ဝံပုလွေဘုရင်တောင်
Vol. 29 Ch. 396
“ဝံပုလွေဘုရင်တောင်က ကောင်စုတ်လေးပဲ ...” မုယင်ချောင်က ရေရွတ်လိုက်သည်။
ဖရီတက် “ဝံပုလွေနက်” ဟုခေါ်လိုက်သည့် မဟူရောင် အသားရောင်နှင့် မိန်းကလေးက ထရပ်လိုက်သည်။ သူမက မုယင်ချောင်ကို အေးစက်စွာ စိုက်ကြည့်ရင်း “မုယင်ချောင် ... ရှင် စကားပြောတဲ့အခါ ယဉ်ယဉ်ကျေးကျေး ပြောတာ ကောင်းလိမ့်မယ်။ ဒီမိန်းမအိုကြီးကို ရန်လာမစနဲ့ ...”
မုယင်ချောင်က ဂရုမစိုက်သည့်ဟန်ဖြင့် “ရန်စမိတော့ရော ဘာဖြစ်လဲ ... ကျုပ် မုယင်ချောင်က ဒီမှာ ရောက်နေတာ နှစ်ထောင်ချီနေပြီ။ ခင်ဗျား လုပ်ရဲရင် လာကိုက်လေ ... လာစမ်းပါ ...”
ဆက်ဆံရေးမှာ ခက်ထန်နေသော်လည်း အားလုံးက သူတို့ တစ်ယောက်နှင့် တစ်ယောက် တကယ် မတိုက်ခိုက်ကြမှန်း သိကြသည်။ ဤနေရာရှိ ဝိညာဉ်စွမ်းအားများမှာ နည်းပါးသောကြောင့် ရှင်သန်ဖို့ရန် ခက်ခဲလှပေသည်။ အဓိပ္ပာယ်မရှိသည့် တိုက်ပွဲအတွက် မည်သူက စွမ်းအားကို ဖြုန်းတီးကြမည်နည်း။
“ကျမမှ တကယ် ရှင့်ကို မကိုက်နိုင်တာ ... ဒါပေမဲ့ အခုတော့ ရှင်တို့ ကျန်းရှင်းရဲ့ မြေကို ပြန်ပေးသင့်ပြီ” ဝံပုလွေနက်က စိတ်မဆိုးသော်လည်း သူမအသံမှာ အေးစက်စက် ဖြစ်နေဆဲ ဖြစ်သည်။
ကျန်းရှင်းမှ ကျင့်ကြံသူအချို့က ပြန့်ရွမ်းပိကို လှည့်ကြည့် လိုက်ကြသည်။ ပြန့်ရွမ်းပိမှာ စိတ်အတွင်းမှ သက်ပြင်းချလိုက်ပြီး အစွန်းဆုံးတွင် ထိုင်နေသည့် ကျင့်ကြံသူကို ညွှန်ကြား လိုက်တော့သည်။
“ချွမ်းဟယ် ... သူတို့ကို နေရာ ပြန်ပေးလိုက် ...”
ချွမ်းဟယ် အမည်ရှိ ကျင့်ကြံသူမှာ ခြေသလုံးအိမ်တိုင် ကျင့်ကြံသူနှင့် တူပေသည်။ သူက သာမန်သွင်ပြင်ရှိကာ သူ့သွင်ပြင်ကို သိပ်ဂရုစိုက်ဟန်လည်း မပေါ်ပေ။
သူက ပြန့်ရွမ်းပိ စကားများကို ကြားပြီးနောက် သက်ပြင်း ချလိုက်တော့သည်။ သို့သော်လည်း သူက များများစားစား မပြောဘဲ ထရပ်ကာ အတွင်းဘက် လျှောက်လှမ်း သွားလိုက်သည်။
ကျန်းရှင်း ကျင့်ကြံသူများမှာ နေရာကျပ်နေပြီ ဖြစ်ရာ သူတို့ကြားတွင် အပိုနေရာမရှိဘဲ တင်မလှည့်သာ ခေါင်းမလှည့်သာ ဖြစ်နေလေပြီ။
မည်သူကမျှ ပြန့်ရွမ်းပိ အပြုအမူကို မှားယွင်းနေသည်ဟု မခံစားမိကြပေ။ အကြောင်းမှာ လော့ချွမ်းဟယ်နေရာမှာ မူလကတည်းမှ ဝံပုလွေဘုရင်တောင် အပိုင် ဖြစ်လေသည်။ လော့ချွမ်းဟယ် ရောက်ရှိ လာသောကြောင့် ကျန်းရှင်းမှာ အင်အား ပိုကောင်းလာ၍ ဝံပုလွေ ဘုရင်တောင်မှ နေရာကို လုယူထားခြင်း ဖြစ်သည်။ ယခုအခါ ဝံပုလွေဘုရင်တောင်မှ တစ်ယောက် ရောက်လာပြီ ဖြစ်၍ သူတို့က နေရာ ဆုံးရှုံးခံလိုက်ရသည် မဟုတ်ဘဲ ပြန်ပေးလိုက်ရုံသာ ဖြစ်၏။
အကယ်၍ သူတို့သာ လက်မလျှော့လျှင် ဤနေရာတွင် တိုက်ပွဲ သေချာပေါက် ဖြစ်လာလိမ့်မည်။ အပိုင်းသုံးခုမှာ အချိုးအစား ညီနေလေပြီ။ ယခုအခါ ဝံပုလွေဘုရင်တောင်၌ တစ်ယောက် ထပ်ရောက် လာသောကြောင့် မျှခြေ ကျိုးပျက်သွားသည်။ ထို့ကြောင့် နေရာကို ပြန်ပေးလိုက်ခြင်းက အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်၏။
ဤချောက်နက်အတွင်း ဆင်းသက်လာသူမှာ တစ်ခေါင်းလုံး နီနေသည့် ဆံပင်များနှင့် ခပ်ထွားထွား အမျိုးသား တစ်ဦး ဖြစ်ပေသည်။ သူက ဤချောက်နက်အတွင်းက လူတွေကို တန်းမြင်လိုက်ရသည်။
သူက ဤနေရာရှိ အားလုံးမှာ သူ့ထက် အားနည်းသည့်သူ မပါမှန်း သတိထားမိ သွားသည်။ တချို့လူများ၏ အရှိန်အဝါအရ သူ့ထက်ပင် အားကောင်း နေသေးသည်။
ထို့နောက် သူက ဝံပုလွေနက်ကို သတိပြုမိသွားကာ အံ့ဩတကြီး မေးလိုက်သည် “ခင်ဗျားက သခင်ဝံပုလွေနက်လား ...”
ခပ်ပုပု၊ ခပ်ပိန်ပိန် မဟူရောင်အသားရေ ပိုင်ရှင် အမျိုးသမီးက ခေါင်းညိတ်ကာ “ငါ မင်းအတွက် နေရာ ဦးပေးထားတယ်။ ဒီမှာ လာထိုင် ... အခုကစပြီးတော့ မင်းနေရာ ဖြစ်သွားပြီ ...”
ဒီချောက်နက်ထဲမှာ ထိုင်ရမှာလား ... အခုကစပြီးတော့ သူ့နေရာလား ...
ကန်ရွှယ်က နည်းနည်း ကြောင်သွားသည်။
သူက ဝံပုလွေဘုရင်တောင် နောက်ဆုံးမျိုးဆက်မှ ဂုဏ်သိက္ခာ ကြီးမားသည့် ဝံပုလွေဘုရင်ကြီး ဖြစ်ကာ ဒီနေရာလေးက သူ့ကျင့်ကြံဖို့ အတွက်တဲ့လား ...
သူက မျက်မှောင်ကြုတ်ကာ စိတ်စွမ်းအား ထုတ်လွှင့်လိုက်သည်။
မကြာခင်တွင် သူက အတော်လေး တုန်လှုပ်မိသွားသည်။ သူ့စိတ်စွမ်းအားမှာ သူ့ခန္ဓာကိုယ်အထဲသာ လှည့်ပတ်နေပြီး ထွက်မလာနိုင်ချေ။ သူက ချက်ချင်း ခြေမြှောက်ကာ ဤချောက်မှ ထွက်သွားဖို့ရာ ကြိုးစားလိုက်သည်။ သို့သော်လည်း သူ့ခြေထောက်မှာ တစ်မီတာလောက်သာ မြင့်တက်လာသည်။
သဘာဝစွမ်းအား သို့မဟုတ် စိတ်စွမ်းအားမှာ ဤနေရာတွင် တန်ဖိုးရှိ အရာများ ဖြစ်သည်။
ကန်ရွယ် မျက်နှာမည်းမှာ ဖြူဖျော့လာလေသည်။ သူက သခင်ဝံပုလွေနက် စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည် သဘောပေါက်သွားဟန် ရှိသည်။ ဤချောက်နက်အတွင်း ဝင်ရောက်ပြီးသည်နှင့် ထွက်သွားဖို့ရာ မဖြစ်နိုင်တော့ချေ။
ဝံပုလွေနက်က အေးစက်စွာ ပြောလိုက်သည် “မင်းကိုမင်း အရှက်ခွဲမနေနဲ့တော့ ... ငါတို့တွေ ဝင်လို့ပဲ ရတယ်။ ထွက်သွားလို့ မရဘူး။ ဒီနေရာလေးပဲ ရှိတာ ပြီးတော့ ဝိညာဉ်စွမ်းအား အချို့က မင်းရဲ့ စိတ်စွမ်းအား ကျန်ရှိနေဖို့ နဲ့ သက်တမ်းကို ကာကွယ်ထားဖို့ လုံလောက်ပါတယ် ...”
ထိုအကြောင်းမှာ အားလုံး အေးအေးချမ်းချမ်း နေနေရသည့် အကြောင်းအရင်း ဖြစ်ပေသည်။ ဤချောက်မှာ ထိုမျှသာကျယ်ဝန်း၍ တိုက်ပွဲ ဖြစ်ပါက အသက်ရှင် ကျန်ရစ်သူအတွက် နေစရာ နေရာ ကျန်ရစ်မည် မဟုတ်ပေ။
ကန်ရွယ်က နားလည်သွားကာ သူ့မျက်နှာမှာ ပို၍ပင် ဖြူဖျော့လာသည်။ သူက မည်သူမျှ ဟင်းလင်းပြင်ကို မချိုးဖောက်နိုင်သည့် အကြောင်းကို နားလည်သွားတော့သည်။ အားလုံးက ဤနေရာတွင် ပိတ်မိနေကြခြင်း ဖြစ်ပေသည်။
သူက စီနီယာတွေနဲ့ လမ်းကြောင်း အတူတူ လျှောက်လှမ်းမိပြီလား ...
သူက ဟင်းလင်းပြင် ချိုးဖောက်တော့မည့် ထူးဆန်းသည့် ခံစားချက် ခံစားခဲ့ရသော်လည်း ဤမလွတ်မြောက်နိုင်သည့် အာကာသ ချောက်နက်အတွင်း ပိတ်မိနေလိမ့်မည်တော့ လုံးဝ ထင်မထားပေ။
“အာကာသ သားရဲတွေနဲ့ ကူနို့ကြယ်တာရာ ကျင့်ကြံသူတွေကို သန်းပေါင်းများစွာ သတ်နိုင်ခဲ့တဲ့ ကျန်းရှင်းက ကျင့်ကြံသူ ရှိလား။ သူက လောကအဆင့်ဇယားရဲ့ အဆင့် ၁ ရော ရောက်ရဲ့လား” ဝံပုလွေနက်က ကန်ရွယ်ခေါင်းထဲမှ အတွေးများကို စိတ်ထဲ မထားဘဲ ပြန့်ရွမ်းပိနှင့် အခြားလူများ ပြောနေကြသည့် အကြောင်းအရာကို စုံစမ်းကြည့်လိုက်သည်။ သူမက အာကာသ သားရဲများကို သတ်၍ လောကအဆင့်ဇယား အဆင့် ၁ ရသွားသည့် လူသစ်လေးကို အမှန်ပင် သိချင်မိသည်။
“ဒီလိုလူ ရှိတယ်လား” ထိုမေးခွန်းများကို ကြားသည့်အခါ ကန်ရွယ်ပင် အံ့ဩမိသွားသည်။ အစပိုင်းတွင် သူက မိုဝူကျီ ပုန်းနေသည့် နေရာကို ရှာဖို့ရန် ဝံပုလွေဘုရင်တောင်က ထွက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း မိုဝူကျီကို မရှာနိုင်ခဲ့ချေ။ ထို့ကြောင့် ကြယ်တာရာတိုက်ပွဲသို့ ပြန်လာပြီး ကူနို့ကြယ်တာရာတပ်နှင့် အာကာသ သားရဲများကို လောကခန်းမ ဝင်စီးနိုင်အောင် ကူညီပေးခဲ့သည်။
သူက ကျန်းရှင်းသို့ ဝင်ပြီး အားလုံးကို ဖျက်ဆီးပစ်ခါနီးတွင် ဝံပုလွေ ဘုရင်တောင်မှ သူ့သားရဲများက သတင်း သယ်ဆောင်လာသည်။ ထိုသတင်းမှာ အာကာသ အတွင်း ဂျင်ဆင်းဘုရင် ပေါ်လာသည့် အကြောင်း ဖြစ်သည်။ ထို့အပြင် ပုံရိပ်ယောင်လူသား ခန္ဓာအဖြစ် ဖန်တီးနိုင်သည့် ဂျင်ဆင်းဘုရင် ဖြစ်ပေသည်။
လူခန္ဓာ ဖန်တီးနိုင်သည့် ဂျင်ဆင်းဘုရင် ဖြစ်သည့်အတွက် ကန်ရွယ်အနေနှင့် ထိုအခွင့်အရေးကို မည်သို့ လက်လွတ် ခံရမည်နည်း။ သူက ကျန်းရှင်းက ထွက်သွားပြီး ဂျင်ဆင်းဘုရင်ကို လိုက်ဖမ်းဆီးဖို့ရာ တွေဝေမနေပေ။
မကြာခင်တွင် ဂျင်ဆင်းဘုရင်ကို ဖမ်းမိသွားလေ၏။ သို့သော် သူက ဂျင်ဆင်းဘုရင်ကို အရသာမခံရသေးခင် တောက်ပလွန်းသည့် အလင်းကို မြင်လိုက်ရခြင်း ဖြစ်သည်။
“အမှန်ပဲ ... မင်းက ဝံပုလွေဘုရင်တောင်က မဟုတ်ဘူးလား။ မင်းဆီမှာ ဝံပုလွေဘုရင်သွေးကို မြင်ပါတယ်။ မင်းက ဝံပုလွေဘုရင်တောင် လက်ရှိ ဝံပုလွေဘုရင်မလား။ ဘယ်လိုလုပ် မသိရတာလဲ ...” ဝံပုလွေနက် မျက်နှာမှာ ပိုပို၍ မည်းနက်လာသည်။ သူမက ပြန့်ရွမ်းပိနှင့် အခြားလူများသည် ထိုကိစ္စနှင့် ပတ်သက်၍ လိမ်ညာလိမ့်မည် မဟုတ်ကြောင်း ယုံကြည်သည်။ အကယ်၍ ဝံပုလွေဘုရင်တောင်က ထိုကိစ္စကို မသိပါက သူက အသုံးမကျသည့် ဝံပုလွေဘုရင်သာ ဖြစ်လိမ့်မည်။
ကန်ရွယ်က မြန်မြန် ပြောလိုက်သည် “မဖြစ်နိုင်တာ ... ကျုပ်မှန်းတာသာ မမှားရင် ကျန်းရှင်းက အခု ကျုပ် ဝံပုလွေဘုရင်တောင်နဲ့ ကူနို့ကြယ်တာရာတပ် ပူးပေါင်းမှုအောက် ရောက်နေလောက်ပြီ ...”
“သောက်ရေးမပါတာ”
လော့ချွမ်းဟယ်က ဒေါသတကြီး ထရပ်လိုက်သည်။ သူက ကြယ်တာရာ ဘုရင်တောင်မှ ကြယ်တာရာသခင် ဖြစ်ခဲ့ဖူးသည့်အတွက် ကျန်းရှင်းကို ကာကွယ်ဖို့ရန်က ကြယ်တာရာ ဘုရင်တောင်၏ တာဝန် ဖြစ်ပေသည်။ ယခုအခါ ကျန်းရှင်းကို နယ်ခြား အင်အားစုက သိမ်းပိုက်သွားသည်ဟု ကြားသောအခါ ထိုစကားအပြင် တခြား ဘာပြောရမည်နည်း။
ပြန့်ရွမ်းပိက လက်ပြကာ
“ချွမ်းဟယ် သူ့စကားတွေကို အရေးစိုက်မနေနဲ့။ တကယ်လို့ ကျန်းရှင်းသာ နယ်ခြား အင်အားစုလက်ထဲ ကျရောက်သွားရင် လောကအဆင့်ဇယားရဲ့ အဆင့်တစ် ပေါ်လာမှာ မဟုတ်ဘူး ...”
လော့ချွမ်းဟယ်က ခေါင်းညိတ်ပြကာ ကျန်းရှင်း သေချာပေါက် သိမ်းပိုက်မခံရမှန်း သူ ယုံကြည်ထားသည်။ ပြန့်ရွမ်းပိ ပြောသည်က မှန်ကန်ပေသည်။ အကယ်၍ ကျန်းရှင်းသာ သူများလက်အောက် ကျရောက်သွားပါက အဆင့်တစ်က ဘယ်နေရာက ရောက်လာမည်နည်း။
ထို့အပြင် လောကတိုင်မှာ ထိုးဖောက်ဖို့ရာ ခက်ခဲသည့်အတွက် နာမည်ကျော်ကြားပေသည်။ သူက လောကတိုင်ကို ထိုးဖောက်နိုင်သည့်သူ ရှိမှန်း မယုံကြည်ပေ။
ကန်ရွယ်က ရုတ်တရက် တစ်ခုခု တွေးမိသွားဟန် ပေါ်သည်။ သူ့မျက်နှာမှာ ပြောင်းလဲသွားကာ ဒေါသတကြီး လွတ်မြောက်ဖို့ရာ ကြိုးစားတော့သည်။ သို့သော်လည်း ဤနေရာမှာ အဝင်သာရှိပြီး အထွက်မရှိသည့် နေရာတစ်ခု ဖြစ်ပေသည်။
ဝံပုလွေနက်ပင် မေးဖို့ရာ စိတ်ထဲ မထားတော့ဘဲ မျက်လုံးကို ပိတ်၍ ထိုင်နေတော့သည်။
***
မိုဝူကျီက ဂြိုဟ်အကြီးကြီး အပြင်ဘက်တွင် ရပ်လိုက်သည်။ ဤဂြိုဟ်မှာ အာကာသအတွင်း မျောနေပြီး ကြည့်ရသည်မှာ တောင်ကြီးတစ်လုံးနှင့် တူပေသည်။
ထိုအရာက မိုဝူကျီကို အံ့ဩသွားစေသည်။ ကျယ်ပြောလှသည့် စကြဝဠာကြီးမှာ အမှန်ပင် ထူးဆန်း အံ့ဖွယ်များနှင့် ပြည့်နှက်နေသည်။ သူက ဂြိုဟ်များမှာ လုံးဝန်းနေမည် ဆိုသည့် အချက်ကိုတော့ သေချာလေ၏။ အကယ်၍ ဂြိုဟ်တစ်လုံးက အပြည့်အဝ လုံးဝန်းပုံစံ မဟုတ်လျှင်ပင် စက်လုံးပုံစံတော့ ရှိနေဆဲ ဖြစ်သည်။
သို့သော်လည်း ဤဂြိုဟ်မှာ တောင်ကြီးတစ်လုံး ဖြစ်နေသည်။ တခြားနည်းဖြင့် ဆိုရလျှင် အဝေးမှ ကြည့်လျှင် အာကာသအတွင်းမှာ ရှိနေသည့် ဂြိုဟ်တစ်လုံးနှင့်တော့ တူသေး၏။ ဤတောင်မှာ အင်မတန် ကြီးမားလှသည်။
သူ့အာကာသ တည်နေရာပြ အလုံးအရ ဤဧရာမတောင်ကြီးမှာ ဝံပုလွေဘုရင်တောင် ဖြစ်ပေလိမ့်မည်။
သူက အနီးမရောက်ခင် ထွက်ပေါ်နေသော ဝိညာဉ်စွမ်းအားများကို ခံစားမိနေသည်။
အာကာသ သားရဲများ မရေတွက်နိုင်အောင် ပေါများနေခြင်းမှာ အံ့ဩစရာတော့ မဟုတ်ချေ။ ဤနေရာမှာ ပူပူနွေးနွေး အိပ်ရာကဲ့သို့ ဖြစ်နေသည်။ သူ့စိတ်စွမ်းအားဖြင့် ဝံပုလွေဘုရင်တောင်ကို စစ်ဆေးကြည့်လိုက်သည့်အခါ အဆုံးမဲ့သော ဝိညာဉ်စွမ်းအားများမှလွဲ၍ ဝံပုလွေဘုရင်တောင်မှာ သာမန်ဂြိုဟ်များကဲ့သို့ ဖြစ်သည်။
သို့သော်လည်း ဝံပုလွေဘုရင်တောင်တွင် သားရဲအချို့သာ ရှိနေသည်။ သူ တွေးထားသည့်အတိုင်း သားရဲများနှင့် ပြည့်နှက်မနေပေ။
သို့သော်လည်း မိုဝူကျီအတွက် အံ့ဩစရာတော့ မဟုတ်ချေ။ နျူမန် လွတ်မြောက် သွားပြီးနောက်တွင် ဤနေရာသို့ ပြန်ရောက်လာခြင်းသာ ဖြစ်ရမည်။ နျူမန်သာ နုံအ မနေပါက ကျန်းရှင်းမှာ ဝံပုလွေဘုရင်တောင်ကို လက်လွတ်ပေးမည် မဟုတ်မှန်း သိလိမ့်မည်။ သူ့အတွက် ဝံပုလွေဘုရင်တောင်မှ အာကာသ သားရဲများကို နေရာရွှေ့ပြောင်းလိုက်ခြင်းက ပုံမှန်ကိစ္စ ဖြစ်ပေသည်။
ဝံပုလွေဘုရင်တောင်ကို အတော်ကြာ ငေးကြည့်နေပြီးနောက် မိုဝူကျီက သက်ပြင်း ချလိုက်တော့သည်။ သူ မရောက်ခင် ဤနေရာကို မြေကြီးအဖြစ် ဖြိုချရန် ဆုံးဖြတ်ထားခဲ့သည်။
သို့သော်လည်း ဝံပုလွေဘုရင်တောင်မှာ အတော်လေး ကြီးမားပေသည်။ တကယ်တော့ ဂြိုဟ်တစ်လုံး ဖြစ်နေပေ၏။ သူ့လောက အင်မော်တယ်အဆင့် ၄ စွမ်းရည်လေးဖြင့် ဤနေရာကို ဖျက်ဆီးပစ်ဖို့ရန် မည်မျှ ကြာမြင့်မည်နည်း။ သူ့ရောင်ခြည် အမြောက်မြားကိုတော့ မိုဝူကျီက သုံးရန် မရည်ရွယ်ပေ။
သူက အကြီးဆုံး ရောင်ခြည်အမြောက် ထုတ်ယူလျှင်ပင် ဝံပုလွေဘုရင်တောင်ကို ဖျက်ဆီးပစ်ရန် မလုံလောက်သေးပေ။ သူက အမြောက် ဆယ်ချက်စာလောက် ပစ်လွှတ်မှသာ ဖြစ်ပေလိမ့်မည်။
သို့သော် မိုဝူကျီက ဤစိတ်ကူးကို ချက်ချင်း ခေါင်းထဲမှ ထုတ်လိုက်သည်။ ဝံပုလွေဘုရင်တောင်အတွက် သူ့အမြောက်ယမ်းစာများကို ဖြုန်းတီးပစ် နိုင်လောက်သည့်အထိ မတုံးအပေ။
အကယ်၍ သူက ဝံပုလွေဘုရင်တောင်၌ ဖျက်ဆီးရေး အစီအရင် တပ်ဆင်ချင်သော်လည်း အချိန်အတော် ကြာမြင့်ပေလိမ့်မည်။ သူ့လက်ရှိ စွမ်းရည်နှင့် အမြန်နှုန်းအရ သူက အစီအရင် ပြီးစီးဖို့ရာ အနည်းဆုံး တစ်နှစ်ခွဲလောက် အချိန်ယူရပေလိမ့်မည်။
မိုဝူကျီက မျက်မှောင်ကြုတ်ကာ ဝံပုလွေဘုရင်တောင်ကို ဖျက်ဆီးပစ်နိုင်မည့် နည်းလမ်းကောင်းကို မစဉ်းစားနိုင်တော့ပေ။
ထိုစဉ် သင်္ဘောပျံ တစ်စင်း ရွေ့လျားလာလေ၏။
အစပိုင်းတွင် မိုဝူကျီက များများ မတွေးထားသော်လည်း ထိုသင်္ဘောပျံမှာ ဝံပုလွေဘုရင်တောင်ဆီ ဦးတည်နေမှန်း သိလိုက်သည်။ နောက်အခိုက်အတန့်လေး၌ ထိုသင်္ဘောပျံမှာ သူ့ကို ကျော်လွန်သွားလေ၏။
သို့သော်လည်း အသက်ရှူကြိမ် အနည်းငယ် အကြာတွင် ထိုသင်္ဘောပျံမှာ မိုဝူကျီနှင့် မနီးမဝေးတွင် ဆင်းသက်လိုက်သည်။
သင်္ဘောပျံကို သိမ်းလိုက်ပြီး လှပကြော့ရှင်းသည့် ဆံပင်ဖြူနှင့် မိန်းကလေး တစ်ယောက် ထွက်လာသည်။
မိုဝူကျီက အလှလေးများကို မြင်ဖူးနေကျ ဖြစ်သည့်အပြင် သူ့နှလုံးသားတွင် မည်သူမျှ အစားထိုးမရသည့် ချိန်စုယင်လည်း ရှိနေသေးသည်။ ဤဆံဖြူ မိန်းကလေးမှာ အတော်လေး လှပသော်လည်း သူ့အတွက်တော့ ဘာမျှမဟုတ်ချေ။
“ရှင်က ဘယ်သူလဲ။ ဒီနေရာမှာ ဘာလုပ်နေတာလဲ ...” ဆံဖြူ မိန်းကလေးက မိုဝူကျီဆီ လျှောက်လှမ်းလာကာ အေးစက်စွာ မေးလိုက်သည်။
မိုဝူကျီက မျက်မှောင်ကြုတ်ကာ “ဒါက အာကာသပဲ ... ဘယ်သူမဆို ရပ်နေခွင့် ရှိတယ် ...”
ဆံဖြူ မိန်းကလေးက မိုဝူကျီကို ခြုံငုံကြည့်လိုက်ပြီးနောက် “ဝံပုလွေဘုရင်တောင်က သားရဲတွေက ကျမ စီနီယာကို သတ်ပစ်ခဲ့တယ်။ ကျမလည်း ဒီတိရစ္ဆာန်တွေကို သတ်ပြီးတော့ ဒီနေရာကို ဖျက်ဆီးပစ်ချင်တယ် ... ဘေးဖယ်နေပါ ...”
မိုဝူကျီက တွေဝေမနေဘဲ နောက်ဆုတ် ပေးလိုက်သည်။
သူက ဤမိန်းကလေးမှာ အနည်းငယ် ထူးခြားကြောင်း ခံစားမိနေသည်။ သူက ချီသွေးကြော ၁၀၆ ခုဖွင့်ထားပြီး လောက အင်မော်တယ်အဆင့် ၄ ရောက်နေပြီ ဖြစ်၏။ မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူ သူ့ရှေ့ ရောက်လာလျှင်ပင် သူက တစ်ဖက်လူ၏ ကျင့်ကြံဆင့်ကို မြင်နိုင်ဆဲ ဖြစ်သည်။
သို့သော်လည်း ဆံဖြူ မိန်းကလေးမှာ သူ့အတွက် အစိမ်းသက်သက် ဖြစ်နေ၏။ သူမက လောက အင်မော်တယ်အဆင့်သို့ တက်လှမ်းလာခါစ ဖြစ်ဟန် ပေါ်သော်လည်း ကျူးချူထက်ပင် ဆိုးရွားသည့် ခံစားချက်ကို ပေးစွမ်းနေသည်။
ကျူးချူ စွမ်းအား အစစ်အမှန်မှာ မြေကမ္ဘာအင်မော်တယ် နောက်ပိုင်းအဆင့်များနှင့် တူနေပြီ ဖြစ်၏။ အကယ်၍ ဤမိန်းကလေးသာ ထို့ထက် ပိုကြောက်ဖို့ ကောင်းနေပါက သူမက ပြီးပြည့်စုံခြင်းအဆင့် သို့မဟုတ် မြေကမ္ဘာအင်မော်တယ် အဆင့်ထက် ပိုမြင့်သည့် အဆင့်တစ်ခုသို့ ရောက်နေပြီလား ...
“ခဏ ... ရှင်က ဒီမှာ ရှိနေတာ ဝံပုလွေဘုရင်တောင်ကမလို့ မလား ... ဝံပုလွေဘုရင်တောင်က ဆိုရင် ကျမ ရှင့်ကို လွှတ်မပေးနိုင်ဘူး ...” ဆံဖြူ မိန်းကလေးက ရုတ်တရက် မိုဝူကျီကို ခက်ထန်စွာ ပြောလိုက်သည်။
မိုဝူကျီက စိတ်ထင့်သွားလေသည်။ ဤမိန်းကလေးက သူနှင့် တိုက်ဖို့ရာ တမင် အကြောင်းရှာနေဟန် ပေါ်နေ၏။
***