အမည်မသိ ဇစ်မြစ်
Vol. 36 Ch. 503
ဝှစ်...
မိုင်ရာဂဏန်းခန့် ကွာဝေးသည့် တစ်နေရာ၌ လူအိုကြီးမှာ ဟယ်ယန်းလဲ့နှင့် အတူ ပြန်လည် ပေါ်လာခဲ့၏။ ထိုအခိုက်၌ ပါရမီ အလွန်မြင့်မားလှပါသည် ဆိုသည့် လူငယ်မှာ ပျော့ခွေနေကာ လက်များမှာ အနည်းငယ် တုန်ရီနေသည်။ ဆေဘာတွန်သံမှာ သူ့နားအတွင်း ပဲ့တင်ထပ် နေခဲ့၏။
“ခင်ဗျား သူ့ကို ဘာလို့ မသတ်တာလဲ...”
သူက အရိုးပေါ် အရေတင် လူအိုကြီးကို ရန်လိုစွာဖြင့် ကြည့်ရင်း မေးလိုက်၏။ လူအိုကြီးက သူ့ကို တစ်ချက်သာ စောင်းကြည့်လိုက်သည်။ သူ၏ မျက်ဝန်းထဲ၌ စွန်းထင်နေသည့် တုန်လှုပ် ချောက်ချားမှုက ဖိအားတစ်ခုကို သယ်ဆောင်ကာ ဟယ်ယန်းလဲ့ ထံမှ နောက်ထပ် စကားလုံးနှင့် မေးခွန်းများကို လည်ချောင်းထဲတွင်ပင် ပျောက်ရှသွားစေသည်။ သို့သော်လည်း သူ ထိုအရာကို လက်မခံနိုင်အောင် ဖြစ်နေသေးဆဲ ဖြစ်သည်။
“ဟဟ... မင်းတို့ ခိုင်းတိုင်း လုပ်ရအောင် ငါတို့က မင်းတို့ရဲ့ အခိုင်းအစေတွေမှ မဟုတ်ပဲ... ဒီအတိုင်း ကာကွယ်သူ သက်သက်ပဲလေ”
ရုတ်တရက် ရယ်မောသံ တစ်ခုနှင့် အတူ လူအိုကြီးနှင့် မိန်းမငယ်လေးတို့မှာ ထိုအနားသို့ ရောက်ရှိလာခဲ့သည်။ လူအိုကြီးမှာ ခါတိုင်းလိုပင် သက်ဝင်လှုပ်ရှားနေသည့် အပြုံးတစ်ခုကို ဆင်မြန်းထားကာ အညိုရောင် လွယ်အိတ်ထဲမှ တစ်စုံတစ်ရာကို နှိုက်စားနေခဲ့၏။
ဟယ်ယန်းလဲ့က အဘိုးအိုကို သုန်မှုန်စွာ လှမ်းကြည့်လိုက်၏။
“ခင်ဗျားက မင်ယုလင်ရဲ့ ဓမ္မ ကာကွယ်သူမလား...”
ရွှေရောင် အသက် နန်းတော်၏ လိုက်လံ ပို့ဆောင်မှုဖြင့် ဤလောကနယ်မြေအတွင်း ပထမဆုံး အကြိမ် ဝင်ရောက်လာသည့် အချိန်မှ စ၍ ထိုလူအိုကြီးကို သူ သတိထားမိပေသည်။
လူအိုကြီးက အရသာ ရှိပုံ ပေါ်သည့် မြေပဲဆားလှော်လို သရေစာများကို စားရင်း ခေါင်းညိတ်လိုက်၏။
“ငါတို့ အလုပ်က မမျှော်လင့်တဲ့ အဖြစ်ဆိုးတွေ မကြုံရအောင် လျှို့ဝှက်ပြီး လိုက်လံ စောင့်ရှောက်ရုံ သက်သက်ပဲ... မင်းတို့ အန္တရာယ် ကင်းကင်းနဲ့ အိမ်ကို ပြန်နိုင်အောင်ပေါ့လေ... နောက်ပြီးတော့ ငါ့ရဲ့ ဒီမိတ်ဆွေဟောင်းကြီးက အထင်ကြီးစရာ ကောင်းလွန်းတဲ့ အလုပ်တစ်ခုကို လုပ်နိုင်ခဲ့တယ်လို့ ငါ ထင်တယ်... ဟုတ်တယ်မလား”
သူက ပြုံးလိုက်ရင်း အညိုရောင် လွယ်အိတ်ကို ပိန်လှီသည့် အဘိုးအိုဘက်သို့ ကမ်းလိုက်၏။ သို့သော်လည်း လူအိုကြီးက ခြေဟန်လက်ဟန်ဖြင့် ငြင်းဆန်လိုက်သည်။ ထို့နောက် သူက စိတ်ဝင်တစားဖြင့် မေးလိုက်၏။
“သူက ဘယ်သူလဲ ဆိုတာ ခင်ဗျား သိလား...”
အဘိုးအိုက လွယ်အိတ်ကို ပြန်ရုတ်သိမ်းလိုက်ရင်း မြေပဲဆားလှော် လက်တစ်ဆုပ်ကို နှိုက်ကာ ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ ထို့နောက် သူက ပြုံးလိုက်ရင်း ဟယ်ယန်းလဲ့ကို တစ်ချက် ကြည့်လိုက်၏။
ပိန်လှီသည့် အဘိုးအိုမှာ နားလည်သည့် အလား လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် ဟယ်ယန်းလဲ့မှာ မူလနေရာမှ ပျောက်ကွယ်သွားသည်။
လူအိုကြီးက ခေါင်းကို ခါယမ်းလိုက်၏။
“သူ ဘယ်သူလဲ ဆိုတာ ငါ မသိဘူး... မိတ်ဆွေဟောင်းကြီး... မင်းက သူ့ကို အသေးစိတ် စစ်ဆေးခဲ့တာ ဆိုတော့ ငါသိထားတာထက် ပိုသိမှာ သေချာတယ်... သူ့ဆီကနေ ဘာရှာတွေ့လဲ”
“ခင်ဗျားက မသိဘူးလား...”
ပိန်လှီသော အဘိုးအိုမှာ မျက်မှောင်ကြုတ် သွားသည်။
“ဒါဆို ဘာလို့ ကျုပ်ကို သတိထားဖို့ လှမ်းသတိပေးရတာလဲ... သူ ဘယ်သူလဲ ဆိုတာတောင် ခင်ဗျား မသိပဲနဲ့”
လူအိုကြီးက အသာအယာပင် ပြုံးလိုက်၏။
"သတိထားတာကဘာမှားလို့လဲ... လူမှားသတ်မိတာ တစ်ခုတည်းနဲ့ မျိုးနွယ်တစ်ခုလုံး ပျက်စီးသွားမှာ... ဒါမှမဟုတ် ပိုပြီးဆိုးရင် ကြယ်တာရာ နယ်မြေတစ်ခုလုံး ဖျက်ဆီးခံရမှာကို မင်း မလိုချင်ဘူး မလား”
ပိန်လှီသည့် အဘိုးအိုမှာ မျက်မှောင်ကြုတ်ကာ တိတ်ဆိတ်သွား၏။ အချိန်အတန်ကြာမှ သူက လေးပင်သော လေသံဖြင့် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
“သူ့မှာ ကွင်းဆယ်ကွင်း ဝိညာဥ်ဆင်းတုတွေ ရှိတယ်”
“ဝိညာဥ်ဆင်းတုတွေ ဆိုတော့ နှစ်ခုလား...”
ပိန်လှီသည့် အဘိုးအိုက ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။
“သူ့ရဲ့ ဇစ်မြစ်က ဘာပဲဖြစ်ဖြစ် သူ့နောက်ကွယ်မှာ သူတော်စင် အဆင့် အဂ္ဂိရတ် သမား တစ်ယောက် ရှိနေမှာ သေချာတယ်... နောက်ပြီးတော့ သူ ထုတ်ပြခဲ့တဲ့ ကျင့်ကြံခြင်း အခြေခံတွေက တကယ့် အစစ်တွေ... သူ့မှာ သုံးဆယ့်နှစ် စင်တီမီတာ အရွယ်အစား ရှိတဲ့ ကြယ်တာရာ အမြုတေ နှစ်ခုတောင် ရှိတယ်... နောက်ပြီး သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်ကလည်း ကြောက်ဖို့ကောင်းအောင် သန်မာတယ်... ပြောရရင် သူက နတ်ဘုရား သားရဲတစ်ပိုင်းလိုပဲ... နောက်ပြီး သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ အဂ္ဂိရတ် ထုတ်ကုန်တွေရဲ့ ဘယ်လို မသန့်စင်မှုမျိုးမှ ရှိမနေဘူး”
လူအိုကြီး၏ ပါးစပ်က အံ့သြမှုဖြင့် အနည်းငယ် ပွင့်ဟသွား၏။
“နည်းနည်းလေးတောင်မှလား...”
“ဟုတ်တယ်... နည်းနည်းလေးမှကို...”
“ ... “
သူတို့ နှစ်ယောက်မှာ အချိန် အတန်ကြာ တိတ်ဆိတ်သွားပြန်၏။ ထိုအချက်က ဝေ့ဝူယင် စားသုံးထားသည့် အဂ္ဂိရတ် ထုတ်ကုန်အားလုံးမှာ အဆင့်နိမ့် ဖြစ်လျှင်ပင် မသန့်စင်မှု တစ်စွန်းတစ်စပင် မပါဝင်ကြောင်း ညွှန်ပြနေသည်။
“လောကသူတော်စင် အဆင့် အဂ္ဂိရတ် ပညာရှင်လား...”
သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ပြိုင်တူပင် မေးခွန်းထုတ်လိုက်မိကြ၏။
“ဒါပေမဲ့ သူက ဘာလို့ ဒီနေရာကို လာတာလဲ...”
လူအိုကြီးက အညိုရောင် လွယ်အိတ်ထဲကို လက်ပြန်နှိုက်ရင်း နားမလည်နိုင်ဟန်ဖြင့် မေးလိုက်၏။
“အဲဒါတင် မကဘူး ရှိသေးတယ်...”
ပိန်လှီသည့် အဘိုးအိုက ဖြူရော်စွာ ပြုံးရင်း ပြောလိုက်သည်။
“ရှိသေးတာလား...”
သူက ခေါင်းညိတ်လိုက်၏။
“ကျုပ် သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ ပစ္စည်းတွေနဲ့ ဟင်းလင်းပြင် လက်စွပ်ကိုပါ စစ်ဆေးခဲ့သေးတယ်... သူ့လည်ပင်းမှာ အာကာသ ဝေဟင်ဂိုဏ်းရဲ့ ကျောက်စိမ်းလခြမ်းသော့ ကို ဆွဲထားတယ်... အဲဒါက သူတို့ရဲ့ ရွေးချယ်ခံ ပြိုင်ပွဲကို ဝင်ပြိုင်နိုင်တဲ့ အရည်အချင်းတွေ သူ့မှာ ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ... နောက်ပြီး သူ့ရဲ့ ဟင်းလင်းပြင် လက်စွပ်ထဲမှာ တစ်ရာ မကျော်ရင်တောင် ဒါဇင်နဲ့ ချီတဲ့ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်တွေကို သိုလှောင်ထားတယ်... မသန့်စင်တာ တစ်ခုမှ မပါဘူး”
“ ... “
လူအိုကြီး နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း နောက်ထပ် တစ်ကြိမ် ထပ်မံ တိတ်ဆိတ်သွားပြန်၏။ ထိုအခိုက်၌ သူတို့ ပတ်ဝန်းကျင်ရှိ လေထုက လေးလံ တင်းမာသည့် ခံစားချက်များဖြင့် ထိုင်းမှိုင်းနေသည်။ မည်သည်ကို အဖြေရှာရမှန်း သူတို့ နှစ်ယောက်စလုံး မသိပါချေ။
အတန်ကြာပြီးနောက်၌ လူအိုကြီးက အညိုရောင် လွယ်အိတ်ကို ငုံ့ကြည့်ရင်း ရယ်မောလိုက်၏။
“ငါ မင်းအပေါ်မှာ အသက်တစ်သက် အကြွေးတင်သွားပြီလို့ သတ်မှတ်လိုက်မယ်”
ပိန်လှီသည့် အဘိုးအိုက ဘာမှ ပြန်မပြောပဲ မကျေနပ်သည့် အရိပ်အမြွက်ကို ဖော်ပြသည့် အနေဖြင့် နှာခေါင်းတစ်ချက်သာ ရှုံ့လိုက်၏။
“ငါတို့ ကြယ်တာရာ နယ်မြေမှာ ရှိတဲ့ ဂိုဏ်းနှစ်ဂိုဏ်းရဲ့ ရွေးချယ်ခံ ပြိုင်ပွဲဝင်... ဒါပေမဲ့ ငါတို့ ကြယ်တာရာ နယ်မြေကတော့ မဟုတ်ဘူး... ဘယ်လိုလဲ”
“ငါတို့ ပိုပြီး စဥ်းစားသင့်တာက ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းပဲ”
လူအိုကြီးက ပြုံးရင်း ထပ်ပြောလိုက်၏။
“ဘာပဲဖြစ်ဖြစ် အဲဒါက ကိစ္စ မရှိပါဘူးလေ... သူ ဘာကြောင့်ပဲ ဒီကို လာလာ အဲဒါက သူ့ကိစ္စပဲ... ငါတို့ ဒီနေရာကို လာရတဲ့ အဓိက ရည်ရွယ်ချက်က ဒီကလေးတွေကို ကာကွယ်ဖို့ သက်သက်ပဲ... အသက် အန္တရာယ်ကိုတောင် ခြိမ်းခြောက်နိုင်တဲ့ ကိစ္စကို ဝင်စပ်စုဖို့ မဟုတ်ဘူး”
ပိန်လှီသည့် အဘိုးအိုက ထိုစကားကို လက်ခံသည့် ပုံစံဖြင့် ခေါင်းညိတ်လိုက်၏။ လက်ရှိ ကျင့်ကြံခြင်း အဆင့် အထိ ရောက်အောင် သူ နှစ်ပေါင်းများစွာ ကြိုးစား ကျင့်ကြံခဲ့ခြင်းမှာ ဘုမသိ၊ ဘမသိ ကိစ္စ တစ်ခုထဲ ဝင်ရောက် ပါဝင်ခြင်းဖြင့် အသတ်ခံရဖို့ မဟုတ်ချေ။
...
ထိုအချိန် ကောင်းကင်လေပြည် မြို့တော်၌ ဝေ့ဝူယင်မှာ သက်ပြင်းတစ်ချက် ရှိုက်ထုတ်လိုက်၏။ သူ့နဖူး၌ ချွေးသီးချွေးပေါက်များက အလုံးလိုက်ပင် စီးကျနေသည်။ ထိုပိန်လှီသည့် အဘိုးအိုမှာ သာမန် လျှို့ဝှက် အာဏာရှင် အဆင့် မဟုတ်တာ သေချာသည်။ သူက ပထမ အဆင့်ကို ရောက်ရှိခဲ့သည့် ဝူယုထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်သည်။
သို့သော်လည်း သူတို့ အဘယ်ကြောင့် အစွန်းလေးဖက် လောကနယ်မြေသို့ ရောက်ရှိလာရသည်ကို ဝေ့ဝူယင် နည်းနည်းမျှ စဥ်းစား၍ မရချေ။ သူ့ ခန့်မှန်ချက်သာ မမှားလျှင် ဤလောကနယ်မြေကို ဖန်တီးခဲ့သည့် အချိန်၌ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့မှာ ဝူယုထက်ပင် ပိုမို အားနည်းနေခဲ့သေးသည်။ ဤနေရာတွင် ရှိသည့် ရတနာများက သူတို့ အတွက် ဘာမက်မောစရာ ရှိသနည်း။
“ဘာပဲဖြစ်ဖြစ်လေ...”
ဝေ့ဝူယင်က ထိုအရာကို ထပ်မံ မတွေးတော့ရန် ဆုံးဖြတ်လိုက်၏။ ကြာကြာ မစောင့်လိုက်ရခင်မှာပင် နတ်ဘုရား သင်္ကေတ ရှစ်ခု ပေါင်းစည်းထားသည့် ဒြပ်စင်တိုကင် အသစ်မှာ တဖြည်းဖြည်း ဆင်းသက်လာကာ သူ့ထံသို့ ပျံသန်း ရောက်ရှိလာ၏။
ဝေ့ဝူယင်က လက်တစ်ဖက်ကို ဆန့်ထုတ်ရင်း ၎င်းကို ဖမ်းယူလိုက်သည်။ ဘာပဲဖြစ်ဖြစ် ရည်မှန်းချက် ပြည့်ဖို့ နောက်ဆုံး ခြေတစ်လှမ်းသာ ကျန်ရှိပေတော့သည်။
အောက်ရှိ ပရိသတ်များမှာ မည်သည့် အရာများ ဖြစ်ပျက်သွားကြောင်း သေသေချာချာ မသိကြချေ။ စင်မြင့်၏ အလင်း အကာအရံ ပေါက်ကွဲ ပျက်စီးပြီးနောက်၌ အဆုံးမဲ့ မြူနှင်းများ ဖြစ်ပေါ်လာကာ ဝေ့ဝူယင်နှင့် ဟယ်ယန်းလဲ့တို့ တည်ရှိနေသည့် ဧရိယာ တစ်ခုလုံးကို ဖုံးအုပ်သွားသည်ကိုသာ သူတို့ တွေ့မြင်လိုက်ရသည်။
သို့သော်လည်း မကြာခင်မှာပင် ကောင်းကင် အလင်းတန်းများ ဆင်းသက်လာလေရာ သူတို့ ရလဒ်ကို အသက်ပင် မရှူနိုင်အောင် စောင့်ဆိုင်းနေမိတော့၏။
နတ်ဘုရား သင်္ကေတ ရှစ်ခု ပေါင်းစပ်ထားသည့် ဒြပ်စင်တိုကင်ကို ကိုင်ကာ ရပ်နေသည့် ဝေ့ဝူယင်ကို တွေ့မြင်လိုက်ရသော အခိုက်၌ အနိုင်ရရှိသူက မည်သူ ဖြစ်သည်ကို သူတို့ သိရှိသွားကြ၏။ သူတို့ ဟယ်ယန်းလဲ့ကို လိုက်ရှာလိုက်ကြသော်လည်း အစအနပင် ရှာမတွေ့တော့ချေ။ ကြည့်ရသည်က ထိုလူငယ်မှာ ဝေ့ဝူယင်၏ အဆုံးတိုင် ချေမှုန်းခံလိုက်ရခြင်း ဖြစ်ဟန် ရသည်။
ဝေ့ဝူယင်မှာ သူတို့ အတွေးများကို ဂရုမစိုက်အားပဲ မူလ နဂါးများကိုသာ လှမ်းကြည့်လိုက်၏။ မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် ၎င်းတို့က သူ့အနားသို့ ရောက်ရှိလာသည်။
ဝေ့ဝူယင်က သတ္တနဂါး၏ ဦးခေါင်းထက်သို့ ခြေချလိုက်ရင်း နောက်ဆုံး ကျန်ရစ်သည့် ဟင်းလင်းပြင် သင်္ဘောကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူက ပြုံးလိုက်ရင်း...
“နှစ်ဦးနှစ်ဖက် အကျိုး မယုတ်ရအောင် ညှိနှိုင်းနိုင်မယ်လို့ ကျုပ်ဘက်က မျှော်လင့်မိပါတယ်... ခင်ဗျား ဘယ်လို သဘောရလဲ မသိဘူး”
***