လက်ခံဖို့ ဖိအားပေးခြင်း
Vol. 36 Ch. 504
“ဟယ်ယန်းလဲ့က သေသွားပြီလား...”
ထန်ရှင်းယွင်က ခေါင်းခါလိုက်၏။ ထိုအရာက မဖြစ်နိုင်ချေ။ ဟယ်ယန်းလဲ့တွင် သူမ ကဲ့သို့ပင် လျှို့ဝှက် အာဏာရှင် အဆင့် ဓမ္မ ကာကွယ်သူ တစ်ယောက် ရှိသည်။ ထို့ကြောင့်ပင် သူ သေဆုံးသွားတာ လုံးဝ မဖြစ်နိုင်ချေ။
ဘာပဲဖြစ်ဖြစ် လက်ရှိ၌ ဝေ့ဝူယင်မှာ ဟယ်ယန်းလဲ့၏ ဒြပ်စင်တိုကင်ကိုပါ ပိုင်ဆိုင်ခဲ့ပြီး ဖြစ်သည်။ သူ့တွင် သူမထံမှ တစ်ခုသာ လိုတော့ပေသည်။
ထန်ရှင်းယွင်၏ မျက်လုံးများမှာ ဒွိဟများဖြင့် ပြည့်နှက်နေ၏။ သူမ၏ ဒြပ်စင် တိုကင်ကို ဝေ့ဝူယင်ထံ လက်လွှဲ ပေးလိုက်ရတော့မည်လော။ သူမ ထိုကဲ့သို့ ပြုလုပ်ရန် ဆန္ဒ မရှိပါချေ။ ထိုအရာက လင်းမင် ရွေးချယ်ခံ တစ်ယောက် ဖြစ်လာရန် ကျန်ရှိသည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။
ဟူး... ဟူး...
သတ္တုနဂါးကို စီးနင်းရင်း ဝေ့ဝူယင်မှာ ထန်ရှင်းယွင်၏ ဟင်းလင်းပြင် သင်္ဘောနားသို့ တဖြည်းဖြည်း ချည်းကပ်လာခဲ့၏။
“ကျုပ်တို့ စကားပြောလို့ ရမလား”
သူက ခွင့်တောင်းလိုက်၏။ ထန်ရှင်းယွင်တွင်လည်း စောင့်ရှောက်သူ တစ်ယောက် ရှိကြောင်း သူ သိရှိထားပြီး ဖြစ်သည်။ နောက်တစ်ကြိမ် ကံကြမ္မာကို ထပ်၌ အလောင်းအစား သူ မလုပ်လိုချေ။
ထန်ရှင်းယွင်က အေးစက်စွာဖြင့် ဝေ့ဝူယင်ကို ကြည့်လိုက်၏။ ဟယ်ယန်းလဲ့ ကဲ့သို့ပင် သူမ၏ မျက်လုံးများက အကြောက်အလန့် ကင်းမဲ့နေသည်။ ဓမ္မ ကာကွယ်သူ ရှိနေသမျှ အသက် အန္တရာယ် မရှိနိုင်တာကို သူမ သိပေသည်။
“ဟယ်ယန်းလဲ့ ဘာဖြစ်သွားတာလဲ...”
မိန်းကလေးက မေးလိုက်၏။ သူမ၏ လေသံက ရန်လိုကာ အေးစက်နေဆဲ ဖြစ်သည်။
“ဟယ်ယန်းလဲ့... အဲဒါက သူ့နာမည်လား...”
ဝေ့ဝူယင်က ရေရွတ်လိုက်ရင်း တစ်ခဏမျှ စဥ်းစားလိုက်၏။ ထို့နောက် သူက ပွင့်ပွင့်လင်းလင်းပင် အဖြေပေး လိုက်သည်။
“ငါ သူ့ကို သတ်လိုက်တယ်... ဒါပေမဲ့ တစ်ယောက်က သူ့ကို အသက်ပြန်သွင်းပြီး အခြား တစ်နေရာကို ခေါ်သွားပြီ... သူတို့ ဘယ်သွားလဲ ငါမသိဘူး”
“ဘာလဲ...”
ဝေ့ဝူယင်ထံမှ ထိုစကားလုံးများကို မျှော်လင့်မထားသည့် အလား ထန်ရှင်းယွင်မှာ အချိန်ခဏကြာအောင် ဆွံ့အသွား၏။
"နင် သူ့ကို သတ်လိုက်တယ်...”
ဝေ့ဝူယင်က ခေါင်းညိတ်ပြလိုက်သည်။ ထိုအချက်အလက်ကို လျှို့ဝှက်ထားစရာ အကြောင်းပြချက် သူ့တွင် မရှိချေ။ ထို့အပြင် ၎င်းက မိန်းကလေး၏ ရန်လိုနေသည့် စိတ်ကို တစ်မျိုးတစ်ဖုံ ပြောင်းလဲအောင် စွဲဆောင်ကောင်း စွဲဆောင်နိုင်ပေလိမ့်မည်။
“တကယ်လို့ ခင်ဗျားဘက်က ညှိနှိုင်းဖို့ ဆန္ဒ မရှိဘူး ဆိုရင် ကျုပ်တို့ တိုက်ကြတာပေါ့”
ဘုန်း... ဘုန်း...
ချက်ချင်းပင် အကန့်အသတ်မဲ့ပြာ ဘုရားကျောင်း အဖွဲ့ဝင်များမှာ လက်နက်များကို ဆွဲထုတ်ကာ တိုက်ပွဲဝင်ရန် အဆင်သင့် ပြင်လိုက်ကြ၏။ အကယ်၍ တော်ဝင် ကလေးငယ်က တိုက်ခိုက်ရန် ဆုံးဖြတ်မည် ဆိုလျှင် သူတို့ဘက်က အသက်ပေး တိုက်ပွဲဝင်ဖို့ ဝန်လေးလိမ့်မည် မဟုတ်ချေ။
ထန်ရှင်းယွင်က ငြိမ်သက်စွာ တွေးနေခဲ့၏။ အသတ်ခံရမည်ကို သူမ မကြောက်သည့်တိုင် ဒြပ်စင် တိုကင်ကို ထိုလူယုတ်မာအား မပေးချင်သည်ကတော့ အမှန်ပင် ဖြစ်သည်။
“ကျွန်မ ရှင့်ကို ပေးလို့တော့ ရပါတယ်... ဒါပေမဲ့...”
ဝေ့ဝူယင်မှာ ပထမ၌ အားလုံး ပြေလည်သွားပြီဟု တွေးလိုက်မိသေးသော်လည်း “ဒါပေမဲ့” ဆိုသည့် စကားလုံက သူ့မျက်လုံးများကို နောက်တစ်ဖန် ပြန်လည် ကျဥ်းမြောင်းသွားစေခဲ့သည်။
ထန်ရှင်းယွင်က ဆက်ပြောလိုက်၏။
“ရှင် မဟာလေပြင်း တော်ဝင် သားတော်ကို အနိုင်ယူရမယ်”
“ဟမ်...”
နားမလည်နိုင်စွာဖြင့် ဝေ့ဝူယင်က မေးလိုက်သည်။
“သူ့ကို အနိုင်ယူရမယ် ဟုတ်လား... ကျုပ် သူ့ကို ခုနလေးတင် အနိုင်ယူပြီးပြီလေ”
မိန်းကလေးက ခေါင်းကို ခါလိုက်ရင်း လက်တစ်ချောင်း ထောင်ပြလိုက်၏။
“တစ်နှစ်... တစ်နှစ် ကြာရင် ရှင် သူ့ကို နောက်တစ်ကြိမ် ပြန် အနိုင်ယူပြရမယ်... တကယ်လို့ အနိုင်ယူနိုင်မယ် ဆိုရင် ဘာအဖိုးအခမှ မယူပဲ ရှင့်ကို ကျွန်မရဲ့ ဒြပ်စင်တိုကင် ပေးမယ်”
လင်းမင်မှာ အလွန် ပါရမီ မြင့်မားကြောင်း သူမ သိပေသည်။ သူ လိုအပ်သမျှက အချိန်သာ ဖြစ်သည်။ အချိန် တစ်ခု ရောက်ရှိသည်နှင့် သူက ဝေ့ဝူယင်ထက် ပိုအစွမ်းထက်လာမှာ သေချာသည်။
ဝေ့ဝူယင်လား... သူက လင်းမင်ထက် ကျင့်ကြံခြင်း အဆင့်တစ်ဆင့် ပိုမြင့်မားသည့်တိုင် စွမ်းအား မြှင့်တင်သည့် နည်းလမ်းကို သုံးထားသူ ဖြစ်သည်။ အကယ်၍ ထိုနည်းလမ်း ပျက်ပြယ်သွားပါက တန်ပြန် ဆိုးကျိုးများကို သူ ခံစားရမှာ သေချာသည်။
ဝေ့ဝူယင်မှာ တစ်ခဏမျှ တိတ်ဆိတ်သွား၏။ ထို့နောက် သူက ခေါင်းကို ခါလိုက်သည်။
“ကျုပ် သဘောမတူနိုင်ဘူး...”
ထန်ရှင်းယွင်က နှာခေါင်းရှုံ့လိုက်၏။
“ရှင်က ကြောက်လို့လား...”
ရှင်းလင်းစွာပင် သူမက ဝေ့ဝူယင်၏ မခံချင်စိတ်ကို နှိုးဆွရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
“ကျုပ် ပုံစံက ကြောက်တဲ့ပုံ ပေါ်နေလို့လား... ထားလိုက်ပါ ဘာပဲဖြစ်ဖြစ်...”
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ဆက်ပြောလိုက်၏။
“ခင်ဗျားရဲ့ ကလေးကွက်တွေထဲ လိုက်ကစားဖို့ ကျုပ်မှာ အချိန်မရှိဘူး... ခင်ဗျားမှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်... တော်ဝင်စိန်ခေါ်ပွဲ ဆင်နွှဲမလား... ဒါမှမဟုတ် အပေးအယူ လုပ်ပြီး ကျုပ်ကို အဲဒီ ဒြပ်စင်တိုကင် ပေးမလား”
သူ လင်းမင်ကို မကြောက်ချေ။ အဓိက အချက်က တစ်နှစ်ကြာအောင် သက်သက် အချိန်ဖြုန်းကာ မစောင့်ဆိုင်းလိုခြင်း ဖြစ်သည်။ တစ်နှစ်ကုန်ဆုံးသည်နှင့် ငရဲ၏ ဒုတိယမြောက် ကပ်ဘေးက တစ်နှစ် ပိုမို နီးကပ်လာတော့မည် ဖြစ်သည်။ သူ့တွင် ပြင်ဆင်စရာလေးများ ရှိပေသေးသည်။
"..."
ထန်ရှင်းယွင်က ဘာမှ ပြန်မပြောပဲ တိတ်ဆိတ်နေ၏။ တစ်ခဏမျှ စောင့်ဆိုင်းပြီးနောက် ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချလိုက်သည်။
“ဒါဆိုလည်း တော်ဝင် စိန်ခေါ်ပွဲ နွှဲကြတာပေါ့...”
သူက ပြောလိုက်ရင်း နဂါးများကို အမိန့်ပေးရန် ဟန်ပြင်လိုက်၏။ ထိုအခိုက်တွင်ပင် ထူးဆန်းသော စွမ်းအား တစ်ခုမှာ သူ့ခန္ဓာကိုယ်ကို ရစ်ပတ်သွားကာ အသံတစ်ခုမှာ သူ့စိတ်အတွင်း တိုက်ရိုက် ဝင်ရောက်လာ၏။
“မင်း ဒြပ်စင်တိုကင်ကို လိုချင်ရင် တစ်နှစ် စောင့်လိုက်ပါ”
“လျှို့ဝှက် အာဏာရှင် အဆင့်...”
ထိုပုဂ္ဂိုလ်က ထန်ရှင်းယွင်၏ စောင့်ရှောက်သူပင် ဖြစ်ကြောင်း ဝေ့ဝူယင် သိလိုက်၏။ သူ ဖြူရော်စွာ ပြုံးလိုက်မိသည်။ လူအိုကြီးက ဓမ္မ ကာကွယ်သူများမှာ အသက် သေဆုံးမည့် အန္တရာယ်နှင့် မရင်ဆိုင်ရ မချင်း ဝင်ရောက် မစွက်ဖက်ဟု ပြောခဲ့ဖူးသည်။ ဤတစ်ယောက်က စည်းမျဥ်းများကိုပင် ဖောက်ဖျက်နေသည်လား။
သို့ပေမဲ့... ဘာတတ်နိုင်မည်နည်း။ လျှို့ဝှက် အာဏာရှင် အဆင့် ကိုယ်တိုင်က ပြောနေပြီ ဖြစ်လေရာ ခေါင်းညိတ် လက်ခံရုံသာ သူ တတ်နိုင်ပေသည်။
“တစ်နှစ်... ခင်ဗျား စကား တည်လိမ့်မယ်လို့ ကျုပ် မျှော်လင့်မိပါတယ်”
ပြောရလျှင် ထိုအရာက သူ အရှောင်ချင်ဆုံး အခြေအနေလည်း ဖြစ်သည်။ တစ်နှစ်ကြာလျှင် ဆုတ်ယုတ်မှု ရာသီမှု ပြီးဆုံးသွားတော့မည် ဖြစ်သည်။ ထိုအခါကျလျှင် လောကသခင်များနှင့် အချိန်သခင်များ အပေါ် သူ၏ အားသာချက်များမှာ ကွယ်ပျောက်သွားတော့မည် ဖြစ်သည်။ ယခုလိုမျိုး သူတို့ကို သူ လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်တော့မည် မဟုတ်ချေ။
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်ရင်း ကောင်းကင်လေပြည် နန်းတော်ကို လှမ်းကြည့်လိုက်၏။ သူတို့က လင်းမင်အပေါ် ဆက်လက် သစ္စာစောင့်သိမည်လား သူ မခန့်မှန်းတတ်ချေ။
သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ နဂါးကိုးကောင်မှာ အားလုံး၏ ရှေ့တွင်ပင် ပြိုကွဲကာ ပျောက်ကွယ်သွား၏။ ဤနေရာမှ ထွက်ခွာရန် ဝေ့ဝူယင် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ ဆက်နေတော့ရော ဘာအကျိုးထူးဦးမှာ မလို့နည်း။
ဟင်းလင်းပြင် သင်္ဘောပေါ်၌ ထန်ရှင်းယွင်၏ မျက်လုံးများက နူးညံ့သွား၏။
“ကျေးဇူးတင်ပါတယ်...”
“ ... “
သို့သော်လည်း မှောင်ရိပ်ထဲမှ အမျိုးသမီးကတော့ ဆက်လက် တိတ်ဆိတ်နေဆဲ ဖြစ်ပေသည်။
***