အညံ့ခံခြင်း
Vol. 36 Ch. 498
ဒြပ်စင်တိုကင်ထံမှ နတ်ဘုရား အလင်းမှာ ကောင်းကင်ထံ တိုးဝင်သွား၏။ သို့သော်လည်း မူလလှံတံနှင့် ၎င်း၏ ပေါက်ကွဲအားက မရပ်တန့်နိုင်အောင် ပြင်းထန်လွန်းလှသည်။ ထိုအခိုက်၌ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ ကံကြမ္မာကို လက်မခံလိုသည့် အလင်းတန်းများဖြင့် ပေါက်ကွဲနေ၏။ နောက်ဆုံးထွက်သက်သို့ ရောက်သော အခိုက်၌ သူက နောက်ဆုံး ကောက်ရိုးတစ်မျှင်ကို ရှာဖွေရန် ကြိုးပမ်းသည့် အလား ဟင်းလင်းပြင် လက်စွပ်ကို ဆုပ်ကိုင်လိုက်သည်။
လင်းမင်မှာ လှံထိပ်ဖျားမှ တစ်ဆင့် ဝေ့ဝူယင် သေဆုံးသွားမှုကို ခံစားမိလိုက်၏။ ၎င်းက အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သူ ကြုံတွေ့ခဲ့ဖူးသည့် ခံစားချက်ပင် ဖြစ်သည်။ အာရုဏ်ဦး အာဏာရှင် ဧကရာဇ် အဖြစ် ကျော်ကြားသည့် ဝေ့ဝူယင် ဟူသော ဇာတ်ကောင်မှာ မိမိကိုယ်ကို အလွန်အကဲ ယုံကြည်ခြင်းနှင့် ဆုံးဖြတ်ချက် မပြတ်သားခြင်းတို့ကြောင့် သေဆုံး သွားရသည်ဟု သူ ထင်မြင်ယူဆမိပေသည်။
“မင်းက ငါ့ကို မသတ်ချင်ဘူး ဆိုပေမဲ့ ငါကတော့ မင်းလို မဟုတ်ဘူး”
လင်းမင်က ခပ်တိုးတိုး ရေရွတ်လိုက်ရင်း အဆိပ်အတောက် အရည်များ ကြားတွင် အသက်မဲ့စွာ လှဲလျောင်းနေသည့် ဝေ့ဝူယင်၏ အလောင်းကို ကြည့်လိုက်၏။ ထို့နောက် သက်ပြင်းတစ်ချက် ချလိုက်ရင်း စင်မြင့်၏ တုန့်ပြန်မှုကို စောင့်ဆိုင်းနေလိုက်သည်။ ဝေ့ဝူယင် သေဆုံးသွားပြီ ဖြစ်ရာ ဒြပ်စင်တိုကင် သုံးခုမှာ သူ့အပိုင် ဖြစ်လာတော့မည် မဟုတ်ပါလား။
သို့သော်လည်း မိနစ် အနည်းငယ် ကြာသည် အထိ စင်မြင့်က မည်သို့မျှ မတုန့်ပြန်သေးချေ။ လင်းမင် ဝေ့ဝူယင်၏ အလောင်းကို မသေချာ မရေရာစွာဖြင့် ကြည့်လိုက်မိ၏။
“သူက အသက်ရှင်နေသေးတာလား...”
ထိုအတွေးကို အတည်ပြုရန် အတွက် သူက လှံ၏ အသွားကို ဝေ့ဝူယင်၏ ဦးနှောက်အတွင်း ထိုးသွင်းကာ လှည့်လိုက်၏။ မူလ ဒြပ်စင်အင်အားနှင့် အတူ ဝေ့ဝူယင်၏ ဦးခေါင်း တစ်ခုလုံးမှာ အပိုင်းပိုင်း အစစ အဖြစ် ပေါက်ကွဲသွားသည်။ အဖြူရောင် ဦးနှောက်များမှာ နေရာအနှံ့ ပြန့်ကြဲသွား၏။ အကယ်၍ ထိုလူငယ် အသက်ဓာတ်ကို ထိန်းသိမ်းရန် အတွက် တစ်နည်းနည်းဖြင့် ကြိုးပမ်းခဲ့လျှင်ပင် ယခု၌ အမှန်တကယ် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း မည်သည့် အပြောင်းအလဲမှ ထပ်မံ ဖြစ်ပေါ်လာခြင်း မရှိပြန်ချေ။ လင်းမင် ခေါင်းကို မော့ရင်း ကောင်းကင်ကို ကြည့်လိုက်၏။ ဝေ့ဝူယင်၏ နောက်ဆုံး အားထုတ်မှုများကို ပြန်လည် မြင်ယောင်ရင်း “ကျုပ်ကို ကယ်ပါ” ဆိုသည့် စကားကို သူ ပြန်လည် အမှတ်ရလိုက်မိသည်။ သူက မည်သူ့ထံတွင် ကယ်တင်ရန် တောင်းဆိုခဲ့သနည်း။
ထိုအခိုက်တွင်ပင် အလင်းစက်ဝန်း အပြင်ဘက်၌ ပုံရိပ်တစ်ခု ပေါ်လာကာ နတ်ဘုရားကဲ့သို့ ထည်ဝါ ခန်ညားသည့် အသံတစ်ခု ပေါက်ကွဲလာ၏။
“ဒြပ်စင်သုံးခု တော်ဝင်သားတော်က နောက်ဆုံး အဆင့်ကို အသက်သွင်းလိုက်ပြီ... ရွေးချယ်ခံလောင်းတွေ အားလုံး သေဆုံးတဲ့ အထိ ဒါမှမဟုတ် အညံ့ခံတဲ့ အထိ တိုက်ခိုက်ရမယ်... နောက်ဆုံး ကျန်ခဲ့တဲ့ တစ်ယောက်က တစ်ဦးတည်းသော ရွေးချယ်ခံ ဖြစ်လာလိမ့်မယ်”
လင်းမင်က ပုံရိပ်ကို လှမ်းကြည့်လိုက်ရာ အပြာရောင် မျက်လုံးများနှင့် အေးစက်စက် အပြုံးပိုင်ရှင် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ သူကား အသွင်ပြောင်းခြင်းရေ တော်ဝင်သားတော်ပင်။ အပြင်တွင် တစ်ခါမှ မဆုံဖူးသည့်တိုင် ထိုလူငယ်မှာ အစွမ်းထက်သည့် ပြင်ပသား တစ်ယောက် ဖြစ်ကြောင်း သူ သိပေသည်။
“ကျုပ် နားလည်ပြီ...”
ဟယ်ယန်းလဲ့က ပြုံးလိုက်၏။ ထို့နောက် သူက လင်းမင်ကို လှမ်းကြည့်လိုက်ရင်း တိုက်ပွဲ စင်မြင့်ပေါ်သို့ အရှိန်အဟုန်နှင့် ခုန်ချလိုက်သည်။
“မင်းလို လူမျိုးကို ကြီးထွားခွင့် မပေးနိုင်ဘူး...”
မနာလိုမှုများ တလက်လက် တောက်ပနေသည့် မျက်ဝန်းများနှင့် အတူ သူက ကြယ်တာရာ အမြုတေ အဆင့်ခြောက် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် ကျင့်ကြံခြင်း အခြေခံကို ထုတ်ဖော်လိုက်၏။
လင်းမင်က လှုပ်ခါနေသည့် နှလုံးသားကို တည်ငြိမ်အောင် ကြိုးပမ်းရင်း မူလ လှံတံကို တင်းတင်း ဆုပ်ကိုင်လိုက်၏။ ထို့နောက်တွင် သွေးဆာလောင်နေသည့် စိတ်နှလုံးနှင့် အတူ ပြင်းထန် ခက်ခဲသည့် တိုက်ပွဲ တစ်ခုကို စတင် ဆင်နွှဲလေတော့သည်။ ခွန်အားများကို အလုံးစုံ အသုံးပြုကာ မူလ ဒြပ်စင် ရည်ရွယ်ချက်ကို အကန့်အသတ်ထိရောက်အောင် ထုတ်ဖော်နိုင်သော အခါတွင်မှ သတ်ဖြတ်ရန် ဟာကွက်တစ်ခုကို သူ ရှာဖွေ တွေ့ရှိလာခဲ့၏။
ဟယ်ယန်းလဲ့၏ ဦးခေါင်းမှ လှံကို ဆွဲနှုတ်လိုက်ရင်း လင်းမင်မှာ အလွန်အမင်း မောပန်းမှုကို ခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက သွေးများဖြင့် လွှမ်းခြုံနေသည်။
ဘုန်း...
ထိုအခိုက်တွင်ပင် ပေါက်ကွဲသံ တစ်ခု ဖြစ်ပေါ်လာကာ ပုံရိပ်တစ်ခုမှာ တိုက်ပွဲအတွင်း ဝင်ရောက်ရန် ကြိုးပမ်း လာ၏။ ကံမကောင်းစွာပင် နတ်ဘုရား အလင်းက ထိုပုံရိပ်ကို အပိုင်းပိုင်း အစစ ဖြစ်အောင် ဖျက်ဆီး ချေမှုန်း ပစ်လိုက်သည်။
“သူ့ရဲ့ တာအို ကာကွယ်သူလား... တကယ် စိတ်မကောင်းစရာပဲ”
သေမျိုးအဆင့်ကို ကျော်လွန်နေသည့် ကျင့်ကြံသူ တစ်ယောက် သေဆုံးသွားခြင်း အပေါ် သနားသလို လင်းမင် ခံစားလိုက်ရ၏။ ထိုအခိုက်တွင်ပင် နတ်ဘုရား အလင်းတန်း တစ်ခုမှာ သူ့ခန္ဓာကိုယ်ကို ဝန်းရံလာကာ သူ့ ဒဏ်ရာများ အားလုံးကို ပြန်လည် ကုသပေးလိုက်၏။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူက အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိလာခဲ့၏။
“နောက်ထပ် တိုက်ပွဲတစ်ခု ရှိသေးလို့လား...”
သူ သံသယဖြစ်စွာ တွေးလိုက်မိစဥ်မှာပင် နတ်ဘုရား အလင်းတန်း တစ်ခုမှာ စင်မြင့်ထက်သို့ ကျဆင်းလာကာ မိန်းမငယ်လေး တစ်ဦး၏ ပုံရိပ် အဖြစ် ဖွဲ့စည်းသွား၏။ လင်းမင်မှာ သူမကို ကြည့်ကာ အလွန် ရင်းနှီးနေသလို ခံစားလိုက်ရသည်။ သို့သော်လည်း အဘယ်ကြောင့် ဆိုတာ သူ မသိချေ။
မိန်းမငယ်လေးက မျက်မှောင်ကြုတ်ရင်း မျက်နှာထက်ရှိ အကာအကွယ်ကို ဖယ်ရှားပစ်လိုက်၏။ ထိုအခါ လင်းမင် အလွန်ရင်းနှီးရသည့် မျက်နှာလေး တစ်ခုမှာ အလိုလိုပင် ပေါ်ထွက်လာခဲ့လေသည်။ သူမက အကြွင်းမဲ့ မီးတောက် တော်ဝင် သမီးတော် မဟုတ်ချေ။ တော်ဝင် နန်းတော် အတွင်းရှိ လူများသာ သူမကို သိကြလိမ့်မည် ဖြစ်သည်။
လင်းမင်၏ မျက်နှာက ပျက်ရွင်းသွား၏။ မည်ကဲ့သို့ သူမ ဖြစ်နေရသနည်း။
“ငါ ဒီတိုက်ပွဲကို နိုင်မှ ဖြစ်မယ်... ငါတို့ နှစ်ယောက်ထဲက တစ်ယောက် သေရမယ်”
မိန်းကလေးက ပြတ်သားစွာ ပြောလိုက်ရင်း ဟင်းလင်းပြင် လက်စွပ်ထဲမှ အဖြူရောင် ဓားတစ်စင်းကို ဆွဲထုတ် လိုက်၏။
လင်းမင်မှာ မည်ကဲ့သို့ တုန့်ပြန်ရမှန်း မသိလေရာ ဖြူရော်စွာ ပြုံးလိုက်မိသည်။ ထိုအမျိုးသမီးမှာ သူ့အသက်ကို ကယ်တင်ခဲ့ဖူးသည်။ သူ သူမ ကိုယ်တုံးလုံးဖြင့် ရေချိုးသည်ကို မြင်တွေ့ဖူးသည်။ လောကသခင်၏ အမဲလိုက်မှုမှ သူတို့ နှစ်ယောက် အတူတူ ထွက်ပြေးခဲ့ဖူးသည်။ အတူတူ လွတ်မြောက်ခဲ့ဖူးသည်။ သူ့ထံတွင် သူမ၏ အသက်ကြွေးများ ရှိနေသလို သူမထံတွင်လည်း သူ့ အသက်ကြွေးများ ရှိသည်။ အဘယ်ကြောင့် သူမက နောက်ဆုံး စိန်ခေါ်မှု ဖြစ်နေရသနည်း။
တိုက်ပွဲကို အနိုင်ရရှိဖို့ အတွက် ဆိုလျှင် သူမကို သတ်လျှင်သတ် မသတ်လျှင် အညံ့ခံဖို့ ဖိအားပေးရန် လိုအပ်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူမ ထိခိုက်မည်ကို သူ မည်ကဲ့သို့ ခွင့်ပြုနိုင်မည်နည်း။
“ခင်ဗျားက ကျုပ်အသက်ကို ကယ်ဖူးတယ်... အခြားလူတွေကို သတ်နိုင်ပေမဲ့ ကျုပ်က ကျွေးတဲ့လက်ကို ပြန်ကိုက်တတ်တဲ့ လူတော့ မဟုတ်ဘူး... ကျုပ် အညံ့ခံတယ်”
သူက လှံကို တင်းတင်း ဆုပ်ကိုင်လိုက်ရင်း ပြတ်သွားစွာပင် ကြေညာလိုက်၏။
“ဘာလို့ ဒီလောက်တောင် ခက်ရတာလဲကွာ...”
ရုတ်တရက် နတ်ဘုရား တစ်ပါး၏ ငြီးငြူသံလိုမျိုး အသံတစ်ခုကို သူ ကြားလိုက်ရ၏။
ဟူး... ဟူး...
ရုတ်တရက် လောကကြီးမှာ စတင် လဲပြိုလာသည်။ မိန်းကလေး ပုံရိပ်မှာ ကောင်းကင်ဆီ လွင့်စဥ်သွားကာ နေကြယ်ထံ ရောက်ရှိသွား၏။ တောက်ပသည့် လောကကြီး၏ အပိုင်းအစများမှာ ရောင်စုံအလင်းစက်များ အဖြစ် ကွဲထွက်သွားကာ မီးခိုးရောင် အဖြစ် ပြောင်းလဲသွား၏။
သိပ်မကြာခင်မှာပင် လင်းမင်မှာ အမှောင်ကမ္ဘာတစ်ခုထဲသို့ ကျရောက်သွားသည်။ ထိုနေရာ၌ ဘာမှ မရှိချေ။ ထိုအခိုက်၌ သူ့ခန္ဓာကိုယ်ပင်လျှင် ဖြည်းညင်းစွာဖြင့် အစိတ်စိတ် အမွှာမွှာ ကွဲထွက်နေသလို သူ ခံစားနေရ၏။
“ဘာဖြစ်တာလဲ...”
အကြောက်တရားက လင်းမင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ မည်သည့် အရာများ ဖြစ်ပျက်နေသည်ကို သူ လုံးဝ အစရှာ၍ မရချေ။
ထိုအခိုက်တွင်ပင် သူ့ပတ်ဝန်းကျင်မှာ စတင် ပြောင်းလဲလာကာ ပြုံးပြနေသည့် မျက်နှာတစ်ခုကို တွေ့မြင် လိုက်ရ၏။ ကျန်းမာ ရွှင်လန်းသော အသားအရေနှင့် သေသပ် ခန့်ညားသည့် အစိတ်အပိုင်းများ၊ နောက်ပြီး ငွေရောင် မျက်လုံး တစ်စုံ...။
“ဝေ့ဝူယင်...”
လင်းမင်မှာ သူ့လည်ပင်းထက်တွင် ရှိနေသည့် အင်အားကို ပြန်လည် ခံစားလိုက်ရ၏။ ဝေ့ဝူယင်၏ အသက်ကို နှုတ်ယူခဲ့သည့် သူ၏ မူလ လှံတံကတော့ ကြမ်းပြင်ထက် တစ်နေရာတွင် အသက်မဲ့စွာ လှဲလျောင်းနေဆဲပင်။
“ဘာတွေဖြစ်နေတာလဲ...”
အတွေးများ ဇဝေဇဝါဖြင့် လင်းမင်မှာ ပိုမို၍ စိတ်ရှုပ်ထွေး လာခဲ့၏။ အဖြစ်မှန်ကို ရှာဖွေရန် သူ ကြိုးပမ်းနေစဥ်မှာပင် ကောင်းကင် အလင်းတန်းများ ကျဆင်းလာသည်ကို သူ တွေ့မြင်လိုက်ရ၏။ တိုက်ပွဲက ပြီးသွားသည်လား။ သို့ပေမဲ့ မည်ကဲ့သို့နည်း။
ဝေ့ဝူယင်က လင်းမင်ကို အမှိုက်ထုတ် တစ်ခုလို လွှတ်ချလိုက်၏။ လင်းမင် ကြယ်တာရာ အင်အားကို လှည့်ပတ်ကာ လေထဲတွင်ပင် ဟန်ချက် ထိန်းရန် ကြိုးပမ်းလိုက်သည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက တစ်စုံတစ်ရာ၏ ကန့်သတ်မှုအောက်၌ ရောက်ရှိနေသလိုသာ သူ ခံစားလိုက်ရ၏။ သူ ခေါင်းကို မော့ကြည့်လိုက်ရာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ နတ်ဘုရား အလင်းတန်းများ၏ ဝန်းရံမှုဖြင့် ပျံဝဲနေသည်ကို တွေ့မြင် လိုက်ရသည်။
သူ တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် သူ့ခန္ဓာကိုယ်နှင့် မူလ လှံတံမှာ မူလနေရာမှ ပျောက်ကွယ်ကာ ကောင်းကင်လေပြည် နန်းတော် အတွင်း ပြန်လည် ရောက်ရှိသွားခဲ့၏။
မူလ နဂါးကိုးကောင်က ဝေ့ဝူယင်ထံသို့ ပျံသန်းလာကာ ဦးခေါင်းများဖြင့် ရွှင်မြူးစွာ တိုးဝှေ့လိုက်ကြ၏။ ဝေ့ဝူယင်က အသာအယာ ပြုံးလိုက်ရင်း ပြည့်စုံလုနီးပါး ဖြစ်နေသည့် လက်ထဲရှိ ဒြပ်စင် တုံကင်ကို ကြည့်လိုက်၏။ ၎င်းမှာ လုံးဝ ပြည့်စုံရန် အတွက် အပိုင်းအစ နှစ်ခုသာ လိုအပ်ပေတော့သည်။ ယခုအချိန်၌ သူက ဒြပ်စင် ခုနစ်ခု တော်ဝင် သားတော် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
လူတိုင်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ မှင်သက်နေခဲ့ကြ၏။ ထန်ရှင်းယွင်ပင်လျှင် လုံးဝ နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။
သူတို့ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် မိနစ် အနည်းငယ် ကြာအောင် အနိုင်မခံ အရှုံးမပေး ပုံစံဖြင့် စိုက်ကြည့်နေခဲ့ကြသည်။ ထို့နောက် ရုတ်တရက်ကြီး လင်းမင်၏ အမူအရာက ပြောင်းလဲသွားကာ အညံ့ခံကြောင်း ကြေညာခဲ့သည်။
“ဘာတွေဖြစ်သွားတာလဲ...”
မိန်းမငယ်လေးက လူအိုကြီးကို ကြည့်ရင်း မေးလိုက်၏။ အဘယ်ကြောင့် လင်းမင်က အညံ့ခံရန် ဆုံးဖြတ်ခဲ့ရသနည်း။
လူအိုကြီးမှာ အချိန် အတန်ကြာသည် အထိ မျက်မှောင်ကြုတ်ကာ ဝေ့ဝူယင်ကို ကြည့်နေခဲ့၏။
“ငါလည်း မသိဘူး... သူတို့ နှစ်ယောက်က သဘောတူညီမှု တစ်ခုခု လုပ်လိုက်တာ ထင်တာပဲ”
လျှို့ဝှက်အာဏာရှင် အဆင့်ဖြင့်ပင် မည်သည့်အရာများ ဖြစ်ပျက်သွားသည်ကို မြင်နိုင်စွမ်း မရှိခဲ့ချေ။
“ဘာပဲဖြစ်ဖြစ်... မဟာလေပြင်း တော်ဝင်သားတော်က အညံ့ခံသွားပြီ... အဲဒါက အမှန်တရားပဲ”
လူအိုကြီးမှာ ဝေ့ဝူယင်ကို ကြည့်ရင်း ပိုမို လျှို့ဝှက်သထက် လျှို့ဝှက်လာသလို သူ ခံစားလိုက်ရလေတော့သည်။
***