ရောက်လာတာ နောက်ကျလွန်းသွားပြီ
Vol. 29 Ch. 395
၉၉၈ ခုမြောက် ... ၉၉၉ ခုမြောက် ...
မိုဝူကျီ တစ်ကိုယ်လုံးမှာ တုန်ယင်နေလေ၏။ သူက ထိုသို့မျိုး ဖိအားကို တစ်ခါမျှ မကြုံတွေ့ဖူးပေ။ သူ့ကို ဒဏ်ရာ မရစေသော်လည်း သူ့စွမ်းအားများကို ဆက်တိုက် ဆွဲယူသွားသကဲ့သို့ ခံစားနေရသည်။
သူ့သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းမှ စွမ်းအားများနှင့် အသိစိတ် ပင်လယ်ထဲမှ ကျယ်ပြန့်လှသော ခရမ်းရေကန်မှာ ကုန်ခန်းလုမတတ် ဖြစ်နေလေပြီ။ မိုဝူကျီက ၉၉၉ ခုမြောက်တွင် ရပ်လိုက်ပြီး မောပန်းနေ၏။ သူ့တစ်ကိုယ်လုံးမှာ နာကျင်နေပြီး စိတ်စွမ်းအားမှာလည်း အားလျော့နေသောကြောင့် လောကအဆင့်ဇယား ထိပ်ဆုံးထိ တက်နိုင်လိမ့်မည်ဟု မယုံကြည်ပေ။
မိုဝူကျီက စွမ်းအားပြန်လည် ပြည့်လာရန် ဆေးလုံးတချို့ သောက်သုံးလိုက်သော်လည်း ဆေးလုံးဆီမှ စွမ်းအားများမှာလည်း အမြန်အဆန် ကုန်ခန်းနေလေ၏။ ထို့အပြင် ပတ်ဝန်းကျင်တွင် ဝိညာဉ်စွမ်းအား အရိပ်အယောင်လေး တစ်စက်မျှ မရှိသည့်အတွက် သူ၏ ပြောင်းပြန်လှည့်ပတ်ခြင်း ကျင့်စဉ်ကိုလည်း အသုံးမပြုနိုင်ချေ။
သူက ခေါင်းကို မော့ကာ အဆင့်ဇယားထိပ်ဆုံးတွင် သူ့နာမည်ကို တွေ့လိုက်ရသည်။ မိုဝူကျီက ဆက်သွားရန် ဆုံးဖြတ်လိုက်ပြီး မတ်မတ် ပြန်ရပ်လိုက်ကာ သူ့နာမည်ကို လှမ်းဆွဲရန် လက်မြှောက်လိုက်သည်။ သို့သော် တွန်းကန်အားကို မခံစားရတော့ဘဲ စုပ်ယူအားတစ်ခုက သူ့ကို အပေါ်ထိ ဆွဲခေါ်သွားလေ၏။
မိုဝူကျီက အနည်းငယ် မူးဝေသွားသော်လည်း မကြာခင်တွင် လောကထိပ်သီး အမှတ်အသားပြားကို ရရှိဖို့ရန် အဆင့်တစ် ဖြစ်ရန် လိုကြောင်း ငါးဖမ်းအကြီးအကဲ အဘယ်ကြောင့် ပြောသည်ကို သဘောပေါက် သွားတော့သည်။
သူ့စွမ်းအားနှင့် သိုလှောင်ထားသော သဘာဝစွမ်းအား အများအပြားဖြင့်ပင် သူက ၉၉၉ မြောက် နာမည်ကို ရောက်သည့်အခါ လုံးဝ မောပန်းနေပြီ ဖြစ်သည်။ အကယ်၍ အခြားတစ်ယောက် ဆိုပါက သူတို့တွင် စွမ်းအားအနည်းငယ်မျှ ကျန်ရှိနေမည် မဟုတ်ချေ။ ပြောရလျှင် အကူအညီမရှိဘဲ ထိပ်ဆုံးကို ရောက်ဖို့ရာ မဖြစ်နိုင်ပေ။ အဆင့်တစ် ရမှသာ ၉၉၉ မြောက် နာမည်တွင် အကူအညီရာလာနိုင်မည် ဖြစ်သည်။ ဤအရာမှာလည်း သူ့လောကအဆင့်ဇယားမှ ရမှတ် ၉ ၉၉၉ ၉၉၉ ကဲ့သို့ သတ်မှတ်ချက် တစ်ခု ဖြစ်ဟန် ပေါ်သည်။
လောကအဆင့် ဇယားထိပ်တွင် ဗလာနတ္ထိကျင်းနေကာ ခြောက်ကပ်နေလေ၏။ အလယ်ကောင် တစ်မီတာ အမြင့်လောက်တွင် လေထဲတွင် မျောလွင့်နေသော ကျောက်စိမ်းပြား ရှိလေသည်။ ထိုကျောက်စိမ်းပြားမှာ လက်ဖဝါး အရွယ်အစားလောက်သာ ရှိ၏။
မိုဝူကျီက လက်ကို ဆန့်ထုတ်၍ ထိုကျောက်စိမ်းပြားကို ယူလိုက်သည့်အခါ သူ့လက်အတွင်း နွေးထွေးသွားသော ခံစားချက်ကို ခံစားမိလိုက်သည်။
ကျောက်စိမ်းပြားပေါ်တွင် “လောက ထိပ်သီး အမှတ်အသားပြား” ဟူသော စာလုံးသုံးလုံးသာ ရေးထားလေသည်။
မိုဝူကျီက ကျောက်စိမ်းပြားကို ကိုင်ထားရင်း သူ့ခေါင်းထဲတွင် တစ်ခုခု ကျိုးပဲ့သွားသည့်အလား အက်ကွဲသံကို ကြားလိုက်ရသည်။ ရုတ်တရက်ဆိုသလို မှုန်မှုန်ဝါးဝါး လောကအဆင့် ဇယားထိပ်တွင် အာကာပြင်တစ်ခု ပေါ်လာလေ၏။
မိုဝူကျီက ခြေတစ်လှမ်း လှမ်းကာ ထိုနေရာအတွင်း ဝင်ရောက်လိုက်သည်။ သို့သော်လည်း အားပြင်းတစ်ခု ထွက်ပေါ်လာပြီး သူ့အား လောကအဆင့်ဇယားဆီ ပြန်တွန်းပို့နေသည်။
ထို့နောက် အဆုံးမဲ့ ဝိညာဉ်စွမ်းအားများ စီးဆင်းလာပြီး ထိုစွမ်းအားများက မိုဝူကျီကို လွှမ်းခြုံသွားလေ၏။ မိုဝူကျီ၏ ဝိညာဉ် နေရာလပ်မကျန် လောင်မြိုက် သွားလေသည်။
သူက ထိုသို့ ဝိညာဉ်စွမ်းအား လွှမ်းမိုးမှုမျိုးကို မကြုံတွေ့ဖူးသော်လည်း ထိုစွမ်းအားများမှာ ရင်းနှီးနေပြီး လခြမ်းကွေးအင်မော်တယ် နန်းတော်မှ ရလာသည့် စိတ်စွမ်းအင် ကျောက်တုံး အချောများမှ စွမ်းအင်နှင့် အသွင်တူလေ၏။ တစ်ခုတည်းသော ခြားနားချက်မှာ ဤဝိညာဉ် စွမ်းအားလှိုင်းမှာ ပိုသန့်စင်ပြီး ပေါများသည်။
အကယ်၍ စိတ်စွမ်းအင် ကျောက်တုံးအချောက အနည်းငယ် သောက်သုံးနိုင်သည့် ရေပေါက်လေး ဖြစ်လျှင် ဤစွမ်းအားမှာ ဧရာမပန်းကန်ကြီး တစ်ချပ် ဖြစ်ပေမည်။ သူက အချိန်မရွေး သောက်သုံး နိုင်ရုံသာမက ကိုယ်လက်သန့်စင် ရေမိုးချိုးနိုင်သေး၏။
အကယ်၍ သူက ဤအခွင့်အရေးကို လက်လွှတ်ဆုံးရှုံး ခံလိုက်ပါက မိုဝူကျီ မဟုတ်တော့ပေ။
မိုဝူကျီ စိတ်ထဲတွင် သူက ငါးဖမ်းအကြီးအကဲကို အထင်မြင်သေး လာမိသည်။ အကယ်၍ ထိုလူက သူ့ကို ဤနေရာတွင် ကြောက်ခမန်းလိလိ ပေါများသည့် စွမ်းအားများ ရှိကြောင်းသာ ပြောခဲ့ပါက သူတို့က အလဲအလှယ် လုပ်နေဖို့ပင် မလိုအပ်ချေ။ သူက လောကထိပ်သီး အမှတ်အသားပြားကို အရင် လာရှာမည် ဖြစ်သည်။
ချီသွေးကြော ၁၀၆ ခုလုံးကို ပြောင်းပြန် လှည့်ပတ် လိုက်သည့်အခါ မိုဝူကျီ၏ ကုန်ခန်းသွားသော သဘာဝစွမ်းအားများမှာ ချက်ချင်း ပြန်လည် ပြည့်ဝလာသည်။ တစ်ချိန်တည်းတွင် သူ့အင်အားလည်း မြင့်တက် လာပေသည်။ စတင်ကျင့်ကြံလာစဉ် ကတည်းမှ မိုဝူကျီသည် ထိုသို့ အင်အား တိုးပွားလာခြင်းကို တစ်ခါမျှ မကြုံတွေ့ဖူးပေ။
တစ်ရက်အတွင်း သူက လောက အင်မော်တယ်အဆင့် ၂ မှ အဆင့် ၃ သို့ ရောက်ရှိသွားလေပြီ။ လေးရက်မြောက်နေ့တွင် သူက လောက အင်မော်တယ်အဆင့် ၃ ကို ချိုးဖျက်၍ အဆင့် ၄ သို့ တက်လှမ်း သွားတော့သည်။
သို့သော် ထိုကြောက်မခန်းလိလိ စွမ်းအားများက လေထုအတွင်း ပျောက်ကွယ် သွားသည်မှာ ကံဆိုးလှပေသည်။
မိုဝူကျီက နှုတ်ခမ်းကို သပ်လိုက်သည်။ လွန်ခဲ့သည့်လေးရက်က သူက လောကအင်မော်တယ် အစောပိုင်း အဆင့်တွင်သာ ရှိသော်လည်း လေးရက်တည်းဖြင့် လောက အင်မော်တယ်အဆင့် ၄ သို့ ရောက်ရှိခဲ့လေ၏။ သူက လောကအင်မော်တယ် အလယ်အလတ်အဆင့် အစစ်အမှန်သို့ ရောက်ရှိလာပြီ ဖြစ်၏။
အကယ်၍ သူကိုယ်တိုင်သာ မကြုံတွေ့ခဲ့ရပါက ထိုသို့ ဖြစ်လာမည်ဟု မယုံကြည်နိုင်လောက်ပေ။
ဤလောက အဆင့်ဇယားမှာ ဤကမ္ဘာမှ မဟုတ်ကြောင်း သိသာလှသည်။ တခြားနည်းဖြင့် ဆိုရလျှင် ကြောက်မခန်းလိလိ စွမ်းအားများက ဘယ်နေရာက ထွက်ပေါ်လာသနည်း။
သူက လောကအဆင့်ဇယား ထိပ်ဆုံးရှိ အာကာပြင်ထဲတွင် မဟုတ်တော့ဘဲ လောကအဆင့် ဇယားပေါ်သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်၏။ အမွှေးတိုင် တစ်ဝက်အကြာတွင် သူက လောကတိုင်မှ ထွက်သွားကာ ဝံပုလွေဘုရင်တောင်ဆီ ဦးတည်လိုက်တော့သည်။
သူသာ မူလအတိုင်း လောက အင်မော်တယ်အဆင့် ၂ ဖြစ်နေပါက မိုဝူကျီသည် အချိန်မရွေး နောက်ဆုတ်နိုင်ရန် အကြံအစည် ထားရှိမည် ဖြစ်၏။ အဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့် ရောက်နေသော အာကာသ ဝံပုလွေဘုရင်ကြီးနှင့် တွေ့ဆုံလျှင် အောင်မြင်မှု ရဖို့ရာက အမှန်တကယ် မဖြစ်နိုင်ပေ။
ယခု သူက လောကအင်မော်တယ်အဆင့် ၄ ဖြစ်နေပြီ ဖြစ်၍ အလယ်အလတ်အဆင့် ရောက်နေပြီဟု ယူဆ၍ ရလေသည်။ သူက အာကာသ ဝံပုလွေဘုရင်ကြီးကို အနိုင်မယူနိုင်လျှင်ပင် သူက လက်ရည်တူ ပြိုင်ဘက်တော့ ဖြစ်ပေလိမ့်မည်။
***
မိုဝူကျီ ထွက်သွားပြီး နောက်ရက်တွင် ဆံပင်ဖြူ ကောင်မလေး တစ်ယောက်က လောကအဆင့် ဇယားရှေ့တွင် ပေါ်လာလေ၏။ ထိုမျှတင် မကသေးပေ ... လောကမှတ်အသားပြား အသစ်မှာလည်း သူမ ခါးတွင် ချိတ်ဆွဲထားသည်။
“လောကအဆင့်ဇယားရဲ့ အဆင့် ၁ မိုဝူကျီ ... ဒီလူက ကြယ်တာရာ ဘုရင်တောင်ရဲ့ ကြယ်တာရာသခင်ပဲ ...” ဆံပင်ဖြူ ကောင်မလေးက သတင်းများကို ကောင်းကောင်း သိနေဟန် ပေါ်သည်။ သူမက သူမဘာသာ ရေရွတ်လိုက်ပြီးနောက် ရုတ်တရက် ငြီးငြူကာ ပြောလိုက်သည်
“မကောင်းတော့ဘူး ...”
သူမက လောကထိပ်သီး အမှတ်အသားပြားကို ရယူရန် နည်းလမ်းကို တွေးနေသောကြောင့် ကျန်းရှင်းနှင့် ပတ်သက်သည့် ကိစ္စများကို စုံစမ်းထားခဲ့သည်။ ကျန်းရှင်း၏ လက်ရှိ အားအကောင်းဆုံး ပါရမီရှင်မှာ ကြယ်တာရာ သခင်အသစ်လေး ဖြစ်သည့် မိုဝူကျီသာ ဖြစ်ပေသည်။
သူသာ အဆင့်တစ်ကို ရထားတယ်ဆိုရင် လောကအဆင့်ဇယား ထိပ်ဆုံးပေါ်က ပစ္စည်းက ရှိရော ရှိပါ့ဦးမလား ...
ဆံပင်ဖြူ ကောင်မလေး၏ မျက်လုံးတွင် စိုးရိမ်မှုများ ဖြတ်ပြေးသွားသည်။ သူမက လက်ကို မြှောက်လိုက်သည့်အခါ သိုလှောင်လက်စွပ်မှ အဆောင်တစ်ရွက် ပေါ်လာသည်။ ထိုအဆောင်ကို အသက်သွင်းလိုက်သည်နှင့် သူမ မျက်ဝန်းအတွင်း ဝိညာဉ်စွမ်းအား အလင်းနှစ်ချက် ဖြစ်ပေါ်လာသည်။ ထို့နောက် လောကအဆင့်ဇယားထိပ်ရှိ မှုန်မှုန်ဝါးဝါး မြင်ကွင်းမှာ ကြည်လင် ရှင်းလင်းလာသည်။
လောကအဆင့်ဇယား ထိပ်ဆုံးတွင် နေရာကျယ်ကြီးကိုသာ မြင်နိုင်ပေသည်။ သို့သော် လောကအဆင့်ဇယားပေါ်တွင် လောကထိပ်သီး အမှတ်အသားပြား ပုံရိပ်ပင် ရှိမနေတော့ပေ။
လောကထိပ်သီး အမှတ်အသားပြားမှာ ပါသွားပြီ ဖြစ်၏။ ဆံပင်ဖြူ ကောင်မလေးက လက်သီးဆုပ်ထားလိုက်ပြီး သူမမျက်ဝန်းမှ သတ်ဖြတ်ငွေ့များ ဖြတ်ပြေးသွားသည်။ အကယ်၍ လောကထိပ်သီး အမှတ်အသားပြားကို ယူဆောင်သွားပြီ ဖြစ်၍ ကောင်းကင်ဖွေရှာ အမှတ်အသားပြားကိုပါ သွားစစ်ဆေးစရာ မလိုတော့ပေ။ ထိုအရာလည်း ပါသွားလောက်လေပြီ။
သူမက လောကတိုင် တတိယအလွှာ ရောက်ရှိလာလေသည်။ လောကတိုင် တတိယအလွှာရှိ အစောင့်မှာ စစ်မှန်ခြင်းနတ်ဘုရား အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူက ထိုဆံဖြူ ကောင်မလေးကို မှတ်မိသည်။ သူမ ဝင်လာစဉ်က သူနှင့် စကားစမြည် ခဏ ပြောခဲ့ဖူးသည်။ ထိုသို့ မိန်းမလှလေးအတွက် သူ အလိုရှိလျှင်ပင် မေ့ပစ်နိုင်မည် မဟုတ်ပေ။ ထို့အပြင် သူက ထိုဆံဖြူ ကောင်မလေး နာမည်မှာ တစ်မူထူးသည့် နာမည်ရှိကြောင်းပင် သိထားသည်။ ထိုနာမည်မှာ နိုက်ဟော် ဖြစ်သည်။ အကယ်၍ သူသာ အာရုံမစိုက်မိထားလျှင် သူမနာမည်မှာ နိုက်ဟော် ဖြစ်ကြောင်း တွေးမိလိမ့်မည်။
(ဟော် အဓိပ္ပာယ်နှစ်မျိုး ရှိပြီး ဒုတိယတစ်မျိုးတွင် ဘယ်လိုလဲ ဆိုသည့် အဓိပ္ပာယ် ဖြစ်၏)
“ဂျူနီယာဟော် ... အာကာသက ပြန်လာတာ မကြာသေးဘဲနဲ့ ပြန်ထွက်တော့မလို့လား” အစောင့်က ရင်းရင်းနှီးနှီး နှုတ်ဆက်လိုက်သည်။
ဆံပင်ဖြူ ကောင်မလေးက အပြုံးလှလှလေး ပြုံးကာ စကားမပြောဘဲဖြင့် သူမကို မြင်လိုက်သည့် သူတိုင်းကို ခံစားချက်ကောင်းများ ပေးစွမ်းနိုင်သည်။
“အစ်ကိုကြီးလု ... ညီမကလေ ကြယ်တာရာသခင်ကို အမြဲ လေးစားနေခဲ့မိတာ ... အစတုန်းက ကြယ်တာရာ ဘုရင်တောင်ကို သွားပြီးတော့ ကြယ်တာရာသခင်ကို နှုတ်ဆက်ချင်ပေမဲ့လည်း ကြယ်တာရာသခင်က မရှိတော့ဘူး ကြားလို့ ... အဲဒါကြောင့် လောကခန်းမမှာ ဆက်နေရမလား၊ အာကာသထဲ ပြန်သွားရမလား ဝေခွဲမရ ဖြစ်နေတာ ... အစ်ကိုကြီးရဲ့ ...”
“ဟားဟား ... အဲဒါဆို ဂျူနီယာလေးတော့ ကြယ်တာရာသခင်ကို အခုတလော တွေ့နိုင်မှာ မဟုတ်သေးဘူး။ လွန်ခဲ့တဲ့ တစ်ရက်လောက်က ကြယ်တာရာသခင်က အာကာသထဲ ဝင်သွားတယ်လေ ... လနည်းနည်း ကြာရင်တော့ ပြန်လာမယ် ထင်တယ် ...” လုမျိုးရိုး အမည်ရှိ ကျင့်ကြံသူက ရေရွတ်လိုက်သည်။
ဆံပင်ဖြူ ကောင်မလေးက စကားလေးပြောရုံဖြင့် မိုဝူကျီ အကြောင်း အကုန် သိရလိမ့်မည်ဟု ထင်မထားပေ။ သူမက စိတ်ထဲတွင် ပျော်သွားသောကြောင့် ဆက်ပြုံးကာ “အဲဆိုလည်း ထားလိုက်ပါတော့လေ ... ညီမတော့ အာကာသထဲ ခဏလောက် သွားလိုက်ပါဦးမယ်။ ဒါနဲ့ ကြယ်တာရာသခင် ဘယ်သွားတာလဲ ဆိုတာ အစ်ကိုကြီး သိရဲ့လား ...”
ကျင့်ကြံသူ လုက ဘာကိုမျှ မတွေးမိသောကြောင့် ခေါင်းခါကာ “ကြယ်တာရာသခင်မိုရဲ့ ကျင့်ကြံဆင့်က အတော်လေး မြင့်တယ်။ သူ သွားချင်တဲ့နေရာကို တစ်ယောက်မျှ သိမှာ မဟုတ်လောက်ဘူး။ ဒါပေမဲ့ နယ်ခြား အင်အားစုတွေကို ကျန်းရှင်းက နှိမ်နင်းပြီးသွားပြီဆိုတော့ ကျန်းရှင်းရော၊ အာကာကသထဲမှာ ရော ဘေးကင်းသွားပြီရယ် ...”
ဆံပင်ဖြူ ကောင်မလေးက မေးခွန်းအနည်းငယ် ထပ်မေးပြီးနောက် လောကတိုင်မှတစ်ဆင့် အာကာသထဲ ဝင်ရောက်သွားတော့သည်။ လောကထိပ်သီး အမှတ်အသားပြားနှင့် ကောင်းကင်ဖွေရှာ အမှတ်အသားပြားမှာ မိုဝူကျီဆီ ပါသွားခြင်းသာ ဖြစ်ရမည်။ ယခု လောကအဆင့်ဇယား အဆင့် ၁ ရဖို့က သူမ အလုပ်မဟုတ်တော့ဘဲ မိုဝူကျီကို ရှာရမည် ဖြစ်သည်။ သူမအတွက် ထိုသည်က ရိုးရှင်းသော ကိစ္စရပ်လေး ဖြစ်၏။
***
ကျန်းရှင်းနှင့် မိုင်ပေါင်း သန်းပေါင်းမြောက်မြားစွာ ကွာဝေးသော ချောက်နက်ကြီး၌ တုန်လှုပ်တကြီး ညည်းညူသံကို ကြားလိုက်ရသည်။
ထိုအသံမှာ ချောက်နက်ကြီး၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်လေ၏။ ထိုသူမှာ အင်မတန် ချောမော ခန့်ညားသည့် လူငယ်လေး ဖြစ်သည်။
“ပြန့်ရွမ်းပိ ... ဘာလို့ အဲဒီလောက် အံ့ဩနေတာတုန်းဗျ ... ကျုပ် တို့တွေ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဆွေးနွေးခဲ့တဲ့ ကောင်လေး ခင်ဗျားကို ကျော်တက်သွားပြီး အဆင့် ၁ ဖြစ်လာလို့လား ...” မေးလိုက်သူမှာ မုတ်ဆိတ်ရှည်နှင့် အမျိုးသား ဖြစ်၏။ ထိုလူက ကျီစယ်၍ စနောက်သည့် လေသံဖြင့် ပြောလိုက်သောကြောင့် သူက ပြန့်ရွမ်းပိကို ကျော်တက်နိုင်သည့်သူ ရှိလာဖို့ရာ မဖြစ်နိုင်ကြောင်း တွေးထင်ထားလေသည်။
“ဒါက လုံးဝ မဖြစ်နိုင်ဘူး။ တကယ်လို့ ကျုပ်သာ မမှားရင် ပြန့်ရွမ်းပိရဲ့ အမှတ်က ရှစ်သန်းထဲမှာ မလား။ မုယင်ခေျာင် ခင်ဗျားထက် တစ်ဆတောင် ပိုသေးတယ် ...” နောက်တစ်ယောက်က မုတ်ဆိတ်ရှည် အမျိုးသားကို တုံ့ပြန်လိုက်သည်။
လူငယ်လေး တိတ်ဆိတ်နေသည်ကို မြင်၍ မုတ်ဆိတ်ရှည် အမျိုးသား မုယင်ချောင်က ထပ်ပြောလိုက်သည် “ပြန့်ရွမ်းပိ ... ခင်ဗျား အမှတ်ထက် ကျော်သွားတာ မဖြစ်နိုင်ဘူး မလား ...”
ပြန့်ရွမ်းပိဟု ခေါ်သည့် လူငယ်လေးက ခေါင်းညိတ်ပြကာ “ဟုတ်တယ် ... ကျုပ် အခု လောကအဆင့်ဇယားရဲ့ အဆင့် ၂ ဖြစ်သွားပြီ …”
“အာ” မုယင်ချောင်က အတော်လေး အံ့ဩတုန်လှုပ် မိသွားသည်။ ခဏအကြာတွင် သူက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
“မဖြစ်နိုင်တာ ... ရှစ်သန်းကျော် အမှတ်ကြီးကို ... သူက နယ်ခြားကျင့်ကြံသူ သန်းပေါင်းများစွာကို သတ်နိုင်ခဲ့တာလား ...”
“ဟား” ထောင့်တစ်နေရာမှ အေးစက်စက် သရော်သံ တစ်ခုကို ကြားလိုက်ရသည်။ ထိုအသံမှာ မုယင်ချောင် စကားများကို မကျေနပ်ကြောင်း သိသာလှသည်။
မည်သူမျှ ထိုလူအား ချေပ မပြောဆိုကြတော့ပေ။ ထိုလူမှာ ကူနို့ကြယ်တာရာမှ မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူ ဖရီတက် ဖြစ်ကြောင်း အားလုံး သိကြသည်။ ဤချောက်မှာ အလွန်မကြီးမားသည့်အတွက် ကူနို့ကြယ်တာရာနှင့် ကျန်းရှင်း ကျင့်ကြံသူများကြားတွင် နေရာကြား အသေးလေးသာ ရှိ၏။
ဤနှစ်တွေများတွင် အားလုံးက တိုက်ခိုက်ကာ စကားအချေအတင် ပြောဆို နေကြသော်လည်း ဤနေရာတွင် တစ်ယောက်နှင့် တစ်ယောက် ဘာမှ မလုပ်နိုင်ကြချေ။ ယခုအခါ သူတို့အားလုံးမှာ ဤချောက်ကြီးတွင် ပိတ်မိနေကြသည်။ သူတို့သာ ဆက်လက် တိုက်ခိုက်နေပါက သူတို့ ကံဆိုးမိုးမှောင်ကျမှုကို ပိုမို ဆိုးရွား သွားစေလိမ့်မည်။
ခဏအကြာတွင် ပြန့်ရွမ်းပိက ပြောလိုက်သည် “လောကအဆင့်ဇယားက ကျန်းရှင်းက ရတနာ မဟုတ်ဘူး။ ရမှတ်တွေကို လိမ်လည်လို့ မရဘူး။ သူက ကျုပ်ကို ကျော်ပြီး နေရာ အဆင့် ၁ ကို ရနိုင်ခဲ့တယ်ဆိုတော့ အခုအချိန်အထိ တစ်ခါမျှ မမြင်တွေ့ဖူးသေးတဲ့ ပါရမီရှင် ဖြစ်လိမ့်မယ် ...”
“အချိန်ရောက်ကျလာတဲ့အခါ သူ့ကို ဒီနေရာ ရောက်မလာဖို့ မျှော်လင့်မိတယ်။ ဒီလိုမျိုး ပါရမီရှင်မျိုးက ဟင်းလင်းပြင်ကို ချိုးဖောက်သွား ...” မုယင်ချောင်က သက်ပြင်းချကာ ပြောလိုက်တော့သည်။
“တစ်ယောက်ယောက် လာနေပြီ” ပြန့်ရွမ်းပိက မုယင်ချောင် စကားများကို ဖြတ်ပြောလိုက်ရင်း မတ်တတ်ရပ်လိုက်သည်။ ချောက်နက်ထဲမှ အခြားလူများလည်း လိုက်ရပ်လိုက်ကြသည်။ နှစ်ထောင်ချီနေသည့်အထိ မည်သူမျှ ရောက်မလာဖူးပေ။
သို့သော် ယခုတွင် တစ်ယောက်ယောက် ရောက်လာကာ ကြီးမားသည့် ပုံရိပ်ကြီး တစ်ခုက ဆင်းသက်လာလေ၏။
“ဘုန်း” ဧရာမ ပုံရိပ်ကြီးက ချောက်နက်ကြီးနှင့် ရိုက်မိသွားကာ ဤချောက်နက်အတွင်း ပဲ့တင်သံများ ထွက်ပေါ်လာသည်။
ကူနို့ကြယ်တာရာ မြေကမ္ဘာအင်မော်တယ် ဖရီတပ်က သူ့ဘေးနားမှ ခပ်ပုပု ကောင်မလေးကို ရုတ်တရက် ပြောလိုက်သည် “ဝံပုလွေနက် ... သူက ခင်ဗျားရဲ့ ဝံပုလွေဘုရင်တောင်က ထင်တယ် ...”
***