← Chapters

သေမျိုး အကန့်အသတ်ကို ကျော်လွန်သော

Vol. 36 Ch. 502

သေမျိုး အကန့်အသတ်ကို ကျော်လွန်သော

Vol. 36 Ch. 502

ဆေဘာမှာ ဓားအိမ်မှ ထွက်သည်နှင့် အသက်တစ်သက်ကို ယူဆောင်ရမည် ဖြစ်သည်။ ယူဆောင် ရမည် ဆိုသော ဝေါဟာရမှာ အနည်းငယ် ပျော့ပျောင်းကာ အမြဲတမ်း “သတ်ဖြတ်ပစ်ရမည်” ဟု ဆိုလိုခြင်း မဟုတ်ချေ။ ယင်းက ကံကြမ္မာကို ယူဆောင်ခြင်းလည်း ဖြစ်သည်။ အသက်တစ်သက်ကို ကာကွယ်ရန် အသုံးပြုသော အခါ၌ ၎င်းက ကံကြမ္မာကို သေမင်း၏ ခံတွင်းဝမှ ပြန်လည် ယူဆောင်ခြင်း ဖြစ်သည်၊။ အကယ်၍ သတ်ဖြတ်ရန် အသုံးပြုခဲ့ပါလျှင်မူ ၎င်းမှာ အတိအကျပင် အသက်တစ်သက်ကို ယူဆောင်ခြင်း ဖြစ်သည်။

ဆေဘာကို ထုတ်ယူပြီးသည့် အချိန်မှ စ၍ ယနေ့၌ ဝေ့ဝူယင်မှာ ဟယ်ယန်းလဲ့၏ အသက်ကို နှုတ်ယူရန် အတွက် အရာရာကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့ပြီ ဖြစ်သည်။

သွေးရောင်စင်းကြောင်း တစ်ခုမှာ ဟယ်ယန်းလဲ့၏ နဖူးတွင် ဖြည်းညင်းစွာ ပေါ်လာခဲ့၏။ ယင်းက တဖြည်းဖြည်းပင် အောက်သို့  ဆင်းသက်လာသည်။ ၎င်းက သူ့မျက်လုံး၊ နှာခေါင်းနှင့်၊ မေးစေ့တို့ အကြားမှ အစဥ်လိုက်ပင် ဖြတ်ကျော်ကာ လည်မျိုအထိ ရောက်ရှိသွား၏။

လူအိုကြီးမှာ ထိုမျဥ်းကြောင်းကို စစ်ဆေးရင်း ဟယ်ယန်းလဲ့၏ အသက်ဓာတ်များ လျှင်မြန်စွာ ပျောက်ကွယ် သွားသည်ကို သတိထားလိုက်မိ၏။ သို့သော်လည်း သူ၏ ခန္ဓာကိုယ် ထက်ခြမ်းကွဲထွက် မသွားခင်၊ လူများ သတိမထားမိခင်မှာပင် သူက လက်တစ်ဖက်ကို ဟယ်ယန်းလဲ့ဆီသို့ ဦးတည်၍ ဝှေ့ယမ်းလိုက်သည်။ သွေးစင်းကြောင်းက ချက်ချင်းပင် ပျောက်ကွယ်သွားကာ အလင်းရောင် တစ်ခုမှာ ဟယ်ယန်းလဲ့၏ မျက်လုံးများထဲတွင် ပြန်လည် တောက်ပလာ၏။

လူအိုကြီးက မျက်မှောင်ကြုတ်လိုက်ရင်း ဟယ်ယန်းလဲ့၏ ပခုံးများကို ဆုပ်ကိုင်လိုက်သည်။ အခြေအနေကို အရပ်ရပ်ကို အသေးစိတ် စစ်ဆေးရင်း သူ၏ အိုမင်းရွံ့တွနေသည့် မျက်လုံးများမှာ တဖြည်းဖြည်း အံ့သြမှုများဖြင့် ပြည့်နှက်လာသည်။

“မင်းက သူ့ရဲ့ အရေးကြီးတဲ့ ရှု့ဒေါင့် အားလုံးကို ထက်ပိုင်းပိုင်း ပစ်လိုက်တာပဲ... တစ်ခုမကျန် အားလုံး ပျက်စီးသွားပြီ... မင်းက အတော်လေး စေ့စပ်တာပဲ”

ဝေ့ဝူယင်မှာ ဟယ်ယန်းလဲ့၏ ခန္ဓာကိုယ် တစ်ခုတည်းကိုသာ ထက်ပိုင်းပိုင်းလိုက်ခြင်း မဟုတ်ချေ။ စိတ်မျက်လုံးနှင့် လောကပင်လယ်တို့ကိုပါ ထက်ပိုင်းပိုင်း ပစ်လိုက်ခြင်း ဖြစ်သည်။ အကယ်၍ သေမျိုး အကန့်အသတ်ဖြင့် တိုင်းတာရပါက ဟယ်ယန်းလဲ့မှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဒြပ်စင်မှာ လူအိုကြီး၏ လက်ချောင်းနှစ်ခုကြားတွင် ရှိနေသေးဆဲ ဖြစ်သည်။ ဆွဲထုတ်၍ မရသလို လှုပ်ရှား၍လည်း မရချေ။ ဝေ့ဝူယင်က အံကို တင်းတင်းကြိတ်လိုက်၏။ ထိုအရာက သေမျိုး အကန့်အသတ်ကို ကျော်လွန်ပြီးသည့် ကျင့်ကြံသူ တစ်ဦး၏ စွမ်းအားလော။

လူအိုကြီးက လက်တစ်ဖက်ကို လှုပ်ရှားကာ လက်ခလည်ဖြင့် ဟယ်ယန်းလဲ့၏ မျက်ခုံးနှစ်ခုကြားကို ထိလိုက်၏။ ထို့နောက် သူက နောက်သို့ ပြန်ရုတ်လိုက်သည်။ ထိုအရာက အလွန် ရိုးရှင်းသည့် လှုပ်ရှားမှု တစ်ခုသာ ဖြစ်သည်။ မည်သည့် နတ်ဘုရား စွမ်းအားမှ မပါဝင်သလို မည်သည့် ကောင်းကင် အလင်းတန်းမှလည်း ထွက်ပေါ်လာခြင်း မရှိချေ။ သည်အတိုင်း ထိတွေ့မှု တစ်ခုသာလျှင် ဖြစ်ပေသည်။

သို့သော်လည်း ချက်ချင်းဆိုသလိုပင် ဟယ်ယန်းလဲ့၏ မျက်လုံးများမှာ အသက်ဓာတ်များဖြင့် ပြန်လည် တောက်ပလာ၏။ သူ၏ လက်များက ပြန်လည် တုန်ရီလာကာ အဆုပ်မှာ လေများကို အငမ်းမရ ရှူသွင်း လိုက်သည်။ မကြာခင်မှာပင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အသက်ဓာတ်များဖြင့် ပြန်လည် လွှမ်းခြုံ သွားလေတော့၏။

ဟယ်ယန်းလဲ့၏ မျက်လုံးများက တဖြည်းဖြည်း ပြန်လည် ပွင့်လာကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။ ပထမဆုံး သူ သတိထားမိလိုက်သည်က ငြိမ်သက်စွာ ရပ်နေသည့် လူအိုကြီးနှင့် ဝေ့ဝူယင်တို့ပင်။

“မင်း...”

ဝေ့ဝူယင်၏ လက်ထဲရှိ ဆေဘာဓားကို မြင်သော အခိုက်၌ ဟယ်ယန်းလဲ့၏ အမူအရာက ပျက်ရွင်းသွား၏။ သူ၏ အသက်ကို နှုတ်ယူသွားခဲ့သည့် ဝေ့ဝူယင်၏ ဓားချက်ကို သူ ပြန်လည် မှတ်မိခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ကံကောင်းထောက်မစွာပင် လူအိုကြီးမှာ သူ့ဝိညာဥ်ကို ပြန်လည် အသက်သွင်းနိုင်ခဲ့ပေသည်။

ဝှစ်...

လူအိုကြီးထံမှ လွတ်လပ်မှု ရရှိသွားသည်နှင့် ဒြပ်စင်မှာ ဝေ့ဝူယင်၏ ထျန်းတျန် အတွင်း ပြန်လည် ဝင်ရောက် သွား၏။  ထိုအခိုက်၌ သူတို့ သုံးယောက်မျာ မတူကွဲပြားသည့် အမူအရာများဖြင့် မျက်နှာချင်းဆိုင်လျှက် ရပ်နေခဲ့ကြပေသည်။ သို့သော်လည်း သူတို့သုံးယောက်ထဲတွင် ဝေ့ဝူယင်မှာ အကူအညီ အကင်းမဲ့ဆုံး ဖြစ်ပေသည်။ သို့သော်လည်း သူ့မျက်လုံးများထဲ၌ မည်သည့် နောင်တနှင့် ကြောက်လန့်မှုမှ ရှိမနေခဲ့ပါချေ။

အခြားလူများက ထိုအရာကို မဆင်မခြင် လုပ်ရပ် တစ်ခု အဖြစ် ယူဆကောင်း ယူဆနိုင်သော်လည်း ဝေ့ဝူယင်၏ အတွေးများကတော့ ရိုးရှင်းခဲ့သည်။ ဟယ်ယန်းလဲ့မှာ ရွေးချယ်ခံ စိန်ခေါ်ပွဲတွင် လက်နက်ချလိမ့်မည်ဟု သူ မယုံကြည်ချေ။ သို့ဖြစ်ရာ သူ သေကို သေရမည်။

‌အော်ရစ်ပင်လယ်အောက်မှ နဂါးများ၏ ပြင်းပြသော ငိုကြွေးသံကို သူ ဖျပ်ခနဲ ကြားလိုက်ရ၏။ ထိုအသံများထဲမှ စိတ်ပျက်အားငယ်မှု၊ ဝမ်းနည်းမှု၊ ကြောက်ရွံ့မှုနှင့် ရူးသွပ်မှု ခံစားချက်များကို သူ နက်ရှိုင်းစွာ ခံစားနိုင်ပေသည်။ ထိုအရာက သူ လက်ခံနိုင်သည့် အရာ မဟုတ်ချေ။ အကယ်၍ နောက်တစ်ကြိမ် ရွေးချယ်ခွင့် ရလိမ့်မည် ဆိုလျှင်ပင် သူ ဆေဘာကို လွှဲဦးမည် ဖြစ်သည်။

“သတ်စမ်း... သူ့ကို သတ်စမ်း...”

ဟယ်ယန်းလဲ့၏ မျက်လုံးများက ချင်းချင်းနီနေကာ မထိန်းချုပ်နိုင်သော ဒေါသဖြင့် အော်ဟစ်လိုက်၏။ ထိုအခိုက်၌ ဝေ့ဝူယင်မှာ ပေအနည်းငယ် အကွာအဝေးတွင် ရှိနေသည့်တိုင် သူက အခြားတစ်ယောက်ကို အမိန့်ပေးနေဆဲ ဖြစ်သည်။

လူအိုကြီးက မထီမဲ့မြင် မျက်လုံးများဖြင့် ဟယ်ယန်းလဲ့ကို တစ်ချက် ကြည့်လိုက်၏။ ထို့နောက် ဖြည်ညင်းစွာပင် ဝေ့ဝူယင်ဘက်ကို လှည့်လိုက်သည်။ မည်သို့ပင် ဆိုစေကာမူ... ဝေ့ဝူယင်မှာ ဟယ်ယန်းလဲ့ကို သတ်ဖြတ်နိုင်သည် အထိ ဖြစ်ခဲ့လေရာ သူ့ဘက်က ဖြေရှင်းချက် ပေးရတော့မည် ဖြစ်သည်။ ဆိုလိုသည်က အသက် အန္တရာယ်မှ ကာကွယ်ရန် တာဝန်ကို သူ ပျက်ကွက်ခဲ့ပေသည်။

လူအိုကြီးက သက်ပြင်းတစ်ချက် ချလိုက်ရင်း လက်တစ်ဖက်ကို ဖြည်းညင်းစွာ မလိုက်၏။ သူ၏ လှုပ်ရှားမှုက အလွန် နှေးကွေးလေးလံနေသည့်တိုင် ကမ္ဘာကြီး တစ်ခုလုံး လိုက်လံ ပါဝင် လှုပ်ရှားနေသည့် အလား ဝေ့ဝူယင် ခံစားလိုက်ရသည်။

စိတ်ကို ပိုင်းဖြတ်လိုက်ရင်း အရာအားလုံးနှင့် ရင်ဆိုင်ရန် ဝေ့ဝူယင် အဆင်သင့် ပြင်လိုက်၏။ သူ၏ ငွေရောင်မျက်လုံးများက ပြတ်သားသည့် အလင်းတန်းများနှင့် တလက်လက် တောက်ပလာသည်။

သို့သော်လည်း ရုတ်တရက်ပင် လက်ချောင်းများကို အာရုံမခံစားနိုင်တော့ကြောင်း ဝေ့ဝူယင် သတိထားမိလိုက်၏။ ထိုအခိုက်၌ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ အရာအားလုံးကား နားမလည်နိုင်လောက်အောင် တုန့်ဆိုင်းကာ ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်၏ နှလုံးသားက တဒိန်းဒိန်း တုန်ရီသွား၏။ မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။

လူအိုကြီး၏ မျက်လုံးများက ဝေ့ဝူယင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို နှံ့နှံ့စပ်စပ် စစ်ဆေးရင်း ထိတ်လန့် တုန်လှုပ်မှုများနှင့် ပြည့်နှက်လာ၏။ သူက မျက်မှောင်ကြုတ်ရင်း ဝေ့ဝူယင်ကို သေသေချာချာပင် ကြည့်လိုက်သည်။

“မင်း ဘယ်သူလဲ...”

လူအိုကြီး၏ ရည်ရွယ်ချက်က မည်သည်မှန်း မခန့်မှန်းနိုင်သည့်တိုင် ဝေ့ဝူယင်က တုန့်ဆိုင်းနေခြင်း မရှိချေ။ သူက မျက်လုံးများကို တည့်တည့်မတ်မတ်ပင် ကြည့်ရင်း ပြန်လည် မေးခွန်း ထုတ်လိုက်၏။

“ခုချိန်မှာ ကျုပ် ဘယ်သူလဲ ဆိုတာ အရေးပါလို့လား... ခင်ဗျားလို စီနီယာ တစ်ယောက်က ကျုပ်လို ဂျူနီယာ တစ်ယောက်ကို ရန်ပြုဖို့ ဆုံးဖြတ်ထားရင် ဘာလို့ အများကြီး စဥ်းစားနေသေးတာလဲ”

လူအိုကြီး၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။ တစ်ချိန်တည်း၌ စိတ်ဝင်စားမှု အရိပ်အ‌ယောင်များက သူ၏ မျက်နှာထက်၌ ပေါ်လာခဲ့၏။

“ဘာလုပ်နေတာလဲ... သူ့ကို သတ်သာ သတ်လိုက်စမ်းပါ”

ဟယ်ယန်းလဲ့က စိတ်မရှည်ဟန်ဖြင့် ‌အော်ဟစ်လိုက်၏။ သို့သော်လည်း လူအိုကြီးက အဖက်မလုပ်ချေ။ သူက ရှေ့ကို အနည်းငယ်တိုးရင်း  ဝေ့ဝူယင်၏ ပခုံးကိုသာ ထိတွေ့လိုက်၏။

ဝေ့ဝူယင်မှာ ခွန်အားများ အားလုံး ပျောက်ဆုံးနေလေရာ ထိုမြင်ကွင်းကို ငြိမ်သက်စွာ ကြည့်နေနိုင်ခဲ့၏။ တကယ်ပင် ကြောက်ဖို့ကောင်းလွန်းသည်။ သူ ပိုင်ဆိုင်ထားသည့် ခွန်အားနှင့် ဝှက်ဖဲများဖြင့်ပင် လျှို့ဝှက် အာဏာရှင် အဆင့်တစ်ယောက်၏ ရှေ့မှောက်၌ သူ လက်တစ်ဖက်ကိုပင် မြှောက်နိုင်စွမ်း မရှိခဲ့ချေ။

ထူးဆန်းသည့် စွမ်းအား တစ်ခုမှာ သူ့ခန္ဓာကိုယ် အတွင်း စီးဝင်သွားကာ ခန္ဓာကိုယ်ထဲရှိ အရာရာအား စစ်ဆေးနေသလို ဝေ့ဝူယင် ခံစားလိုက်ရသည်။ ရုတ်တရက် သူ့နှလုံးသားနှင့် အသိစိတ် ပင်လယ်မှာ ဆတ်ခနဲ တုန်ခါသွား၏။ ဝေ့ဝူယင်မှာ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ခရာတိုနှင့် ဧဒင်တို့မှာ ထိုလျှို့ဝှက် အာဏာရှင် အဆင့်၏ ဆန်းကြယ်သည့် စစ်ဆေးမှုကို ရှောင်လွှဲနိုင်စွမ်း ရှိနေဆဲ ဖြစ်သည် မဟုတ်ပါလား။

လူအိုကြီး၏ မျက်လုံးများက ပြူးကျယ်သွားကာ ဝေ့ဝူယင်ကို ထိတ်လန့် တုန်လှုပ်သည့် အရိပ်အငွေ့ အချို့ဖြင့် ကြည့်လိုက်၏။

“မင်း ဘယ်သူလဲ...”

သူက နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။ ယခုတစ်ကြိမ်၌ ဟယ်ယန်းလဲ့၏ အမူရာက အနည်းငယ် ပြောင်းလဲ သွား၏။ ဝေ့ဝူယင်က တစ်ခုခု ထူးခြားနေ၍လော။

ဝေ့ဝူယင်က ခေါင်းကို ခါလိုက်၏။ သူ အဖြေမပေးချင်ချေ။ အကယ်၍ သုံးလွှာ ကြယ်တာရာ နယ်မြေ၊ အနန္တ ဧကရာဇ်ဂိုဏ်းမှ ကောင်းကင် ဧကရာဇ် တစ်ပါးဟု ဖြေလိုက်ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို သူ ခန့်မှန်း၍ ရပေသည်။

ညာပြောရန်လား... လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်ကို ယုံအောင် ညာနိုင်သည့် ယုံကြည်ချက်မျိုး သူ့တွင် မရှိချေ။

အတန်ကြာပြီးနောက်၌ လူအိုကြီးက လက်ကို ပြန်လည် မလိုက်၏။ သူ၏ မျက်မှောင်က ပိုမို နက်ရှိုင်းလာသည်။ ခန္ဓာကိုယ် တစ်ခုလုံးကို နှံ့နှံ့စပ်စပ် စစ်ဆေးပြီးနောက်တွင် ဝေ့ဝူယင်နှင့် ပတ်သက်သည့် အသက်၊ ကျင့်ကြံခြင်း အဆင့်၊ ကြယ်တာရာ အမြုတေ စသည့် အမှန်တရား အားလုံးကို သူ သိရှိခဲ့ပြီး ဖြစ်သည်။ ထိုအခိုက်၌ ကာလရှည်ကြာစွာ ပျောက်ဆုံး နေခဲ့သည့် ကြောက်ရွံ့ ထိတ်လန့်မှုကို သူ ပထမဆုံး အကြိမ် အဖြစ် သူ ပြန်လည် ခံစားနေရ၏။

သုံးဆယ့်နှစ် စင်တီမီတာ အရွယ်အစားရှိသည့် ကြယ်တာရာ အမြုတေများနှင့် ကြယ်တာရာ ဝိညာဥ်နှစ်ခု၊ နောက်ပြီး.... ကွင်းဆယ်ကွင်း ဝိညာဥ်ဆင်းတုများ...။

အကယ်၍ တစ်စုံတစ်ယောက်က ထိုလူငယ်တွင် အင်အားကြီးမားသော နောက်ခံ မရှိဟု ဆိုလျှင် ထိုသူကို သူ သေအောင် ရိုက်နှက် ပစ်လိုက်မည် ဖြစ်သည်။ ဝေ့ဝူယင်ကို သတ်ဖြတ်လိုသည့် သူ၏ အတွေးများမှာ လေပြည်ကဲ့သို့ လွင့်ပါး ပျောက်ကွယ်သွား၏။ ထပ်ပြီးပေါင်းထည့်ရလျှင် ဝေ့ဝူယင်မှာ အကြောက်အလန့် ကင်းမဲ့ကာ သူ့ကိုပင် ပြန်လည် သတ်ရန် ကြိုးပမ်းလိုက်သေးသည်။

မည်သည့် အလင်းပြန်ခြင်း အဆင့် တစ်ယောက်က ထိုကဲ့သို့ အစွမ်းထက်သည့် စိတ်စွမ်းအင်ကို ပိုင်ဆိုင်လိမ့်မည်နည်း။

“ ... ”

လူအိုကြီးက ဘာမှ ထပ်မမေးတော့ချေ။ သူက ဝေ့ဝူယင်ကို နောက်ဆုံး အနေဖြင့် တစ်ချက် ကြည့်ကာ ဟယ်ယန်းလဲ့ဘက်သို့ ပြန်လှည့်လိုက်၏။

ဝှစ်...

ထို့နောက် လေတိုးသံတစ်ချက်နှင့် အတူ သူနှင့် ဟယ်ယန်းလဲ့ နှစ်ယောက်စလုံး ထိုနေရာတွင် တစ်ခါမှ မရှိခဲ့ဖူး သလို ပျောက်ကွယ်သွားတော့သည်။ ဝေ့ဝူယင် တစ်ယောက်တည်းသာလျှင် ထို‌နေရာတွင် ကျန်ရစ်ခဲ့၏။

ကောင်းကင်တွင်တော့ နတ်ဘုရား အလင်းတန်းများ လင်းလက်လာခဲ့ကာ ဒြပ်စင် ရှစ်ခုမှာ တစ်ခုတည်း အဖြစ် ပေါင်းစည်းသွားခဲ့တော့သည်။

***

All Chapters