ကျောင်းတော်ကို ဖျက်ဆီးဖို့ရာ တွန်းအား ဖြစ်သွားစေနိုင်သည်။

“မဟုတ်ဘူး  ... ကြယ်တာရာသခင် ကျုပ်ရဲ့ ကျီတူအင်မော်တယ် ကျောင်းတော်ကို ဖျက်သိမ်းပစ်လို့ မရဘူး။ ကျုပ်တို့က ကျန်းရှင်းမှာ နှစ်ပေါင်းများစွာ တည်ရှိလာတာ ... အား ...” ချီဟွားဟိုင် စကားမဆုံးခင် ယူကျုံးမရ ငိုကြွေးသံကို လောကနန်းတော် အပြင်ဘက်မှ ကြားလိုက်ရသည်။ အားလုံးက ချီဟွားဟိုင် ကျင့်ကြံဆင့် ပျက်စီးသွားကာ အဆုံးသတ်သွားပြီ  ဖြစ်ကြောင်း သိလိုက်ကြသည်။ တစ်ချိန်တည်းတွင် ကျီတူအင်မော်တယ် ကျောင်းတော်မှာလည်း အဆုံးသတ်သွားလေပြီ။

***

All Chapters