စိန်ခေါ်ခြင်း
Vol. 36 Ch. 494
“ဒီလိုမျိုး မဖြစ်သင့်ဘူး မလား...”
လေပြည်လွင်ပြင်၏ တစ်နေရာ၌ မင်ရှုဖုန်းမှာ လောကသခင် ကိုးယောက်နှင့် ဝေ့ဝူယင်၏ တိုက်ပွဲကို ပါးစပ် အဟောင်းသားဖြင့် ငေးကြည့် နေခဲ့၏။ သူမ၏ မျက်လုံးများက မယုံကြည်နိုင်မှု၊ ရူးသွပ်မှု၊ ထိတ်လန့်မှုတို့နှင့် အတူ ချင်းချင်းနီနေသည်။ လွန်ခဲ့သည့် ရက်ပိုင်းက သူမ ကောင်းကင်ကံကြမ္မာကို ကြည့်ရှုခဲ့ပြီး အနာဂတ်နှင့် ပတ်သက်သည့် ပုံရိပ်များကို တွေ့မြင်ခဲ့ရသည်။ ထိုပုံရိပ်များထဲတွင် ဝေ့ဝူယင် ရှုံးနိမ့်ခဲ့သည့် မြင်ကွင်းလည်း တစ်ခု အပါအဝင်ပင် ဖြစ်သည်။
သို့သော်လည်း... လက်တွေ့၌ လုံးဝ ဆန့်ကျင်ဘက်များသာ ဖြစ်လာခဲ့သည်။ ကမ္မရေစက် ပြောင်းလဲမှုကြောင့် အနည်းငယ် လွဲချော်ခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယခုက ဇာတ်ညွှန်း တစ်ခုလုံးကို လုံးဝ ပြင်ရေးလိုက်သမျိုး ဖြစ်သည်။
တစ်ချိန်တည်း၌ စန်းယွန်းလီ၏ မျက်နှာဖုံးအောက်မှ သွေးရောင် မျက်လုံးများမှာ မသေချာ မရေရာမှုများနှင့် ပြည့်နှက်နေ၏။ ထိုဖြစ်စဥ်တစ်ခုလုံးက လုံးဝ အဓိပ္ပာယ် မရှိသလို သူမ ခံစားနေရသည်။ ကောင်းကင်လမ်းစဥ် စာအုပ်မှ ထပ်မံပေါင်းထည့်ထားသည့် ဝေ့ဝူယင်နှင့် ပတ်သက်သည့် အချက်အလက်များကို သူမ လေ့လာခဲ့ပြီး ဖြစ်သည်။ သူက သူမလိုမျိုး မဟုတ်ချေ။ သာမန် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သည်။
သို့တိုင်အောင် သူက အဘယ်ကြောင့် ကံကြမ္မာကို ပြောင်းလဲနိုင်သနည်း။ သို့တည်းမဟုတ်... သူမ၏ အသေးအမွှား လှုပ်ဆောင်ချက်လေးများက အပြောင်းအလဲကြီး တစ်ခုလုံးကို ဦးတည်စေခဲ့သလော။ ထိုကဲ့သို့ဆိုလျှင်လည်း ကောင်းကင်လမ်းစဥ် စာအုပ်က အဘယ်ကြောင့် အချက်အလက်မှားများကို ဖော်ပြခဲ့ရသနည်း။
စန်းယွန်းလီ၏ မျက်လုံးများထဲမှ စိတ်ရှုပ်ထွေးမှုက ပိုမို၍ မြင့်တက်လာ၏။ ကောင်းကင်လမ်းစဥ် စာအုပ်မှာ မှော်ဆန်သည့် စွမ်းအင်များကို ပိုင်ဆိုင်ထားကြောင်း သူမ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။ ၎င်းက အနာဂတ် အဖြစ်အပျက်များကို ကြိုတင် ခန့်မှန်းပေးနိုင်စွမ်း ရှိသည့် အပြင် သူမ၏ ဝိညာဥ်ကိုပါ အချိန် ယန္တယားကို ဖြတ်သန်းစေ၍ ငယ်ရွယ်သည့် အတိတ်ဘဝသို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။ ထိုအကျိုးဆက်ကပင် အတိတ်ဘဝနှင့် ခြားနားသည့် အချိန်လွဲချော်မှုကို ဖြစ်စေခဲ့သလား သူမ မပြောတတ်ပါချေ။
အဖြေမရှိသည့် မေးခွန်းများကို ရင်ထဲသို့ ပြန်လည် သိမ်းဆည်းရင်း သူမ မင်ရှုဖုန်းဘက်သို့ လှည့်လိုက်၏။
“ဒီတိုက်ပွဲရဲ့ အဖြေကို မင်း မြင်နိုင်လား...”
ဘာပဲဖြစ်ဖြစ်... အာရုဏ်ဦး အာဏာရှင် ဧကရာဇ် ဝေ့ဝူယင်နှင့် အစစ်အမှန် ဒြပ်စင် အင်ပါယာ လင်းမင်တို့မှာ တိုက်ခိုက်ကာ အနိုင်အရှုံးကို ဆုံးဖြတ်ကြတော့မည် ဖြစ်သည်။ ထိုတိုက်ပွဲက အစစ်အမှန် အနာဂတ်ကို အဆုံးအဖြတ် ပေးလိမ့်မည်ဟု သူမ ခံစားရသည်။
ဆန်းကြယ်လှံတံကို ဆုပ်ကိုင်ကာ ကောင်းကင်တွင် ဂုဏ်ရှိန်ဝါမြင့်မားစွာဖြင့် ရပ်နေသည့် လူငယ်လေးကို သူမ လှမ်းကြည့်လိုက်မိ၏။ အတိတ်ဘဝမှ မှတ်ဉာဏ်များ အရဆိုလျှင် ထိုလူငယ်လေးမှာ နတ်ဘုရား သင်္ကေတ ကိုးခုလုံးကို ပေါင်းစည်းကာ ဆန်းကြယ် ဧကရာဇ်၏ နောက်ဆုံး အမွေကို ဆက်ခံနိုင်လိမ့်မည် ဖြစ်သည်။ ဤသို့နှင် သူက ထာဝရ ကောင်းကင် ကြယ်တာရာ နယ်မြေကို ခရီးနှင်ကာ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ရွေးချယ်ခံ တစ်ယောက် ဖြစ်လာပေလိမ့်မည်။ ထိုအရာက ကြီးကျယ် မြင့်မြတ်လှသည့် အစစ်အမှန် ဒြပ်စင် အင်ပါယာ အဖြစ် ကျော်ကြားလာမည့် သူ၏ ဘဝခရီး အစပင် ဖြစ်သည်။
ဤတိုက်ပွဲတွင် သူ ရှုံးနိမ့်၍ မရချေ။ ရှုံးသည်နှင့် ဘဝ ခရီးလမ်းကြောင်း၏ အရေးအကြီးဆုံး အလှည့်အပြောင်း တစ်ခု ဖြစ်သည့် “ရွေးချယ်ခံတစ်ယောက် ဖြစ်လာခြင်း” ဆိုသော ကဏ္ဍကို သူ ဆုံးရှုံးသွားရလိမ့်မည် ဖြစ်သည်။
စန်းယွန်းလီ တွေးတောနေစဥ်မှာပင် မင်ရှုဖုန်းက လက်ဟန် ချိပ်စည်း အချို့ကို ဖန်တီးကာ အစီအရင် အချို့ကို အသက်သွင်းလိုက်သည်။ ထိုအရာက ဖြစ်တန်စွမ်းကို ခန့်မှန်းသည့် အစီအရင် မဟုတ်ပဲ အနာဂတ် မြင်ကွင်း အစီအရင်ပင် ဖြစ်သည်။ ရလဒ်ကို တွေ့မြင်ပြီးနောက်တွင် သူမက လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်၏။
“ဝေ့ဝူယင် ရှုံးလိမ့်မယ်”
သူမက စိတ်သက်သာရာ ရဟန်ဖြင့် ပြုံးရင်း ဆိုလိုက်၏။ သို့သော်လည်း စန်းယွန်းလီက မျက်မှောင်ကြုတ် လိုက်၏။
“ဘယ်လိုလဲ...”
သူမ၏ အမြင်အရဆိုလျှင် ဝေ့ဝူယင်မှာ သုံးဆယ့်နှစ် စင်တီမီတာ ရှိသည့် ကြယ်တာရာ အမြုတေကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ၎င်းက ကျင့်ကြံခြင်း အခြေခံကို ထိခိုက်ခံကာ စွမ်းအားကို ယာယီ မြှင့်တင်ပေးည် အစီအရင် တစ်မျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ အတိတ်ဘဝ၌ ကြယ်တာရာ အမြုတေ အရွယ်အစားကို ထိုကဲ့သို့ မြှင့်တင်ပေးနိုင်သည့် နည်းလမ်းများကို သူမ မြင်တွေ့ခဲ့ဖူးပြီး ဖြစ်သည်။
ဘယ်လို နည်းလမ်းနှင့်ဖြစ်ဖြစ်... လောလောဆယ်၌ ဝေ့ဝူယင်မှာ လောကသခင်နှင့် အချိန်သခင်များကိုပင် အနိုင်ယူနိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားပေသည်။ သူ၏ ခွန်အားက လင်းမင်ထက် အဆပေါင်းများစွာ သာလွန်နေမည်မှာ သံသယ ရှိစရာ မလိုချေ။
စန်းယွန်းလီ၏ မေးခွန်းက မင်ရှုဖုန်း၏ မျက်နှာထက်ရှိ အပြုံးကို အေးခဲသွားစေ၏။ သူမက အလျှင်အမြန်ပင် မြင်ကွင်းကို ရှာဖွေရန် ကြိုးစားလိုက်သော်လည်း ဘာကိုမှ မတွေ့ရချေ။
“ငါ... မသိဘူး...”
စန်းယွန်းလီက ဘာမှ ဆက်မမေးတော့ချေ။ ငြိမ်သက်စွာ စဥ်းစားရင်း သူမ၏ မျက်လုံးများက မကြုံစဖူး အကန့်အသတ်ထိ ရောင်အောင် တဖြည်းဖြည်း တောက်ပလာနေခဲ့သည်။ ၎င်းတို့က သွေးရောင် နေကြယ်နှစ်စင်းလိုပင်။
“ကြည့်ရတာ သူ့ရဲ့ အနာဂတ်ကို မမြင်နိုင်အောင် တားဆီးပေးတဲ့ အကာအကွယ် တစ်ချို့ ရှိတဲ့ပုံ ရတယ်”
သူမက ထိုစကားများကို ပေါ့ပေါ့တန်တန် ပြောလိုက်သော်လည်း မင်ရှုဖုန်း၏ မျက်လုံးများက ထိတ်လန့် ချောက်ချားခြင်းများနှင့် ရုတ်ချည်း ပြည့်နှက်သွား၏။
“သူက အဲ့ဒါ လို့ ရှင်ပြောနေတာလား...”
စတင် စကားပြောသည်နှင့် သူမ၏ စကားလုံးနှင့် အသုံးအနှုန်းများက ထူးဆန်းလာ၏။
“အား...”
ရုတ်တရက် စန်းယွန်းလီ၏ ဒူးများက မြေပြင်ပေါ် ညွှတ်ကျသွားသည်။ ဦးနှောက်ကို ကုတ်ခြစ်နေသလို ဆူညံသံ တစ်ခုက သူမ၏ ခေါင်းထဲ၌ ပဲ့တင်ထပ်နေ၏။ သူမ၏ တစ်ကိုယ်လုံးမှာ ချွေးများဖြင့် စိုရွှဲနေကာ တစ်ကိုယ်လုံးရှိ အမွေးအမျှင်များမှာ ထောင်ထနေ၏။
“ရှင် ဘာဖြစ်တာလဲ...”
မင်ရှုဖုန်းမှာ ကြောက်လန့်သွားကာ စန်းယွန်းလီကို ကူညီပေးဖို့ ကြိုးစား လိုက်သည်။ သို့သော်လည်း စန်းယွန်းလီက ကိုယ်ကို နောက်တွန့်ကာ ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
“ငါ့ကို မထိနဲ့...”
သူမအား ကြည့်ရသည့်က အလွန်အမင်း ပြင်းထန်သည့် နာကျင်မှု တစ်ခုကို အသည်းအသန် ခုခံနေရသည့်ပုံပင်။
မင်ရှုဖုန်းက ချက်ချင်းပင် နောက်သို့ ဆုတ်လိုက်၏။ စန်းယွန်းလီ၏ ပုံစံကို ကြည့်ရင်း ရုတ်ချည်းပင်... ငရဲကြီး ဆယ့်ရှစ်ထပ် အကြောင်း အသေးစိတ် အချက်အလက်များကို ပြောပြခဲ့သော အခါ၌ ဝ့ဝူယင် ဖြစ်သွားသည့် ပုံကို သူမ ပြန်လည် အမှတ်တရလိုက်မိ၏။ ဖြစ်ရပ်နှစ်ခုမှာ ဆင်တူသော်လည်း ဝေ့ဝူယင်မှာ စန်းယွန်းလီထက် အဆများစွာ ပိုမို ခံနိုင်ရည် ရှိသည်။
အချို့သော ပုဂ္ဂိုလ်များမှာ တစ်စုံတစ်ရာနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို မကြားနိုင်သလော။ မင်ရှုဖုန်းက ချက်ချင်းပင် ထိုသီအိုရီကို လက်တွေ့ စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်၏။
“ရှင် ငရဲ ပထမထပ် အကြောင်း ကြားခဲ့လို့လား... ပြောစကားတွေ အရဆိုရင် အဲဒါက...”
သို့သော်လည်း စန်းယွန်းလီက မည်သို့မှ မတုန့်ပြန်ချေ။ ချက်ချင်းပင်... ထိုစကားလုံးက သူမ အပေါ် မသက်ရောက်နိုင်ကြောင်း မင်ရှုဖုန်း သဘောပေါက်သွား၏။
“သူတို့တွေ ကြားလို့ မရတဲ့ စကားလုံးတွေက မတူလို့လား”
သူမ ကြည့်နေစဥ်မှာပင် စန်းယွန်းလီမှာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာကာ မတ်တပ် ထရပ်လာ၏။
“ဝေ့ဝူယင်က ဘာလဲ... သူကရော ဘာလဲ”
မိန်းကလေးကို ကြည့်ရင်း မင်ရှုဖုန်းမှာ ပိုမို၍ စိတ်ရှုပ်ထွေးလာ၏။ သေချာတာတစ်ခုကတော့ ဝေ့ဝူယင်ရော စန်းယွန်းလီရော နှစ်ယောက်စလုံးမှာ မူမမှန်သည့် ဖြစ်တည်မှုများ ဖြစ်သည်။ ဤအတိုင်းဆိုလျှင် သူတို့အကြောင်း ဖတ်မိသမျှ ကံကြမ္မာ အားလုံး နီးပါးမှာ မှားယွင်းနေပေလိမ့်မည်။
ထိုကဲ့သို့ မင်ရှုဖုန်း တစ်ယောက် လောကကြီး၏ အနက်နဲဆုံးသော လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် ကြိုးပမ်းနေချိန်တွင် ဝေ့ဝူယင်မှာ လင်းမင်၏ စိန်ခေါ်မှုကို လက်ခံလိုက်ပြီ ဖြစ်သည်။ သို့သော်လည်း စိန်ခေါ်မှုကို တရားဝင် အသက်သွင်းရန် အတွက် သူတို့ နှစ်ယောက်မှာ မီတာတစ်ရာ အကွာအဝေး အတွင်း ရောက်ရှိနေရန် လိုအပ်သည်။
“မင်းရဲ့ အစီအရင်ကို ပြန်သိမ်းလိုက်...”
လင်းမင်က တောင်းဆိုလိုက်၏။ သတိပေးချက် တစ်စုံတစ်ရာ မရှိပဲ ထိုနဂါးများ၏ တိုက်ခိုက်ခံရမည်ကို ရှင်းရှင်းလင်းလင်းပင် သူ မလိုလားချေ။
ဝေ့ဝူယင်က အသာအယာပင် ပြုံးကာ သတ္တု နဂါး၏ ဦးခေါင်းထက်မှ အပေါ်သို့ ပျံတက်လိုက်၏။ ထို့နောက် သူက အကြောက်အလန့် ကင်းမဲ့စွာပင် လင်းမင်ထံသို့ ပျံသန်းလာခဲ့သည်။ နဂါးများမှာ လောကကြီးကို သက်ရှိများ ကဲ့သို့ စိတ်ဝင်စားစွာ ကြည့်ရင်း ဖြေးညင်းစွာ မြေပြင်ဆီ ဆင်းသက်သွားကြ၏။
လင်းမင်က မျက်မှောင်ကြုတ်လိုက်၏။ ဝေ့ဝူယင်မှာ အရူး တစ်ယောက် မဟုတ်ကြောင်း သူ ကောင်းစွာ သိသည်။ ထိုလူငယ်မှာ အနန္တ ဧကရာဇ်ဂိုဏ်း တစ်ခုလုံးကိုပင် အိတ်ကပ်ထဲ ထည့်ထားသူ ဖြစ်လေရာ လုံလောက်သည့် အကြောင်းပြချက် မရှိပဲ အစွမ်းအထက်ဆုံး လက်နက်ကို အဝေးသို့ ပို့ဆောင်မည့် လူမျိုး မဟုတ်ချေ။
လက်ထဲရှိ မူလလှံတံကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း ဝေ့ဝူယင် တဖြည်းဖြည်း ချည်းကပ်လာသည်ကို သူ စောင့်နေလိုက်၏။
မီတာ ငါးရာ...
မီတာ လေးရာ...
မီတာ သုံးရာ...
ဘုန်း...
မီတာ နှစ်ရာ အကွာအဝေးသို့ ရောက်သည်နှင့် ရုတ်ချည်းပင် လင်းမင်၏ ခန္ဓာကိုယ်မှာ လေနှင့် လျှပ်စီး ဒြပ်စင် စွမ်းအားတို့ဖြင့် ဝန်းရံသွား၏။
ထို့နောက် မူလ နေရာမှ ဝေဝါး ပျောက်ကွယ်သွားကာ မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ဝေ့ဝူယင်နှင့် မီတာတစ်ရာ အတွင်း၌ ပြန်လည် ပေါ်လာခဲ့သည်။
“ ... “
ဝေ့ဝူယင်၏ မျက်လုံးများက နားမလည်ဟန်နှင့် အနည်းငယ် ပြူးကျယ်သွား၏။ သို့သော်လည်း... လင်းမင်ကတော့ နည်းနည်းလေးမျှ နှောင့်နှေးခြင်း မရှိချေ။
“ကျုပ် လင်းမင် ဝေ့ဝူယင်ကို ဒြပ်စင် တိုက်ပွဲ စိန်ခေါ်တယ်...”
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ရင်း နတ်ဘုရား သင်္ကေတများကို ဆက်သွယ်ကာ စိန်ခေါ်မှုကို အသက်သွင်း လိုက်တော့၏။
ဝမ်... ဝမ်...
လင်းမင်ထံမှ ဒြပ်စင်တိုကင် လေးခုနှင့် ဝေ့ဝူယင်၏ ဒြပ်စင် တိုကင် သုံးခု၊ စုစုပေါင်း ဒြပ်စင်တိုကင် ခုနစ်ခုတို့မှာ ရောင်စုံ အလင်းတန်းများဖြင့် လင်းလက်စွာ တောက်ပလာသည်။ ထို့နောက် ၎င်းတို့က အဖြူရောင် အလင်းတန်း တစ်ခု အသွင်ဖြင့် ပေါင်းစည်းသွားကာ တိမ်တိုက်များကို ထိုးဖောက်သွားသည်။
ဘုန်း...
ချက်ချင်းဆိုသလိုပင် စိန်ခေါ်မှုကို လက်ခံသည့် အလား ကောင်းကင် အလင်းတန်းမှာ ကောင်းကင်မှ ပြန်လည် ပြိုကျလာ၏။ ၎င်းက နတ်ဘုရား၏ လက်တစ်ဖက် အလား ကောင်းကင်လေပြည် မြို့တော် ဒေသခံများ အပါအဝင် အရာအားလုံးကို ဘေးသို့ တွန်းဖယ်လိုက်သည်။ ဟင်းလင်းပြင် သင်္ဘောကြီးများပင်လျှင် ချွင်းချက် မဟုတ်ခဲ့ချေ။
ဟူး... ဟူး...
တစ်ခဏအတွင်းမှာပင် ဆယ်မိုင် ပတ်ဝန်းကျင်ကား ပြောင်တလင်း ခါသွားခဲ့ပြီ ဖြစ်သည်။ ဒဏ္ဍာရီဆန်သည့် ကောင်းကင် အလင်းတန်းများ လျှင်မြန်စွာပင် ပြန်လည် ကျဲပါးသွားကြကာ ဝေ့ဝူယင်နှင့် လင်းမင်တို့မှာ စင်မြင့်တစ်ခုထက်၌ ရပ်လျှက်သား ကျန်ရှိနေခဲ့ကြ၏။
ထွင်းဖောက်မြင်နိုင်စွမ်း ရှိသည့် အလင်း အကာအရံ တစ်ခုက ထိုစင်မြင့်ကို စက်ဝိုင်းခြမ်း တစ်ခု သဏ္ဌာန်ဖြင့် ဝန်းရံ ဖုံးအုပ်ထားသည်။
“ဘာလဲ...”
ရုတ်တရက် လင်းမင်၏ မျက်လုံးများက ထိတ်လန့်ချောက်ချားခြင်းများဖြင့် ပြည့်နှက်သွားကာ အံ့အားသင့်စွာ အော်ဟစ်လိုက်လေ၏။
လောကသခင် ကိုးပါးကို သတ်ဖြတ်ခဲ့သည့် နဂါးကိုးကောင်မှာ အလင်းစက်ဝန်း အတွင်းမှာပင် ရှိနေဆဲ ဖြစ်သည် မဟုတ်ပါလား။
***