ရုတ်တရက် ရှုပ်ထွေးမှုများ
Vol. 35 Ch. 481
ဝမ်ဝေ့က ဝိညာဉ်အား ဆက်သွယ်ပြီးသည့်နောက်တွင် ကိစ္စများအား ပိုမိုတရားဝင်ကာ ကြီးကျယ်စေဖို့ လုပ်ဆောင်လိုက်သည်။ ထို့ကြောင့် သူက ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ပုံရိပ်ယောင် နေရာလွတ်တစ်ခု ဖန်တီးခဲ့၏။
သူက ထိုနေရာလွတ်အတွင်း ထိုင်ခုံများစွာ ပါရှိသည့် စားပွဲရှည်တစ်လုံးကို ဖန်တီးခဲ့သည်။ သူ့နေရာက ထိပ်ဆုံးတွင် ဖြစ်၏။ နောက်ခံကမူ မှောင်မဲကာ မှေးမှိန်နေပြီး အပေါ်တွင် မြစ်ကြောင်းများ ရှိနေသည်။ သူက အချိန်မြစ်ကြောင်း၊ ကံကြမ္မာမြစ်ကြောင်းနှင့် ကြယ်တာရာမြစ်ကြောင်းတို့ကို ပြန်လည်ဖန်တီးထားခဲ့သည်။
သူတို့၏ နောက်ခံက မည်သို့ပင်ဖြစ်စေကာမူ ထိုနေရာသို့ ရောက်လာသည့်သူတိုင်းက ထိုမြင်ကွင်းကြောင့် အနည်းငယ် အံ့အားသင့်သွားကြလိမ့်မည်။ ထိုမြစ်ကြောင်းများက ပုံရိပ်မှအပ ဘာမှမဖြစ်သော်လည်း ထိုသဘောတရားများအပေါ် ဝမ်ဝေ့၏ နားလည်နိုင်စွမ်းဖြင့် အချို့လူများက ထိုအရာမှ များစွာ သင်ယူနိုင်ကြလိမ့်မည်။ အထူးသဖြင့် ကံကြမ္မာမြစ်ကြောင်း ဖြစ်၏။
သို့သော်လည်း ထိုအရာအားလုံးကို ဖန်တီးပြီးသည့်နောက်တွင် သူတော်စင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို တွေ့ရုံမျှဖြင့် အလွန်ကြီးကျယ်နေသည်ဟု သဘောပေါက်သွားသည်။ ထို့ကြောင့် သူက ဝိညာဉ်အစုအဝေး နန်းဆောင်ကို သိမ်းလိုက်ပြီး တခြားမြင်ကွင်းတစ်ခုကို ထပ်မံဖန်တီးခဲ့သည်။
ပထမဦးစွာ သူက မသေမျိုးအလင်းများ ထုတ်လွှတ်နေသည့် နန်းဆောင်တစ်ခုကို ဖန်တီးခဲ့ပြီး လူများက အလှတရားကြောင့်သာမက စိတ်ကိုသန့်စင်စေကာ ဉာဏ်အလင်းပွင့်ဖို့ ကူညီပေးနိုင်သည့် တာအိုစည်းချက်များနှင့် အသံများကိုပါ ဖန်တီးခဲ့သည်။
အဆုံးသတ်တွင်မူ သူက ထိုပုံစံကို အသုံးမပြုခဲ့ပေ။ သူက နောင်အနာဂတ်တွင် ကံကြမ္မာသားတော်တချို့ကို အရူးလုပ်ဖို့သာ သုံးဖို့ ဆုံးဖြတ်ထား၏။ နောက်ဆုံးတွင် သူက ဆဲလ်များကို ထိန်းချုပ်၍ ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူရှိသည့် လူအိုကြီးအသွင်ကို ပြောင်းလဲလိုက်သည်။ သူ့အကြည့်များက စကြဝဠာအစပိုင်းရှိ အလင်းရောင်ထက်ပင် ပိုမိုတောက်ပနေပြီး မြင်တွေ့သည့်သူတိုင်းကို ယုံကြည်လာနိုင်စေသည့် မျက်နှာထားမျိုး ပိုင်ဆိုင်ထားသည်။
သူက အိမ်ငယ်လေးတစ်ခု ဖန်တီးလိုက်ပြီး ထိုင်ခုံပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေလိုက်သည်။ သူ့ရှေ့တွင် နောက်ထပ် ပုံရိပ် ဖြစ်ပေါ်လာ၏။ ထို့နောက် သူက ဝိညာဉ်ကွန်ယက်ကို အသုံးပြုကာ တခြားကမ္ဘာမှ သနားစရာဝိညာဉ်အား ဆင့်ခေါ်လိုက်သည်။
သူက သေဆုံးဖို့ရာ မျက်လုံးပိတ်လိုက်စဉ် လုရန်က သူတော်စင်နှင့်တူသည့် သွင်ပြင်ရှိပြီး ကလေးတစ်ယောက်လို တောက်ပနေသည့် အကြည့်မျိုးရှိသည့် လူအိုကြီးတစ်ယောက်ရှေ့တွင် ထိုင်နေသည်ကို မြင်လိုက်ရသည်။
“ ဒါက ကျုပ်က ဘယ်ရောက်နေတာလဲ။ ဒါက သံသရာလား”
“ မင်းက မသေသေးဘူး။ အနည်းဆုံးတော့ ခုတော့ မဟုတ်သေးဘူးပေါ့”
လုရန်က သူ့ရှေ့မှ စာလုံးများကို ဖတ်ကြည့်လိုက်သည်။ သူက ထိုစာလုံးများကို မသိသော်လည်း တစ်နည်းနည်းဖြင့် သူက အဓိပ္ပာယ်ကို နားလည်နေလေသည်။
လုရန်က သူ့ရှေ့မှ လူအား လေ့လာကြည့်လိုက်သည်။ သူ့အင်အားနှင့် ကျင့်ကြံဆင့်ဖြင့်ပင် ထိုအမျိုးသားဆီမှ အရှိန်အဝါ၊ ကျင့်ကြံဆင့်၊ ဝိညာဉ်အတက်အကျ သို့မဟုတ် စွမ်းအားကိုပင် အာရုံမခံမိပေ။
ကြည့်ရသည်မှာ သေမျိုးတစ်ယောက်က သူ့ရှေ့တွင် မတ်တပ်ရပ်နေသကဲ့သို့ ဖြစ်ပြီး ပြောရလျှင် သေမျိုးကပင် ပုံမှန်မဟုတ်လောက်အောင် သာမန်ဆန်လွန်းသည့် သေမျိုးတစ်ယောက်…
“ ဆရာ ကျုပ်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးပါ။ ဘယ်လိုခေါ်ဝေါ်ရမလဲ”
“မင်းကို ကယ်တင်တာ မဟုတ်သေးဘူး။ ဒီနေရာဆီ မင်းရဲ့ ဝိညာဉ်ကို ဆင့်ခေါ်လိုက်ရုံပဲ။ မင်း ငါ့ကို ခေါ်ဝေါ်ချင်တာကတော့ မင်း ငါ့လို လူအတွက် နာမည်ဆိုတာက ဘာအဓိပ္ပာယ်မှ မရှိဘူး။ မင်းကြိုက်သလို ခေါ်နိုင်တယ်။ ကောင်းပြီ။ အချိန်ဖြုန်းမနေတော့ဘူး။ မင်း ဘယ်လိုလုပ် ဒီလိုအခြေအနေ ဖြစ်လာတယ်ဆိုတာကို အသေးစိတ် ပြောပြပါဦး”
လုရန်က ထိုတောင်းဆိုချက်ကြောင့် စိတ်ရှုပ်ထွေးသွားသော်လည်း ဘာမှမတွေးမိပေ။ သူက ပုဂ္ဂိုလ်ထူးတစ်ယောက်သည် လူများအား သူတို့၏ဘဝ ခံစားနေရသည်မှ ကယ်တင်လိုခြင်းသာ ဖြစ်မည်ဟု ခန့်မှန်းမိလာသည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်က သူ အသက်ရှင်နိုင်ဖို့ တစ်ခုတည်းသော အခွင့်အရေး ဖြစ်၏။
ထို့ကြောင့် သူက သူ့ကျင့်ကြံရေး ခရီးစဉ်အစပိုင်းက စ၍ အရာအားလုံးကို ပြောပြခဲ့သည်။ ထိုဇာတ်ကြောင်းက မနာလိုမှု၊ သစ္စာဖောက်မှု ဇာတ်ကြောင်းများ ပြည့်နှက်နေ၏။
လုရန်က ရွာငယ်တစ်ခုအတွင်း သူ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်နှင့်အတူ ကြီးပြင်းလာခဲ့ရသည်။ တစ်ရက်တွင် အားကောင်းသည့် ကျင့်ကြံသူတစ်ယောက်က သူ့တွင် ကျင့်ကြံဖို့အတွက် ထူးကဲသည့် ပါရမီရှိသည်ကို အာရုံခံမိပြီး သူ့အား ဂိုဏ်းသို့ ပြန်လည်ခေါ်ဆောင်သွားလိုခဲ့သည်။
လုရန်က ညီအစ်ကိုလို ဆက်ဆံရသည့် သူ့သူငယ်ချင်းပါ လိုက်နိုင်လားဟု မေးကြည့်ခဲ့သည်။ ထိုလူ၏ ပါရမီက သာမန်ဖြစ်နေသော်လည်း အကြီးအကဲကမူ သူ့တောင်းဆိုချက်ကို လက်ခံခဲ့သည်။
ထို့နောက် လုရန်က ပိုမိုအားကောင်းပြီး အောင်မြင်လာစဉ် သူ့သူငယ်ချင်းကမူ မနာလိုဖြစ်လာခဲ့၏။ လုရန်က သူ့အား အရင်းအမြစ်များစွာ ပေးထားခဲ့သော်လည်း သူ့စိတ်အခြေအနေဖြင့် သူ့ကျင့်ကြံရေး အခြေအနေက ပိုမိုတုံ့ဆိုင်းခဲ့သည်။
ထိုသူက မည်သို့ ခံစားစေရစေကာမူ လုရန်ကို ဘာမှမလုပ်ပေ။ လူများစွာက သူ့အား အသုံးချကာ သူ့ညီအစ်ကိုကို ရင်ဆိုင်ဖို့ အသုံးပြုကြသော်လည်း သူက ဘာမှမတုံ့ပြန်ခဲ့ပေ။ သို့သော်လည်း အမျိုးသမီးတစ်ယောက် ရောက်ရှိလာသည့်အခါ အရာအားလုံးက ပြောင်းလဲသွားလေသည်။
အမျိုးသမီးက လျှို့ဝှက်နယ်မြေ စစ်ဆေးမှုအတွင်း လုရန်၏ သူငယ်ချင်းကို ကယ်တင်ခဲ့သည်။ သူမက ကြင်နာတတ်၍ လုပ်ဆောင်လိုက်သော်လည်း သူမ၏ အပြုအမူတစ်ခုက လုရန်အား အဆုံးသတ်သွားစေခဲ့သည်။
ထင်ထားသည့်အတိုင်း သူမက သူမအပေါ် စွဲလမ်းမှုဖြစ်လောက်အောင် ရူးရူးမူးမူး ချစ်မိနေသည့် သူ့သူငယ်ချင်းနှင့် မဟုတ်ဘဲ လုရန်အပေါ် ချစ်ကျွမ်းဝင်သွားခဲ့သည်။ ထိုအရာက ကုလားအုတ်ကျောရိုးကို ကျိုးသွားစေသည့် နောက်ဆုံးသော ကောက်ရိုးမျှင် ဖြစ်သွားစေခဲ့သည်။
သိပ်မကြာခင် လုရန်၏ သူငယ်ချင်းက သူ့အား လှည့်ဖျားကာ ကမ္ဘာ၏ အန္တရာယ်အများဆုံးဇုန်အတွင်း ဝင်စေခဲ့ပြီး သေလုနီးပါး ဖြစ်စေခဲ့သည်။ လုရန်က စိတ်ဆန္ဒနှင့် အမုန်းတရားကြောင့် ရက်ပိုင်းကြာ ကြာမြင့်ခဲ့၏။
ဝမ်ဝေ့က လုရန်၏ ဇာတ်ကြောင်းကို ကြားပြီးသည့်နောက်တွင် ကိစ္စများစွာကို စဉ်းစားမိသွားသည်။ ပထမဦးစွာ သူက ဤအမျိုးသား၏ ဝိညာဉ်မှာ မြေဆွဲအားစည်းမျဉ်းကို ခံစားမိလိုက်သည်။ သူ သိထားသလောက် မြေဆွဲအားသည် တားမြစ်ခံစည်းမျဉ်း တစ်ခု မဟုတ်ပေ။
ထို့ကြောင့် သူက ကမ္ဘာတစ်ခုချင်းစီသည် အထွတ်အထိပ်တာအိုမှအပ တခြားသော အရာများသည် အပြောင်းအလဲ ရှိကြောင်း သိလိုက်၏။ တခြားကမ္ဘာ့အသိုက်အဝန်းအသီးသီးမှ တချို့ကမ္ဘာများတွင်မူ အချိန်တာအိုကို တားမြစ်ခံတာအိုဟု မယူဆကြပေ။
ထိုဖြစ်နိုင်ချေက အရမ်းပင် နည်းသော်လည်း…
သူက စမ်းသပ်မှုကို အောင်မြင်ဖို့ နည်းလမ်းကို သင်ယူခဲ့ရသည်။ တိတ်တဆိတ် ဝင်စွက်ဖက်နိုင်သည့် အားကောင်းသည့် သက်ရှိကို ဆက်သွယ်ဖို့ ဖြစ်၏။
လုရန်၏ အခြေအနေတွင် ဝမ်ဝေ့ကသာ သူ့အား အန္တရာယ်ဇုန်မှ အသက်ရှင်နိုင်ဖို့ ကူညီပေးသရွေ့ သူသည် တားမြစ်ခံစစ်ဆေးမှုကို အောင်မြင်သွားလိမ့်မည်။
ဝမ်ဝေ့က ဖုန်းဟွမ်နှင့် ဝူဟုန်တို့ဆီမှ ယုံကြည်မှုခေတ်ကာလအတွင်း လျှို့ဝှက်ချက်တချို့ကို သင်ယူခဲ့ရသည်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် ပစ္စည်းတချို့က အကြွင်းမဲ့စတင်ခြင်းဧကရာဇ် မှော်အစွမ်းအောက်တွင် အသက်ရှင်သန်ခဲ့၏။ အကြောင်းမှာ မေတ္တာမိခင်ဗုဒ္ဓဟု သိသည့် သက်ရှိနှင့် ဆက်သွယ်ခဲ့သည့် အခမ်းအနားကြောင့် ဖြစ်၏။
ဝမ်ဝေ့က သူမသည် အနာဂတ်ဗုဒ္ဓကျမ်းမှတဆင့် ကံကြွေးဆက်နွယ်လိုသည့် လူဖြစ်ကြောင်း သံသယရှိမိသည်။ အကယ်၍ သူ အလိုရှိလျှင် သူတို့၏ တည်ရှိပြီးသား ကံကြွေးမှတဆင့် သူမအား သူ့စမ်းသပ်မှုကို ဝင်စွက်ဖက်ဖို့ ဆက်နွယ်ရမည်။
သို့သော်လည်း ခဏကြာ စဉ်းစားပြီးသည့်နောက်တွင် သူက တခြားတစ်မျိုးကို ဆုံးဖြတ်လိုက်၏။ သူ့သဘောတရားအရ ထိုမေတ္တာမိခင်ဗုဒ္ဓသည် စံပြ မဟုတ်လျှင် ကောင်းကင်ဘုံအဆင့် ဖြစ်လိမ့်မည်။
ထို့ကြောင့် သူ့လိုသေမျိုးနှင့် အားကောင်းသည့် သက်ရှိများနှင့် ကံကြွေးနက်နက်နဲနဲ ရှိသွားသည်က ကိစ္စကောင်း မဟုတ်ပေ။ သူ့အစီအစဉ်က အလုပ်ဖြစ်မည်လား၊ မဖြစ်မည်လား မသေချာသောကြောင့် တခြားသူများထက် သူ့ကိုယ်သူ အားကိုးသည်က ပို၍ကောင်းပေသည်။
ထို့ကြောင့် ယခုမေးခွန်းက လုရန်ကို ကယ်တင်ရမည်လား မကယ်တင်ဘဲ ထားရမည်လား …
ခဏမျှ စဉ်းစားပြီးသည့်နောက်တွင် သူက ကူညီဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူက လေထဲတွင် ရေးသားလိုက်၏ “ လူသား ငါ မင်းကို ကယ်တင်နိုင်တယ်။ ဒါပေမဲ့ မင်းက မင်းရဲ့ကမ္ဘာမှာ ငါ့အတွက် တမန်တော် ဖြစ်ပေးရမယ်”
လုရန်က ချက်ချင်းဆိုသလို စိတ်လှုပ်ရှားလာသော်လည်း သူ့ကိုယ်သူ အလျင်အမြန် ထိန်းချုပ်လိုက်ကာ “ တမန်တော်က ဘာကိုပြောတာပါလဲ။ ကျုပ်က ဘာလုပ်ဖို့ လိုတာလဲ”
သို့သော်လည်း ဝမ်ဝေ့က သူ့အား တစ်ခွန်းမှမပြောဘဲ တည်တည်ငြိမ်ငြိမ်သာ ကြည့်လိုက်သည်။ ထို့ကြောင့် လုရန်က အံကြိတ်လိုက်ပြီးနောက် ထိုအကြံပြုချက်ကို လက်ခံလိုက်သည်။ ဝမ်ဝေ့က လက်ဝှေ့လိုက်သည့်အချိန် မီးခိုးရောင် ဘောလုံးတစ်ခုက လူတိုင်း၏ ဝိညာဉ်နှင့် ပေါင်းစပ်သွားလေ၏။
ထို့နောက် ချက်ချင်းဆိုသလို သူ၏ ဖြူဖျော့ကာ ကြည်လင်နေသည့် ကမ္ဘာဦးစိတ်ဝိညာဉ်က ခန္ဓာကိုယ်ကဲ့သို့ ပုံမှန်ပြန်ဖြစ်သွားလေသည်။ ထို့အပြင် လုရန်က သန့်စင်သွားကာ ပိုမိုအားကောင်းလာပြီး သူ့နားလည်နိုင်စွမ်း တိုးမြင့်လာသည်ဟု ခံစားမိလိုက်သည်။
ဝမ်ဝေ့က လက်ဝှေ့လိုက်သည့်အခါ သူ့လက်ထဲမှ ကျောက်စိမ်းအဆောင် တစ်ခု ပေါ်ထွက်လာပြီး လုရန်လက်အတွင်း ကျရောက်သွားသည်။ ထိုလူက သန့်စင်ပြီးသည့်နောက်တွင် ဤသည်က သူ လေဟာနယ်ချိုးဖောက်ခြင်းအဆောင် ဖြစ်ကြောင်း သိလိုက်သည်။
ဒါနဲ့ဆိုရင် ငါက အန္တရာယ်ဇုန်ကို အလွယ်တကူ ချိုးဖောက်နိုင်ပြီ။ လင်းရဲ့ …. မင်း ငါ့ကို စောင့်နေလိုက်။ ငါ့ကို ပြန်ပေးဆပ်ရအောင် လုပ်ပြမယ်…
လုရန်က ဝမ်ဝေ့အား ဦးညွှတ်လိုက်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်အတွင်း ပြန်လည်ဝင်ရောက်သွားသည်။ ထိုစဉ် ဝမ်ဝေ့က ဆက်နွယ်မှုမှတဆင့် ထိုလူသည် အန္တရာယ်ဇုန်မှ လွတ်မြောက်သွားသည်ကို ကြည့်နေခဲ့၏။
ထိုသူ လုပ်ဆောင်လိုက်သည်နှင့် ပြတ်တောက်နေသည့် ကံကြမ္မာကြိုးမျှင်က ဆက်နွယ်သွားကာ သူ့ကံကြမ္မာက ပြောင်းလဲသွားသည်။ ထို့နောက် ချက်ချင်းဆိုသလို ဝမ်ဝေ့က ကံအပေါ် နားလည်နိုင်စွမ်း အနည်းငယ်တိုး မြင့်လာကြောင်း ခံစားမိလိုက်သည်။
အခု ငါ့အစီအစဉ်အတွက် အချိန်ကျပြီ။ ငါ မဟာကမ္ဘာကို သုံးရမလား။ အလယ်အလတ်ကမ္ဘာကို သုံးသင့်သလား..
မဟာကမ္ဘာသည် လူဦးရေ ပိုများသောကြောင့် သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးမှုသည် ပို၍ မြန်ဆန်နိုင်ကာ အချိန်သက်သာစေလိမ့်မည်။ သို့သော်လည်း ကျင့်ကြံရေးကြောင့် အပြောင်းအလဲများစွာ ရှိနေနိုင်သည်။
သူ့အင်အားဖြင့် သူသာ အလျင်အမြန် တုံ့ပြန်နိုင်သရွေ့ ကမ္ဘာကို လွယ်လွယ်ကူကူအုပ်စိုးနိုင်လိမ့်မည်။ သို့သော်လည်း ထိုကမ္ဘာ၏ ကောင်းကင်တာအိုက အလျင်အမြန်တုံ့ပြန်ကာ လောကအရှင်ကို ဖန်တီးလိမ့်မည်။ သို့မဟုတ် သူ ရွေးချယ်လိုက်သည့် ကမ္ဘာတွင် လျှို့ဝှက်စွာ ပုန်းအောင်းနေသည့် လောကအရှင် ဖြစ်ဖူးသည့် တာအိုဘိုးဘေးတစ်ယောက်လည်း ရှိနေနိုင်သည်။
မမြင်ရတဲ့ ပြောင်းလဲမှုတွေက အများကြီးပဲ။ အဲဒါကြောင့် နည်းနည်းကြီးမားတဲ့ အလယ်အလတ်ကမ္ဘာကိုပဲ ရွေးချယ်လိုက်ရအောင်…
သူက ဝိညာဉ်ကွန်ယက်ကို အသက်သွင်းကာ အလယ်အလတ်ကမ္ဘာအတွင်း ဝိညာဉ်များကိုသာ အာရုံစိုက်ထားလိုက်ပြီး ရှာဖွေလိုက်သည်။ နောက်ဆုံးတွင် သူက အကြီးဆုံးနှင့် ဘေးအကင်းဆုံးအရာကို တွေ့ရှိလိုက်၏။
ဝမ်ဝေ့က ထိုနေရာသို့ ချက်ချင်းမသွားသေးပေ။ ထိုအစား သူက အာကာပြင်ရတနာတစ်ခုကို သန့်စင်ပြီး ကောင်းကင်ဖုံးကွယ်ရေးအစီအရင်ကို အထဲတွင် ခင်းကျင်းလိုက်သည်။ ထိုအရာမှ ရွေ့လျားသွားလာရင်း အသက်ဝင်နေနိုင်မည် ဖြစ်၏။ နောက်ဆုံးတွင် သူက မမြင်ကွယ်ရာ ကုဗတုံးကို အင်အားအပြည့်အထိ အသက်သွင်းလိုက်သည်။
အသင်္ချေအင်ပါယာကမ္ဘာမှ ထွက်လာပြီးသည့်နောက်တွင် ဝမ်ဝေ့၏ ခန္ဓာကိုယ်အတွင်းရှိ စည်းမျဉ်းစွမ်းအားက အနည်းငယ် လျော့ကျသွားသည်ကို ခံစားမိလိုက်၏။ ဤသည်က သူသည် ကမ္ဘာမှထွက်လာ၍ ဖြစ်ကြောင်း သိလိုက်သည်။ ထိုပြဿနာက သူတော်စင်အဆင့်တွင် ယာယီမျှသာဖြစ်ပြီး အထွတ်အထိပ်နယ်ပယ်အဆင့်တွင် ထာဝရ ဖြစ်သည်။
သူက သူ့ဦးတည်ရာဆီ အမြန်ဆုံးအလျင်ဖြင့် ဦးတည်သွားလိုက်သည်။ သူက ထိုကမ္ဘာသို့ သွားလာဖို့အတွက် အာကာပြင်စည်းမျဉ်းအပေါ် နားလည်ဖို့လိုကြောင်း သိထားလေသည်။ အလွှာကူးပြောင်းအစီအရင်ကို ခင်းကျင်းလိုက်ခြင်းက အရင်းအမြစ်နှင့် အချိန်များစွာ လိုအပ်ပေမည်။ သူက ထိုအရာတစ်ခုကို အသုံးပြုဖို့အတွက် အိမ်သို့ ပြန်မသွားချင်တော့ပေ။
သူက ဦးတည်ရာဆီ ပျံသန်းနေစဉ်အတွင်း အလင်း၏ အမြန်နှုန်း အကြိမ်ပေါင်းသန်းချီဖြင့် သွားလာနေသည်။ သူ့ရှေ့တွင် အပေါက်များစွာ ပေါ်ထွက်လာပြီး သူ့အား အဝေးတစ်နေရာသို့ ကူးသန်းပို့ဆောင်ပေးနေ၏။ ထို့ကြောင့် ၅ နာရီအတွင်း သူက ဦးတည်ရာသို့ ရောက်ရှိသွားလေသည်။
သူက ကမ္ဘာကို ကာကွယ်ထားသည့် အကာအရံအား ကြည့်ကာ ဝမ်ဝေ့သည် အထဲသို့ မဝင်ရောက်ခင် စွမ်းအားကို စည်းပိတ်လိုက်သည်။ သူက ကောင်းကင်တာအိုကို သတိပေးလိုက်သလို မဖြစ်လိုပေ။ မည်သို့ပင်ဆိုစေကာမူ သူက သူ့ခန္ဓာကိုယ်အတွင်းရှိ စည်းမျဉ်းများကို အသားကျဖို့ အချိန်လိုအပ်သေးသည်။ ထို့ကြောင့် သူက တောင်တစ်လုံးအတွင်း ဂူတစ်ခု ဖန်တီးကာ ရက်သတ္တပတ်အနည်းငယ်ကြာ ဤကမ္ဘာ၏ ကံကြမ္မာစည်းမျဉ်းကို နားလည်ပြီး စည်းမျဉ်းများကို ပြုပြင်ခဲ့သည်။
အလယ်အလတ်ကမ္ဘာအနေဖြင့် စည်းမျဉ်းအများစုက မပြီးပြည့်စုံသောကြောင့် ထိုဖြစ်စဉ်က သိပ်မကြာမြင့်ခဲ့ပေ။ ပြန်လည်ပြုပြင်ပြီးသည့်နောက်တွင် ဝမ်ဝေ့က လှုပ်ရှားလာ၏။
သူက ဝေဟင်အထက်တွင် ပေါ်ထွက်လာပြီး လက်ဝှေ့လိုက်သည်။ ထိုစဉ် တစ်ကမ္ဘာလုံးကို လွှမ်းခြုံသွားသည့် မှော်စက်ဝန်းကြီးများ ပေါ်ထွက်လာသည်။ သေမျိုးများနှင့် ကျင့်ကြံသူများအပါအဝင် လူအားလုံးက ခေါင်းမော့ကာ ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်လိုက်သည်။ သူတို့သည် တစ်စုံတစ်ခု ကြီးကြီးမားမား ဖြစ်ပျက်တော့မည် ဖြစ်ကြောင်း သိလိုက်ကြသည်။ သူတို့၏ အတွေးကလည်း မှန်ကန်နေခဲ့၏။
ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများက ထိုသက်ရောက်မှုကို ပထမဦးစွာ ခံစားမိလိုက်ကြသူများ ဖြစ်သည်။ မိုးမြေကြားရှိ ဝိညာဉ်ချီက မျက်စိနှင့် မြင်တွေ့နိုင်လောက်အောင်အထိ လျော့ကျသွားပြီး မိနစ်ပိုင်းလေးအတွင်း တစ်ကမ္ဘာလုံးတွင် ဝိညာဉ်ချီ မရှိတော့ပေ။ အကြောင်းမှာ ဝမ်ဝေ့က စည်းပိတ်ကာ ထိန်းချုပ်လိုက်၍ ဖြစ်သည်။ ထို့နောက် နောက်ထပ် လက်တစ်ချက်အဝှေ့တွင် အံ့ဖွယ်ပင်လယ်အဆင့်နှင့်အထက် ကျင့်ကြံသူ အားလုံးက ပျောက်ကွယ်သွားပြီး သူ့သိုလှောင်လက်စွပ်အတွင်း ပြန်လည်ပေါ်ထွက်လာကာ သေမျိုးများကိုသာ ချန်ထားခဲ့၏။
နောက်ဆုံးတွင် ဝမ်ဝေ့က ဤကမ္ဘာ၏ ကံကြမ္မာမြစ်ကြောင်းကို ဆင့်ခေါ်ကာ တစ်ကမ္ဘာလုံးကို ဆင့်ကဲပြောင်းလဲလိုက်သည်။ သူက ဤကမ္ဘာ၏ ကံကြမ္မာကို ထိန်းချုပ်ပြီး သိပ္ပံနှင့် နည်းပညာအတွက် သင့်တော်သည့် ကမ္ဘာအဖြစ်ပြောင်းလဲလိုက်သည်။ အတိအကျဆိုရလျှင် သူက ဤကမ္ဘာထံ စည်းမျဉ်းအသစ်ကို ထပ်ပေါင်းလိုက်ခြင်း ဖြစ်၏။ ထိုဖြစ်စဉ်က ဝမ်ဝေ့ ထင်ထားသည်ထက် ပိုမိုရှုပ်ထွေးလေသည်။
အကြောင်းမှာ သူက အတိတ်ဘဝမှ မှတ်ဉာဏ်များသာရှိပြီး ထိုအရာများက မလုံလောက်ပေ။ ထို့နောက် မမျှော်မှန်းထားသည့် အရာတစ်ခု ဖြစ်ပျက်လာခဲ့၏။ တစ်ကမ္ဘာလုံးက ရုတ်ချည်းဆိုသလို မီးခိုးရောင် ပြောင်းလဲသွားပြီး အားလုံးက အချိန်ရပ်တန့်သွားကြသည်။ ထို့နောက် ကံကြမ္မာမြစ်ကြောင်းမှ ဧရာမမျက်လုံးကြီးတစ်ခု ပေါ်ထွက်လာကာ ဝမ်ဝေ့အား ကြည့်နေလေ၏။
သူ့အလိုလိုသိစိတ်က သူသည် အဆုံးသတ်တော့မည်ဖြစ်ကြောင်း ခံစားမိလိုက်သည်။ ဝမ်ဝေ့က ထိုအေးစက်စက် အကြည့်ကို ကြည့်နေရင်း သူ့အင်အားသည် တကယ့်စွမ်းအား အစစ်အမှန်နှင့် ယှဉ်လိုက်သည့်အခါ မည်မျှသေးနုတ်ကြောင်း နားလည်သွားလေသည်
***