← Chapters

သေဆုံးခြင်း

Vol. 36 Ch. 500

သေဆုံးခြင်း

Vol. 36 Ch. 500

ဝေ့ဝူယင်၏ မျက်လုံးများက ထိစပ်လု မတတ် ကျဥ်းမြောင်းသွား၏။ အခြားတစ်ဖက်၌ ထန်ရှင်းယွင်ကတော့ ဝေ့ဝူယင်၏ ကမ်းလှမ်းမှုကို အဖက်ပင် မလုပ်ချေ။ သူမ၏ အယူအဆ အရဆိုလျှင် ထိုရတနာသိုက်မှာ လင်းမင် ပိုင်ဆိုင်ရမည့် အရာသာ ဖြစ်သည်။ သူမက အဘယ်ကြောင့် လက်ခံရမည်နည်း။

ထို့အပြင် သူမတွင် ပိုမို ကောင်းမွန်သည့် အစီအစဉ် တစ်ခု ရှိနေပေသေးသည်။ ဝေ့ဝူယင် ခွန်အားကို မြှင့်တင်ရန် အသုံးပြုထားသည့် နည်းလမ်း၏ ဆိုးကျိုးကို စတင် ခံစားရသည်နှင့် သူမက ဒြပ်စင်တိုကင်ကို လင်းမင်အား ပေးအပ်လိုက်မည် ဖြစ်သည်။ ထိုအခါကျလျှင် လင်းမင်မှာ ဝေ့ဝူယင်ကို နောက်တစ်ကြိမ် ပြန်လည် စိန်ခေါ်ကာ ရွေးချယ်ခံ ဟူသည့် ဂုဏ်ပုဒ်ကို ထိုက်ထိုက်တန်တန် ပြန်လည် သိမ်းပိုက်နိုင်မှာ သေချာသည်။

သူမ အတွက် ဝေ့ဝူယင်မှာ သေလူ တစ်ယောက်သာ ဖြစ်သည်။ တစ်နေ့တစ်ချိန်တွင် လင်းမင်က သူ့အသက်ကို ကျိန်းသေ နှုတ်ယူပေလိမ့်မည်။

အတန်ကြာ တိတ်ဆိတ်ပြီးနောက်၌ ဝေ့ဝူယင်၏ ကျဉ်းမြောင်းနေသည့် မျက်လုံးများက ပုံမှန် ပြန်ဖြစ်သွား၏။ သူက သက်ပြင်းတစ်ချက် ချလိုက်သည်။

"ဒါဆို ခင်ဗျားတို့ နှစ်ယောက် စိတ်ပြောင်းအောင် ကျုပ် ဘာလုပ်ပေးရမလဲ… ကျုပ်ဘက်က အဂ္ဂိရတ် ထုတ်ကုန်တွေ ရှားပါးတဲ့ ရင်းမြစ်တွေနဲ့လည်း ကမ်းလှမ်း နိုင်ပါသေးတယ်… တကယ်လို့ နည်းလမ်း ရှိနေသမျှ ကျုပ်ဘက်က ရှာဖွေပါ့မယ်"

ဟယ်ယန်းလဲ့မှာ တောင်းပန် တိုးလျှိုးရန် ကြိုးပမ်းနေသည့် ဝေ့ဝူယင်ကို ကြည့်ကာ စိတ်ထဲမှ ကြိတ်လှောင် လိုက်မိ၏။ သို့သော်လည်း အပြင်ပန်းတွင်တော့ သူက သိမ်မွေ့သည့် အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။

"အိုး… ငါသိပြီ… ခုနက မင်း ပြောတဲ့ ရတနာသိုက် တစ်ခုလုံး အပြင် မဟာမြေကြီး ရတနာသိုက်ကိုပါ ငါ လိုချင်တယ်… သိတယ်မလား… မင်း အားလုံးကို လှည့်စားပြီးတော့ မင်း ခိုးသွားတဲ့ ရတနာသိုက်လေ… ဟဟ… ရှန်းကလန်နဲ့ လဲ့ကလန်တို့ကတော့ အချောင် သူခိုးစွဲ ခံလိုက်ရတာပေါ့"

"ဘာလဲ…"

မရေမတွက်နိုင်သည့် လူများထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာ၏။ သူတို့၏ မျက်လုံးများက ဟယ်ယန်းလဲ့ထံမှ ဝေ့ဝူယင်ထံသို့ စုပြုံကျရောက်သွားသည်။ ဝေ့ဝူယင်က ထိုရတနာသိုက်ကို ကိုယ်တိုင် ခိုးယူခဲ့သည်လား။

ယနေ့မတိုင်ခင် အထိ တစ်လောကလုံးမှာ လဲ့ကလန်နှင့် ရှန်းကလန်တို့ သာလျှင် ရတနာသိုက်ကို ခိုးယူခဲ့ကြသည် ယုံကြည်နေခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း ဟယ်ယန်းလဲ့က အခြား တစ်မျိုး ပြောလာခဲ့သည်။ ထိုကဲ့သို့ဆိုလျှင် မဟာမြေကြီး ရတနာသိုက် အတွက် သွေးမြေကျသည် အထိ တိုက်ခိုက်ခဲ့ရသည့် သူတို့၏ တိုက်ပွဲများက အလကားလော။ သူတို့က ဝေ့ဝူယင်၏ ကစားကွက်တွင် ကျားစေ့များလို ပါဝင်ခဲ့ရသည်လော။

ထန်ရှင်းယွင်၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပသွား၏။ ဟယ်ယန်းလဲ့၏ ရွှေ့ကွက်က အတော်လေး ပြောင်မြောက် လွန်းလှသည်။ အကယ်၍ ထိုလူရှုပ်လူပွေနှင့် အရောမဝင်လိုခြင်းကြောင့်သာ မဟုတ်ပါက သူမ သူ့ကို လက်မထောင်ပြမိလိမ့်မည် ဖြစ်သည်။

" … "

ဝေ့ဝူယင်၏ မျက်နှာထက်ရှိ အပြုံးက ဖြည်းညင်းစွာ ပျောက်ကွယ်သွား၏။ သူ၏ မျက်လုံးများက တဖြည်းဖြည်း သုန်မှုန်သွားကာ စိတ်ရှည်မှုများ ကုန်ဆုံးသွားသည်။

သူက သက်ပြင်းတစ်ချက် ချလိုက်ရင်း လေပြည်လွင်ပြင် တစ်နေရာတွင် ရပ်နေသည့် လူအိုကြီးကို လှမ်းကြည့်လိုက်သည်။ အဘိုးအို၏ ရီဝေဝေ မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုနှင့် စိုးရိမ်မှု အရိပ်အယောင်များ ယှက်သမ်းနေကြောင်း သူ ရှင်းလင်းစွာပင် မြင်နိုင်ပေသည်။

ဝေ့ဝူယင် ကောင်းကင်ကို မော့ကြည့်ကာ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ရင်း  ပြန့်ကြဲနေသည့် ခံစားချက်များနှင့် ဆန္ဒများကို ဝေ့ဝူယင် စုစည်းလိုက်၏။ အသက်ကို ပြန်ရှူထုတ်လိုက်သော အခါ၌ သူ၏ အမူအရာက သက်တောင့်သက်သာ ပြန်လည် ဖြစ်သွားသည်။ ထိုအတောအတွင်းမှာပင် သူ၏ နှလုံးသားက ဆုံးဖြတ်ချက် တစ်ခု ချမှတ်ခဲ့ပြီး ဖြစ်သည်။

ဝေ့ဝူယင် တည်ငြိမ်စွာပင် ဟယ်ယန်းလဲ့ဘက်သို့ မျက်နှာမူ လိုက်၏။

"ဒီပြဿနာကို ငါ့ဘက်က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းချင်ခဲ့တာ… ဒါပေမဲ့…"

"ဒါပေမဲ့  ဘာဖြစ်လဲ…"

ဟယ်ယန်းလဲ့က အေးစက်စက် နှာခေါင်းရှုံ့ လိုက်၏။ သူ၏ မျက်လုံးများက လှောင်ပြောင်လိုသည့် အရိပ်အယောက်များဖြင့် ပြည့်နှက်နေသည်။

"မင်းက မင်း သေမယ့်နေ့ကို ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာပဲ"

ဝေ့ဝူယင်က တည်ငြိမ်စွာ ပြောလိုက်ရင်း လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်၏။ ပြိုင်ဘက်ကင်းသည့် ဝိညာဉ်စွမ်းအင်က သူ့ နဖူး၌ မွေးဖွားလာကာ လက်ထံသို့ စီးဆင်း သွားသည်။

"ဒြပ်စင်…"

ထိုအသံက မကျယ်လောင် လှသည့်တိုင် ဝိညာဉ်စွမ်းအင်ဖြင့် ပေါက်ကွဲသွားကာ ပတ်ဝန်းကျင် တစ်ခုလုံးကို ပြိုကျသွားစေ၏။ ဘုရင်၏ ကြယ်တာရာ အမြုတေမှာ  ထျန်းတျန်ထဲတွင် တောက်ပလာကာ ၎င်း၏ တည်ရှိမှုကို ကမ္ဘာသို့ ထုတ်ဖော် ပြသလိုက်သည်။ လောကပင်လယ် အတွင်းတွင်တော့ အခြေတည် ဆေဘာ ဝိညာဉ်မှ ဆန်းကြယ်သော ပဲ့တင်သံ တစ်ခုကို ထုတ်လွှတ်လိုက်၏။

"ကြယ်တာရာ အမြုတေ နှစ်ခု…"

ပရိသတ်များမှာ ထိုမြင်ကွင်းကို ကြည့်ကာ မိုးကြိုးပစ်သလို ခံစားလိုက်ရ၏။

ဝေ့ဝူယင်မှာ အခြားလူများ၏ ထိတ်လန့်နေသည့် မျက်လုံးများနှင့် မေးခွန်းထုတ်သည့် အကြည့်များကို လုံးဝ လျစ်လျူထား၏။ သူ၏ ငွေရောင် မျက်လုံးများက အလွန်အမင်းပင် တည်ငြိမ်နေသည်။

ဟူး… ဟူး…

ထက်ရှသော ဆေဘာ စွမ်းအင်များနှင့် အတူ ဒြပ်စင်မှာ အလိုအလျောက်ပင် ဖွဲ့စည်းလာ၏။ ၎င်းမှာ အသန့်စင်ဆုံး ဆေဘာစွမ်းအင်များဖြင့် တည်ဆောက်ထားကာ သူ၏ အသွေးအသား၊ အရိုးများနှင့် ညီမျှသော ခွန်အားကို ကိုယ်စားပြုပေသည်။

အာကာသကိုပင် တုန်ခါစေသည့် ဆေဘာ၏ တွန်ကြူးသံကို နားဆင်ရင်း အကိုကြီး၏ သင်ပြမှုများကို ဝေ့ဝူယင် ပြန်လည် သတိရလိုက်မိ၏။

"ဆေဘာကို သုံးမယ် ဆိုရင် မင်း အနေနဲ့ အမြဲတမ်း လိုက်နာရမယ့် စည်းမျဉ်း တစ်ခု ရှိတယ်… အသက်တစ်သက်ကို နှုတ်ယူဖို့ ဒါမှမဟုတ် အသက် တစ်သက်ကို ကာကွယ်ဖို့မှ မဟုတ်ရင် မင်းအနေနဲ့ ဘယ်တော့မှ ဆေဘာကို မထုတ်ဖော်ဖို့ပဲ"

တည်ငြိမ်သည့် အသံ၊ ကျယ်ပြန့်သည် ကျောပြင်နှင့် ကြည်လင်သည့် အပြုံးတို့က ရှင်းလင်းပြတ်သားစွာပင် ဝေ့ဝူယင်၏ စိတ်အတွင်း ပြန်လည် နေရာယူ လာခဲ့၏။

အကိုကြီး…

အကိုကြီးမှာ မိဘများ ပျောက်ဆုံး သွားပြီးသည့် နောက်၌ သူ၏ တစ်ဦးတည်းသော မိသားစုဝင် ဖြစ်သည်။ သူက သူ့ကို အခြေခံ အကျဆုံးသော ရှင်သန်မှု စည်းမျဉ်းများကို သင်ကြား ပေးခဲ့သည်။  အန္တရာယ်များ အကြားမှ ကာကွယ်ပေးခဲ့သည်။ နောက်ဆုံး အသက်နှင့် ရင်းခဲ့ရသည် အထိ။

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများထဲရှိ သတ်ဖြတ်လိုစိတ်များမှာ ပိုမို၍ ထက်ရှလာ၏။ အကယ်၍ နတ်ဘုရားများ၊ မိစ္ဆာများနှင့် တစ္ဆေများ လာရောက် တားဆီးခဲ့လျှင်ပင် သူ အားလုံးကို ဖျက်ဆီး ချေမှုန်းပစ်မည် ဖြစ်သည်။

ဟယ်ယန်းလဲ့မှာ ဝေ့ဝူယင်ကို ကြည့်ကာ ပထမဆုံး အကြိမ် အဖြစ် တုန်လှုပ်သွား၏။ ကြယ်တာရာ အမြုတေ နှစ်ခု… ထို့အပြင် နှစ်ခုစလုံးက သုံးဆယ့်နှစ် စင်တီမီတာ အရွယ်အစားတွင် ရှိနေသည်။

ကျင့်ကြံခြင်း လောကတွင် ကြယ်တာရာ အမြုတေနှင့် ဝိညာဉ်ကို ခွဲထုတ်ပစ်နိုင်သည့် ဒဏ္ဍာရီလာ သွေးမျိုးဆက် ပိုင်ရှင်များ အကြောင်း သူ ကြားဖူးသည်။ ဝေ့ဝူယင်မှာ ထိုကဲ့သို့သော သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်လော။  ဤသို့ဆိုလျှင် သူ့ နောက်ခံက အဘယ်နည်း။ ဟယ်ယန်းလဲ့၏ နှလုံးသားမှာ မသက်မသာ အငွေ့အသက်များနှင့် ပြည့်နှက်သွား၏။

ဂါး...

ဝေ့ဝူယင်က ဆေဘာကို လှုပ်ရှားလိုက်သည်နှင့် မူလနဂါးကိုးကောင်က ပြင်းထန်စွာ ဟိန်းဟောက်လိုက်ကြ၏။ ထိုဟိန်းဟောက်သံက လေထုကို ပဲ့တင်ထပ်၍ ဝိညာဥ်စွမ်းအင်လှိုင်းများ အဖြစ် အဘက်ဘက်သို့ ပျံ့နှံ့သွားလေရာ ဟင်းလင်းပြင် သင်္ဘောများမှာ ဗုံးကြဲခံရသလို တုန်ရီ၍ သွားကြသည်။

ဘုန်း...

နှုတ်မိန့် တစ်စုံတစ်ရာ ထွက်ပေါ်မလာခင်မှာပင် နဂါးများမှာ အရှိန်အဟုန် ပြင်းစွာဖြင့် ဟယ်ယန်းလဲ့၏ ဟင်းလင်းပြင် သင်္ဘောထံ ပြေးဝင်သွားကြတော့သည်။ သတ္တုနဂါး၏ ဦးခေါင်းထက်၌ စီးနင်းရင်း ဝေ့ဝူယင်မှာ ရှေ့သို့ ရွေ့လျားသွား၏။ ထိုအခိုက်၌ နဂါးများကို ဝန်ရံကာ ဆေဘာဓားကို ကိုင်ဆောင်ထားသည့် ဝေ့ဝူယင်၏ အသွင် သဏ္ဌာန်ကား နဂါးဗိုလ်ချုပ် တစ်ပါးနှင့်ပင် တူညီနေသေးတော့သည်။

ဟင်းလင်းပြင် သင်္ဘောများမှာ ဟင်းလင်းပြင်ကို ထိုးခွဲ သွားလာနိုင်ရန် ရည်ရွယ်ချက် တစ်ခုတည်းဖြင့် တည်ဆောက်ထားသည့် ယာဥ်ပျံကြီးများ ဖြစ်သည်။ ၎င်းတို့တွင် အကာအကွယ် ဝင်္ကပါများ မပါဝင်သလို တိုက်ခိုက်ရေး ဝင်္ကပါများလည်း မပါရှိပေ။ ထို့ကြောင့် နဂါးများ၏ အရှိန်အဝါတွင်ပင် ၎င်းမှာ ပျက်ကျမတတ် တုန်ရီသွားခဲ့၏။

သင်္ဘောထက်ရှိ ကျင့်ကြံသူများမှာ ဒေါသတြီး အော်ဟစ်လိုက်ရင်း လက်နက်များကို ထုတ်ဖော်ကာ တော်ဝင်သားတော်ကို ကာကွယ်ဖို့ ကြိုးပမ်းလိုက်ကြ၏။ သို့သော်လည်း ကံမကောင်းစွာပင် အလွန် ပြင်းထန်သည့် လောကဖိအား တစ်ခုက သူတို့ အားလုံးကို လွှမ်းခြုံကာ သင်္ဘောတစ်ခုလုံးကို သိမ်းပိုက်သွားတော့သည်။

“သူတို့က လောကဖိအားကို ထုတ်လွှတ်နေတယ်...”

လောကသခင် အဆင့်ရှိသည့် ကျင့်ကြံသူ တစ်ယောက်က ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်၏။

“ဘုန်း...”

ရုတ်တရက် မီးနဂါးက သူ့အနားသို့ ရောက်ရှိလာကာ ခန္ဓာကိုယ် တစ်ခုလုံးကို ဝါးမျိုပစ်လိုက်၏။ ၎င်း၏ ကြီးမားလွန်းလှသည့် ပါးစပ်ကြီး အတွင်း၌ သူ၏ အသွေးအသားနှင့် အရိုးမှန်သမျှမှာ ချက်ချင်းပင် လောင်ကျွမ်း ခံလိုက်ရသည်။ ထိုလောကသခင်ကား အကူအညီပင် မတောင်းနိုင်ခင်မှာပင် သေဆုံးသွားခဲ့ပြီ ဖြစ်လေတော့သည်။

ဘုန်း... ဘုန်း...

နဂါးကိုးကောင်မှာ မရေမတွက်နိုင်သည့် အပျက်အစီးများကို စတင် ဖော်ဆောင်ကာ သင်္ဘော၏ ပတ်လည်ကို ရှည်လျားသည့် ခန္ဓာကိုယ်ကြီးများဖြင့် ဝိုင်းပတ်ကြလိုက်၏။ သတ္တိရှိရှိ ပြန်လည် တိုက်ခိုက်ရန် ကြိုးစားခဲ့သည့် သင်္ဘောသားများစွာမှာ တစ်ခဏအတွင်းမှာပင် ညစာ အဖြစ် နဂါးများ၏  ပွဲတော်တည် ခံလိုက်ကြရသည်။  အော်ဟစ်သံများ၊ ဆဲဆိုသံများနှင့် ကျိန်စာတိုက်သည့် အသံများမှာ သင်္ဘောတစ်ခုလုံး ပွက်လောရိုက် နေခဲ့၏။

စက္ကန့်ပိုင်း အတွင်းမှာပင် နဂါးများမှာ သင်္ဘောကြီး တစ်ခုလုံးကို အပိုင်းပိုင်း အစစ ဖြစ်အောင် စတင် ဖျက်ဆီးနေခဲ့ပြီ ဖြစ်လေတော့သည်။

***

All Chapters