← Chapters

လောကအဆင့်ဇယားပေါ် တက်လှမ်းခြင်း

Vol. 29 Ch. 394

လောကအဆင့်ဇယားပေါ် တက်လှမ်းခြင်း

Vol. 29 Ch. 394

“အားလုံး ပထမစည်းမျည်းကို သဘောမတူတဲ့သူ ရှိလား ...” မိုဝူကျီက အားလုံးကို ဝေ့ကြည့်လိုက်သည်။

ချီဟွားဟိုင်က အ‌ရေးပေါ် အကူအညီ တောင်းခံလွှာ ရောက်ရှိလျက်သားနှင့် တာဝန်ယူရန် ခေါင်းရှောင်ကာ လိမ်ညာခဲ့သည်။ ရလဒ်အနေနှင့် ချီဟွားဟိုင် ကျင့်ကြံဆင့်များသာ ဖျက်ဆီးခံလိုက်ရသည် မဟုတ်ဘဲ သက်တမ်း သန်းချီနေပြီ ဖြစ်သော ကျီတူအင်မော်တယ် ကျောင်းတော်လည်း အလွယ်တကူ ဖျက်သိမ်း ခံလိုက်ရသည်။ ကြယ်တာရာသခင်၏  စကား တစ်ခွန်းတည်းဖြင့် ဤမျှ ကြီးကျယ်လှသော ဂိုဏ်းတစ်ဂိုဏ်းမှာ ပျောက်ကွယ်သွားရ၏။

ကျောင်းတော် ဖျက်သိမ်းလိုက်သည်နှင့် တပည့်အများစုမှာ အချက်အချာ ဂိုဏ်းနှင့် အံ့ဖွယ် ဓားငွေ့ဂိုဏ်းသို့ ရွှေ့ပြောင်းခံလိုက်ရမည်။ ထိုသို့ ဖြစ်လာပါက အရူးများသာ ထိုစည်းမျည်းကို သဘောမတူဘဲ နေရဲလိမ့်မည်။

သူ ကမ္ဘာမြေတွင် ရှိစဉ်က  ဒီမိုကရေစီဝါဒ လွှမ်းမိုးမှု ခံထားရဆဲ ဖြစ်သောကြောင့် မိုဝူကျီက စိတ်အတွင်းမှ သက်ပြင်း ချလိုက်တော့သည်။ ဤနေရာတွင် စွမ်းရည်မှာ အာဏာစက် ဖြစ်သည်။ အကယ်၍ နေရာမြင့်မြင့်တွင် ရှိနေသည့်သူက အားလုံးက တန်းတူ ဆက်ဆံနေလျှင် အားလုံးက သူ့အား အရူးတစ်ယောက်လို၊ အားနည်းသူ တစ်ယောက်လို ပြန်ဆက်ဆံ ပေလိမ့်မည်။ ကြယ်တာရာတိုက်ပွဲအတွင်း သေရေးရှင်ရေး အခြေအနေတွင် ဂိုဏ်းတချို့သာ ရောက်လာကြပြီး ထောက်ပံ့ပေးကြခြင်းက အရေးပါသော အချက်တစ်ချက် ဖြစ်ပေသည်။

“ပထမစည်းမျည်းနဲ့ ပြဿနာမရှိမှတော့ ဒုတိယစည်းမျည်း အကြောင်း ပြောပြမယ်။  အခုကစပြီးတော့ စူးရှလေမြို့ကို ဝင်ထွက်ဖို့ ကိုယ်ပိုင်အမှတ်အသား လိုအပ်လိမ့်မယ်။ တစ်ချိန်တည်းမှာ မြို့တွင်းကို ဝင်ဖို့ အကောက်ခွန် ပေးသွင်းရမယ်။ ပိုက်ဆံအားလုံးက ကိုးမိုမြို့နဲ့ လောကခန်းမကို ပြန်လည်တည်ဆောက်တဲ့ အထဲ ရောက်သွားမယ် ...”

အစောလေးက အဖြစ်အပျက်ကြောင့်သာ မဟုတ်လျှင် မိုဝူကျီ၏ ဒုတိယစည်းမျည်းမှာ လူအုပ်ကြား ပွက်လော ရိုက်သွားပေလိမ့်မည်။ သို့သော် ယခုတွင် မည်သူမျှ ထွက်၍ မကျေမနပ် မပြောရဲကြတော့ပေ။

ဘေးတွင် ယန်ကျဲက တိတ်တဆိတ် ကြယ်တာရာသခင်ကို ချီးကျူးနေမိသည်။ ဤတစ်လျှောက်လုံး လောကခန်းမ၊ ကိုးမိုမြို့နှင့် စူးရှလေမြို့အတွက် ပြုပြင်ထိန်းသိမ်းခမှာ လောကခန်းမမှ ရရှိလာခြင်း  ဖြစ်သည်။ ထိုထဲမှ  တချို့တဝက်မှာ ကြယ်တာရာဘုရင်တောင်မှ ရောက်လာမည် ဖြစ်သည်။ ကျန်းရှင်းရှိ ကျန်ရှိနေသော ဂိုဏ်းများက အာကာသထဲ ဝင်လျှင် အကျိုးမြတ်များ ရရှိလာကြသော်လည်း တစ်ပြားမှ မပေးအပ်ဖူးပေ။

ကြယ်တာရာသခင်၏ စည်းမျည်းနှစ်ချက်ဖြင့် ကပ်ပါးလျက်ပါး ဂိုဏ်းများအတွက် အဆုံးသတ်ချိန် တန်လေပြီ။ တစ်ချိန်တည်း၌ သူက ကျန်းရှင်းကို ပြန်လည် အသက်ဝင်လာစေရန်   ထိုကပ်ပါးများဆီမှ စိတ်စွမ်းအင် ကျောက်တုံးအချို့ ထွက်လာစေဖို့ရာ အတင်းကျပ် လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။

ထိုအရာမှာ ကျန်းရှင်းကို တိုးတက်စေမည့် ဖြေနည်းအစစ် ဖြစ်သည်။

ဒုတိယ စည်းမျည်းကို  သဘောမတူသည့် တစ်ယောက်မှ ထွက်မလာ၍ မိုဝူကျီက အနည်းငယ် ကျေနပ်သွားကာ  … “အားလုံးက စည်းမျည်းနှစ်ခုလုံးနဲ့ ကျေနပ်တယ်ဆိုတော့  တတိယတစ်ခုကို ပြောပါ့မယ်။ ပြစ်ဒဏ်ရှိရင် ဆုလာဘ်လည်း ရှိရမယ်ဆိုတော့  ဂူချောင်း အမိန့်လက်ခံပါ ...”

“ဟုတ်” လောက အင်မော်တယ် အဆင့်၅ ကျင့်ကြံသူ ဖြစ်သည့် လူလတ်အမျိုးသားက ရှေ့ထွက်လာကာ မိုဝူကျီကို ဦးညွှတ်လိုက်သည်။

ထိုသူမှာ  နဂိုက မိုးသောက်ကြယ် တာရာခန်းမ၏ ခန်းမသခင် ဖြစ်၏။ သူက မော့မျိုးနွယ်စုက ဖြစ်ပြီး မော့မျိုးနွယ်စုမှာ ကြယ်တာရာ သခင်အသစ်၏ မကျေနပ်မှုကို နှိုးဆွမိမည် စိုး၍ ရှားမျိုးနွယ်စုနှင့် ယန်မျိုးနွယ်စု ဖျက်ဆီး ခံလိုက်ရသည်မှ စ၍ အမြဲနှိမ့်ချနေခဲ့သည်။ ဂူချောင်းက သူ့မိုးသောက်ကြယ်တာရာ ခန်းမသခင် အဆင့်အတန်းကို ပြန်လည် အပ်ခဲ့ရုံသာမက မိုးသောက်ကြယ်တာရာ တပ်ကိုလည်း ပြန်လည်ပေးခဲ့သည်။ ထို့ကြောင့် မော့မျိုးနွယ်စုက အသက်ရှင်နေနိင်ခြင်း ဖြစ်သည်။

လတ်တလော ကြယ်တာရာ တိုက်ပွဲအတွင်း မော့မျိုးနွယ်စုမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ထားလေသည်။ သူတို့အသက်ကို မျည်းကြောင်းလေး အပေါ် ထားထားသည်ဟုပင် ပြောနိုင်သည်။

ယခု မိုဝူကျီက ဂူချောင်းကို သူ့အမိန့် နာယူရန် ခေါ်လိုက်သောအခါ ဂူချောင်းက အတော်လေး စိတ်လှုပ်ရှားမိနေသည်။ သူ့ဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း သိ၏။ မော့မျိုးနွယ်စုသည် ကြယ်တာရာသခင်၏ အသိမှတ်ပြုမှုကို ရရှိရန် စွမ်းဆောင်နိုင်ခဲ့သည်။

“ကြယ်တာရာ ဘုရင်တောင်ရဲ့ ဆယ်ခုမြောက်ခန်းမ ဝူရှန်းခန်းမကို အခုချိန်ကစပြီး ဖျက်သိမ်းတယ်။ အဲဒါကို လုပ်ဆောင်ရေးခန်းမ အဖြစ် ပြောင်းလဲလိုက်မယ်။ ခင်ဗျားက လုပ်ဆောင်ရေးခန်းမ သခင်အဖြစ် တာဝန်ယူပြီးတော့ ကြယ်တာရာ ဘုရင်တောင်က အမိန့် မနာခံတဲ့သူ ရှိခဲ့ရင် သူတို့ကို နှိမ်နှင်းဖို့  လော့ယွီချန်ကို ကူညီပေးရမယ် ... ပြီးတော့ ဂိုဏ်းတစ်ဂိုဏ်းက ကိုးမိုမြို့ ပြန်လည် တည်ဆောက်ဖို့ ကူညီပေးတာမျိုး ဒါမှမဟုတ် နယ်ခြား အင်အားစုတွေနဲ့ တိုက်ပွဲမှာ ကောင်းကောင်း ကြိုးစားပေးခဲ့ရင် အဲဒီဂိုဏ်းတွေကို အာကာသထဲ လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးမယ်။ အကျိုးများများပြုနိုင်တဲ့ ဂိုဏ်းတွေကို အချက်အချာဂိုဏ်းနဲ့ အံ့ဖွယ် ဓားငွေ့ဂိုဏ်းလိုပဲ “ဂြိုဟ်ကာကွယ်ရေးဂိုဏ်း”   ချီးမြင့်မယ် ... ”

ဂိုဏ်းများက မိုဝူကျီ ပထမစကားကို ကြားလိုက်သည့်အခါ စိတ်ထဲ တင်းကျပ်သွားကြသည်။ လော့ယွီချန် မလုံလောက်ပါက ယခုအခါ လုပ်ဆောင်ရေးခန်းမ ရှိနေလေပြီ။ ဝူရှန်းခန်းမ ဖျက်သိမ်းလိုက်သည့် ကိစ္စမှာ အားလုံးက အကြောင်းအရင်းကို သေချာသိကြသည်။ ကြယ်တာရာသခင်မိုမှာ ဘုန်းကြီးဝူရှန်းနှင့် ရန်ကြွေးရှိသောကြောင့် ဖြစ်၏။

မိုဝူကျီ၏ နောက်ပိုင်း စကားများကြောင့် သူတို့က စိတ်အေးသွားရသည်။ သူတို့တွင် ထွွက်လမ်းတစ်ခုတော့ ကျန်ရှိနေသေး၏။

ထွက်လမ်းက ဘယ်နေရာမှာ များလဲ ...

ကျန်းရှင်းကို အကျိုးပြုသည့် ဂိုဏ်းများအတွက် ဖြစ်ပေသည်။

စုရွှမ်နှင့် ကျန်လူများက တလေးတစား အံ့သြနေကြသည်။ ထိုအရာမှာ မြည်းကို များစွာ ရိုက်နှက်ပြီးနောက် မုန်လာဉနီ တစ်ဉ ပေးကမ်းလိုက်ခြင်း ဖြစ်သည်။ အကယ်၍ ဂိုဏ်းများကို ကျွန်လို ဆက်တိုက် ကြိမ်းမောင်းနေပါက မကြာခင်တွင် အဓိကရုန်းများ ဖြစ်လာနိုင်ပေသည်။

ယခုအခါ နည်းလမ်း ပြောင်းလဲ သုံးလိုက်သောကြောင့် ဂိုဏ်းများက ပုန်ကန်မည့်အစား  ဂြိုဟ်ကာကွယ်ရေးဂိုဏ်း ဖြစ်လာရန်သာ ကြိုးစားဖို့ ရွေးချယ်ကြလိမ့်မည်။ ဂိုဏ်းအများစု ဂြိုဟ်ကာကွယ်ရေး ဂိုဏ်းဖြစ်လာပါက မနာခံသည့် အုပ်စုအသေးလေးမှာ အလိုလို ပြုတ်သွားပေလိမ့်မည်။

“ဟုတ် ... ဂူချောင်းက ကြယ်တာရာသခင်ရဲ့ စကားများကို အမြဲ မှတ်သားထားပါ့မယ် …” ဂူချောင်းက အတော်လေး စိတ်လှုပ်ရှားနေသည်။ သူက အမှန်ပင် ရွေးချယ်မှု မမှားခဲ့ပေ။ လိုလိုလားလား ပေးအပ်လိုက်ခြင်းက တစ်ခုခုတော့ ပြန်လည် ရရှိပေလိမ့်မည်။ သူက မိုးသောက်ကြယ်တာရာ ခန်းမသခင် ရာထူးကို ပြန်လည်အပ်ခဲ့သည့် အတွက် ခန်းမသခင် ရာထူးမှာ သူ့ဆီ ပြန်ရောက်ရှိလာခြင်း ဖြစ်သည်။ ထို့အပြင် လုပ်ဆောင်ရေး ခန်းမသခင် ရာထူးမှာ ကြယ်တာရာသခင်မိုက ကိုယ်တိုင် ချမှတ်ပေးထားခြင်း ဖြစ်သည်။

“ခန်းမသခင်စု၊ ခန်းမသခင်ယန်တို့က တပ်ဆယ်တပ်လုံးကို ပြန်စုစည်း ထားလိုက်ပါ။ ဒီကိစ္စကိုတော့ ခင်ဗျားတို့နှစ်ယောက်ဆီ အပ်ခဲ့မယ်။ ခန်းမသခင်စန်းရယ်၊ ခင်ဗျားရယ် ထိန်းသိမ်းရေးမှူး ချီရယ်က အမှတ်အသားပြား အသစ်လုပ်ပေးဖို့နဲ့ ကိုးမိုမြို့ ပြန်လည် တည်ဆောက်ဖို့ ကုန်ကျစရိတ် ကိစ္စတွေကို တာဝန်ယူပေးလိုက်ပါ။ ညီလာခံ ပြီးဆုံးပြီ ...”

မိုဝူကျီက နောက်ဆုံးအမိန့်ကို ကြေညာလိုက်သည့် အခါ သူက တခြားသူများ အမြင်ကိုပင် မေးမနေတော့ချေ။ ချက်ချင်းဆိုသလို ညီလာခံကို ရုပ်သိမ်း လိုက်တော့သည်။ သို့သော် ထိုစဉ် မည်သူကမျှ မကျေမနပ် မဖြစ်ရဲကြချေ။ ဂိုဏ်းအများစုမှာ မိုဝူကျီ၏ နာမည်ပျက် စာရင်းထဲတွင် ပါဝင်နေပြီ ဖြစ်၍ သူတို့ကို ဂြိုဟ်ကာကွယ်ရေး ဂိုဏ်း ဖြစ်လာစေဖို့ရန်   ကိုးမိုမြို့ကို ကူညီပေးရာမှ အမှတ်များ မည်သို့ ရအောင် ကြိုးစားရမလဲသာ တွေးတောနေတော့သည်။

ယခင် ကျန်းရှင်းမှာ အုပ်ချုပ်မှု လျော့ရဲခဲ့သော်လည်း ယခုညီလာခံပြီးသည့် နောက်တွင် အရှိန်ဟုန်ပြင်းပြင်း ပြောင်းလဲ သွားတော့မည် ဖြစ်သည်။ ကိုးမိုမြို့ကို ပြန်လည် တည်ဆောက်ဖို့ရန် တာဝန်ယူထားသည့် ဖေးချောင်က အကူအညီရှာဖို့ပင် မလိုလိုက်ပေ။ ဂိုဏ်းတော်တော် များများက ဦးစွာ လာကူပေးနေကြသည်။

ယခုက တပ်ဆယ်ခုတွင် ပါဝင်ဖို့ရန် စိတ်ကူး မရှိခဲ့ကြသည့် ဂိုဏ်းများမှာ ယခုအခါ စုရွှမ်နှင့် ယန်ကျဲတို့ကို ကျန်းရှင်းအတွက် တိုက်ပေးမည့် တပ်သားအဖြစ် စာရင်းပေးသွင်းဖို့ရာ လုပ်ဆောင်နေကြသည်။

စုရွှမ်က စိတ်မလှုပ်ရှားမိပဲ မနေနိုင်တော့ချေ။ လူများမှာ အမှန်ပင် မရိုးသားကြချေ။ ချီထုံ ကြယ်တာရာသခင် ဖြစ်စဉ်  သူက အားလုံးကို နွေးနွေးထွေးထွေး ညီတူညီမျှ ဆက်ဆံ ပေးခဲ့သော်လည်း လူအများကို ကျန်းရှင်းအတွက် အမှန်တကယ် အလုပ်လုပ် ပေးဖို့ရာ မတိုက်တွန်းနိုင်ခဲ့ချေ။ သို့သော် ကြယ်တာရာ သခင်မို လက်ထက်တွင် သူက ပြစ်ပေးဆုပေးစနစ် ကျင့်သုံးလိုက်သည့် အခါ လူများက အကူအညီပေးရန် အမြီးနန့်၍ ရောက်လာကြပေသည်။

အကယ်၍ ကျန်းရှင်းသာ အမြဲညီညွှတ်နေလျှင် သူတို့က လောကခန်းမကို ကျူးကျော်လာမည့် နယ်ခြား အင်အားစုကို စိုးရိမ်စရာ မရှိတော့ချေ။

မိုဝူကျီက အလုပ်အားလုံးကို ခွဲဝေပြီးသည်နှင့် ချန်စယ်ကို ခေါ်လိုက်သည်။

“သခင်လေး  ကြိုက်တာ ခိုင်းပါ။ ချန်စယ်က သခင်လေးခိုင်းတာ လုပ်ပေးဖို့ အသင့်ပါ ...” ချန်စယ်က ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။

မိုဝူကျီက ချန်စယ်၏ သစ္စာရှိမှုကို တစ်ခါမျှ သံသယမဝင်ဖူးပေ။ ထိုလူမှာ ချီဟော်အာထက်ပင် ပို၍ သစ္စာရှိသေး၏။ ချီဟော်အာက ကြယ်တာရာ သခင်အားလုံးကို အတူတူ ဆက်ဆံခဲ့သော်လည်း ချန်စယ်က သူ့ကိုသာ သစ္စာ ရှိလေသည်။

“ချန်စယ် ... ငါ့အတွက်  အဝေးတစ်နေရာကို  သွားပေးရမယ်။ ပျောက်ဆုံးနယ်မြေကို တစ်ချက်သွားပေး ... ပြီးတော့ ချိန်စုယင်ရဲ့ အမေအုတ်ဂူကို ရှာပြီးတော့ ပြန်ဆောက်ပေး။ ပြီးသွားရင် ထိပ်တန်း အစီအရင်တွေနဲ့ ကာကွယ်ပေးထား။ ငါလည်း မကြာခင် ပျောက်ဆုံး နယ်မြေကို ပြန်လိုက်ခဲ့မယ် ...” မိုဝူကျီက ညွှန်ကြားလိုက်သည်။

သူက ကျန်းရှင်းတွင် ကြာကြာနေလို့ မဖြစ်မှန်း သိသည်။ သူက ဝံပုလွေ ဘုရင်တောင်ကို ဖြိုချဖို့ ကြံရွယ်ထားလေသည်။

ဝံပုလွေ ဘုရင်တောင် ရှိနေသရွေ့ အာကာသ သားရဲအုပ်မှာ အဆက်မပြတ် တိုးပွားနေဦးမည် ဖြစ်သည်။ သူတို့က ကျင့်ကြံခြင်း အရင်းအမြစ်များ လိုအပ်နေသော်လည်း အရေအတွက်အားဖြင့် အတော်လေး သာပေသည်။

ဝံပုလွေ ဘုရင်တောင်ကို ဖျက်ဆီးပြီးသည်နှင့် အာကာသ သားရဲများက အခြေတည်နေရာမှာ ပျောက်ဆုံးသွားလိမ့်မည်။ အာကာသ သားရဲများကို ကျန်းရှင်း ကျင်ကြံသူများက ဖြည်းဖြည်းချင်း ဖိနှိပ်သွားနိုင်လိမ့်မည်။

“ဟုတ်ကဲ့  ... သခင်လေး … ချန်စယ်က ဒီဟာကို အကောင်းဆုံး ကြိုးစားပြီးတော့ ဆောင်ရွက်ပေးပါ့မယ်” ချန်စယ်အတွက် သူစိုးရိမ်မိသည့် အရာမှာ မိုဝူကျီက သူ့အတွက် လုပ်စရာ ပေးမထားခြင်း ဖြစ်သည်။ အကယ်၍ သူ့ကို တာဝန်ပေးအပ်ထား ခံရသရွေ့ သူ့သခင်လေးအတွက် သူအသုံးဝင်သေးသည် မဟုတ်ပါလော။

မိုဝူကျီက ဓားပျံ တစ်ချောင်း ထုတ်ယူကာ ချန်စယ်ကို ပေးလိုက်သည်  “ချန်စယ် ... ဒီဓားပျံကို ငါ့စိတ်စွမ်းအားနဲ့ ရေးထိုးပေးထားတာ။ တစ်ခုခု အရေးကြီးတာရှိရင် လောကခန်းမဆီ ပို့လိုက်  ... လောကခန်းမက ငါ့ဆီ ပြန်ပို့ပေးလိမ့်မယ် ...”

ချန်စယ်က ဓားပျံကို သေချာ သိမ်းဆည်းထားလိုက်ပြီး လောကခန်းမ နေရာကျယ်ရှိ အစီအရင်ထဲ ဝင်ကာ ပျောက်ဆုံး နယ်မြေဆီ ဦးတည်လိုက်တော့သည်။

မိုဝူကျီ၏ ညီလာခံပြီးသည့် နောက်တွင် ဂိုဏ်းချုပ်များနှင့် အကြီးအကဲများက လောကခန်းမမှ အသီးသီး ထွက်သွားတော့သည်။ သူတို့အတွက် အရေးကြီးဆုံးမှာ ကြယ်တာရာ ဘုရင်တောင်၏ အသိမှတ်ပြုမှု ဖြစ်ပြီး ကျန်းရှင်း၏ ကာကွယ်ရေးဂိုဏ်း ဖြစ်လာဖို့ ဖြစ်သည်။

လောကခန်းမရှိ အမျိုးမျိုးသော ဌာနများမှာလည်း လောကခန်းမရှိ စည်းမျည်း အသစ်များနှင့် စနစ်အသစ်များကို ဆောင်ရွက်ရန် အလုပ်ရှုပ်နေကြသည်။

လောကခန်းမရှေ့ရှိ နေရာလွတ်တွင် ရှင်းလင်းနေပြီး အေးစက်ကာ ခြောက်ကပ်နေလေသည်။

မိုဝူကျီက လောကအဆင့် ဇယားရှေ့တွင် ရပ်လိုက်ပြီး စိတ်နှလုံးအတွင်း၌ ခံစားချက်မျိုးစုံ ရောပြွမ်းနေပေသည်။ သူက ငါးဖမ်းအကြီးအကဲကို လောကအဆင့်ဇယား အဆင့်၁ ရယူရန် ကတိပေးထားခဲ့သည်။ ငါးဖမ်းအကြီးအကဲက သူ့ကို နှစ်၁ဝဝ ကန့်သတ်ချက် ပေးထားသော်လည်း ဆယ်နှစ်မရှိသေးပဲ ထိုကတိကို ပြီးမြောက်သွားခဲ့ပြီ။

လောက အဆင့်ဇယားရှိ ထိပ်ဆုံးကို မမြင်နိုင်သေးပေ။ နာမည်များက အောက်စီထားသည့် အတွက် သုံးဖက်မြင် ကျောက်ပြားလို ဖြစ်နေသည်။

မိုဝူကျီက စိတ်ကို ဒုန်းဒုန်းချ၍ လောကအဆင့်ဇယားဆီ ချဉ်းကပ်လာသည်။

သူက လောက အဆင့်ဇယားနှင့် နီးကပ်လာသည့်အခါ အားကောင်း‌သော တွန်းကန်အား တစ်ခုက သူ့ကို အနီးမကပ် နိုင်စေရန် တွန်းနေလေ၏။ ဒုတိယ အကြိမ်မြောက် ကြိုးစားမှုတွင်လည်း ထိုအားမှာ အားနည်း မသွားသေးပေ။

သို့သော်လည်း ပထမဆုံးအကြိမ်နှင့် ယှဉ်လျှင် သူက ဆက်သွားနိုင်သေး၏။

အမွေးတိုင် တစ်ဝက်ကြာခန့်တွင် မိုဝူကျီက လောကအဆင့် ဇယားဘေးသို့ ရောက်ရှိလာခဲ့လေပြီ။ အကယ်၍ လက်ကို ဆန့်ထုတ်လိုက်ပါက လောကအဆင့်ဇယားမှ နောက်ဆုံးနာမည်ကို ထိတွေ့နိုင်ပြီ ဖြစ်၏။

မိုဝူကျီ၏ ခြေထောက်နှစ်ချောင်းမှာ အနည်းငယ် တုန်ယင်နေပြီး အနည်းငယ် ခုန်လိုက်သည်နှင့် နောက်ဆုံးနာမည်ပေါ် ရောက်ရှိသွားလေ၏။ သူက မားမားမတ်မတ် မရပ်နိုင်ခင် ပြင်းထန်လွန်းသည့် အားတစ်ခုက သူ့အား ပြန်ကန်ထွက်နေသည်။

ကံကောင်းလှစွာ မိုဝူကျီက ကောင်းကင်ဖွေရှာ လှေကား တက်ထားဖူးသည့် အတွေ့အကြုံ ရှိလေသည်။ သူ့စိတ်စွမ်းအားနှင့် အတူ သဘာဝ စွမ်းအားများကြောင့် ဒုတိယ နောက်ဆုံးနာမည်အထိ ရောက်လာခဲ့၏။

အစပိုင်းတွင် မိုဝူကျီက ဖိအား များလာသည့် ကိစ္စကို နေသားမကျသေးချေ။ သို့သော် သူက နာမည်လေးငါးခု တက်ပြီးသည့်နောက်တွင် ဖိအားနှင့် တဖြည်းဖြည်းချင်း နေသား ကျသွားလေ၏။ ဖိအားများက ပိုအားပြင်း လာသော်လည်း မိုဝူကျီက မြန်မြန် တက်နိုင်လိုက်သည်။

နှစ်နာရီအတွင်း မိုဝူကျီက ၉၉၂ နာမည် တက်ပြီးသွားလေပြီ။ သူ့ထိပ်တွင် သူ့နာမည်အပါအဝင် နာမည်ရှစ်ခုသာ ကျန်ရှိတော့သည်။

***

တစ်ချိန်တည်းတွင် ကြော့ရှင်းလှပသည့် ဆံပင်အဖြူရောင်နှင့် မိန်းမငယ်လေးက ကျန်းရှင်းအပြင်ဘက် အာကာသထဲ ပေါ်လာလေသည်။ သူမက ထိပ်သီးအာကာသ တည်နေရာပြ အလုံးကို ကိုင်ထားပြီး ခဏလေ့လာ လိုက်ပြီးနောက် သူမဘာသာ ရေရွတ်လိုက်သည်  “ဟုတ်တယ် ... ဒီနေရာက ကျန်းရှင်း ဖြစ်ရမယ်။ လောက အဆင့်ဇယားလည်း ဒီမှာပဲ ရှိရမယ် ...

အရင်ဆုံး လောကခန်းမကို သွားပြီးတော့ လောက အမှတ်အသားပြား သွားယူရမယ်။ လောက အဆင့်ဇယားမှာ နံပါတ်တစ် ဖြစ်ပြီးရင်တော့ လောကထိပ်သီး အမှတ်အသားပြားကို ရယူနိုင်လိမ့်မယ် ... အဲဒါဆိုရင် ပျောက်ဆုံးနယ်မြေကို သွားပြီးတော့ ကောင်းကင်ဖွေရှာ အမှတ်အသားပြားကို သွားယူရမယ် ...”

သူမ အကြံစည်ကို ကျေနပ်နေပြီး သူမ အာကာသ တည်နေရာပြ အလုံးကို သိမ်းလိုက်တော့သည်။ သူမပုံရိပ်မှာ ရုတ်တရက်အတွင်း ပျောက်ကွယ် သွားတော့သည်။

ထိုစဉ် မိုဝူကျီက ၉၉၇ နာမည်အထိ ရောက်ရှိနေလေပြီ။ မိုဝူကျီက စတင်ပြီး မောပန်းလာလေ၏။ ထိုဖိအားမှာ သူ့အရိုးများကို ကွဲကြေသွားသည့်အထိ အားမပြင်းသော်လည်း သူတက်လိုက်သည့် အခါတိုင်း ဖိအားက ပိုပို၍ များပြားလာလေသည်။ သူ့အတွက် တောင့်ခံထားဖို့ အနည်းငယ် ခက်ခဲလာသည်။

အကယ်၍ သူ့သဘာဝ သိုလှောင်ရေး လမ်းကြောင်းများ၊ ခရမ်းရေကန်နှင့်  စိတ်စွမ်းအား သိုလှောင်ရေး လမ်းကြောင်းသာ မရှိလျှင် သူက ထိုမျှအထိ တက်လှမ်းနိုင်မည် မဟုတ်ပေ။

သူ့နာမည်အပါအဝင် နာမည်သုံးခု ကျန်ရှိသေး၏။

ကိုယ့်ဘာသာ အတင်း တွန်းအားပေးဖို့ အချိန်ရောက်လာပြီ ...

***

All Chapters