တားမြစ်ချက် ၁၃ ခု
Vol. 35 Ch. 482
ဝမ်ဝေ့က ထိုမျက်လုံးကို ကြည့်နေရင်း အင်အားမဲ့သလို ခံစားလိုက်ရသည်။ ပြိုင်ဘက်ကင်း ခန္ဓာကိုယ်နှင့် စံပြအရည်အသွေး ဝိညာဉ် သို့မဟုတ် ထူးကဲသည့် စိတ်စွမ်းအားတို့ အကုန်လုံးက ထိုအရာရှေ့ အသုံးမဝင်ပေ။
ထိုအချက်က ဝမ်းနည်စရာကောင်းသော်လည်း သူနှင့် မသေမျိုးအဆင့် သက်ရှိများကြားမှ ကွာခြားချက်ကို ကောင်းကောင်းသိထားပြီးသား ဖြစ်၏။ သူ နားမလည်နိုင်သည့် အင်အားပိုင်ရှင်ကိုမူ ထည့်ပြောဖို့ရာ မလိုတော့ပေ။
ထို့ကြောင့် သူက နောက်ဆုံးသော ကံကြမ္မာကိုသာ စောင့်ဆိုင်းနေလိုက်သည်။ သူ့လျို့ဝှက်ကြိုးပမ်းမှုအားလုံးက အသုံးဝင်မည် မဟုတ်ပေ။ အကြောင်းမှာ သူက မလှုပ်ရှားနိုင်သလို စိတ်ကလည်း အလုပ်လုပ်နိုင်ရုံမျှသာ ဖြစ်နေ၍ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူက အခြေအနေမှ မည်သို့ရုန်းထွက်ရမည်ကို စဉ်းစားနေခြင်းအကြောင်းအား ရပ်တန့်မပစ်လိုက်ပေ။
သူက မျက်လုံးကို ကြည့်လိုက်ရင်း စိတ်ထဲ အချက်အလက်တချို့ ဝင်ရောက်လာသည်။ စကြဝဠာအတွင်း တားမြစ်ချက် ၁၃ ခုရှိပြီး သိပ္ပံနှင့် နည်းပညာသည် တစ်ခုအပါအဝင် ဖြစ်နေသည်။ ထို့နောက် သူက မျက်လုံးကြီးရှေ့ စုဝေးလာသည့် မဟူရာအလင်းများကို မြင်လိုက်ရသည်။
သူက အလင်းရောင်ကို မြင်လိုက်သည့်အခါ ထိုအရာမှ စွမ်းအားကို မခံစားသလို အာရုံလည်း မခံမိပေ။ သို့သော်လည်း သူ့အလိုလိုသိစိတ်က ထိုအရာဖြင့် ထိမှန်လိုက်သည်နှင့် အပြီးသတ်သွားပြီဖြစ်ကြောင်း ပြောနေသည်။
အခု ရူးသွပ်ရမဲ့ အချိန်ပဲ … အကျိုးဆက်အတွက် နောက်မှ ဖြေရှင်းမယ် …
ဝမ်ဝေ့က တွေးလိုက်မိသည်။ သို့သော်လည်း သူ ဘာမှမလုပ်ခင် ထူးထူးဆန်းဆန်း အရာတစ်ခု ဖြစ်ပွားသွားခဲ့သည်။
သူက သူ ရှိနေသည့် အလယ်အလတ်ကမ္ဘာကို ဝန်းရံထားသည့် အကာအရံတစ်ခု ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။ ရလဒ်အနေနှင့် ဧရာမမျက်လုံးကြီးသည် တိုက်ခိုက်မှုကို ရပ်တန့်လိုက်၏။
ဝမ်ဝေ့က အမှန်ဟုတ်လား မသိသော်လည်း အဝေးတစ်နေရာကို လှမ်းကြည့်မိလိုက်သည်။ သို့သော် သူက မသေချာပေ။ သူ့စိတ် သို့မဟုတ် သာမန်အာရုံက ပုံမှန်လို အလုပ်မလုပ်ပေ။ သူ့စိတ်ဝိညာဉ်က အဆင့်မြင့် သက်ရှိနှင့် ထိရောက်မှုရှိရှိ မဆက်နွယ်နိုင်သကဲ့သို့ ဖြစ်၏။ သူက သူ့ဝိညာဉ်အရည်အသွေးကြောင့်သာ မဟုတ်လျှင် ထိုသို့သော သက်ရှိမျိုးနှင့် ရင်ဆိုင်ဖို့ အတွေးတစ်ခုပင် တွေးမိမည် မဟုတ်ပေ။
စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် မျက်လုံးကြီးက ပျောက်ကွယ်သွားပြီး စိတ်ရှုပ်ထွေးနေသည့် ဝမ်ဝေ့အား ချန်ထားခဲ့သည်။
…………
ထိုစဉ် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာအတွင်း မဟာတာအို၏ မျက်လုံး ပေါ်ထွက်လာသော်လည်း မည်သူကမှ သတိမထားမိလိုက်ကြပေ။ သို့သော်လည်း ဒိုင်းကာ ပုံပေါ်လာသည့်အခါ လူနှစ်ယောက်က ရုတ်ချည်း နိုးထလာကြ၏။
သူတို့၏အပြုအမူက ကျန်ခုနှစ်ယောက်အား အတွေးများစေသည်။
“ခံစားမိလား” အမျိုးသားက မေးလိုက်သည်။
“အင်း … ဒါပေမဲ့ အရင်းအမြစ်ကို ရှာမတွေ့ဘူး ” အမျိုးသမီးက ပြန်ဖြေလိုက်၏။
“ ငါရောပဲ … ခဏလောက် မှားသွားတာ ထင်မိသွားတယ်။ မင်းလည်း ခံစားရမှတော့ တစ်ခုခု ဖြစ်တာသေချာတယ်”
ထို့နောက် ကျန်ခုနှစ်ယောက်လုံးက ထိုနှစ်ယောက်ကို ဆက်သွယ်ကာ မေးလိုက်ကြသည် “ဘာပြဿနာရှိလို့လဲ ”
“မင်းတို့ ဝင်ပါနိုင်တဲ့အရာ မဟုတ်ဘူး” အမျိုးသားက ပြောလိုက်၍ ကျန်ခုနှစ်ယောက်လုံးက ပြန်လည်အိပ်စက်မသွားခင် ငြိမ်သက်သွားကြသည်။ နောက်ဆုံးတွင် သူတို့နှစ်ယောက်က ထူးဆန်းသည့် အတက်အကျကို ရှာဖွေဖို့ ကြိုးစားလိုက်သော်လည်း အသုံးမဝင်ပေ။
အဆုံးမဲ့တက်လှမ်းခြင်း ကမ္ဘာက မသေမျိုးသက်ရှိများ နေထိုင်ကြပြီး ကျင့်ကြံကြသည့် အဆင့်မြင့် ဒိုင်းမေးရှင်းတစ်ခု ဖြစ်၏။ ထိုကမ္ဘာအလွန်တွင် ဤစကြဝဠာ၏ အရာအားလုံး အစ သို့မဟုတ် အရင်းအမြစ် ဖြစ်သည့် ဟွင်းသွမ်း တည်ရှိသည်။
ဟွင်းသွမ်းကမ္ဘာများဟု သိကြသည့် ကမ္ဘာများသည် ကျင့်ကြံရေးနည်းစနစ်အမျိုးမျိုး၊ ယဉ်ကျေးမှုအမျိုးမျိုး၊ ဘာသာရေးအမျိုးမျိုး တည်ရှိကြသည်။ ဟွင်းသွမ်းကမ္ဘာများကို အရင်းအမြစ်ကမ္ဘာနှင့် သာမန်ကမ္ဘာဟူ၍ နှစ်ပိုင်းခွဲခြားထားသည်။
အရင်းအမြစ်ကမ္ဘာများက ကောင်းကင်အလိုဆန္ဒကို ဖန်တီးပေးပြီး မဟာဧကရာဇ်များ၊ ကောင်းကင်ဘုံအဆင့်နှင့် စံပါများအထိ မွေးထုတ်ပေးနိုင်သည်။ သာမန်ကမ္ဘာများတွင် တာအိုဘိုးဘေးနှင့် ထာဝရအရှင်ကဲ့သို့သော လမ်းစဉ်နှင့်တူသည့် ကွဲပြားသော နည်းစနစ်မျိုး ရှိကြသည်။
သာမန်ကမ္ဘာများက အရင်းအမြစ်ကမ္ဘာများထက် ပိုအားနည်းသော်လည်း တချို့က ထူးကဲကာ မဟာဧကရာဇ်နှင့် ယှဉ်နိုင်သည့် ပုဂ္ဂိုလ်များကို ဖန်တီးနိုင်ကြသည်။ အထူးသဖြင့် သူတို့က ဆန့်ကျင်ကောင်းကင်ရွေးချယ်ခံများကို အလွယ်တကူ ဖန်တီးနိုင်သည့် ကမ္ဘာများ ဖြစ်ကြ၏။
ထိုကမ္ဘာများကြား တစ်ခုက အလွန်ထူးခြားကာ ရှာတွေ့ဖို့ အင်မတန် ခက်ခဲလေသည်။ ထိုကမ္ဘာရှိ လူများက ထွက်သွားပြီး ပြန်လာနိုင်သော်လည်း နယ်ခြားလူများအတွက်မူ သူတို့က မည်မျှအားကောင်းစေကာမူ ရှာမတွေ့နိုင်သလို နေထိုင်သူဆီမှ ဖိတ်ကြားချက်မခံရသရွေ့ ဝင်ရောက်ဖို့လည်း မဖြစ်နိုင်ပေ။
ထိုကမ္ဘာ၏ အပြင်ဘက် ကမ္ဘာဦး ဟွင်းသွမ်းအတွင်း ခရမ်းရောင်နန်းဆောင်တစ်ခု မျှောလွှင့်နေသည်။ ထိုအထဲတွင် တာအိုဆရာကြီးတစ်ယောက်က တင်ပျဉ််ခွေထိုင်နေသည်။ သူက ရုတ်ချည်းဆိုသလို တစ်စုံတစ်ခုကို ခံစားမိကာ မျက်လုံးဖွင့်လာ၏။
သူက လက်ဝေ့လိုက်သည့်အခါ သူ့ရှေ့တွင် ပုံရိပ်သုံးခု ထွက်ပေါ်လာပြီး တစ်ခုကမူ ဝမ်ဝေ့ ကမ္ဘာမြေတွင် ရှိစဉ်အခါက ပုံရိပ် ဖြစ်နေသည်။ ထိုတာအိုဆရာကြီးက ဝမ်ဝေ့ကို ကြည့်နေရင်း သူ့မျက်ဝန်းထဲ ကံကြမ္မာစွမ်းအား ဖြတ်ပြေးသွားသည်။
“နောက်တစ်ယောက်က တားမြစ်ချက်ကို ကျူးလွန်နေတာလား” သူက ရေရွတ်လိုက်သည် “ငါ သူ့ကို ကူညီပေးသင့်လား”
သူက ဖြစ်လာနိုင်သည့် အကျိုးဆက်ကို စဉ်းစားကာ တုံ့ဆိုင်းနေမိသည်။ ထို့နောက် သူက ကမ္ဘာဦးဟွင်းသွမ်းအတွင်း ကိုယ်ပိုင်စိတ်ဆန္ဒဖြင့် အားတင်းကာ အသက်ရှင်ဖို့ ကမ္ဘာအဆီအနှစ်များကို စုပ်ယူနေသည့် အထီးကျန်ဝိညာဉ်တစ်ကောင်ကို မြင်လိုက်ရသည်။
ထိုသူက သူ ရွေးချယ်ထားသည့် လူများအနက် ထူးကဲသည့်လူတစ်ယောက် ဖြစ်ပြီး မယုံနိုင်လောက်ဖွယ် အရာများကို အောင်မြင်ထားသူ ဖြစ်၏။
“ငါ ကောက်ချက်ချရသလောက် ဒီသုံးယောက်က ဒီကမ္ဘာ နောက်ကပ်ဘေးမှာ ရှင်သန်နိုင်မဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ။ အဲဒါကြောင့် သူတို့ကို တခြားလူတွေလို သေခိုင်းလိုက်လို့ မဖြစ်ဘူး ”
ထို့ကြောင့် တာအိုဆရာကြီးက ပုဆိန်တစ်ချောင်းကို ထုတ်ယူလိုက်သည်။ ထိုအရာက အချိန်မရွေး ပျက်စီးသွားတော့မည့်ဟန်ပေါက်နေသည်။ သူက အသက်သွင်းလိုက်ပြီး အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာနှင့် မဆက်နွယ်ခင် သူတို့ကြားမှ အဆုံးမဲ့အကွာအဝေးကို လျစ်လျူရှုထားလိုက်သည်။
ထို့နောက် သူက ပုဆိန်ဆီမှ ထူးဆန်းသည့် စွမ်းအားဖြင့် အလယ်အလတ်ကမ္ဘာကြား အကာအရံတစ်ခု ဖန်ဆင်းလိုက်ပြီး ဝမ်ဝေ့ကို ကာကွယ်ပေးလိုက်သည်။ ထို့ကြောင့် မဟာတာအို မျက်လုံးက တာအိုဆရာကြီးကို ကြည့်နေ၏။ ထိုအရာက မတိုက်ခိုက်တော့ဘဲ သူ့လက်ထဲမှ ပုဆိန်ကို ကြည့်ပြီး ပျောက်ကွယ်သွားသည်။
တားမြစ်ချက်များက ဟွင်းသွမ်းကမ္ဘာအားလုံးတစ်လျှောက် သက်ရှိ ၉၉.၉၉၉၉ ရာခိုင်နှုန်းကျော်အတွက် ဖြစ်ပြီး ကျန်ရှိနေသော ၀.၀၀၀၀၀၁ ရာခိုင်နှုန်းက လုံလုံလောက်လောက် အားကောင်းနေသရွေ့ ကျူးလွန်နိုင်သည်။
ထို့နောက် တာအိုဆရာကြီးက ဝမ်ဝေ့အား ကြည့်ကာ သူ့လက်ရှိအခြေအနေကို တွက်ချက်ကြည့်လိုက်သည်။ သို့သော် သူက ဝင်စွက်ဖက်ဖို့ အစီအစဉ် မရှိပေ။ ထိုသုံးယောက်လုံးအနက် သူ စောင့်ဆိုင်းနေသည့် လူအပေါ် လောင်းကြေးထပ်ရလျှင် ဝမ်ဝေ့သာ ဖြစ်လိမ့်မည်။
ဒီလိုဆိုမှတော့ နောင်အနာဂတ်အတွက် ပြင်ဆင်ရင်း ကံကြွေးလေး ထားလိုက်ရအောင် …
ထို့ကြောင့် သူက ဝမ်ဝေ့ စိတ်ထဲ တိုက်ရိုက်ပြောလိုက်သည်။
“တာအိုရောင်းရင်း … ဟုန်ကျွင်းက မင်းနဲ့ တွေ့ပြီး တာအိုဆွေးနွေးရမဲ့ တစ်ရက်ကို စောင့်နေမယ် ”
ထိုသို့ပြောလိုက်ပြီးသည့်နောက် သူက ဤကမ္ဘာရှိ သူ့တည်ရှိမှုအရိပ်အယောင် အားလုံးနှင့် ဆက်နွယ်မှုအားလုံးကို ဖယ်ရှားလိုက်သည်။ သူက မထွက်သွားခင် နိုးနေသည့် လူများကို တစ်ချက်ကြည့်လိုက်၏။
ထိုလူနှစ်ယောက်က သူနှင့် အဆင့်တူသော်လည်း ဖန်းဂူပုဆိန်က သူ့အား အရေးသာချက် ပေးထားသည်။ ထို့ကြောင့် သူက သူတို့သည် သူ့အရိပ်အယောင် သို့မဟုတ် ဝမ်ဝေ့နှင့် ဆက်နွယ်မှုအကြောင်း ရှာတွေ့သွားမည်ကို မစိုးရိမ်ပေ။
ဟုန်ကျွင်း၏ စိတ်က ခန္ဓာကိုယ်ထဲ ပြန်ရောက်လာပြီးသည့်နောက် သူက ရုတ်ချည်းဆိုသလို ခရမ်းရောင်သွေးတစ်ပွက် အန်လိုက်ရသည်။ သူ့အပြုအမူတစ်ခုတည်းက သမိုင်းမတိုင်မီ ကမ္ဘာတစ်ခုလုံးကို လှုပ်ခါသွားစေပြီး အနည်းဆုံး နှစ်သုံးထောင်ကြာ ကြာမြင့်နိုင်သည့် ကောင်းကင်တစ်ခုလုံး အနီရောင် ပြောင်းသွားစေသည်။
သူက နန်းဆောင်အပြင်ဘက်မှ လူခြောက်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။
“ ဘာမှစိုးရိမ်စရာ မလိုဘူး။ ဒဏ်ရာနည်းနည်းပါပဲ ”
ထိုလူများက ထိုအရာကိုကြားကာ တုန်လှုပ်သည့် အမူအရာမျိုး ထွက်ပေါ်လာသည်။ ဤဟွင်းသွမ်းကမ္ဘာ၏ တစ်ယောက်တည်းသော သူတော်စင်အနေနှင့် သူတို့ဆရာသည် မည်မျှအားကောင်းကြောင်း သိထားကြသည်။ သို့သော် တစ်ယောက်ယောက် သို့မဟုတ် တစ်ခုခုက သူ့ကို ဒဏ်ရာပေးခဲ့သည်လား။
သို့သော်လည်း သူတို့အနေနှင့် ထိုလူက ဘာမှမပြောလိုသဖြင့် ဆက်မမေးကြတော့ပေ။ ထို့ကြောင့် ခြောက်ယောက်လုံးက ဦးညွှတ်လိုက်ပြီးနောက် သူတို့၏ ကျင့်ကြံရေးအခန်းဆီ ပြန်သွားလိုက်ကြသည်။
အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ဒိုင်းမေးရှင်းအနိမ့်တွင် ဝမ်ဝေ့က စိတ်ထဲ သတင်းစကားရလိုက်ပြီးနောက် တအံ့တဩ ဖြစ်သွားလေသည်။
ဘိုးဘေးဟုန်ကျွင်းတဲ့လား … ဒဏ္ဍာရီထဲက တစ်ယောက်လား …
အဲဆို ဖန်းဂူ၊ ပင်ကိုနတ်ဆိုးနတ်ဘုရား သုံးထောင်နဲ့ သူတော်စင်အားလုံးက အစစ်အမှန်တွေပေါ့ …
သူ့စိတ်ထဲ တစ်စုံတစ်ခု ဖြစ်လာသည်။ သူက သူ့ပြန်လည်ဝင်စားလာမှုသည် ထူးဆန်းကြောင်း အမြဲတမ်း တွေးနေမိခဲ့၏။ ပထမက သူ့ကို ဝါးမျိုသွားသည့် အာကာပြင် အက်ကြောင်း ဖြစ်သည်။
ထိုအရာက သူ့တိုက်ခန်းနားတွင် ဖြစ်လာခဲ့သည်။ ထို့အပြင် သူ့အလိုလိုသိစိတ်က သတိပေးဖို့ နောက်ကျခဲ့သည်။ အတိအကျဆိုရလျှင် သူက တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိလိုက်သည်နှင့် အာကာပြင် အက်ကြောင်းက ဝါးမျိုသွားခြင်း ဖြစ်၏။
သို့သော်လည်း ထိုအရာက အဓိကသံသယဝင်စရာ မဟုတ်သေးပေ။ အဓိကအကြောင်းအရင်းက သူ့မိသားစု ဖြစ်၏။ ဝမ်မျိုးနွယ်နှင့ တာအိုအခွင့်အလမ်းဂိုဏ်းကဲ့သို့သော အမွေဆက်ခံသူအဖြစ် မွေးဖွားလာခြင်းက အလွန်အမင်း ကံကောင်းခြင်းသာ ဖြစ်၏။
ကံကောင်းမှုအပေါ် သူ နားလည်ထားသလောက် သူသည် ထိုသို့သောနောက်ခံမျိုးဖြင့် ပြန်လည်ဝင်စားဖို့ မဖြစ်နိုင်ပေ။ ဝမ်ဝေ့၏ ကောက်ချက်ချမှုနှစ်ခုက အခြေအနေကို ရှင်းပြပြီးသား ဖြစ်၏။
ပထမတစ်ခုက ကမ္ဘာမြေမတိုင်ခင် သူသည် အားကောင်းသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့ပြီး ထိုစဉ်အချိန်မှ ကံကောင်းမှုက သူ့အား ထိုသို့သော နောက်ခံမျိုးဖြင့် မွေးဖွားလာအောင် ကူညီပေးခဲ့ခြင်း ဖြစ်လိမ့်မည်။
ဒုတိယတစ်ခုက တစ်ယောက်ယောက်က သူ့အား ကံကောင်းမှုအမြောက်အများ ချီးမြင့်လိုက်ခြင်း ဖြစ်၏။
ယခု သူက ဘိုးဘေးဟုန်ကျွင်းသည် သူ ပြန်လည်ဝင်စားလာမှု၏ အကြောင်းအရင်း ဖြစ်နိုင်ပြီး သူ့အား ကောင်းချီးပေးထားခဲ့သူ ဖြစ်နိုင်ကြောင်း နားလည်သွားသည်။ ထို့အပြင် တခြားကမ္ဘာများတွင် ပြန်လည်ဝင်စားခြင်းက သူ တစ်ယောက်တည်း မဟုတ်ကြောင်း ကောက်ချက်ချမိ၏။
သူက လူသားဧကရာဇ်အပေါ် သံသယရှိခဲ့သည်မှာ ကြာမြင့်လှလေပြီ။ သို့သော် ယခုအခါ အတည်ပြုနိုင်ပြီ ဖြစ်၏။
အဲဆို ဟုန်ကျွင်းက ကမ္ဘာမြေက လူတွေကို တခြားကမ္ဘာတွေဆီ ဘာလို့ပို့နေရတာလဲ … သူက တစ်ခုခု စီစဉ်နေတာလား
သူက ဖြစ်နိုင်ခြေများစွာကို တွေးမိသော်လည်း သတင်းအချက်အလက် မရှိသည့်အတွက် တကယ့်အဖြေမှန်ကို မစဉ်းစားနိုင်ပေ။ ထို့ကြောင့် ယခုလက်ရှိကိုသာ အာရုံစိုက်ထားလိုက်သည်။
သူက တားမြစ်ချက် ၁၃ ခုအနက် နှစ်ခုနှင့် ထိတွေ့ခဲ့ကြောင်း နားလည်သဘောပေါက်လိုက်သည်။ ပထမတစ်ခုက ဗလာနတ္ထိတာအို ဖြစ်ကာ သူ့အား သေလုနီးပါး ဖြစ်သွားစေခဲ့ကာ ဒုတိယတစ်ခုက သိပ္ပံနှင့် နည်းပညာ ဖြစ်၏။
သိပ္ပံနှင့် နည်းပညာက ဘာလို့ တားမြစ်ချက် ဖြစ်နေရတာလဲ …
ဝမ်ဝေ့က တွေးလိုက်မိသည်။ အင်အားပေါ် မူတည်၍ အစောပိုင်းနှင့် အလယ်အလတ်အချိန်ပိုင်းတွင် ကျင့်ကြံရေးနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။
နောက်ပိုင်းအချိန်များအတွက်မူ လက်ရည်တူ ဖြစ်လာနိုင်သည်။ သို့သော်လည်း ဝမ်ဝေ့က ကမ္ဘာမြေတုန်းက သူ ဖတ်ထားဖူးသည့် စိတ်ကူးယဉ်စာအုပ်များအပေါ် အခြေခံကာ ကောက်ချက်ချထားသည့်အတွက် သိပ်မသေချာပေ။ သူက သိပ္ပံနှင့် နည်းပညာသည် မည်မျှမြင့်မြင့်ရောက်နိုင်မလဲ သက်သေပြစရာ မရှိပေ။
ကမ္ဘာမြေက တစ်နည်းနည်းနဲ့ ထူးကဲနေတာပဲ …
သူက တခြားတားမြစ်ချက်များက ဘာဖြစ်မလဲနှင့် သူတို့ကြားမှ ဆက်နွယ်မှုအကြောင်း စဉ်းစားနေမိသည်။
နောက်ဆုံးတွင် သူက သူ့ရှေ့မှ အလယ်အလတ်ကမ္ဘာကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ တစ်နည်းနည်းဖြင့် သူက အသက်ရှင်ခဲ့လေပြီ။ နောက်ဆုံးသော အခိုက်အတန့်တွင် သူက ကမ္ဘာဦးစိတ်ဝိညာဉ်ပေါ်မှ သံကြိုးများကို ဖယ်ရှားပြီး ပြန်လည်ဝင်စားခြင်း မတိုင်ခင်မှ ဝိညာဉ်အင်အား အပြည့်အဝကို ရယူဖို့ ကြံစည်ထားခဲ့သည်။
ဝူဟုန်က သူအား မထိရန် သတိပေးထားခဲ့သော်လည်း သေခြင်းရှင်ခြင်း အချိန်အခါများတွင် တုံ့ဆိုင်းနေမည် မဟုတ်ပေ။ ထို့အပြင် သူက အနာဂတ်ဗုဒ္ဓကိုယ်အပေါ် စွမ်းအားအပြည့်သုံးကာ အနာဂတ်သူ့ဆီမှ စွမ်းအားယူဖို့အထိ စတေးဖို့ရာ ပြင်ဆင်ထားခဲ့သည်။
ဝမ်ဝေ့က အနာဂတ်သူသည် ထိုမျက်လုံးနှင့် ယှဉ်နိုင်မည့် အင်အားရှိလာမည့် ပုံစံအပေါ် လောင်းကြေးထပ်လိုက်ခြင်း ဖြစ်၏။ အကယ်၍ သူ ရှုံးနိမ့်သွားခဲ့လျှင် ကံကြမ္မာကို လက်ခံရုံသာ ဖြစ်၏။
အကျိုးဆက်အတွက်မူ သူက နောက်ပိုင်း ဖြေရှင်းနိုင်သည်။
***