သတ်ဖြတ်ခြင်း (၂)
Vol. 36 Ch. 501
“ဘယ်လိုလုပ်ပြီး ဒီလောက်တောင် မြန်ရတာလဲ...”
ဟယ်ယန်းလဲ့၏ မျက်လုံးများမှာ ကျဥ်းမြောင်းနေခဲ့ပြီ ဖြစ်လေသည်။ နဂါးများမှာ အလွန် လျှင်မြန်လွန်းလှသည်။ ၎င်းတို့က သူ၏ အမြင့်ဆုံး အမြန်နှုန်းထက်ပင် အဆပေါင်းများစွာ ပိုမို လျှင်မြန်သည်။
သတ္တုနဂါးက ခန္ဓာကိုယ်ကို လှည့်လိုက်ရင်း ဦးခေါင်းကို ဟယ်ယန်းလဲ့ဆီသို့ ဦးတည်လိုက်သည်။ ဟယ်ယန်းလဲ့၏ နံဘေးတွင် ရှိနေသည့် လောကသခင် တစ်ပါးက အော်ဟစ်လိုက်ရင်း လက်နက်ဖြင့် ဝေ့ဝူယင်ကို ခုန်အုပ်ရန် ကြိုးစားလိုက်၏။ သူ၏ မျက်လုံးတို့က ပြင်းထန်သော သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေစဥ်တွင် ဆေဘာတွန်သံ တစ်ချက်ကို ကြားလိုက်ရ၏။
ဝှစ်...
လျှပ်တစ်ပြက် အတွင်းမှာပင် သူ့ ဦးခေါင်းမှာ လည်ပင်းမှ ပြတ်ကာ သင်္ဘော ကုန်းပတ်ပေါ်သို့ လွင့်စဥ်သွား၏။ သူ၏ မျက်လုံးများက ပြူးကျယ်နေကာ သေဆုံးသွားရသည့် အကြောင်းရင်းကို ရှာဖွေနေဟန် ရလေသည်။
ဟယ်ယန်းလဲ့မှာ အနည်းငယ် ထိတ်လန့်သွား၏။ သို့သော်လည်း လျှင်မြန်စွာပင် သူ တည်ငြိမ်မှုကို ပြန်လည် ရရှိလာသည်။ တစ်ချက် ပြုံးလိုက်ရင်း သူ ဝေ့ဝူယင်ကို ကြည့်လိုက်၏။ ဟင်းလင်းပြင် သင်္ဘောတစ်ခုလုံး တစ်ခုလုံးပေါ်ရှိ ဘုရားကျောင်း အဖွဲ့ဝင်ပေါင်း မြောက်များစွာ သတ်ဖြတ်ခံနေရသည့် အဖြစ်ကို သူက လုံးဝ လျစ်လျူထားသည်။
“ပြင်ပ အစီအရင်ကို သုံးပြီး...”
“တိတ်စမ်း...”
ဝေ့ဝူယင်က စိတ်မရှည်စွာဖြင့် အော်ငေါက်လိုက်၏။ ထိုအခိုက်၌ သတ္တု မူလနဂါး၏ ဦးခေါင်းမှာ ဟယ်ယန်းလဲ့နှင့် ပေတစ်ရာ အကွာအတွင်းသို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ ဝေ့ဝူယင် တုန့်ဆိုင်း မနေတော့ပဲ တိုကင်ကို ဆက်သွယ်ကာ စိန်ခေါ်ခြင်း ကဏ္ဍကို အသက်သွင်း လိုက်တော့သည်။ ဟယ်ယန်းလဲ့၏ ဒြပ်စင်တိုကင်မှာလည်း လင်းလက်လာ၏။
နတ်ဘုရား အလင်းတန်းမှာ ကောင်းကင်မှ နောက်တစ်ကြိမ် ကျဆင်းလာကာ သူတို့ နှစ်ယောက်မှ လွဲ၍ အရာအားလုံးကို ဘေးသို့ တွန်းဖယ်ပစ်လိုက်ပြန်သည်။ ထိုအလင်းတန်းများ ပျောက်ကွယ်သွားချိန်၌ ဝေ့ဝူယင်နှင့် ဟယ်ယန်းလဲ့တို့မှာ စင်မြင့်တစ်ခုထက်တွင် မျက်နှာချင်းဆိုင် အနေအထားဖြင့် ရပ်တန့်လျှက် ရှိနေကြ၏။ ပရိသတ်များမှာ တိတ်ဆိတ်နေကြသည်။ သို့သော်လည်း ဟယ်ယန်းလဲ့၏ မျက်နှာထက်ရှိ အပြုံးကို မြင်သော အခါ၌ သူတို့မှာ အနည်းငယ် သံသယ ဖြစ်သွားကြ၏။ ဝေ့ဝူယင်မှာ ယခုအချိန်အထိ စွမ်းအားမြင့်တင်သည့် နည်းလမ်း၏ အာနိသင်အောက်တွင် ရှိနေသေးဆဲ ဖြစ်သည်။ ဟယ်ယန်းလဲ့က အဘယ်ကြောင့် ထိုမျှလောက် အထိ ယုံကြည်ချက် ရှိနေရသနည်း။ မြင့်မားသည့် ကျင့်ကြံခြင်း အခြေခံကြောင့်လော။
သို့သော်လည်း သူတို့ မသိသည့် အချက်ကား ဟယ်ယန်းလဲ့၏ အဓိက ဝှက်ဖဲမှာ သူ၏ တာအို ကာကွယ် စောင့်ရှောက်သူ ဖြစ်နေခြင်းပင် ဖြစ်သည်။ အကယ်၍ သူ အန္တရာယ် တစ်ခုခု ကျရောက်လာပါက ထိုလူအိုကြီးက ဝင်ရောက် စွက်ဖက်ကာ သူ့အသက်ကို ကယ်တင်လိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ဟယ်ယန်းလဲ့ကို လေ့လာလိုက်၏။ တစ်ချိန်တည်း၌ ဟယ်ယန်းလဲ့က သူ့ ထျန်းတျန်အတွင်းရှိ ကြယ်တာရာ အမြုတေ နှစ်ခုကို ကြည့်နေခဲ့သည်။ သူ၏ အမူအရာက လုံးဝ အကြောက်အလန့် ကင်းမဲ့နေ၏။
“မင်းက အာကာသ ပဲ့တင်သံ အဆင့် ကောင်လေး တစ်ယောက်ကို အနိုင်ယူနိုင်တာနဲ့တင် ငါ့ကိုပါ လွယ်လွယ် တိုက်ခိုက်နိုင်မယ် ထင်နေတာလား”
ဟယ်ယန်းလဲ့က စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်ရင်း သူ၏ မြင့်မားလှသည့် ကျင့်ကြံခြင်း အခြေခံကို ဖော်ထုတ်ပြသဖို့ ဆုံးဖြတ်လိုက်၏။
ဟူး... ဟူး...
လေတိုးသံများနှင့် အတူ သူ၏ ဆံပင်နှင့် အဝတ်အစား များမှာ အဆုံးမဲ့စွာ တဖျပ်ဖျပ် လွင့်လာ၏။ မြေဆွဲအား စွမ်းအင်များမှာ သူ့ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖြန့်ကျက်သွားသည်။ တစ်ချိန်တည်း၌ သူ၏ ကြယ်တာရာ အမြုတေမှာ တောက်ပသော အလင်းတန်းနှင့် အတူ ပေါ်ထွက် လာခဲ့လေ၏။
တစ်ဆယ် စင်တီမီတာ...
မရေမတွက်နိုင်သည့် ပရိသတ်များမှာ ဟယ်ယန်းလဲ့၏ ကြယ်တာရာ အမြုတေကို ကြည့်ကာ အံ့သြ မှင်သင်သွားကြ၏။ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ဖြင့် ထိုမျှ ကြီးမားသည့် ကြယ်တာရာ အမြုတေကို ပိုင်ဆိုင်ထားခြင်းက အလွန်ပင် ပါရမီ မြင့်မားသည်ဟု ကောက်ချက် ချနိုင်ပေသည်။
ထိုထက် ပို၍ ကြောက်စရာ ကောင်းသည့် အချက်တစ်ချက်က ဟယ်ယန်းလဲ့မှာ တော်ဝင် ကလေးငယ် တစ်ပါး ဖြစ်နေခြင်း ဖြစ်သည်။ တော်ဝင်ကလေးငယ် တစ်ပါး ဖြစ်ဖို့ဆိုလျှင် ကျင့်ကြံသူ တစ်ယောက်မှာ အနည်းဆုံး အသက် သုံးရာအောက် လျော့နည်းရမည် ဖြစ်သည်။ ဆိုလိုသည်က ဟယ်ယန်းလဲ့မှာ အသက် သုံးရာ မပြည့်ခင်မှာပင် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ကို တက်လှမ်းကာ တစ်ဆယ် စင်တီမီတာ အရွယ်အစား ရှိသည့် ကြယ်တာရာ အမြုတေ တစ်ခု ရရှိအောင် ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအရာက အထင်ဖို့ ကောင်းသည်ထက်ပင် ပိုပေသေးသည်။ သူက မည်သည့် နေရာမှ လာသနည်း။
ဟယ်ယန်းလဲ့မှာ ဝေ့ဝူယင်၏ အံ့သြမှင်သက်သွားမည့် တုန့်ပြန်မှုကို စောင့်ဆိုင်း နေလိုက်၏။ သို့သော်လည်း သူ ပြန်လည် ရရှိလိုက်သည်က တိတ်ဆိတ်မှုနှင့် တည်ငြိမ်သည့် အမူအရာပင် ဖြစ်သည်။ သူက လှောင်ပြောင်သည့် ပုံစံဖြင့် နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်၏။
“မင်း အခု ကြောက်ပြီလား...”
သူ့အတွက်တော့ ဝေ့ဝူယင်မှာ တမင်သက်သကပ် တည်ငြိမ်ချမ်ယောင် ဆောင်နေခြင်းသာ ဖြစ်သည်။
ဝေ့ဝူယင်က အလင်း အကာအရံ၏ အပြင်ဘက်ကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် အနည်းငယ်ပင် နှောင့်နှေးခြင်း မရှိပဲ သူ၏ ခန္ဓာကိုယ်က အမြင့်ဆုံးသော အမြန်နှုန်းဖြင့် ဟယ်ယန်းလဲ့ထံသို့ တိုးဝင် သွားသည်။ သူ၏ ရွေ့လျားမှုမှာ အလွန် မြန်ဆန်လွန်းရကား အချိန် စီးဆင်းမှု ပင်လျှင် ပုံပျက်သွားသည်။ သူတို့ နှစ်ယောက် အကြားရှိ အကွာအဝေးက ခြားနားခြင်း သိပ်မရှိလှရာ ချက်ချင်းဆိုသလိုပင် ဝေ့ဝူယင်မှာ ဟယ်ယန်းလဲ့ရှေ့သို့ ရောက်ရှိသွား၏။
အလွန်ပြင်းထန်သည့် သတ်ဖြတ်မှု ဖိအားများကို ခံစားလိုက်ရရာ ဟယ်ယန်းလဲ့၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားသည်။ သူက ကြယ်တာရာ အင်အားကို လှည့်ပတ်ရင်း ပြင်းထန်သည့် လက်ဝါးချက်ကို ထုတ်ဖော်ကာ ဆေဘာကို တားဆီးဖို့ ဟန်ပြင်လိုက်၏။
ဘုန်း…
ရုတ်တရက် စင်မြင့်၏ အလင်း အကာအရံမှာ မရေမတွက်နိုင်သည့် အလင်း အပိုင်းအစများ အဖြစ် ကွဲကြေသွားသည်။
ထိုအခိုက်၌ ဟယ်ယန်းလဲ့မှာ အရိုးများထဲထိ အေးစက်သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။ အောက်ကို ငုံ့ကြည့်လိုက်တော့ ဆေဘာတစ်စင်းမှာ သူ၏ လည်မြိုနှင့် ထိတွေ့ရန် မီလီမီတာ အနည်းငယ် အကွာတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုဆေဘာအား ကိုင်ဆောင်ထားသူက ချောမော ခန့်ညားသည့် ဝေ့ဝူယင်ပင် ဖြစ်သည်။ ထိုအခိုက်၌ သူ၏ အမူအရာက အလွန် တည်ငြိမ်နေကာ နဖူးမှာ ချွေးစများဖြင့် စိုရွှဲနေ၏။
ဆေဘာဓား၏ အစွန်းကို ပိန်လှီသည့် လက်ချောင်းနှစ်ချောင်းက ညှပ်ကာ ကိုင်ဆောင် ထား၏။ ထိုလက်ချောင်းကပင် ဆေဘာဓားသွားကို ဟယ်ယန်းလဲ့၏ လည်မြိုထံသို့ မရောက်ရှိအောင် တားဆီးထားခြင်း ဖြစ်သည်။ အမြင်အာရုံကို ထိုလက်ချောင်း နှစ်ချောင်းနောက် လိုက်ကြည့်လိုက်တော့ ပိန်လှီသည့် အဘိုးအိုမှာ သူ့ နံဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။
"တကယ် မိုက်မဲတဲ့ကောင်ပဲ…"
လူအိုကြီးက မှတ်ချက်ချလိုက်၏။ အကယ်၍ သူသာ အနည်းငယ် နှောင့်နှေးနေခဲ့ပါက နောက်ဆက်တွဲ ဆိုးကျိုးများမှာ ကြောက်စရာ ကောင်းအောင် ကြီးမားသွားလိမ့်မည် ဖြစ်သည်။ ထိုလူငယ်၏ အမြန်နှုန်းက တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလွန်းသည်။
ဝေ့ဝူယင်က ထိတ်လန့်တုန်လှုပ်ခြင်း မရှိပဲ ဓားကို ငုံ့ကြည့်လိုက်၏။ ထိုအခိုက်၌ တစ်လောကလုံးတွင် သူနှင့် ဆောဘာတို့သာ တည်ရှိနေသယောင်ပင်။
ထိုအခါတွင်မှ ဟယ်ယန်းလဲ့မှာ မည်သည့် အရာများ ဖြစ်ပျက်သွားကြောင်း နားလည်လိုက်၏။ ကာကွယ်သူ ကိုယ်တိုင်၏ ဝင်ရောက် စွက်ဖက်ခြင်း... သူက ထိုလူယုတ်မာ၏ လက်ချက်ဖြင့် သေတော့မလို အထိ ဖြစ်သွားခဲ့ရသည်လား။ သူက ဒေါသများ ပြည့်လျှံနေသည့် မျက်လုံးဖြင့် ဝေ့ဝူယင်ကို စူးရဲစွာ ကြည့်လိုက်၏။
“မင်းက ငါ့ကို သတ်ဖို့ ကြိုးစားရဲတယ်ပေါ့...”
ဝေ့ဝူယင်က အဖြေ ချက်ချင်း မပေးခဲ့ချေ။ အရိုးပေါ် အရေတင် လူအိုကြီးက ဒြပ်စင်ကို ပိုမို ဖိအားပေးလိုက်ရာ သူ့ နဖူးထက်ရှိ ချွေးများမှာ ပိုမို စိုရွှဲ၍သာ လာခဲ့သည်။ ထိုအရာက သေမျိုး အကန့်အသတ်ကို ကျော်လွန်နေသည့် ကျင့်ကြံသူ တစ်ယောက်၏ ခွန်အား ဖြစ်သည်။
အဆုံးသတ်၌ ဝေ့ဝူယင်က ပင့်သက်တစ်ချက် ရှိုက်ရင်း ပြုံးလိုက်၏။
“ကြိုးစားတယ် ဟုတ်လား...”
ထိုစကားလုံးများက လူအိုကြီး၏ မျက်လုံးများကို ကျဥ်းမြောင်းသွားစေသည်။ သူ၏ သူငယ်အိမ်များမှာ အန္တရာယ် ကြီးမားစွာဖြင့် တလက်လက် တောက်ပသွား၏။ ထိုလူငယ်က ဘာကို ဆိုလိုသနည်း။
“မင်းက သေပြီးနေပြီ...”
ဝေ့ဝူယင်က ဟယ်ယန်းလဲ့ကို ကြည့်ရင်း ပြောလိုက်သည်။ ထို့နောက် သူက လူအိုကြီးဘက်ကို လှည့်ကာ ထပ်မံ ဖြည့်စွက်လိုက်၏။
"ခင်ဗျား နည်းနည်းလေး နောက်ကျသွားတယ်”
ဟယ်ယန်းလဲ့မှာ ထိုစကားလုံးများကို နားမလည်နိုင်အောင် ဖြစ်သွား၏။ သူက လက်မ အနည်းငယ်ခန့် အကွာတွင် ရပ်နေသည့် လူအိုကြီးကို ကြည့်လိုက်သည်။ မီးခိုးရောင် မျက်လုံးများနှင့် အကြည့်ချင်း ဆုံသွားသော အခိုက်၌ ကြောက်ရွံ့မှု၊ သနားမှုနှင့် နောင်တရမှုတို့ကို သူ မြင်တွေ့လိုက်ရ၏။
ဟယ်ယန်းလဲ့က မျက်မှောင်ကြုတ်လိုက်ရင်း လူအိုကြီးကို မေးခွန်းထုတ်ရန် ဟန်ပြင်လိုက်သည်။ ထိုအခိုက်အတန့် ကလေးတွင်ပင် သူ၏ အမြင်အာရုံက အကြောင်းပြချက် မရှိပဲ မှောင်မိုက်သွား၏။ ထို့နောက် တဖြည်းဖြည်းပင် သူ၏ အတွေးများက ရပ်တန့်သွားကာ သူ ဘာကိုမှ မခံစားနိုင်တော့ချေ။
***