လက်မမြှောက် အရှုံးမပေး
Vol. 36 Ch. 497
လင်းမင်၏ လည်ချောင်းမှ ကျိုးအက်သံ တစ်ခု ထွက်ပေါ်လာ၏။ ပြင်းထန်သည့် ခွန်အားမှာ လည်ချောင်းမှ တစ်ဆင့် စွမ်းအင်သွေးကြော ကွန်ယက်နှင့် ထျန်းတျန် အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသလို သူ ခံစားလိုက်ရသည်။ ထိုအခိုက်၌ နတ်ဘုရားတစ်ပါးက အကြွင်းမဲ့ ခွန်အားဖြင့် သူ၏ လည်ချောင်းကို ဆုပ်ကိုင်ထားသည့် အလားပင်။
တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် ထိုလက်က သူ့ကို ကလေးတစ်ယောက်လို ဆွဲမြှောက်လိုက်လေ၏။ ခြေထောက်များ မြေကြီးပေါ်မှ ကြွကာ အပေါ်သို့ မြောက်တက်လာသည်ကို သူ ရှင်းရှင်းလင်းပင် ခံစားမိနေ၏။ လင်းမင် လှံကို မြှောက်ကာ ခုခံရန် ကြိုးစားလိုက်သော်လည်း မူလ လှံတံမှာ သူ့လက်မှ လွတ်ကာ ကြမ်းပြင်ပေါ်တွင် စွမ်းအင်မဲ့စွာ ပြုတ်ကျနေသည်ကိုသာ တွေ့လိုက်ရသည်။ ၎င်းက သူ၏ အမိန့်ကို တုန့်ပြင်ခြင်း မရှိတော့ချေ။
ဘယ်လိုဖြစ်သွားတာလဲ...
ဘာလို့လဲ...
ဘာကြောင့်လဲ...
ထိတ်လန့်တကြား တွေးတောလိုက်စဥ်မှာပင် သူ၏ မီးခိုးရောင် မျက်ဝန်းများမှာ ချောမော ခန့်ညားသည့် မျက်နှာ တစ်ခုကို တွေ့မြင်လိုက်ရ၏။ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက အလွန်အမင်း တောက်ပနေကာ နှုတ်ခမ်းထက်ရှိ အပြုံးတစ်စက ကိုယ့်ကိုယ်ကို ယုံကြည်ချက် လွန်ကဲခြင်း အတွက် သူ့ကို လှောင်ပြောင်နေဟန် ရလေသည်။
“အညံ့ခံလိုက်... မဟုတ်ရင် ငါ မင်းရဲ့ အဖိုးတန် အသက်လေးကို အဆုံးသတ် ပစ်လိုက်မယ်”
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ဆိုလိုက်၏။ သူ ထိုလူငယ်ကို လောလောဆယ်တွင် မသတ်ချင်သေးပေ။ ကောင်းချီးခံများကို သတ်ဖြတ်ခြင်းက ငရဲ၏ ကပ်ဘေးများကို ရှေ့သို့ တိုးလာစေနိုင်ကြောင်း ယွမ်လုံရှီနှင့် ကိစ္စတွင် သူ အတွေ့အကြုံ ရခဲ့ပြီး ဖြစ်သည်။ ငရဲ၏ ဒုတိယမြောက် ကပ်ဘေးကို ရင်ဆိုင်ရန် ယုံကြည်ချက် ရှိသည့်တိုင် ထို့မတိုင်ခင် သူ့တွင် ဂရုစိုက်စရာ အချို့ ရှိနေသေးဆဲ ဖြစ်သည်။ အဖိုးမတန်သည့် အသက်တစ်သက် အတွက် အသက်ကို အလောင်းအလား လုပ်ရန် သူ စိတ်မဝင်စားချေ။
လင်းမင်မှာ ဝေ့ဝူယင် လက်မှ ရုန်းကန်ရန် ကြိုးပမ်းနေ၏။ ပြင်းထန်သည့် ဒေါသမီးတောက် တစ်ခုက သူ့ နှလုံးသား အတွင်း တောက်လောင်နေကာ ရလဒ်ကို မကျေနပ်သလို သူ ခံစားနေရသည်။ ဤသည်က ပြင်ပအင်အားများ အသုံးပြုခြင်းကို ကန့်သတ်ထားသည့် တိုက်ပွဲ ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင်မှာ ကိုယ်ပိုင် ခွန်အားကို မြှင့်တင်ရန် အတွက် အောက်လမ်းနည်း ဆန်သော နည်းလမ်းများကို အသုံးပြုနေသည်။ သူ မည်ကဲ့သို့ လက်ခံနိုင်ပါမည်နည်း။
အောက်ရှိ လူများမှာ ခြေကားယား လက်ကားယားဖြင့် ရုန်းကန်နေသည့် လင်းမင်ကို ရင်တထိတ်ထိတ်ဖြင့် ကြည့်နေခဲ့မိကြသည်။
ထန်ရှင်းယွင်၏ နှလုံးသားမှာ အရှိန်ပြင်းစွာဖြင့် တုန်ရီနေ၏။ သူမ၏ မျက်လုံးများက ဒေါသများဖြင့် လောင်ကျွမ်းနေသည်။ သူမ လှုပ်ရှားရန် ဟန်ပြင်လိုက်စဥ်မှာပင် လက်တစ်ဖက်က သူမ၏ ပခုံးကို လာရောက် ဆုပ်ကိုင်ကာ ထိန်းချုပ်လိုက်၏။
“ဘာလဲ...”
သူမက ဒေါသကို ထိန်းရင်း မေးခွန်း ထုတ်လိုက်သည်။ နောက်ရှိ ပုဂ္ဂိုလ်ထံမှ သက်ပြင်းချသံ တစ်ခု ထွက်ပေါ်လာ၏။
“သူက ထူးချွန်တယ်... အဲဒါကို ငါ ဝန်ခံတယ်... ဒါပေမဲ့ သူက မှားယွင်းတဲ့ အချိန်မှာ မှားယွင်းတဲ့ ပြိုင်ဘက်ကို တိုက်ခိုက်နေတာ... နင် သူ့ကို ကူညီလို့ မရဘူး... အဲဒါက သူ့တိုက်ပွဲ နင့်တိုက်ပွဲ မဟုတ်ဘူး”
သို့သော်လည်း ထိုစကားလုံးများက ထန်ရှင်းယွင်၏ နှလုံးသားရှိ မီးတောက်ကို ငြိမ်းသတ်သွားအောင် မစွမ်းဆောင် နိုင်ပါချေ။ အကယ်၍ ဒြပ်စင်သုံးခု တော်ဝင်သားတော်သာ မျှမျှတတ ယှဥ်ပြိုင်ခဲ့ပါက လင်းမင်တွင် အခွင့်အရေး ရှိလိမ့်မည် ဖြစ်သည်။
ပြိုင်ပွဲ ကြီးကြပ်သူမှာ မျက်လုံးကန်းကာ ဘက်လိုက်နေသည်ဟု ထန်ရှင်းယွင် ခံစားလိုက်ရ၏။ မဟုတ်လျှင် ထိုကဲ့သို့ အဖြစ်မျိုးကို သူက မည်ကဲ့သို့ ခွင့်ပြုထားမည်နည်း။
“တကယ်လို့ လင်းမင် တစ်ခုခု ဖြစ်သွားရင် ကျွန်မ ကိုယ်တိုင် သူ့ကို ရင်ဆိုင်မယ်... တော်ဝင် သမီးတော် တစ်ယောက် အနေနဲ့ ကျွန်မမှာ အဲဒီ အခွင့်အရေး ရှိတယ်”
ထန်ရှင်းယွင်က ပြတ်ပြတ်သားသားပင် ပြောလိုက်၏။ ထိုအခိုက်၌ သူမ၏ မျက်လုံးများက မီးတဝင်းဝင်း တောက်ကာ အလွန် ကြောက်မက်ဖွယ် ကောင်းနေခဲ့တောသည်။
လေပြည်လွင်ပြင် တစ်နေရာ၌ မိန်းမငယ်လေးမှာ ထိုမြင်ကွင်းကို ကြည့်ကာ ကြောင်အနေခဲ့၏။ လင်းမင်မှာ အံ့အားသင့်ဖွယ် တန်ပြန် တိုက်စစ်ဆင်မှုကို ပြုလုပ်ရန် ဟန်ပြင်ခဲ့သော်လည်း မစတင်ခင်မှာပင် ပြီးဆုံးသွားခဲ့သည်။
ဝေ့ဝူယင်၏ စွမ်းအားမြှင့်တသ်သည့် နည်းလမ်းက အမှန်တကယ် ကြောက်စရာ ကောင်းလွန်းသည်။ သို့ပေသိ... ထိုမျှအထိ အစွမ်းထက်ရန် ကျင့်ကြံခြင်း လမ်းစဥ်ကို သူ မည်မျှ စတေးခဲ့ရသနည်း။ ထိုအရာက အနာဂတ် အလားအလာကို ကျိန်းသေ အကျိုးသက်ရောက်မှာ သေချာပေသည်။ မိန်းမငယ်လေးမှာ ဝေ့ဝူယင်၏ အနာဂတ် အတွက် စိတ်မကောင်းစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိ၏။
သို့သော်လည်း လူအိုကြီးတွင်တော့ ခြားနားသည့် အတွေးများ ရှိနေခဲ့ပေသည်။
“အဲဒါက မူလ ဒြပ်စင် အင်အားလား... မဟုတ်ဘူး... နောက်ပြီး ဆေဘာ အင်အားလည်း မဟုတ်ဘူး... အဲဒါက တတိယမြောက် ကြယ်တာရာ အင်အား အမျိုးအစားများလား”
ထိုရှာဖွေ တွေ့ရှိမှုကို သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။ လင်းမင်အား တိုက်ခိုက်ခဲ့သည့် ဝေ့ဝူယင်၏ နောက်ဆုံး လှုပ်ရှားမှုတွင် အလွန် ကြောက်မက်ဖွယ်ကောင်းသည့် ကြယ်တာရာ အင်အား တစ်ခု ပါဝင်နေကာ ထိုအင်အားက သူ၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို နားမလည်နိုင်လောက်သည့် အဆင့် တစ်ခု အထိ အားကောင်းသွားစေသည်။
ဝေ့ဝူယင်တွင် ကြယ်တာရာ အမြုတေ နှစ်ခုရှိကြောင်း သူ သိရှိပြီး ဖြစ်သည်။ ထိုနှစ်ခုအပြင် တတိယမြောက် ကြယ်တာရာ အမြုတေ ရှိနေသေးသည်လား။ သို့တည်းမဟုတ် သားရဲ သွေးမျိုးဆက် စွမ်းအင် တစ်ခုခုလော။ မဖြစ်နိုင်ချေ။ သူက လူသား တစ်ယောက် ဖြစ်တာတော့ လုံးဝ သေချာသည်။
ဟင်းလင်းပြင် သင်္ဘော တစ်ခုထက်ထက်၌ ဟယ်ယန်းလဲ့က အထင်အမြင်သေးစွာဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။
“သူသာ ဦးနှောက်ရှိရင် ဟိုကောင့်ရဲ့ ကျင့်ကြံခြင်း အခြေခံ ထိခိုက်ပြီး ဒဏ်ရာရသွားတဲ့ အထိ အချိန်ဆွဲထားသင့်တာ... အဲဒီအစား အစစ်အမှန် ဆွဲအား ဘာညာနဲ့ သွားဖင်ခေါင်းကျယ်နေသေးတယ်... သောက်သုံး မကျတဲ့ကောင်”
သူ့ဘေးနားရှိ ပိန်ပါးသည့် လူအိုကြီးကတော့ မျက်မှောင်သာ ကြုတ်နေခဲ့၏။ ဘာမှတ်ချက်စကားမှ ပြောဆိုခြင်း မပြုချေ။
စင်မြင့်ထက်၌ လင်းမင်မှာ ဆက်လက် ရုန်းကန်နေဆဲ ဖြစ်သည်။ ဝေ့ဝူယင်က သူ့ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။
“မင်း အညံ့ခံမှ ဖြစ်မယ်... မဟုတ်ရင် ဒီစိန်ခေါ်မှုကို အဆုံးသတ်ဖို့ ငါ မင်းအသက်ကို နှုတ်ပစ်ရလိမ့်မယ်... ဒီတော့ အညံ့ခံလိုက်ပါ...”
မည်သို့မည်ပုံ အညံ့ခံရမည်ကို ပြောပြပြီး စက္ကန့်အနည်းငယ် ကြာသည် အထိ ဝေ့ဝူယင် စောင့်နေလိုက်၏။ သို့သော်လည်း ပြန်လည် ရရှိလာသည့် တုန့်ပြန်မှုကတော့ အရှုံးမပေးသည့် မျက်ဝန်းများနှင့် ထပ်ခါတလဲလဲ ရုန်းကန်မှုများပင်။
ဝေ့ဝူယင်၏ မျက်မှောင်က ပိုမို နက်ရှိုင်းသထက် နက်ရှိုင်းလာသည်။ သူက လက်များကို ပိုမို အားထည့်လိုက်ရာ လင်းမင်၏ လည်ချောင်းမှ ထူးဆန်းသော အသံများပင် ထွက်ပေါ်လာ၏။
“ခုချက်ချင်း အညံ့ခံစမ်း...”
နတ်ဘုရား ဖန်တီးခဲ့သည် ဆိုသည့် ဤစိန်ခေါ်ပွဲတွင်လည်း ဟာကွက် တစ်ခု ရှိကြောင်း နောက်ဆုံး၌ သူ သဘောပေါက်ခဲ့ပြီ ဖြစ်သည်။ တကယ်ဆိုလျှင်... ပြိုင်ပွဲဝင် တစ်ယောက်က မသတ်ချင်သော အခါနှင့် အခြားတစ်ယောက်က အညံ့ခံရန် ဆန္ဒမရှိသော အခါမျိုးတွင် ရလဒ်ကို တစ်နည်းတစ်ဖုံ ဆုံးဖြတ်ပေးသည့် လုပ်ဆောင်ချက်မျိုး ထည့်သွင်းထားသင့်သည်။
ဝေ့ဝူယင် စိတ်ပျက်လက်ပျက်ဖြင့် လင်းမင်ကို ကြည့်လိုက်၏။ ထိုလူငယ်၏ မီးခိုးရောင် မျက်လုံးများက အခြားလူ တစ်ယောက်ထံတွင် ကံကြမ္မာကို အပ်နှင်းကာ အောက်ကျို့ခံမည့် အစား သေသာ သေလိုက်မည် ဆိုသည့် အရိပ်အယောင်တို့နှင့်သာ ပြည့်နှက်နေသည်။
ထိုအရာက အခြားလူတို့ အတွက် လေးစားဖွယ်ရာ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ဝေ့ဝူယင် အတွက်တော့ အတော်လေး စိတ်ပျက်စရာ ကောင်းလွန်းလှသည်။
“မင်း အညံ့မခံဘူး ဆိုရင် ငါ မင်းရဲ့ လမ်းစဥ်ကို ဖျက်ဆီးပစ်လိုက်မယ်... မင်း တစ်သက်လုံး ဒုက္ခိတ ဘဝနဲ့ နေသွားရအောင် လုပ်ပစ်မယ်”
ထိုအခိုက်တွင်ပင် လင်းမင်၏ လည်ချောင်းမှာ တစ်စုံတစ်ရာကို ပြောချင်နေဟန်ဖြင့် အနည်းငယ် လှုပ်ခါသွား၏။ ဝေ့ဝူယင်က လက်ကို အနည်းငယ် ဖြေပေးလိုက်ကာ စကားပြောခွင့်ပြုလိုက်သည်။
“သွားသေလိုက်လေ...”
လင်းမင်က လှောင်ပြောင်သည့် ပုံစံဖြင့် ရယ်မောရင်း ပြောလိုက်၏။ သူ၏ ပုံစံက ဘာနဲ့ပဲ ခြိမ်းခြောက်ခြိမ်းခြောက် အညံ့မခံဖို့ ဆုံးဖြတ်ထားသည့်ပုံပင်။
ဝေ့ဝူယင်မှာ အတော်လေး ဒေါသထွက်နေခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်လုံးများက ငွေရောင် အလင်းဖြင့် တဖျပ်ဖျပ် တောက်ပလာကာ လင်းမင်ကို ကြည့်လိုက်သည်။ အချိန်အတော်ကြာသည် အထိ သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေမိကြ၏။
လင်းမင်မှာ အရူးတစ်ယောက် မဟုတ်ချေ။ ထို့ကြောင့်ပင် ဝေ့ဝူယင် သူ့ကို မသတ်ချင်ကြောင်း သိပေသည်။ သို့ဖြစ်လေရာ ထိုအရာကို အဘယ်ကြောင့် သူ့ဘက်က လက်နက်တစ်ခု အနေဖြင့် မသုံးပဲ နေရမည်နည်း။ ယခု သူ လုပ်ရန် လိုအပ်သမျှက တောင့်ခံထားဖို့ ဖြစ်ပေသည်။ မကြာခင်မှာပင် ဝေ့ဝူယင်မှာ သူ အသုံးပြုနေသည့် နည်းလမ်း၏ တန်ပြန်သက်ရောက်မှုကို ခံရလိမ့်မည် ဖြစ်သည်။
တစ်မိနစ်...
နှစ်မိနစ်...
ဝေ့ဝူယင်မှာ နည်းမျိုးစုံဖြင့် အညံ့ခံရန် တွန်းအားပေးနေဆဲ ဖြစ်သော်လည်း လင်းမင်မှာ ငြင်းဆန်နေဆဲ ဖြစ်သည်။
ဆယ်မိနစ်...
ရုတ်တရက် ဝေ့ဝူယင်၏ မျက်နှာက စတင်ကာ ညိုမည်းလာ၏။ ၎င်းက အလွန်လျှင်မြန်စွာပင် ပျံ့နှံ့သွားကာ စက္ကန့်ပိုင်း အတွင်းမှာပင် မျက်နှာတစ်ခုလုံး ပြာနှမ်းသွားသည်။ အဆိပ်မိသည့် အလား အနက်ရောင် အရည်များမှာ သူ့ခန္ဓာကိုယ် ဒွါရပေါက်များမှ တစ်ဆင့် စတင် ယိုစီးလာ၏။
အပြင်ဘက်ရှိ လူအုပ်ကြီးမှာ အံ့အားသင့်သွားကာ အာမေဍိတ်သံများ ထွက်ပေါ်လာ၏။ မည်သည့် အရာများ ဖြစ်ပျက်နေသနည်း။ ထိုအရာက ကျင့်စဥ်၏ တန်ပြန် သက်ရောက်မှုလော။ သို့မဟုတ် လင်းမင်က တစ်ခုခု လုပ်လိုက်သလော။
ဝေ့ဝူယင်က လင်းမင်ကို ကြည့်လိုက်၏။ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်က သူ့မျက်လုံးများ အတွင်း ပြင်းပြစွာ တောက်လောင်နေသည်။ သူက လင်းမင်၏ လည်ပင်းကို ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။
“မင်းက ငါ့ကို တွန်းအားပေးနေတာပဲ...”
အရိုးကျိုးသံ သဲ့သဲ့ပင် ထွက်ပေါ်လာ၏။ လင်းမင်၏ မျက်နှာမှာ ဖြူဆွတ်နေကာ နှလုံးသားမှာ တဒိတ်ဒိတ် ခုန်နေခဲ့ပြီ ဖြစ်သည်။ သူက မူလလှံတံကို ဆင့်ခေါ်ရန် ကြိုးစားလိုက်သော်လည်း ၎င်းမှာ ယခင်ကအတိုင်းပင် တုန့်ပြန်မှု ကင်းမဲ့နေဆဲ ဖြစ်သည်။
မျက်လုံးများ ပြာဝေစ ပြုလာစဥ်မှာပင် လည်ပင်းရှိ ခွန်အားက အနည်းငယ် လျော့နည်းသွားသလို လင်းမင် ခံစားလိုက်ရ၏။
“မဟုတ်ဘူး...”
ဝေ့ဝူယင်၏ မျက်လုံးများမှာ ရူးသွပ်မှုများဖြင့် ပြည့်နှက်သွား၏။
“မဟုတ်ဘူး... မဖြစ်ရဘူး...”
သူက သွေးရူးသွေးတန်း အော်ဟစ်လိုက်၏။ သူက နောက်ထပ်လက်တစ်ဖက်ကိုပါ ဆန့်ထုတ်ကာ လင်းမင်၏ လည်ပင်းကို ချိုးရန် ကြိုးပမ်းလိုက်သော်လည်း သူ၏ အင်အားက အားနည်းသထက်သာ နည်းလာခဲ့သည်။
“ဒီတော့ ဒါက တန်ပြန် သက်ရောက်မှုပေါ့”
လင်းမင်၏ မျက်လုံးများက ပျော်ရွှင်မှုများဖြင့် တောက်ပသွား၏။ တစ်ချိန်တည်း၌ လည်ပင်းမှ ခွန်အား လျော့နည်းသွားခြင်းနှင့် အတူ သူ၏ စွမ်းအင်များမှာ တဖြည်းဖြည်း ပြန်လည် ရရှိလာနေခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်မှာ လင်းမင်ကို လွှတ်လိုက်ကာ ခြေသို့ ခြေလှမ်းများ ယိုင်သွား၏။ သူက လက်စွပ်ထဲမှ အဂ္ဂိရတ် ဆေးပြား အချို့ကို ကပြာကသီ ထုတ်ယူကာ သောက်ဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း ပါးစပ်ထဲသို့ မရောက်ခင်မှာပင် နတ်ဘုရား အလင်းတန်း တစ်ခု ပေါ်လာကာ ထိုဆေးလုံးကို စုပ်ယူလျှက် ကောင်းကင်ဆီ တွန်းထုတ်ပစ်လိုက်၏။
လင်းမင်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း ရယ်မောလိုက်၏။ ထိုအခိုက်၌ သူက ခွန်အား၏ တစ်စိတ်တစ်ပိုင်းကို ပြန်လည် ရရှိနေခဲ့ပြီ ဖြစ်သည်။
“မင်း မြင်ပြီလား... အဲဒီနည်းလမ်းတွေက အစစ်အမှန် စွမ်းအား မဟုတ်ဘူး... မင်း မလို့ အဲဒါကို ယုံရဲတယ်... တကယ် အရူးပဲ”
အတွေးတစ်ချက်နှင့် အတူ မူလလှံတံမှာ လင်းမင်၏ လက်အတွင်း ပြန်လည် ရောက်ရှိလာ၏။ သူက ဖျတ်လတ်စွာပင် လမ်းလျှောက်ရင်း အနက်ရောင် ရည်များဖြင့် ပေပွလျှက် ကြမ်းပြင်ပေါ်သို့ လဲကျလု နီးနီး ဖြစ်နေသည့် ဝေ့ဝူယင် အနားသို့ ရောက်ရှိလာခဲ့သည်။
ထိုအခိုက်၌ သူ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုက နေရာယူနေ၏။ ဤသည်က လက်စားချေရမည့် အချိန် မဟုတ်ပါလား။
“အညံ့ခံစမ်း... မဟုတ်ရင် မင်းကိုငါ သတ်ပစ်ရလိမ့်မယ်”
သူက ဝေ့ဝူယင်၏ စကားလုံးများ အတိုင်း အတိအကျပင် ပြန်လည် ပြောကာ လှောင်ပြောင်လိုက်သည်။ ဝေ့ဝူယင်မှာ မတ်တပ်ရပ်ရန် ကြိုးပမ်းနေသော်လည်း ထိုအခိုက်၌ သူ့အရိုးအဆစ်များက အလွန် အားနည်းနေပုံ ပေါ်သည်။ သူ၏ ခန္ဓာကိုယ်က တုန်ရီကာ ကြမ်းပြင်ပေါ် ပစ်လဲကျသွား၏။ နောက်တစ်ကြိမ် ပြန်လည် ထနိုင်တော့ပုံ မပေါ်ချေ။
"ဆေးလုံးရဲ့ နောက်ဆက်တွဲက ဘာလို့ ဒီလောက် မြန်မြန် ဖြစ်လာရတာလဲ...”
ဝေ့ဝူယင်၏ မျက်နှာက ကြောက်ရွံ့ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ၏။ သူ၏ ငွေရောင် မျက်ဝန်းများက မည်သည့် အရာ မှားယွင်းနေကြောင်း နားမလည်နိုင်သည့် ပုံပင်။
လင်းမင်က ခေါင်းကို ခါလိုက်၏။
“မင်းက ဆေးလုံးကို သုံးထားတာပေါ့လေ... သုံးလွှာ ကြယ်တာရာ နယ်မြေ အတိုင်းအတာနဲ့ ပြောရရင် မင်းက အရမ်းကို ထူးချွန်တဲ့ လူငယ်တစ်ယောက်ပါ... ဒါပေမဲ့ ငါ စောစောက ပြောခဲ့သလိုပဲ အဂ္ဂိရတ် တာအိုက ပြိုင်ဘက် မကင်းဘူး... ဒီနေ့ အဖြစ်အပျက်ကို သင်ခန်းစာယူပြီး နောင်ဘဝကို ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ပါစေလို့ ငါ မင်းအတွက် ဆုတောင်းပေးတယ်”
လင်းမင်မှာ ဝေ့ဝူယင်ကို သတ်ဖြတ်ဖို့ အတွက် ဘာကိုမှ မကြောက်ချေ။ ရွေးချယ်ခံ ဆိုသည့် ဂုဏ်ပုဒ်ကို ရပြီးသည်နှင့် သူ၏ နောက်ထပ် ခြေလှမ်းများမှာ သုံးလွှာ ကြယ်တာရာ နယ်မြေ ပြင်ပကိုသာ ဖြစ်သည်။
ထို့အပြင် ဝေ့ဝူယင်မှာ အင်ပါယာ အဆင့်တွင်သာ ရှိသည့် အဂ္ဂိရတ် ပညာရှင် တစ်ယောက်မျှသာ ဖြစ်သည်။ သူ့တွင် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ပင် မရှိချေ။ သို့ဖြစ်လေရာ လက်ရှိ အဆင့်က သူ့အတွက် အဂ္ဂိရတ် တာအိုတွင် အကန့်အသတ်ကို ရောက်ရှိပြီး ဖြစ်သည်။
လင်းမင် လှံကို ဖြည်းညင်းစွာ မြှောက်လိုက်ရင်း နောက်ဆုံး တိုက်ခိုက်မှုကို ဖော်ထုတ်ရန် ဟန်ပြင်လိုက်၏။ ထိုအခိုက်၌ သူ ခွန်အား အလုံးစုံကို ပြန်လည် ရရှိခဲ့ပြီး ဖြစ်ကာ အခြားတစ်ဖက်၌ ဝေ့ဝူယင်၏ ခွန်အားများကတော့ အလုံးစုံ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။
“ခဏ... ခဏနေပါဦး... မင်း အညံ့ခံပြီး ငါ့နောက်ကို လိုက်ပါလား... ငါ့ရဲ့ အဂ္ဂိရတ် ကျွမ်းကျင်မှုတွေနဲ့ မင်းကို နောက်ထပ် ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ ဖြစ်လာအောင် ပျိုးထောင်ပေးမယ်... အနာဂတ်မှာ သူ့ထက်တောင် သာစေရမယ်... ငါ အာမခံတယ်”
လင်းမင်က ဝေ့ဝူယင်ကို ကြည့်ကာ အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်၏။
“တကယ် စိတ်ပျက်စရာ ကောင်းတဲ့ကောင်ပဲ... မင်းက ကိုယ့်အကန့်အသတ်ကိုတောင် ကိုယ် မသိဘူးလား”
လင်းမင်၏ မျက်လုံးများက ပြတ်သားသော အလင်းတန်းများဖြင့် ပြည့်နှက်သွားကာ မူလ လှံတံကို ဝေ့ဝူယင်၏ နှလုံးသားတည့်တည့် ထိုးစိုက်လိုက်၏။ မူလဒြပ်စင်အင်အားက လှံထိပ်တွင် ပေါက်ကွဲသွားသည်။
“ကျုပ်ကို ကယ်ပါ...”
ဝေ့ဝူယင်က ထိုကံကြမ္မာကို မလိုလားစွာဖြင့် သွေးရူးသွေးတန်း အော်ဟစ်လိုက်၏။ ဒြပ်စင်တိုကင်မှာ တောက်ပလာကာ နတ်ဘုရား အလင်းတန်း အချို့ကို ထုတ်လွှတ်လိုက်သည်။ သို့သော်လည်း ကံမကောင်းစွာပင် အရာရာကား နောက်ကျသွားခဲ့ပြီ ဖြစ်လေသည်။
***