စွပ်စွဲမှု
Vol. 36 Ch. 495
လင်းမင်၏ မျက်လုံးများမှာ နဂါးများကို ကြည့်ကာ ပြူးကျယ်နေခဲ့၏။ ထိုအရာက မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။ တော်ဝင် ကလေးငယ်များ အကြားရှိ တိုက်ရိုက် စိန်ခေါ်ပွဲများတွင် ပြင်ပ အစီအရင်များ၊ ဝင်္ကပါများ၊ အဆောင်များနှင့် ဆေးတောင့်များကို ကန့်သတ်ထားသည် မဟုတ်ပါလော။ သို့မဟုတ်... ထိုအရာက ပြင်ပ အစီအရင် တစ်ခု မဟုတ်သည်လော။
ဝေ့ဝူယင်ကတော့ လင်းမင်၏ အံ့သြနေမှု အပေါ် တကူးတက ဂရုမစိုက်ပါချေ။
“သူ့ကို သတ်လို့ မရသေးတာ နှမြောစရာပဲ...”
သူက သက်ပြင်း တစ်ချက် ချလိုက်ရင်း ဒြပ်စင် အင်အားများကို စုစည်းကာ မီတာ တစ်ရာခန့် ရှိသည့် အဖြူရောင် လက်သီးတစ်ခုအသွင် ပြောင်းလဲလိုက်၏။ ထို့နောက် မတုန့်မဆိုင်းပင် ထိုလက်သီးဖြင့် လင်းမင်ထံသို့ ထိုးချလိုက်လေတော့သည်။
လင်းမင်မှာ အံ့အားသင့်နေမိသည့်တိုင် သတိလက်လွတ် ဖြစ်မနေပါချေ။ သူ၏ ခန္ဓာကိုယ်က လျှင်မြန်စွာပင် သတိ အနေအထားသို့ ပြောင်းလဲသွားကာ မူလ လှံတံကို ရှေ့သို့ ဆန့်ထုတ်လိုက်၏။ ချက်ချင်းပင် လက်သီးနှင့် ယှဥ်နိုင်သည့် မူလဒြပ်စင် အင်အား တစ်ခုမှာ လှံထိပ်တွင် ထွက်ပေါ်လာသည်။
ဘုန်း... ဘုန်း...
အင်အားနှစ်ခုမှာ ထိပ်တိုက်တွေ့သည်နှင့် ပြင်းထန်သည့် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာသည်။ စင်မြင့် ဗဟိုပတ်လည် တစ်မိုင်ခန့် ဧရိယာမှာ ချက်ချင်းပင် အဖြူရောင်နှင့် လှံအလင်းတို့ဖြင့် ရောနှောပြည့်နှက်သွားသည်။
မကြာခင်မှာပင် ပုံရိပ်တစ်ခုမှာ သွေးများ ဖြာထွက်ကျလာကာ နောက်သို့ လွင့်ပျံသွား၏။ မူလ လှံတံကို ဆုပ်ကိုင်ထားသည့် လင်းမင်ပင်။
ဂျစ်... ဂျစ်...
လင်းမင်က လှံကို အောက်ရှိ စင်မြင့်ထဲ နစ်ဝင်အောင် ထိုးစိုက်ရင်း အရှိန်ကို ရပ်တန့်ရန် ကြိုးစားလိုက်၏။ သူ လွင့်စဥ် သွားရာ လမ်းကြောင်း တစ်လျှောက်တွင် နက်ရှိုင်းသည့် စွတ်ကြောင်း တစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ နဖူးတွင်တော့ သွေးစီးကြောင်း တစ်ခု ရှိနေခဲ့၏။ ကြည့်ရသည်က ခေါင်း၌ ဒဏ်ရာ တစ်ခုခု ရရှိသွားပုံပင်။
သို့သော်လည်း လင်းမင်မှာ ထိုဒဏ်ရာကို ဂရုစိုက်ပုံ မရချေ။ သူက တည်ငြိမ်စွာပင် သွေးစ တစ်ချို့ကို ထွေးထုတ်ရင်း ဝေ့ဝူယင်ကို ပြန်လည် မျက်နှာချင်းဆိုင်လိုက်၏။ သူ၏ မျက်လုံးများက အထင်သေးခြင်း၊ စက်ဆုပ်ခြင်းများနှင့် ပြည့်နှက်နေ၏။
"ဝေ့ဝူယင်... မင်းက ကိုယ့်ကိုယ်ကို ထိခိုက်စေတဲ့ နည်းလမ်းကို သုံးပြီး ခွန်အားကို အတင်းအကြပ် မြှင့်တင်ထားတယ်ပေါ့… ဟမ့်… မင်းရဲ့ ကြယ်တာရာ အမြုတေ ဒီလောက် ကြီးနေတာ အံ့အားသင့်စရာ မရှိတော့ဘူး"
ပထမ၌ သူ့တွင် သံသယ အချို့သာ ရှိခဲ့သော်လည်း ထိပ်တိုက် ရင်ဆိုင်ပြီးနောက်၌ ရန်သူမှာ ခွန်အားကို မြှင့်တင်ရန် အတွက် တားမြစ် နည်းလမ်းများကို သုံးထားကြောင်း ပိုမို၍ ခိုင်မာလာခဲ့သည်။ ထိုစိန်ခေါ်မှုအား လက်ခံရန် ဝေ့ဝူယင် မကြောက်ခဲ့သည်မှာ အံ့ဩစရာ မရှိတော့ချေ။
"..."
ဝေ့ဝူယင်မှာ လင်းမင်၏ စွပ်စွဲမှုကြောင့် အနည်းငယ် ဆွံ့အသွား၏။ သူက ဘယ်တုန်းက ကိုယ့်ကိုယ်ကို အန္တရာယ် ဖြစ်စေသည့် တားမြစ်နည်းလမ်းတစ်ခုကို သုံးလိုက်သနည်း။ ထိုလူငယ်က ကိုယ်ပိုင် အမှန်တရား တစ်ခုကို ဖန်တီးရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ်… သူ၏ လက်သီးချက်ကို ခုခံနိုင်ခဲ့ခြင်း အတွက်တော့ လင်းမင်ကို ဝေ့ဝူယင် ချီးကျူးမိသည်။ အထူးသဖြင့် ကျင့်ကြံခြင်း အဆင့်တစ်ဆင့် ပိုနိမ့်သည့် အာကာသ ပဲ့တင်သံ အဆင့် တစ်ယောက် အတွက် ထိုအရာက အတော်လေး ထူးချွန်သည်ဟု ဆိုနိုင်ပေသည်။ ထိုလူငယ် ကြယ်တာရာ အမြုတေက မည်သည့် အရွယ်အစား၌ ရှိနေမည်ကို သူ စိတ်ဝင်တစား တွေးလိုက်စဥ်မှာပင် လင်းမင်မှာ အချိန်ကိုက်ပင် ထုတ်ဖော် ပြသလာခဲ့လေ၏။
ဝှစ်... ဝှစ်...
လင်းမင်က လှံကို ဆုပ်ကိုင်၍ အပေါ်အောက် လှည့်လိုက်၏။ ထက်ရှသော လှံ၏ အသွားက ငွေရောင် လခြမ်း သဏ္ဌာန်ဖြင့် မြေပြင်ကို ဖြတ်သန်းသွားသည်။ သူက ခိုင်မာသည့် မျက်ဝန်းများနှင့် အတူ ကျောရိုး ဆန့်တန်းစွာ ရပ်ရင်း ကြယ်တာရာ အင်အားများကို ခန္ဓာကိုယ် အနှံ့ လှည့်ပတ်လိုက်၏။ ထိုအခါ သူ့ ထျန်းတျန်မှာ ဆန်းကြယ် ဒြပ်စင် ကြယ်တာရာ အမြုတေ၏ အဖြူရောင် အလင်းဖြင့် တဖြည်းဖြည်းချင် တောက်ပလာခဲ့တော့သည်။
ဟင်းလင်းပြင် သင်္ဘော တစ်စင်းထက်၌ အကြွင်းမဲ့ မီးတောက် တော်ဝင် သမီးတော်မှာ လက်သီးလေးများကို တိတ်တဆိတ် ဆုပ်လိုက်၏။ သူမ၏ လှပသော မျက်လုံးလေးများက စိုးရိမ် ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ လင်းမင်မှာ သူမ တိုက်ခိုက်ခံရမှာ စိုးရိမ်သဖြင့် ဝေ့ဝူယင်အား စိန်ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း သူမ သိပေသည်။
လင်းမင်၏ တိုက်ခိုက်ရေး စွမ်းရည် အပေါ် သူမ ချွင်းချက် မရှိ ယုံကြည်သည်။ သို့သော်လည်း… ပြိုင်ဘက်မှာ ခွန်အားကို မြှင့်တင်ရန် အတွက် ထူးခြားသည့် အောက်လမ်း နည်းလမ်းများအား သုံးထားပုံ ပေါ်သည်။ ထိုကဲ့သို့ နည်းလမ်းများမှာ ယာယီသာ ဖြစ်သည် ဆိုသော်လည်း လက်ရှိ၌ သူ၏ ခွန်အားက လင်းမင်ထက် သာလွန်နေသည်မှာ သံသယ ရှိစရာ မလိုချေ။
ထိုအခိုက်၌ လင်းမင်နှင့် ထန်ရှင်းယွင်တို့သာ ထိုကဲ့သို့ ယုံကြည်နေကြခြင်း မဟုတ်ချေ။ လူတိုင်းလိုလို တူညီစွာ တွေးတောနေကြခြင်း ဖြစ်သည်။ တိကျသည့် သတင်း ရင်းမြစ်များ အရဆိုလျှင် ဒြပ်စင်သုံးခု တော်ဝင်သားတော်မှာ ဆယ်နှစ်ကျော်သာ ကျင့်ကြံရသေးသည် ဟု ဆိုသည်။
ထိုအရာက ကျင့်ကြံသူ တစ်ယောက် အတွက် အလွန့် အလွန် တိုတောင်းလှသော အချိန် ဖြစ်သည်။ ထိုအချိန်လောက်ဖြင့် ၃၂ စင်တီမီတာ အရွယ်အစား ရှိသည့် ကြယ်တာရာ အမြုတေကို ကျင့်ကြံရန် မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။ ထိုကဲ့သို့ ဆိုလျှင် သူတို့ ကျင့်ကြံနေသည်က ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။
မဟာလေပြင်း တော်ဝင်သားတော် ပြောသည့် အတိုင်းပင် ဒြပ်စင်သုံးခု တော်ဝင် သားတော်မှာ ခန္ဓာကိုယ်နှင့် ဝိညာဉ် အင်အားကို ယာယီ တိုးမြှင့်နိုင်သည့် နည်းလမ်း တစ်မျိုးအား သုံးထားခြင်း ဖြစ်ရပေမည်။
ထန်ရှင်းယွင်မှာ လက်သီးနှစ်ဖက်ကို တင်းတင်း ဆုပ်ရင်း ကြည့်နေရုံသာ တတ်နိုင်ခဲ့၏။ သို့သော်လည်း သူမ၏ နှလုံးသားကတော့ လင်းမင်နှင့် အတူ ရှိနေပေသည်။ သူမ ချစ်ရသည့် ထိုလူငယ်လေးတွင် အဆုံးမဲ့သည့် အလားအလာများ ရှိကြောင်း သူမ သိသည်။ သူက အခြားလူများ၏ အမြင်များမှာ မှားယွင်းနေကြောင်း သူက ကျိန်းသေပင် သက်သေပြပေလိမ့်မည်။
လေပြည်လွင်ပြင်၏ တစ်နေရာ၌ မိန်းမငယ်လေးက လူအိုကြီး အနားကို ကပ်ကာ မေးလိုက်၏။
"အဲဒါ အမှန်ပဲလား အဘိုး… သူက အဲဒီလို နည်းလမ်းမျိုးကို သုံးထားတာလား…"
သူမ ထိုအရာကို သိချင်နေခဲ့သည်။ အကယ်၍ ဝေ့ဝူယင်သာ အမှန်တကယ် ထိုကဲ့သို့ နည်းလမ်းမျိုးကို သုံးထားသည် ဆိုပါက သူမ သူ့ထံ၌ ရှုံးနိမ့်ခဲ့ဖူးသည်က သိမ်ငယ်စရာ မဟုတ်တော့ချေ။
လူအိုကြီးက ဖြူရော်စွာ ပြုံးလိုက်၏။ သူက ပြန်မဖြေချေ။ အဖြေကို သူ အမှန်တကယ် မသိခြင်း ဖြစ်သည်။ ယခင်က သူ့ ကြယ်တာရာ အမြုတေက တစ်ဆယ် စင်တီမီတာ ရှိသည်မှာ အဓိပ္ပာယ် ရှိသေးသည်။ နှစ်နှစ်အတွင်း ယခုကဲ့သို့ သုံးဆကျော် ခုန်တက်သွားခြင်းကတော့ တဆိတ် လွန်လွန်းသည်။
တစ်ဖက်မှ ကြည့်ပြန်လျှင်လည်း ထိုလူငယ်မှာ ကြယ်တာရာ အမြုတေ နှစ်ခုကိုပင် ပိုင်ဆိုင်ထားရာ ၎င်းက အဓိပ္ပာယ်တော့ ရှိသည်။ လျှို့ဝှက် ဆန်းကြယ်လွန်းသည့် သူ၏ နောက်ခံကို ထောက်ချင့်ပါက မဖြစ်နိုင်သည့် အရာ မရှိသလောက် ဖြစ်သည်။ လူအိုကြီးမှာ မည်ကဲ့သို့ တွေးရမှန်း မသိတော့။
သို့သော်လည်း အခြားလူများကတော့ လူအိုကြီးလောက် ဗျာများခြင်း မရှိချေ။ သူတို့က ဝေ့ဝူယင်မှာ အောက်လမ်း နည်းလမ်းများကို အသုံးပြုထားသည်ဟု တစ်ထစ်ချ ယူဆထားကြပြီး ဖြစ်လေရာ လင်းမင်ကိုသာ အပြည့်အဝ အာရုံစိုက်နေကြ၏။ လင်းမင်၏ ကြယ်တာရာ အမြုတေမှာ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်နှင့် သူတို့ အားလုံး၏ မျက်လုံးများက ပြူးကျယ်သွားကြတော့သည်။
ရှစ်စင်တီမီတာ...
၎င်းက မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက်ထက်ပင် ဆယ့်ခြောက်ဆ ဖြစ်သည်။ သို့တိုင်အောင် သူက အာကာသ ပဲ့တင်သံ အဆင့်တွင်သာ ရှိနေပေးသည်။ မည်မျှ ထူးချွန်လိုက်သနည်း။
မဟာ ဘုန်းတော်ကြီး ကျိဂူ၏ အမူအရာက သုန်မှုန်နေဆဲ ဖြစ်သော်လည်း သူ၏ မျက်လုံးများထဲတွင် ဂုဏ်ယူသည့် အငွေ့အသက် အချို့ တည်ရှိနေ၏။ ဝေ့ဝူယင်မှာ ကောင်းကင်လေပြည် နန်းတော်၏ လောကသခင် ကိုးယောက်ကို သတ်ဖြတ်ပစ်ခဲ့သည့်တိုင် သူတို့ တော်ဝင်သားတော်၏ တောက်ပမှုကိုတော့ အောက်တန်းကျသော နည်းလမ်းများဖြင့် ဖုံးကွယ်နိုင်လိမ့်မည် မဟုတ်ချေ။
“ဒါပေါ့... သူက အရမ်း ထူးချွန်တယ်...”
ရုတ်တရက် လေတိုးသံတစ်ချက်နှင့် အတူ ပုံရိပ်တစ်ခုမှာ ကျိဂူ၏ နံဘေးတွင် ပေါ်လာခဲ့၏။ ကျိဂူ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားကာ မျက်လုံးများမှာ လေးစားမှုများဖြင့် ပြည့်နှက်သွားသည်။ သူက လက်နှစ်ဖက်ကို ယှက်ရင်း အလျှင်အမြန် ဦးညွှတ်လိုက်၏။ အကယ်၍ သေချာကြည့်မည် ဆိုပါက သူ့မျက်လုံးများ၌ ကြောက်ရွံ့မှု အငွေ့အသက် အချို့ တည်ရှိနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
ပုံရိပ်က ငယ်ရွယ်သည့် မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမက မျက်နှာကို ဇာပုဝါတစ်ခုဖြင့် ဖုံးကွယ်ထား၏။ သို့သော်လည်း သေသပ်လှပသည့် ခန္ဓာကိုယ် ကောက်ကြောင်းများ အရ သူမက ချောမော လှပသူ တစ်ယောက် ဖြစ်ကြောင်း သိသာလှပေသည်။
“မဟုတ်ရင် စီနီယာ အမလင်းက သူ့ကို ထောက်ပံ့ပေးခဲ့မှာလဲ”
မိန်းကလေးက ပြုံးရင်း ပြောလိုက်၏။ အကယ်၍ တစ်စုံတစ်ယောက်သာ နန်းတော် အတွင်းတွင် ရှိနေပါက မည်သည့် နန်းတော် အဖွဲ့ဝင်ကမှ မိန်းကလေးအား တစ်ချက်ပင် ခိုးမကြည့်ရဲကြသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်ပေသည်။
ဝေ့ဝူယင်မှာ လင်းမင်၏ ကျင့်ကြံခြင်း အခြေခံ ပေါ်ထွက်လာခဲ့သည် အထိ စိတ်ရှည်လက်ရှိပင် စောင့်ဆိုင်းနေလိုက်၏။ ကောင်းချီးခံ တစ်ယောက်၏ အဆင့်အတန်းကို သူ အမှန်တကယ်ပင် စိတ်ဝင်စားနေမိသည်။ မဟာ ဝိညာဥ် စမ်းသပ်ပွဲတွင် လင်းမင်၏ ခွန်အားကို စမ်းသပ်ဖူးသည် ဆိုသော်လည်း ထိုအရာက လွန်ခဲ့သည့် သုံးနှစ်ကျော်က ဖြစ်သည်။ ယခု၌ သူ၏ ကျင့်ကြံခြင်း အခြေခံမှာ အာကာသ ပဲ့တင်သံ အဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။
“ကွင်းကိုးကွင်း ဝိညာဥ်ဆင်းတု၊ အာကာသ ပဲ့တင်သံလှိုင်း ကိုးခု... အဲဒါက ကောင်းချီးခံ တစ်ယောက်ရဲ့ အကန့်အသတ်လား... ဒါမှမဟုတ် သူတို့က ကွင်းဆယ်ကွင်းနဲ့ လှိုင်းကိုးခု အဆင့်ထိ ရောက်အောင် ဆင့်ကဲ တိုးတက်နိုင်မှာလား”
ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ သို့သော်လည်း လောကသခင် အဆင့်ကို တက်လှမ်းပြီးသည့် ကောင်းချီးခံ တစ်ယောက်နှင့် ဆုံတွေ့မှသာ ထိုမေးခွန်းက အဖြေထွက်လိမ့်မည် ဖြစ်ကြောင်း သူ သိပေသည်။ ကြယ်တာရာ အမြုတေ အဆင့်ခုနစ်ကို ရောက်သည်နှင့် ကျင့်ကြံသူ တစ်ယောက်၏ အခြေခံက ထာဝရ တည်မြဲသွားလိမ့်မည် မဟုတ်ပါလား။
လင်းမင်၏ ဦးခေါင်းထက်ရှိ ဒဏ်ရာမှာ သစ်သား ဒြပ်စင်၏ အကူအညီနှင့် အတူ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ပြန်လည် ကောင်းမွန်သွားခဲ့ပြီ ဖြစ်သည်။ သူက မူလ ဒြပ်စင် အင်အားကို အကန့်အသတ်ထိ ရောက်သည် အထိ ထုတ်ဖော်လိုက်ရင်း အစွမ်း အထက်ဆုံး စွမ်းအားကို ထုတ်ဖော်လိုက်၏။ ထို့နောက် အလွန် လျှင်မြန်သော အရှိန်ဖြင့် ဝေ့ဝူယင်ထံသို့ ရွေ့လျားကာ ရင်ဘတ်ကို လှံဖြင့် ထိုးလိုက်လေတော့သည်။
ဝေ့ဝူယင်က လှုပ်ရှားခြင်း မပြုချေ။ သူက အခြေခံ အကျဆုံး ကြယ်တာရာ အကာအကွယ် အလွှာ တစ်လွှာကိုသာ ထုတ်ဖော်လိုက်၏။
ဝေါင်း...
ဝေ့ဝူယင်၏ ရင်ဘတ်နှင့် နီးကပ်လာသည်နှင့် လင်းမင်၏ လှံထိပ်ဖျားမှာ ဧရာမ ကျားဦးခေါင်းကြီး အဖြစ် ပြောင်းလဲသွား၏။ ၎င်းက အလွန် သွေးဆာနေဟန် ရကာ တဖိတ်ဖိတ် တောက်ပနေသော မျက်လုံးများနှင့် အတူ သွေးရောင်သမ်းနေသည့် ပါးစပ်ကြီးကို ဟရင်း ကြယ်တာရာ အကာအကွယ် အလွှာကို ခုန်အုပ်လိုက်လေတော့သည်။
ဘုန်း...
လေထုအတွင်း၌ လေမုန်တိုင်း တစ်ခု မွေးဖွားလာကာ စင်မြင့်မှာ အဆုံးမဲ့ ငလျင် လှုပ်ခတ်သလို တုန်ရီသွားသည်။ ထို့နောက် စက္ကန့်ပိုင်းမျှ အတွင်းမှာပင် ကျားခေါင်းမှာ ပေါက်ကွဲသွား၏။ ပုံရိပ်ယောင်များ ပြိုကွဲသွားချိန်၌ လှံ၏ ထိပ်ဖျားမှာ ဝေ့ဝူယင်၏ ကြယ်တာရာ အကာအကွယ်လွှာကို ထောက်လျှက် အနေအထားဖြင့် တည်ရှိနေ၏။
“ဘာလဲ...”
လင်းမင်၏ မျက်လုံးများထဲတွက် မယုံကြည်နိုင်သည့် အငွေ့အသက် အချို့ ဖြတ်ပြေးသွား၏။ သူက ချက်ချင်းပင် လှံကို ဝှေ့ယမ်းလျှက် ဆယ်မိုင် ဧရိယာကို ဟာရီကိန်း တစ်ခုလို ဖျက်ဆီး ပစ်နိုင်သည့် လေဒြပ်စင် အင်အားများကို ထပ်မံ ထုတ်လွှတ်လိုက်၏။
ထိုစွမ်းအင်များမှာ လက်ကိုင်ရိုးမှ တစ်ဆင့် မူလ လှံတံ အတွင်းသို့ ဝင်ရောက်သွားကာ လှံထိပ်ဖျားတွင် ပေါက်ကွဲသွား၏။ လှံ၏ ဖျက်ဆီးခြင်း စွမ်းအားက မထင်မှတ်ထားလောက်သည့် အဆင့် တစ်ခုထိ ရောက်ရှိသွားကာ လျှပ်တစ်ပြက် အတွင်းမှာပင် ဝေ့ဝူယင်၏ ကြယ်တာရာ အကာအကွယ်ကို နောက်တစ်ကြိမ် ထိုးဖောက်လိုက်တော့၏။
ဘုန်း...
ရရှိလာသော ရလဒ်ကား အရှိန်အဟုန်နှင့် နောက်သို့ ပြန်လည် လွင့်စဥ် သွားခြင်းပင်။ လမ်းမင် အလျှင်အမြန်ပင် ခန္ဓာကိုယ် ဟန်ချက်ကို တည်ငြိမ်အောင် ကြိုးစားလိုက်၏။ လှံအား ကိုင်ထားသည့် သူ့လက်မှာ တဆတ်ဆတ် တုန်ရီနေသည်။ သို့သော်လည်း ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်သော အခိုက်၌ သူ့အား တည်ငြိမ်စွာဖြင့် ကြည့်နေသည့် ငွေရောင် မျက်လုံး အစုံကိုသာ တွေ့မြင်လိုက်ရ၏။
“စိတ်ဝင်စားစရာပဲ...”
ဝေ့ဝူယင်က ခပ်တိုးတိုး ရေရွတ်ရင်း သူ့ ကြယ်တာရာ အကာအကွယ် အလွှာကို စစ်ဆေးကြည့်လိုက်၏။ ၎င်းမှာ ပြင်းထန်သည့် လှံချက်နှင့် ရင်ဆိုင်ခဲ့ရသည့်တိုင် မထိမခိုက်ပင် ကျန်ရှိနေဆဲ ဖြစ်သည်။ အပေါ်ယံ အလွှာပင်လျှက် ပျက်ဆီးခြင်း မရှိသေးချေ။
မူလ နဂါးများမှာ ထိုမြင်ကွင်းကို ရွှင်မြူးဖွယ် မြင်ကွင်းတစ်ခုအလား ကြည့်ရင်း ရယ်မောလိုက်ကြ၏။ ၎င်းတို့၏ အသံများက ပြင်းထန်သည့် ဝိညာဥ်စွမ်းအင်လှိုင်းတစ်ခု အနေဖြင့် ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားရာ အလင်း စက်ဝန်းမှာ အဆုံးမဲ့စွာ တုန်ရီသွားလေ၏။
“သူက ဘာလို့ ဒီလောက် အားနည်းရတာလဲ...”
အိုရီက နဂါးများနှင့် အတူ ကလေးဆန်စွာ အော်ဟစ်လိုက်၏။ ခရာတိုကတော့ သူ ကိုယ်တိုင် တိုက်ခိုက်ရန် ထိုက်တန်သူ တစ်ယောက် မဟုတ်သည့် အတွက် စိတ်ပျက်နေဟန် ရသည်။
လင်းမင် ပိုင်ဆိုင်ထားသည့် စွမ်းအားက ယွမ်လုံရှီထက် မကျော်ဟု သူ ခံစားနေရရာ ဝေ့ဝူယင်၏ မျက်လုံးများကတော့ အနည်းငယ် ကျဥ်းမြောင်းနေ၏။ ကောင်းချီးခံများ၏ အကန့်အသတ်က ထိုမျှပဲလော။ သို့တည်းမဟုတ်... ၎င်းက နိမ့်ကျသည့် ကြယ်တာရာ နယ်မြေ၏ အကျိုး သက်ရောက်မှုကြောင့်လော။
ဝေ့ဝူယင် စဥ်းစားမရ ဖြစ်နေစဥ်မှာပင် လင်းမင်က လှံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း သူ့ထံ နောက်တစ်ကြိမ် ပစ်ဝင်လာပြန်၏။ ယခုတစ်ကြိမ်တွင်တော့ ဝေ့ဝူယင်က ကြယ်တာရာ အကာအကွယ်ကို ထုတ်ဖော်ခြင်း မပြုတော့ချေ။ လက်ကို ဆန့်ထုတ်ကာ မူလ လှံတံကို ရိုက်ထုတ်လိုက်တော့၏။
“ဘာလဲ...”
လင်းမင်မှာ မူလလှံတံသို့ တိုးဝင်လာသည့် ကြောက်မက်ဖွယ် ခွန်အားကို ခံစားလိုက်ရရာ မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ ခဏ အတွင်းမှာပင် မူလလှံတံမှာ သူ့လက်မှ လွင့်ထွက်ကာ အဖြူရောင် အလင်း နံရံကို ဖောက်ထွင်းလျှက် ပျောက်ကွယ်သွားတော့၏။
“ ... “
ရုတ်တရက် လူတိုင်းမှာ တိတ်ဆိတ်သွား၏။ သို့သော်လည်း ဝေ့ဝူယင်ကတော့ တိုက်ခိုက်မှုကို ထိုမျှနှင့် အဆုံးသတ်လိုက်ခြင်း မရှိချေ။ ခြေထောက်ကို ဆန့်ထုတ်ကာ လင်းမင်၏ ဝမ်းဗိုက်ကို အရှိန်အဟုန် ပြင်းပြင်းဖြင့် ကန်ထုတ်လိုက်လေတော့၏။
***