တိုက်ခိုက်ခြင်း
Vol. 36 Ch. 492
ဂါး... ဂါး...
မီတာထောင်ချီ ရှည်လျားသည့် နဂါးကြီး ကိုးကောင်မှာ ကြောက်မက်ဖွယ် ဟိန်းဟောက်သံကြီးများကို ထုတ်လွှတ်ကာ ကောင်းကင်တွင် လှည့်ပတ်ပျံသန်းနေကြ၏။ ယင်းက ရင်သပ်ရှုမောဖွယ် ကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်သကဲ့သို့ တစ်ချိန်တည်းတွင် ကောင်းကင်လေပြည် မြို့တော် အတွက် အလွန် ခြိမ်းခြောက်နိုင်စွမ်း ရှိသည့် အန္တရာယ် တစ်ခုလည်း ဖြစ်သည်။
ကောင်းကင်လေပြည် နန်းတော်၏ လောကသခင် တစ်ပါးက သူ၏ အမွှာ ဓားနှစ်လက်ကို တင်းတင်း ဆုပ်ကိုင်ရင်း ကောင်းကင်ရှိ ဝေ့ဝူယင်၏ ပုံရိပ်ကို မော့ကြည့် လိုက်၏။ ဒြပ်စင်သုံးခု တော်ဝင်သားတော် ကဲ့သို့ ထိပ်သီး ပါရမီရှင် တစ်ယောက် သေဆုံးခြင်းက လူသားမျိုးနွယ် အတွက် နှမြောစရာ ကောင်းသည့်တိုင် မဟာလေပြင်း တော်ဝင်သားတော်၏ အမိန့်အရ ထိုလူငယ်ကို သတ်ရလိမ့်မည် ဖြစ်သည်။ သူတို့တွင် နောက်ဆုတ်စရာလမ်း မရှိတော့ချေ။
သူ၏ မျက်လုံးများက ဖြည်းညင်းစွာပင် ဝေ့ဝူယင်ထံမှ တစ်ဆင့် နဂါးများထံသို့ ဆက်လက် ရွေ့လျားသွား၏။ ထိုအစီအရင်က အတော်လေး အထင်ကြီးစရာကောင်းသည့်တိုင် ဝေ့ဝူယင်ကို သတ်နိုင်သမျှ အခြား ဘယ်အရာကို အရေးစိုက်စရာ လိုသနည်း။
သူက ကောင်းကင်လေပြည် နန်းတော်၏ အဖွဲ့ဝင်များထဲတွင် ရန်သူ၏ ခွန်အားကို စမ်းသပ်ကြည့်ရန် ကနဦး စတင် လှုပ်ရှားရန် တာဝန်ယူထားရသူ ဖြစ်လေရာ ဓားနှစ်လက်ကို ဆုပ်ကိုင်ရင်း ကောင်းကင်သို့ ပျံတက်လိုက်၏။
ထို့နောက် ဝေ့ဝူယင်ထံသို့ တိုက်ရိုက် တိုးဝင် တိုက်ခိုက်ခြင်း မပြုပဲ ခပ်လှမ်းလှမ်း တစ်နေရာမှာသာ ရပ်လိုက်သည်။ ဝေ့ဝူယင်က အလင်းပြန်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်မျှသာ ဖြစ်သည့်တိုင် သူ တော်ဝင် သားတော် တစ်ယောက်ကို အထင်မသေးဝံ့ချေ။
ထိုအရာက အချိန်မီ နောက်ပြန်ဆုတ်နိုင်သလို အရေးမလှပါက အခြားလူများ အလွယ်တကူ လာရောက် ပူးပေါင်းနိုင်သည့် အကွာအဝေး ဖြစ်သည်။ ထို့အပြင် လေဒြပ်စင် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် သူ မိမိ အမြန်နှုန်း အပေါ်တွင် မိမိ အပြည့်အဝ ယုံကြည်ချက် ရှိပေသည်။
ဘုန်း...
အမွှာ ဓားနှစ်လက်ကို မြှောက်လိုက်သည်နှင့် ပတ်ဝန်းကျင် မိုင် ဆယ်ဂဏန်း အတွင်းရှိ လေအင်အားများမှာ ဓားသွားထိပ်တွင် ကြောက်မက်ဖွယ် စုစည်းလာကြ၏။
ထိုအခိုက်အတန့်တွင်ပင် ကြောက်မက်ဖွယ် ဖိအားကြီး တစ်ခုအောက်သို့ ကျရောက်နေသလို သူ ခံစားလိုက်ရသည်။ ၎င်းက အလွန့်အလွန် ကြီးမားလှသော ဖိအားကြီးတစ်ခုပင်။ သူက ချက်ချင်းပင် အောက်ရှိ ကျင့်ကြံသူများကို အော်ဟစ် သတိပေးရန် ကြိုးစားလိုက်၏။
“အဲဒါက...”
သူ စကားလုံးများကို ဆုံးအောင် မရေရွတ်နိုင်သေးမှာခင် ပုံရိပ်တစ်ခုမှာ သူ့မြင်ကွင်းထဲသို့ ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် တိုးဝင်လာသည်ကို တွေ့မြင်လိုက်ရ၏။
“သတိထား...”
မဟာ ဘုန်းတော်ကြီး ဂူကျိက အော်ဟစ်လိုက်ရင်း လောကသခင်ကို ကူညီရန် အတွက် ကောင်းကင်သို့ ပျံတက်လိုက်၏။ သို့သော်လည်း သူ မရောက်နိုင်သေးခင်မှာပင် နဂါးတစ်ကောင်မှာ သားကောင်ထံ ကြိုတင် ရောက်နှင့်ကာ ခန္ဓာကိုယ် တစ်ခုလုံးကို မျက်တောင်တစ်ခပ်စာ အတွင်း ဝါးမြိုပစ်လိုက်ပြီ ဖြစ်လေသည်။
ဂူကျိမှာ သူနှင့် နှစ်ရှည်လများ တွဲလုပ်ခဲ့ရသည့် လူတစ်ယောက် ဆိုးဆိုးရွားရွား သေဆုံးသွားခြင်းကို မမြင်ရက်လေရာ မျက်လွှာကိုသာ ချလိုက်မိ၏။ အစောကြီးကတည်းကပင် တစ်ခုခု လွဲမှားနေကြောင်း သူ ခံစားမိပြီး ဖြစ်သည်။ မည်သည့် အရာဖြစ်ကြောင်း သူ မမှန်းဆနိုင်ခဲ့ခြင်းသာ ဖြစ်သည်။ နဂါးကြီး၏ သွားစွယ်များ အကြားမှ လောကသခင်၏ သွေးများ စီးကျလာနေသည်ကို ကြည့်ရင်း သူ့နှလုံးသားက တုန်ရီသွား၏။ သူတို့ကား တကယ် မြန်လွန်းလှသည်။
ဟူး... ဟူး...
လောကသခင်၏ အသက်အင်အားမှာ ဖြည်းညင်းစွာပင် လွင့်ပြယ်သွားခဲ့၏။ သူ၏ ဝိညာဥ်နှင့် ချိတ်ဆက်နေသည့် အသက်ကျောက်ပြားမှာလည်း ကွဲကြေသွားခဲ့ပြီ ဖြစ်သည်။ သူကား တကယ့်ကို သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။
ဂါး...
နဂါးကြီးက ပြင်းထန်စွာ ဟိန်းဟောက်လိုက်ရင်း ကောင်းကင် တစ်နေရာတွင် ရပ်နေသည့် ဂူကျိဘက်သို့ လှည့်လိုက်၏။
ထိုသတ္တဝါကြီးကို အနီးကပ်ကြည့်ရင်း ဂူကျိမှာ နှလုံးသား တစ်ခုလုံး တုန်လှုပ် ချောက်ချားသွားသလို ခံစားလိုက်ရသည်။ ၎င်း၏ မီတာထောင်ချီ ရှည်လျားသည့် ခန္ဓာကိုယ်ကြီးက ပြင်းထန်သည့် သတ်ဖြတ်ခြင်း အငွေ့အသက်များနှင့် ပြည့်နှက်နေကာ အသက်ရှူလိုက်တိုင်း အဝါရောင် မြူမှုန်များမှာ မုန်တိုင်းတစ်ခုလို တိုက်ခတ်နေသည်။
၎င်း၏ အသက်ရှူပုံ၊ မျက်လုံး လှုပ်ရှားပုံမှ အစ... နဂါးအော်ရာ အဆုံး အရာအားလုံးမှာ အစစ်အမှန် တစ်ခုနှင့် တူလွန်းလှရာ ဂူကျိမှာ ထိုအရာက အစီအရင် တစ်ခုဖြစ်ကြောင်း မေ့လုနီးပါးပင်။
ဂါး... ဂါး...
ဝေ့ဝူယင်က လက်ဟန် ချိပ်စည်း အချို့ကို ပြုလုပ်လိုက်ရာ နဂါးငါးကောင်မှာ ကမ္ဘာပျက် မတတ် ဟိန်းဟောက်သံကြီးများကို ထုတ်လွှတ် လိုက်ကြ၏။ ထို့နောက် ၎င်းတို့က မီတာထောင်ချီ ရှည်လျားသည့် ခန္ဓာကိုယ်ကြီးများနှင့် အတူ ကောင်းကင်ကို သိမ်းပိုက်ကာ ကောင်းကင်လေပြည် မြို့တော်ဆီသို့ တိုးဝင် သွားကြလေတော့၏။
ဟူး... ဟူး...
နဂါးများမှာ မယုံကြည်နိုင်လောက်အောင် လျှင်မြန်လှသည်။ လောက၏ မန်နာများက ၎င်းတို့၏ လှုပ်ရှားမှုများကို ဆက်သွယ် ထောက်ပံ့ပေးကာ လျှပ်စီးများ အလား လျှင်မြန်စေ၏။
“ကာကွယ်ကြဟေ့...”
မဟာ ဘုန်းတော်ကြီး ဂူကျိမှာ ထိတ်လန့်မှုနှင့် စိတ်ရှုပ်ထွေးမှုတို့ကို ခံစားနေရသည့်တိုင် တည်ငြိမ်အောင် ကြိုးပမ်းရင်း အမိန့်ပေးလိုက်၏။ လောကသခင် ဆယ်ယောက်မှာ အဖော်ဖြစ်သူ၏ သွေးပျက်ဖွယ် သေဆုံးမှုကို ကြည့်ကာ ကြောက်လန့် နေကြသည့်တိုင် မြေပြင်တွင် တံတိုင်းကြီးများ သဖွယ် ရပ်တည်နေကြဆဲ ဖြစ်သည်။ သူတို့က လောကနယ်မြေများကို ဖြန့်ကျက်ထားကာ နှစ်ဦးစီ ပူးပေါင်းလျှက် နဂါးတစ်ကောင်ကျစီကို ရင်ဆိုင်ရန် အဆင်သင့် ဖြစ်နေကြ၏။
တစ်ချိန်တည်း၌ ထိပ်သီး ပညာရှင်များမှာ လေထုအလွှာများထဲတွင် ပုန်းကွယ်ကာ နဂါးများကို အကဲခတ် နေကြ၏။ ထိုအရာက မည်ကဲ့သို့သော အစီအရင်မျိုးနည်း။ သူတို့၏ မျက်လုံးများက စိတ်ဝင်စားခြင်းများနှင့် တဖျပ်ဖျပ် တောက်ပနေသည်။
မဟာ ဘုန်းတော်ကြီး ကျိဂူက စိတ်ကို တည်ငြိမ်အောင် ထိန်းရင်း အစီအရင်ကို သေချာစွာ လေ့လာလိုက်၏။ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို ဝန်းရံ ကာကွယ်နေသည့် နဂါး လေးကောင်မှာ အခြေခံ ဒြပ်စင်လေးမျိုး ဖြစ်သည့် မီး၊ ရေ၊ လေ၊ မြေကြီးတို့ဖြင့် ဖွဲ့စည်းထားကာ ကောင်းကင်လေပြည် မြို့တော်ကို တိုက်ခိုက်နေကြသည့် နဂါး ငါးကောင်ကမူ သတ္တု၊ လျှပ်စီး၊ သစ်သား၊ ချော်ရည်ပူနှင့် ရေခဲ တည်းဟူသော အဆင့်မြင့် ဒြပ်စင် ငါးမျိုးကို ကိုယ်စားပြုနေကြောင်း သူ သတိထားမိလိုက်သည်။
“သူက...”
“အား...”
ကျိဂူ၏ အတွေးမဆုံးသေးခင်မှာပင် အောက်မှ ကြောက်မက်ဖွယ် ကောင်းသည့် အသံနက်ကြီး တစ်ခု ထွက်ပေါ်လာ၏။ နဂါးကြီး တစ်ကောင်၏ ပါးစပ်ဖျားသို့ လောကသခင် တစ်ပါး ကျရောက်သွားခြင်းပင်။
“ရှောင်ကျန်း...”
သူ၏ တွဲဖက်က အသံကုန် အော်ဟစ်လိုက်ရင်း လက်ထဲမှ ဆူးကြာပွတ် ကဲ့သို့ လက်နက်ဖြင့် နဂါးကြီးကို အစွမ်းကုန် တိုက်ခိုက်လိုက်၏။ သူမက ရင့်ကျက်တည်ငြိမ်သည့် အမျိုးသမီး တစ်ယောက် ဖြစ်ကာ သေဆုံးသွားသူမှာ သူမ၏ လက်တွဲဖော်ပင် ဖြစ်သည်။
ဘုန်း...
ဆူးကျာပွတ်မှာ နဂါးကြီး၏ ကိုယ်ပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ကျဆင်းသွား၏။ သို့သော်လည်း မီတာထောင်ချီ ရှည်လျားသည့် သတ္တဝါကြီးမှာ ထိုတိုက်ခိုက်မှုလောက်ကို မဖြုံရေးချ မဖြုံချေ။ သူက ပါးစပ်ကို ဟကာ ရေခဲငွေ့များကို မှုတ်ထုတ်လိုက်၏။
ဟူး... ဟူး...
ချက်ချင်းပင် ပတ်လည် ပေထောင်ချီ ဂဏန်း အတွင်းရှိ လေထုမှာ အေးခဲကာ အမျိုးသမီး လောကသခင်မှာ တောင့်တောင့်ကြီး ရပ်တန့်သွား၏။ တစ်စက္ကန့်မျှ အတွင်းမှာပင် သူမမှာ လက်တစ်ချောင်းကိုပင် လှုပ်ရှားနိုင်စွမ်း မရှိတော့။
“တောင့်ခံထား... ငါလာပြီ...”
မဟာ ဘုန်းတော်ကြီး ကျိဂူက အော်ဟစ်လိုက်ရင်း မြေပြင်သို့ ပြန်ဆင်းရန် ပြင်လိုက်၏။ ထိုအခိုက်အတန့်တွင်ပင် ဝေ့ဝူယင်ကို ဝန်းရံနေကြသည့် နဂါးများက သူ့လှုပ်ရှားမည့် အချိန်ကို စောင့်နေသည့် အလား စိတ်လှုပ်ရှားစွာဖြင့် ပိုမို ထူထဲသည့် မြူမှုန်များကို မှုတ်ထုတ်လိုက်ကြသည်။
ကျိဂူမှာ အရူးတစ်ယောက် မဟုတ်ချေ။ နဂါးများကို ရင်ဆိုင်ရန် အတွက် တစ်ခုတည်းသော နည်းလမ်းမှာ အစီအရင်အား ထိန်းချုပ်ထားသည့် ဝေ့ဝူယင်ကို သတ်ဖြတ်ရန် ဖြစ်ကြောင်း သူ သိပေသည်။ ထို့ကြောင့်ပင် သူက ဝေ့ဝူယင် အလစ်အငိုက်ဖြစ်သည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဝေ့ဝူယင်မှာ သူ့ထက် ပိုမို ပါးနပ်ပုံ ပေါ်ကာ နဂါးလေးကောင်ကို သူ့ အနားတွင် ခေါ်ထားခဲ့သည်။ အကယ်၍ သူ အခြားလူများကို ကယ်တင်ရန် သွားခဲ့ပါက ဝေ့ဝူယင်မှာ သူ့ အနားတွင် ရှိနေသည့် နဂါးများကို လွှတ်ကာ တိုက်စစ်ကို ထပ်မံ အားဖြည့်နိုင်လိမ့်မည် ဖြစ်သည်။ ထိုအခါကျလျှင် ဖြစ်ပေါ်လာမည့် ရလဒ်မှာ ယခုထက် ပို၍ပင် ဆိုးရွားသွားလိမ့်မည် ဖြစ်သည်။
ကျိဂူက အကောင်းဆုံး နည်းလမ်းကို ရွေးချယ်ကာ လောကသခင်ထံ ဝိညာဥ် အာရုံဖြင့် ဆက်သွယ်လိုက်၏။
“နည်းနည်း တောင့်ခံထား... ငါ စစ်ကူခေါ် ...”
သူ၏ စကားမဆုံးခင်မှာပင် ဝိညာဥ် ဆက်သွယ်မှုမှာ ရုတ်တရက် ပြတ်တောက်သွား၏။ သူ ထိတ်လန့်တကြားဖြင့် လှမ်းကြည့်လိုက်တော့ မိန်းကလေးမှာ အရှိန်အဟုန် ပြင်းစွာဖြင့် မြေပြင်ဆီသို့ ပြုတ်ကျနေသည်ကို လှမ်းမြင်တွေ့လိုက်ရသည်။ သူမအား တိုက်ခိုက်ခဲ့သည့် နဂါးကမူ မာကျောသော အရာတစ်ခုအား တဂျွတ်ဂျွတ်ဝါးစားနေသည်ကို ရှင်းလင်းစွာပင် တွေ့မြင်နိုင်ပေသည်။
ထိုအရာက အေးခဲနေသည့် လက်ဖျံတစ်ခုပင်။ သူမ၏ အခြား ခန္ဓာကိုယ်အစိတ်အပိုင်းများလား...။ ပြင်းထန်စွာ ပြုတ်ကျသွားသည့် အသံက ၎င်း၏ ကံကြမ္မာကို ထင်ရှားစေပါသည်။ ကျိဂူ၏ နှလုံးသားကား ထိတ်လန့် ချောက်ချားခြင်းများနှင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်လေသည်။
“မဟုတ်ဘူး...”
ထိုအရာက မဖြစ်သင့်ချေ။ လောကသခင်များမှာ အလွန် အစွမ်းထက်ကြသည်။ ဤလောကနယ်မြေတွင် သူတို့က ပြိုင်ဘက်ကင်း သလောက် နီးပါး ဖြစ်သည်။ ယခုတွင်တော့ စက္ကန့်ပိုင်း အတွင်းမှာပင် သုံးယောက် တိုင်တိုင် သေသွားရပြီ ဖြစ်လေသည်။
ထိုအခိုက်၌ လောက၏ မန်နာများမှာ နဂါးများ၏ ထိန်းချုပ်မှုအောက်၌ ရှိနေကာ အလွန် မြင့်မားလှသည့် ကောင်းကင်ဖိအားများကို ထုတ်လွှတ်နေ၏။
ကောင်းကင်ဖိအား...
ကောင်းကင်ဖိအားမှာ ကောင်းကင် အုပ်စိုးသူ အဆင့်များ၏ အလွန် ထူးခြားသည့် ဝိသေန လက္ခဏာ တစ်မျိုး ဖြစ်သည်။ ယင်းက မန်နာများကို ထိန်းချုပ်၍ ပြိုင်ဘက်၏ ကြယ်တာရာ အင်အားကို အားနည်းစေကာ စိတ်နှင့် ရုပ်ခန္ဓာ နှစ်ခုစလုံးကို ကြီးမားစွာ သက်ရောက်စေခြင်းမျိုး ဖြစ်သည်။
လောကနယ်မြေများမှာ မန်နာများကို ကိုယ်ပိုင်စွမ်းအား အဖြစ် ပြောင်းလဲကာ ကောင်းကင်ဖိအားကို လောကဖိအား အသွင်ဖြင့် ထုတ်ဖော် နိုင်ကြသည်။ မည်သည့် အဆင့် ကျင့်ကြံသူ ဖြစ်စေ... လောကသခင် တစ်ပါး၏ လောကနယ်မြေ အတွင်း ကျရောက်သွားသည့် လောကဖိအားကို လွန်ကဲစွာ ခံရလိမ့်မည် ဖြစ်သည်။ ထိုကဲ့သို့သော စွမ်းအင်ကြောင့်ပင်... လောကသခင်များပင် အခြား လောကသခင်များ၏ လောကနယ်မြေများ အတွင်း မဝင်ရောက်ရဲကြခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာပင် ဆုတ်ယုတ်မှု ရာသီ၌ လောကနယ်မြေများမှာ အားနည်းသည့် အဆင့်တွင် ရှိနေကြလေရာ မန်နာများကို ကိုယ်ပိုင်စွမ်းအား အဖြစ် ပြောင်းလဲပစ်နိုင်စွမ်း မရှိချေ။
“ဒါပေမဲ့ ဒီကောင်းကင်ဖိအားက လောကဖိအား အဆင့်မှာ ရှိနေတယ်”
မဟာ ဘုန်းတော်ကြီး ကျိဂူမှာ ထိုရှာဖွေ တွေ့ရှိမှုကြောင့် အလွန်အမင်း အံ့အားသင့် နေခဲ့၏။ မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။ ဆုတ်ယုတ်မှု ရာသီမှာ မန်နာများကို ချိတ်ပိတ်ထားသည် မဟုတ်ပါလား။
“မဟုတ်မှ လွဲရော... ဆုတ်ယုတ်မှု ရာသီ အဆုံးသတ်သွားတာလား...”
သူက မန်နာများကို ချိတ်ဆက်ကာ ကိုယ်ပိုင် လောကဖိအားကို ထုတ်လွှတ်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း အရာမထင်ချေ။ မန်နာများမှာ ခါတိုင်းလို တားဆီးခြင်း ခံထားရဆဲ ဖြစ်သည်။
ကျိဂူ၏ မျက်လုံးများမှာ ပိုမို နက်မှောင်သွား၏။ ဒြပ်စင်သုံးခု တော်ဝင် သားတော်က မည်ကဲ့သို့ လောကဖိအားကို ထုတ်ဖော်နိုင်ရသနည်း။ သို့တည်းမဟုတ်... ၎င်းက သူ ထိန်းချုပ်ထားသည့် အစီအရင်၏ အကျိုးသက်ရောက်မှု တစ်ခုခု ဖြစ်မည်လား။
“ဂါး...”
ကျိဂူ တွေးတောနေစဥ်မှာပင် နဂါးတစ်ကောင်က ဟိန်းဟောက်လျှက် ဝိညာဥ်တိုက်ခိုက်မှု တစ်ခုကို ဖော်ထုတ်လိုက်၏။ ၎င်းနှင့် တိုက်ခိုက်နေသည့် လောကသခင် တစ်ပါးမှာ အသိစိတ် ပင်လယ် တစ်ခုလုံး တုန်လှုပ်သွားကာ တစ်စက္ကန့်မျှ ကိုယ့်ကိုယ်ကို ထိန်းချုပ်မှု ကင်းလွတ်သွား၏။
သို့သော်လည်း... ထိုအရာက မီတာထောင်ချီ ရှည်သော နဂါးကြီး၏ သွားစွယ်များ ကြားထဲတွင် အသက်ထွက်သွားရန် လုံလောက်သည့် အချိန် ဖြစ်ပေသည်။ လောကသခင်မှာ အော်ဟစ် အကူအညီ တောင်းခံခွင့်ပင် မရလိုက်ချေ။
***