အသန်မာဆုံး အဆင့်
Vol. 36 Ch. 496
ဘုန်း...
လင်းမင်၏ ခန္ဓာကိုယ်က နောက်သို့ အရှိန်အဟုန် ပြင်းစွာဖြင့် လွင့်စဥ်သွားကာ အလင်း အကာအရံနှင့် ဝင်တိုက်မိသွား၏။ သူ့ခန္ဓာကိုယ်၏ ပြင်းထန်လွန်းသည့် အရှိန်ကြောင့် အလင်း အကာအရံတွင် ပင့်ကူအိမ် ကဲ့သို့ အက်ကြောင်းများပင် ပေါ်လာခဲ့သည်။ ကံကောင်းထောက်မစွာပင် စင်မြင့်သည် အလိုအလျောက် ပြန်လည် ပြင်ဆင်နိုင်စွမ်းကို ပိုင်ဆိုင်ထားလေရာ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ပြန်လည် ကောင်းမွန်သွား၏။
“အား...”
လင်းမင်က နာကျင်စွာ အော်ဟစ်လိုက်၏။ သူ့ ပါးစပ်တစ်ခုလုံးမှာ သွေးများဖြင့် ပြည့်လျှံနေကာ သွားများမှာ ကြက်သွေးရောင်ပင် ပေါက်နေ၏။ သူ၏ ဝမ်းဗိုက်အောက်ပိုင်း တစ်ခုလုံးမှာ အတွင်း ကလီစာများ နေရာ ပြောင်းလဲသွားသည့် အလား ပြင်းပြင်းထန်ထန် ပုံပျက်နေ၏။ ထိုတိုက်ခိုက်မှုကြောင့် သူ စက္ကန့်ပိုင်းမျှ ကြာသည် အထိ သတိလစ်သွားခဲ့ရကာ ကြမ်းပြင်ပေါ် ဒူးထောက်လျှက် ပြုတ်ကျမှသာ အသိစိတ် ပြန်ဝင်လာခဲ့ခြင်း ဖြစ်သည်။
“ဘယ်... ဘယ်လို လုပ်ပြီး သူက...”
လင်းမင်က ပါးစပ်တစ်ခုလုံး ပြည့်လျှံနေသည့် သွေးများကို ထွေးထုတ်ရင်း မယုံကြည်နိုင်စွာ တွေးလိုက်မိ၏။ သူ့ဘဝ တစ်လျှောက်လုံး ထိုမျှ ပြင်းထန်သည့် တိုက်ခိုက်မှုမျိုးနှင့် တစ်ခါမှ ရင်မဆိုင်ခဲ့ရဖူးချေ။
သို့သော်လည်း လင်းမင် မသိလိုက်သည့် အချက်တစ်ချက်ကား ကြယ်တာရာ အမြုတေ အရွယ်အစားမှာ ဝေ့ဝူယင်၏ တစ်ခုတည်းသော အားသာချက် မဟုတ်ခြင်းပင်။ နဂါး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူ တစ်ဦး အနေဖြင့် သူ၏ ခန္ဓာကိုယ်မှာ အလွန် သန်မာပေသည်။
သေမျိုး အဆင့်ခုနစ်ကို ရောက်ရှိပြီးသည့် နောက်တွင် သူ၏ ရုပ်ခန္ဓာမှာ သေမျိုး အကန့်အသတ်တွင် ရပ်တည်နေသည့် သက်ရှိ နဂါးတစ်ကောင် သဖွယ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
သူ၏ လက်သီးတစ်ချက်က သာမန် ဂြိုဟ်တစ်လုံးကို အစိတ်စိတ် အမွှာမွှာ ဖြစ်သည် အထိ သက်ရောက်နိုင်စွမ်း ရှိသည်။ အာကာသ ပဲ့တင်သံ အဆင့် တစ်ယောက် အနေဖြင့် အသက်ရှင် နေနိုင်ခြင်းက ပင်လျှင် အတော်လေး အံ့အားသင့်စရာ ကောင်းနေခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင် ပင်လျှင် လင်းမင်၏ ခံနိုင်ရည်စွမ်းကို အနည်းငယ် အံ့အားသင့်မိသွား၏။ နဂါးအင်အားနှင့် နဂါးအသွင်ပြောင်းခြင်းတို့ကို အသုံးပြု မထားသည့်တိုင် ထိုအရာက ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို အကန့်အသတ်ထိ ရောက်အောင် ထုတ်ဖော်ထားသည့် အပြင်းထန်ဆုံး ကန်ချက် ဖြစ်သည်။ အကယ်၍ လင်းမင် အနေဖြင့် ထိုကန်ချက်ကို အသက်ရှင်လျှက် ခုခံနိုင်ခဲ့လျှင်ပင် အနည်းဆုံး သတိလစ် မေ့မြောသွားလိမ့်မည်ဟု သူ ထင်မှတ်ထားခြင်း ဖြစ်သည်။
“ကြည့်ရတာ ဒြပ်စင် စွမ်းအင်တွေက နဂါးစွမ်းအင်လို သွေးမျိုးဆက် အခြေပြု စွမ်းအင်တွေ ပြီးရင် ရုပ်ခန္ဓာ အတွက် အသန်မာဆုံး ရင်းမြစ်တွေ ဖြစ်တဲ့ပုံပဲ”
ဝေ့ဝူယင် မှတ်ချက်ပြုလိုက်၏။ ချီပျစ်ခဲခြင်း အလွှာ ဒြပ်စင် မွေးဖွားခြင်း အဆင့်တွင် ရှိစဥ်က ဒြပ်စင်များကို အသုံးပြု၍ ခန္ဓာကိုယ်အား သန့်စင်ခဲ့ပုံကိုပင် သူ ပြန်လည် အမှတ်ရလိုက်မိသည်။ လင်းမင် ကဲ့သို့ ကောင်းချီးခံ တစ်ယောက် ခုခံနိုင်သည့် အမြင့်ဆုံး အကန့်အသတ်က မည်မျှ ဖြစ်မည်ကို ဝေ့ဝူယင် စိတ်ဝင်စား လာမိ၏။
လင်းမင်က ကြမ်းပြင်တွင် ဒူးထောက်လျှက်ကပင် ဝေ့ဝူယင်ကို ကြည့်လိုက်၏။ သူ၏ အညိုရောင် မျက်ဝန်းများက လှံသွားများ ကဲ့သို့ စူးရှကာ လေထုကို ဖောက်ဝင်နေသည်။
“ဝေ့ဝူယင်... မင်းက လိုချင်တာ ရဖို့ အတွက် တကယ် ရင်းရဲတာပဲ... အဂ္ဂိရတ် ထုတ်ကုန်တွေက ပြိုင်ဘက် ကင်းတယ်လို့ မင်းက ထင်နေတာလား... အဲဒါတွေက အားလုံးကို ပြင်ဆင်ပေးနိုင်မယ်လို့ ယုံကြည်နေတာလား”
သူက ဝမ်းဗိုက်ထဲမှ ပါးစပ်ထဲသို့ ထပ်မံ စိမ့်ဝင်လာသည့် သွေးများကို သွေးများကို ထွေးထုတ်ရင်း ဆိုလိုက်၏။ သူ၏ ဒေါသနှင့် မခံချင်စိတ်က အကန့်အသတ် အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့ နည်းလမ်းကို ပိုင်ဆိုင်ထားသည့် ဝေ့ဝူယင် တစ်ယောက်တည်း မဟုတ်ချေ။ နောက်ဆက်တွဲ အကျိုးဆက်များကို စိုးရိမ်၍သာ သူ မသုံးဝံ့ခြင်း ဖြစ်သည်။
“ ... “
ဝေ့ဝူယင်မှာ လင်းမင်က အဘယ်ကြောင့် သူ့အား တားမြစ်နည်းလမ်းများ အသုံးပြုနေသည်ဟု စွပ်စွဲနေသည်ကို နားမလည်နိုင်ချေ။ သို့သော်လည်း လင်းမင်၏ နောက်ဆက်တွဲ စကားကိုတော့ သူ စိတ်ဝင်စားမိပေသည်။ အဂ္ဂိရတ် ထုတ်ကုန်များက ပြိုင်ဘက်ကင်းသလော။ အရာအားလုံးကို ပြင်ဆင်ပေးနိုင်သလော။ သူ ဖော်စပ်နိုင်သည့် အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များက ထိုမျှလောက် အဆင့် မရှိသေးတာတော့ သေချာသည်။
“ငါ မသိဘူး... ဒါပေမဲ့ အဲဒါကို ဆက်ပြီး ရှာဖွေဖို့တော့ ငါ့မှာ ရည်ရွယ်ချက် ရှိတယ်”
အဂ္ဂိရတ် တာအိုမှာ အလွန် ကျယ်ပြန့်သည်။ အကန့်အသတ် မဲ့သည်။ ကောင်းကင်ကို ဆန့်ကျင်နိုင်သည်။ သေမျိုး အကန့်အသတ်ကို ကျော်ဖြတ်ကာ သက်ရှိများကို သေရာမှပင် ပြန်လည် ရှင်သန်စေနိုင်သည်။ စိတ်ကူးပင် မယဥ်နိုင်လောက်သည့် ဉာဏ်အလင်းများကို ရရှိစေနိုင်သည်။
အဂ္ဂိရတ် တာအိုကို ပိုမို နက်ရှိုင်းစွာ လေ့လာလိုသည့် သူ့ဆန္ဒမှာ အချိန်တိုင်း မြင့်တက်လျှက် ရှိနေပေသည်။
လင်းမင်က အံကို တင်းတင်းကြိတ်လိုက်၏။ ပထမ၌ မသမာသော နည်းလမ်းဖြင့် မြှင့်တင်ထားသည့် ဝေ့ဝူယင်၏ ခွန်အား ပျောက်ကွယ်သွားသည့် အချိန်အထိ သူ အချိန်ဆွဲထားချင်ခဲ့သော်လည်း ထိုအစီအစဥ်က ယုံကြည်စိတ်ချရခြင်း မရှိဟု သူ ခံစားရသည်။ သို့ဖြစ်လေရာ အစွမ်းအထက်ဆုံး ဝှက်ဖဲကို ထုတ်သုံးရတော့မည် ဖြစ်သည်။
အသက်ကို ပြင်းပြင်းရှူလိုက်ရင်း လင်းမင် မတ်တပ် ပြန်ရပ်လိုက်၏။ သူ၏ အငွေ့အသက်များက ချက်ချင်းပင် ပြောင်းလဲသွားသည်။ လေပြင်းတစ်စက စင်မြင့်ကို ဖြတ်၍ တိုက်ခတ်သွားလေရာ အလင်း နံရံများပင် တုန်ရီသွား၏။ အဖြူရောင် အလင်းငွေ့များက သူ၏ အရေပြားထက်၌ လောင်ကြွမ်းလာကာ ထူးဆန်းသော သင်္ကေတများမှာ တဖြည်ဖြည်း ပေါ်လာခဲ့သည်။ မကြာခင်မှာပင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ထူးဆန်းသော သင်္ကေတ တက်တူးများဖြင့် ဖုံးလွှမ်းသွားတော့၏။
“သင်္ကေတ စွမ်းအား မြှင့်တင်ခြင်း ကျင့်စဥ်...”
ဝေ့ဝူယင်က မှတ်ချက်ချလိုက်၏။ ထိုကျင့်စဥ်များမှာ အလွန်အမင်း ရှားပါးလှကာ သုံးလွှာ ကြယ်တာရာ နယ်မြေတွင် ရှာတွေ့ရန် မဖြစ်နိုင်သလောက် ဖြစ်သည်။ သို့သော်လည်း ကံကောင်းထောက်မစွာပင် သူ့တွင် တစ်ခု ရှိပေသည်။ သွေးပန်းပဲဖို ကျင့်စဥ်ပင်။
သွေးပန်းပဲဖို ကျင့်စဥ်မှာ သေမျိုး အကန့်အသတ်ကို ကျော်လွန်နေသည့် သွေးပန်းပဲဖို အင်ပါယာ ကိုယ်တိုင် ဖန်တီးခဲ့သည့် ကျင့်စဥ် တစ်ခု ဖြစ်သည်။ တစ်ချိန်က ယွမ်လုံရှီမှာ ထိုကျင့်စဥ်ကို အသုံးပြုကာ သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး၏ စောင့်ရှောက်သူ ချီလန်းကိုပင် တိုက်ခိုက် အနိုင်ယူခဲ့ဖူးသည်။ သို့တိုင်အောင် သူက တတိယ အဆင့် ဖြစ်သည့် သွေးပန်းပဲဖို ချပ်ဝတ် အဆင့်အထိသာ အောင်မြင်ထားခြင်း ဖြစ်သည်။ အဆင့် ပိုမို မြင့်မားလေလေ သင်္ကေတ စွမ်းအား မြှင့်တင်ခြင်း ကျင့်စဥ်များမှာ ပိုမို အစွမ်းထက်လေလေပင်။
လင်းမင်တွင် မည်သည့် ဝှက်ဖဲများ ရှိနေမည်ကို ဝေ့ဝူယင် အလွန် စိတ်ဝင်စားနေမိသည်။ ထို့ကြောင့်ပင် တိုက်ပွဲအား ချက်ချင်း အဆုံးမသတ်သေးပဲ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ဤသည်က ထိုကောင်းချီးခံ၏ တစ်ခုတည်းသော ဝှက်ဖဲ ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည် ဖြစ်သည်။
တစ်ချိန်တည်း၌ လင်းမင်မှာ ယုံကြည်ချက် အချို့ ပြန်လည် ရရှိလာပုံ ပေါ်၏။ သူ၏ အမူအရာက ချက်ချင်းပင် ရဲရင့် တည်ငြိမ်သည့် သူရဲကောင်း တစ်ဦး အလား ပြန်လည် ပြောင်းလဲသွားသည်။
“လာစမ်း...”
လက်တစ်ဖက်ကို မြှောက်လိုက်သည်နှင့် မြေပြင် တစ်နေရာတွင် စိုက်ဝင်နေသည့် မူလလှံတံမှာ တုန်ခါကာ အသက်ဝင်လာ၏။ ပြင်းထန်သော တုန်ခါမှုလှိုင်းနှင့် အတူ ၎င်း၏ ပတ်လည်ရှိ မြေပြင်မှာ အက်ကွဲသွားကာ လှံမှာ အဖြူရောင် အလင်းတန်း အသွင် ပြောင်းလဲသွားသည်။
ဝှစ်...
ထို့နောက် ၎င်းက မျက်စိဖြင့်ပင် မြင်ရန် ခက်ခဲသည့် အရှိန်နှုန်းဖြင့် လေထုကို ခွဲဖျက်ကာ စင်မြင့်ထံ အရှိန်အဟုန်နှင့် ပျံသန်းလာ၏။
ဝေ့ဝူယင်က လှံကို ကြည့်လိုက်၏။ ထိုလက်နက်က သာမန် ကြယ်တာရာ လက်နက် တစ်ခု မဟုတ်သည်မှာ သေချာပေသည်။ ဤသည်ကလည်း ကောင်းချီးခံ၏ ဝှက်ဖဲတစ်ခု ပဲလော။
ဝေ့ဝူယင် ကြည့်နေစဥ်မှာပင် လှံမှာ အဖြူရောင် အလင်းအကာအကွယ်ကို ဖောက်ထွက်ကာ စင်မြင့်ထက်သို့ ပြန်လည် ရောက်ရှိလာ၏။ လင်းမင်က လှံကို သေသေသပ်သပ်ပင် ဖမ်းယူလိုက်သည်။ လင်းမင်၏ လက်အတွင်း ရောက်ရှိသည်နှင့် လှံက ပျော်ရွှင်ဟန်ဖြင့် တုန်ခါသွားကာ အဖြူရောင် အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။
“အစစ်အမှန် စွမ်းအားက ဘာလဲ ဆိုတာ မင်းကိုငါ ပြမယ်”
လှံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း လင်းမင်က ကြေညာလိုက်၏။ သူ၏ မျက်လုံးများက ဝေ့ဝူယင်ကို တစ်ချက်ပင် မကြည့်ပဲ လှံအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်နေသည်။ ရှုံးနိမ့်မှုကို ကြိုတင် နိမိတ်ဖတ် သတ်မှတ်ပြီးသည့် အလား ဝေ့ဝူယင်၏ တည်ရှိမှုက သူ့အတွက် လုံးဝ အရေးမပါတော့ပုံပင်။
ထိုအခိုက်၌ လင်းမင်၏ ဆံနွယ်များမှာ လေမတိုက်ပဲ ရွေ့လျားနေ၏။ သူ၏ အဖြူရောင် ဝတ်စုံက တဖျပ်ဖျပ် လွင့်ပါနေသည်။ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်ထားသည့် သင်္ကေတ တက်တူးများနှင့် အတူ သူ၏ အသွင် သဏ္ဌာန်မှာ မိစ္ဆာကို ရင်ဆိုင်ရန် အဆင်သင့် ဖြစ်နေသည့် နတ်ဒေဝါ တစ်ဦးအလား ခန့်ညား ထည်ဝါနေ၏။
“ ... “
ဝေ့ဝူယင်မှာ တိတ်ဆိတ်ပင် ထိုမြင်ကွင်းကို ကြည့်နေခဲ့၏။ ထိုအခိုက်၌ လင်းမင်၏ အသွင် သဏ္ဌာန်က အကိုကြီး ပြောပြခဲ့ဖူးသည့် ဒဏ္ဍာရီလာ သူရဲကောင်းများနှင့်ပင် တူနေသည်ဟု သူ တွေးလိုက်မိသည်။ ထိုအရာက ကောင်းချီးခံများ ပိုင်ဆိုင်နိုင်သည့် အရှိန်အဝါ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။
ကောင်းကင်လေပြည် နန်းတော်ထဲ၌...
“စီနီယာ အမလင်းက သူ့ကို အရမ်း တန်ဖိုးထားတာ မထူးဆန်းတော့ဘူး... သူ့မှာ ဒီလို အရည်အချင်းကောင်းတွေ ရှိနေတာပဲ”
မဟာ ဘုန်းတော်ကြီး ကျိဂူ၏ ဘေးနားတွင် ရပ်နေသည့် မိန်းမငယ်လေးက နှုတ်ခမ်းလှုပ်ယုံမျှ ခပ်တိုးတိုး ရေရွတ်လိုက်၏။
တစ်ချိန်တည်း၌ ဟင်းလင်းပြင် သင်္ဘောတစ်ခုပေါ်တွင် ထန်ရှင်းယွင်မှာ လင်းမင်ကို မျက်တောင် မခပ် ကြည့်နေခဲ့၏။ သူမ၏ မျက်လုံးများက လေးစားမှု၊ ချစ်မြတ်နိုးမှု၊ မျှော်လင့်ချက် တို့ဖြင့် တဖိတ်ဖိတ် တောက်ပနေသည်။ မိုင်ပေါင်းများစွာ အကွာအဝေးမှပင် လင်းမင် ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ပြင်းထန်သည့် အရှိန်အဝါကို သူမ ခံစားနေရသည်။ ထိုအရှိန်အဝါက ထိတ်လန့်ဖွယ်ရာ ကောင်းလှသည့်တိုင် တစ်ချိန်တည်း၌ သူမ၏ နှလုံးသားကို နွေးထွေးစေ၏။
“ဟမ့်... အဲဒါက စွမ်းအားမြှင့် အသွင်ပြောင်း ကျင့်စဥ်လေးပဲကို... အဲဒီ မဆိုသလောက် အရည်အချင်းလေးနဲ့ မျက်စိကျဖို့ မတန်ပါဘူး”
မကျေမနပ် အသံတစ်ခုမှာ သူမ၏ နောက်နားမှ ထွက်ပေါ်လာသည်။ ထန်ရှင်းယွင်က ဘာမှ ပြန်မပြောချေ။ ထို့အစား လှပစွာသာ ပြုံးလိုက်လေ၏။
ထိုအခိုက်၌ မရေမတွက်နိုင်သည့် လူများမှာ လင်းမင်၏ သူရဲကောင်း ဆန်သည့် အရှိန်အဝါနှင့် ရဲရင့်သည့် အငွေ့အသက်တို့ကို ကြည့်ကာ လေးစားမှုကို ခံစားနေကြရ၏။ သို့သော်လည်း လင်းမင်က ထိုမျှနှင့် ရပ်တန့်ခြင်း မရှိချေ။
ဟူး... ဟူး...
သူ၏ ခန္ဓာကိုယ်က ဝိညာဥ် စွမ်းအင်လှိုင်းများဖြင့် လွှမ်းခြုံသွားကာ အဖြူရောင် ကြယ်တစ်ပွင့်မှာ သူ့ ဦးခေါင်းထက်တွင် ဖြည်းညင်းစွာ ပေါ်လွင်လာခဲ့၏။ ထိုကြယ်ထွန်းတောက်လာသည်နှင့် လောကကြီးကို လွှမ်းခြုံနေသည့် နေကြယ်၏ အလင်းရောင်ပင် မှေးမှိန်သွားသည်။
အကယ်၍ သေချာကြည့်မည် ဆိုပါက ထိုကြယ်မှာ ဒြပ်စင်ကိုးပါးလုံး၏ အရည်အသွေးများကို သယ်ဆောင်ကာ အစဥ် ပြောင်းလဲနေကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ ၎င်း၏ အတွင်း ကမ္ဘာတွင် မိုးရေစက်များ၊ လျှပ်စီးများ၊ မီးတောက်များနှင့် ရေခဲများမှာ တည်ရှိနေကာ သတ္တုရေများမှာ မြစ်များလို စီးဆင်းနေ၏။
ထိုအဖြူရောင် ကြယ်မှာ ကောင်းကင်သို့ မီတာကိုးရာ တိုင်အောင် မြင့်တက်သွားကာ ကွင်းကိုးကွင်းမှာ တစ်ခုပြီး တစ်ခု ပေါ်လာခဲ့သည်။ ဝိညာဥ်စွမ်းအင်လှိုင်းများက ၎င်းကို ဗဟိုပြု၍ ဖြာထွက်လာလေရာ မိုင်တစ်ရာ ပတ်လည်မှာ ငလျင်လှုပ်သလို တုန်ခါသွား၏။
လင်းမင်မှာ သူ၏ ကွင်းကိုးကွင်း ဝိညာဥ်ဆင်းတုကို ထုတ်ဖော်လိုက်ပြီ ဖြစ်လေသည်။
အဖြူရောင် ကြယ်ပွင့်ကို မြင်သည်နှင့် မူလ နဂါးကိုးကောင်၏ ကစားလိုသည့် အမူအရာများမှာ ပျောက်ကွယ် သွားကြ၏။ သူတို့၏ မျက်လုံးများက ချက်ချင်းပင် ရန်လို ခက်ထန်မှုများဖြင့် ပြည့်နှက်လာကာ ချက်ချင်းပင် သုန်မှုန် သွားကြသည်။
ဝေ့ဝူယင် ကောင်းကင်ကို မော့ရင်း ထွန်းလင်းစွာ တောက်ပနေသည့် အဖြူရောင် ကြယ်ပွင့်ကို ကြည့်လိုက်၏။ အိုရီနှင့် ၎င်းအကြားတွင် ကွာခြားမှု မရှိသလောက် နီးပါးပင်။ အိုရီ ကွင်းကိုးကွင်း အဆင့်တွင် ရှိစဥ်ကနှင့် ဆိုလျှင် ဝိညာဥ်အင်အား အနည်းငယ် ကွာခြားသည်မှ လွဲ၍ အတူတူလောက် နီးပါးပင်။
တစ်ခုတည်းသော ကွာခြားချက်က ကွင်းများ ဖြစ်သည်။ ကြယ်တာရာ ကပ်ဘေးကို ဖြတ်ကျော်စဥ်က အိုရီမှာ ပုံရိပ်ယောင် စွမ်းအင်များကို ဆန့်ကျင်ခြင်း မရှိပဲ စုပ်ယူခဲ့ရာ သူ၏ ကွင်းများက ပိုမို ယုတ္တိဆန်ကာ အရှိန်အဝါမှာ ပိုမို အင်အားကြီးသည်။ ဝေ့ဝူယင် ကိုယ်တိုင်ပင် ထိုအရှိန်အဝါကို ထိန်းထားနိုင်စွမ်း မရှိလေရာ ပေါ့ပေါ့ဆဆ ထုတ်ဖော်ဝံ့ခြင်း မရှိခဲ့ချေ။
အခြေအနေကို အကဲခတ်ကာ သက်ပြင်းတစ်ချက် ချလိုက်ရင်း ဝေ့ဝူယင် လှုပ်ရှားရန် ဆုံးဖြတ်လိုက်၏။ ခြေတစ်လှမ်းနှင့် အတူ နဂါးစွမ်းအားကို ထုတ်ဖော်ကာ လင်းမင်ထံသို့ ဦးတည်လိုက်၏။
ထိုအခိုက်၌ လင်းမင်မှာ အသန်မာဆုံးသော ခွန်အားကို ထုတ်ဖော်ထားရာ ယုံကြည်ချက် အမြင့်မားဆုံး အခြေအနေတွင် ရှိနေခဲ့သည်။ ထိုအခိုက်တွင်ပင် အရိပ်တစ်ခုမှာ ရုတ်ချည်း သူ့ရှေ့သို့ ရောက်ရှိလာသည်ကို တွေ့လိုက်ရ၏။ သူ တစ်စုံတစ်ရာ တုန့်ပြန်ရန် အချိန်မရလိုက်ခင်မှာပင် လက်တစ်ဖက်က သူ့လည်ပင်းကို လာရောက် ဆုပ်ကိုင်ကာ ဝိညာဥ်ဆင်းတုနှင့် မြှင့်တင်ထားသည့် ခန္ဓာကိုယ် စွမ်းအင်တို့ကို ဆုတ်ဖြဲပစ်နိုင်သည့် စွမ်းအားနှင့် ဖျစ်ညှစ်လိုက်လေတော့သည်။
လူတိုင်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်သွားခဲ့ကြလေ၏။
***