သိပ္ပံခေတ်
Vol. 35 Ch. 484
ဝူဖန်နှင့် သူမ၏ လက်အောက်ငယ်သားများက အခန်းတစ်ခုအတွင်း မတ်တပ်ရပ်ကာ သံလိုက်ကို အသုံးပြု၍ လျှပ်စီးထုတ်လွှတ်မှုကို ကြည့်နေကြသည်။ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် အကြီးအကဲတစ်ဦးက သက်ပြင်းချကာ ပြောလိုက်သည် “ သေမျိုးတွေက ကျင့်ကြံရေး မရှိဘဲ ကောင်းကင်မိုးကြိုးစွမ်းအားကို လုပ်နိုင်သွားတယ်ဆိုတာ မယုံနိုင်ဘူး”
တခြားလူများကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။ အားကောင်းသည့် ကျင့်ကြံသူများအနေဖြင့် သေမျိုးများကို အထင်သေးကာ အားနည်းပြီး မသိတတ်ဘဲ တုံးအသည်ဟု တွေးထင်ကြသည်။ သို့သော် ယခုတွင် သေမျိုးများ မဖွံ့ဖြိုးနိုင်သည့် အကြောင်းအရင်းက သူတို့ဖြစ်နေကြောင်း သဘောပေါက်သွားလေသည်။
တစ်ယောက်က ပြောလိုက်၏ “ ကောင်းကင်စမ်းသပ်ချက်နဲ့ ဘာမှယှဉ်စရာ မရှိဘူး”
သို့သော် မည်သူကမှ သူနှင့် စကားပြိုင် မပြောကြပေ။ လူတချို့က ကျင့်ကြံသူများအစား သာမန်လူများက ခေတ်သစ်ကို ဦးဆောင်နေသည့်အချက်ကို လက်ခံဖို့ အခက်တွေ့နေကြသေး၏။
ဝူဖန်က ထိုလူများ၏ ငြင်းခုန်မှုကို လျစ်လျူရှုကာ တခြားစမ်းသပ်ရေး အခန်းဆီ သွားလိုက်သည်။
“ ဘယ်လိုအခြေအနေရှိလဲ” သူမက သာမန်အမျိုးသမီးနှင့် တူသည့် ခေါင်းဆောင်အား ကြည့်ကာ မေးလိုက်သည်။
“ ကျွန်မတို့ အတွင်းပိုင်း လောင်ကျွမ်းရေးစက်ကို ပြန်လည်ဖန်တီးပေမဲ့ မအောင်မြင်သေးဘူး။ ကြည့်ရတာ ဓာတ်ဆီအဖြစ် အသုံးပြုရမဲ့ ပစ္စည်းမတွေ့သေးဘူး”
ဝူဖန်က ခေတ္တမျှ အတွေးထဲ နစ်မြောသွားသည်။
“ အရှင်မ ရေနွေးငွေ့အင်ဂျင်နဲ့ အစပြုတာ ပိုပြီးလွယ်ကူတယ် မဟုတ်ဘူးလား။ အဲဒီနောက်မှ အတွင်းပိုင်း လောင်ကျွမ်းရေးအင်ဂျင်ကို စတင်ဖို့ လျှပ်စစ်အထိ ဖွံ့ဖြိုးတိုးတက်အောင် လုပ်လိုက်ရင်ရော” သူမ၏ နောက်လိုက်တစ်ယောက်က မေးလိုက်သည်။
“ ငါ ဒီဆုံးဖြတ်ချက် ချပြီးသွားပြီ”
“ ငါတို့ရဲ့ သူလျှိုအရ နယ်မြေခြောက်ခုက ပထမဆုံး ရေနွေးငွေ့အင်ဂျင်ကို ဖန်တီးနိုင်ဖို့ အတော်နီးကပ်နေကြပြီတဲ့။
ငါ မင်းတို့အားလုံးကို ရှင်းပြပြီးသွားပြီ။ မသေမျိုးအရှင်က ကမ္ဘာကို ရေနွေးငွေ့ခေတ်ကနေ သတင်းအချက်အလက် နည်းပညာခေတ်အထိ ဖွံ့ဖြိုးတိုးတက်လာတာကို ကြည့်ချင်တာ မဟုတ်ဘူး။ သူက သတင်းအချက်အလက် နည်းပညာခေတ်ကို မြန်မြန်ရောက်စေချင်တာ။ အဲဒါကြောင့် ရေနွေးငွေ့အင်ဂျင်က အချိန်ကြာလာရင် စွန့်ပစ်ခံရမယ်ဆိုတာ သိထားမှတော့ လုပ်နေစရာ မလိုဘူး”
သူမက ခေတ္တမျှ ရပ်ဆိုင်းသွားပြီး “ တကယ်တော့ ငါတို့တွေ အတွင်းပိုင်း လောင်ကျွမ်းရေး အင်ဂျင်ကိုလည်း ဖယ်ထုတ်လိုက်လို့ ရတယ်။ ဖယ်ထုတ်လိုက်ပြီးတော့ လျှပ်စစ်ကို ဖန်တီးပြီး ဆိုလာနဲ့ လေစွမ်းအားလိုမျိုး အခြားစွမ်းအားတွေအပေါ် အာရုံစိုက်ထားသင့်တယ်။ အဲဒီနောက် ငါတို့တွေ နူးကလီးယား စွမ်းအားကို ဖန်တီးနိုင်လိမ့်မယ်”
ဝူဖန်က သူမ၏ စိတ်ထဲမှ သတင်းအချက်အလက်များဖြင့် နည်းပညာ သမိုင်းကြောင်းကို ခေတ်အမျိုးမျိုး ခွဲခြားထားကြောင်း သိသည်။ ရေနွေးငွေ့ခေတ်၊ လျှပ်စစ်ခေတ်၊ ဆီခေတ်၊ အဏုမြူခေတ်နှင့် သတင်းအချက်အလက် နည်းပညာခေတ်တို့ ဖြစ်ကြသည်။
ခေတ်တစ်ခုချင်းစီတွင် သူတို့ကို ရည်ရွယ်ထားသည့် နည်းပညာ ဖွံ့ဖြိုးမှုအသီးသီး ရှိ၏။ သို့သော်လည်း အခြေအနေတစ်ခုလုံးကို တွေးကြည့်လိုက်သည့်အခါ ဝူဖန်က ဆီခေတ်သည် ယာယီမျှသာဖြစ်ပြီး တခြားသော စွမ်းအင်အမျိုးအစားက ဓာတ်ဆီအစားထိုး ဝင်ရောက်မလာခင်အထိသာ ဖြစ်ကြောင်း သိလိုက်ရသည်။
သို့သော်လည်း ဤသည်က ကိစ္စ မဟုတ်ပေ။ သူမက အကြောင်းအရင်း အတိအကျကို မသိသော်လည်း ခန့်မှန်းမိလေသည်။ ပညာရှင်များက ဓာတ်ဆီသည် စက်ရုံအတွက် အကျိုးပြု၍ ပင်မစွမ်းအင်အဖြစ် ကျန်ရှိနေမည်ဖြစ်ကြောင်း အာမခံကြသည်။
ဝူဖန်က ထိုအရာများမှတဆင့် မသေမျိုးအရှင်အကြောင်း ကောက်ချက်ချနိုင်လိုက်သည်။ သူမက ထိုလူသည် သိပ္ပံနှင့် နည်းပညာကမ္ဘာကို မြင်တွေ့ခဲ့ဖူးသော်လည်း အကြောင်းအရင်းတချို့ကြောင့် မရရှိနိုင်ကြောင်း သဘောပေါက်လိုက်၏။ ထို့ကြောင့် သူက ပြန်လည်ဖန်တီးဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“ အရှင်မ ဒါက အရမ်းကို စွန့်စားလွန်းရာကျတယ်”
“ ငါ သိတယ်။ ဒါပေမဲ့ ငါတို့က တခြားသူအပေါ် အရေးသာချင်ရင် စွန့်စားရမယ်”
ဝူဖန်က ထိုစကားများပြောလိုက်သည်နှင့် ကျင့်ကြံသူများက ဝေဟင်တွင် တစ်စုံတစ်ခု ပြောင်းလဲသွားသည်ကို ခံစားမိလိုက်သည်။ ထို့ကြောင့် သူတို့က အပြင်ဘက်သို့ ထွက်ကာ မော့ကြည့်လိုက်ကြ၏။
“ နယ်မြေခြောက်ခုက ရေနွေးငွေ့အင်ဂျင်ကို ဖန်တီးနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်”
မင်္ဂလာကောင်းချီး တိမ်တိုက်များနှင့် မသေမျိုးအသံများက ကောင်းကင်အထက် နာရီဝက်ကြာ ပဲ့တင်ထပ်နေလေသည်။ ထို့နောက် နှစ်ပိုင်းခွဲထားသည့် စာလိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုစာလိပ်တွင် ဖန်တီးမှုအပေါ် အကျိုးပြုထားသည့် လူများ၏ စာရင်းဖြစ်ကာ သူတို့နာမည်၏ နောက်တွင် နံပါတ်တစ်ခု ပါရှိကြ၏။
ဒုတိယစာလိပ်ကမူ လဲလှယ်ရေးစာရင်းဟု ခေါင်းစဉ်ပါရှိပြီး ဆေးလုံးများ၊ ကျင့်စဉ်များ၊ သက်တမ်းတိုးမြှင့်ခြင်း အစရှိသည့် ရွေးချယ်စရာအမျိုးမျိုး ပါရှိသည်။ ပစ္စည်းတစ်ခုချင်းစီတွင် တန်ကြေးတစ်ခုစီ ပါရှိ၏။
မသေမျိုးအရှင်က ဒီနည်းလမ်းကို အသုံးပြုပြီးတော့ နယ်မြေအသီးသီးကို တွန်းအားပေးချင်တာပဲ…ဒီနည်းလမ်းနဲ့ဆိုရင် ကျင့်ကြံသူတွေက သေမျိုးတွေရဲ့ အလုပ်ကို အခွင့်ကောင်းမယူနိုင်တော့ဘူး…
ဝူဖန်က တွေးလိုက်မိသည်။ သူမ တစ်ယောက်တည်းသာ မဟုတ်ပေ။
“ အရှင်မ”
“ ငါတို့တွေ အစီအစဉ်အတိုင်း ဆက်လုပ်မယ်” ဝူဖန်က ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ပြောလိုက်သည်။ သူမ၏ အပေါ်ယံသွင်ပြင်က ဤသို့ဖြစ်နေသော်လည်း ဖိအားများစွာအောက် ကျရောက်နေလေသည်။ တစ်နှစ်မျှသာ ကြာမြင့်သေးသော်လည်း နယ်မြေခြောက်ခုက အံ့မခန်းအောင်မြင်မှုကို ရရှိခဲ့လေပြီ။
သဘောတရားအရဆိုရလျှင် သူတို့၏ အောင်မြင်မှုအကြောင်းအရင်းကို သိထား၏။ ကမ္ဘာဦးစိတ်ဝိညာဉ် ဘိုးဘေးများက ဘက်ရွေးချယ်ကာ သူတို့၏ စွမ်းအားကို ခွဲဝေခဲ့ကြသည်။ သို့သော်လည်း နယ်မြေခြောက်ခုရှိ ဂိုဏ်းများက အတူတကွ ပေါင်းစည်းသည့်အတွက် အရေးသာချက်ရခဲ့သည်။
ထို့အပြင် ဝူဖန်က သူမလူများသည် စိတ်အခြေအနေကို မပြောင်းလဲရသေးဘဲ ခေတ်သစ်ရောက်လာသည်ကို သတိမပြုမိကြသေးဘဲ အရင်ပြာပုံထဲ၌သာ ရှိသေးကြသေး၏။
နယ်မြေခြောက်ခုက လူတွေက ငါတို့ထက် ပိုပြီးတော့ နေသားကျနေတာပဲ…
ဝူဖန်က တွေးကာ သက်ပြင်းချလိုက်သည်။ သူမက နန်းဆောင်ဆီ ပြန်သွားပြီး တစ်စုံတစ်ခုကို ကြံစည်လိုက်သည်။ ပထမအရာက သူမက ပညာရေးအပေါ် အာရုံစိုက်ထားလိုက်သည်။
မသေမျိုးအရှင်က ဤကမ္ဘာရှိလူများအား ဉာဏ်အလင်းဖွင့်ပေးခဲ့စဉ် ကလေးများလည်း အပါအဝင် ဖြစ်ခဲ့၏။ သို့သော်လည်း သူတို့စိတ်ထဲရရှိသည့် သတင်းအချက်အလက် ပမာဏမှာ သူတို့၏ အသက်အရွယ်အပေါ် မူတည်နေသည်။
ထို့ကြောင့် ဝူဖန်က ထိုကျောင်းသားများအား သင်ကြားပေးဖို့ ကျောင်းများကို ဖန်တီးဖို့ ရည်ရွယ်ထားခဲ့သည်။ ထို့ကြောင့် ထိုအခါမှ သူတို့သည် သိပ္ပံပညာရှင်နှင့် အင်ဂျင်နီယာများ ဖြစ်လာကြလိမ့်မည်။
ထို့အပြင် သူမက သူတို့၏ ဗဟုသုတနှင့် တွေ့ရှိမှုများအတွက် နေရာတစ်ခုပြုလုပ်ပေးဖို့ စီစဉ်ထားလေသည်။ ဤသည်က သူမ၏ နယ်မြေအတွင်း အထူးချွန်ဆုံးပညာရှင်များ စုဝေးကာ သီအိုရီများ ဆွေးနွေးခြင်း၊ ရှာဖွေခြင်းများ ပြုလုပ်နိုင်သည့်နေရာ ဖြစ်လာလိမ့်မည်။
သူမ အာရုံစိုက်ဖို့လိုသည့် ဒုတိယအချက်က စက်မှုအင်ဂျင်နီယာ နယ်ပယ်တွင် ဖြစ်၏။ သူမက ထိုအရာသည် နည်းပညာဖွံ့ဖြိုးတိုးတက်မှု၏ အဓိကဖြစ်လာလိမ့်မည်ဟု ယုံကြည်ထားသည်။
ထို့ကြောင့် သူမက အင်အားအကုန်ဖြင့် ဖွံ့ဖြိုးအောင်လုပ်ဖို့ အာရုံစိုက်ထားသည်။ သူမက ထိုကျင့်ကြံသူများအား သူတို့၏ စွမ်းအားဖြင့် ဤနယ်ပယ်တစ်ခုလုံးကို ကြီးပွားတိုးတက်အောင် လုပ်ဖို့ ဖိအားပေးရမည်။
ဝမ်ဝေ့က ထိုကမ္ဘာပေါ်တွင် ထားခဲ့သည့် ကံကြမ္မာမြစ်ကြောင်းမှ တဆင့် ဝူဖန်၏ အပြုအမူများကို ကြည့်နေသည်။ ဤကမ္ဘာ၏ ကံကြမ္မာအပြောင်းအလဲကို သတိပြုမိပြီး ကံကြမ္မာစည်းမျဉ်းအပေါ် နားလည်နိုင်စွမ်းက ပိုမိုနက်ရှိုင်းလာကြောင်း သိလိုက်၏။
ထို့နောက် သူက ဝူမင်ယဲ့ ခေါင်းဆောင်ဖြစ်သည့် နယ်မြေ(၁) အပေါ် အာရုံစိုက်ထားလိုက်သည်။ သူက စည်းမျဉ်းစွမ်းအားဖြင့် ကာကွယ်ထားသည့် အခန်းတစ်ခုကို မြင်လိုက်ရ၏။
ကြည့်ရတာ တော်ဝင်မိသားစုရဲ့ အမွေအနှစ်ကို အနည်းငယ် လျှော့တွက်မိသွားတဲ့ပုံပဲ။ ဒါပေမဲ့ ဒီလူတွေက ငါ့ကို ကောင်းကင်အဆင့် အသုံးအဆောင်လောက်နဲ့ တားလို့ရမယ်များ ထင်နေတာလား…
သူက ထိုအခန်းအတွင်း အလွယ်တကူ ထိုးဖောက်ဝင်ရောက်ကာ စကားဝိုင်းကို နားထောင်လိုက်သည်။
“ အဲဒါဆိုတော့ ကျရှုံးသွားတယ်လား” ရွှေရောင်ထိုင်ခုံတွင် ထိုင်နေသည့် ဝူမင်ယဲ့က မေးလိုက်သည်။
“ ဟုတ်ပါတယ် အရှင်။ ကျွန်တော်တို့အစီအရင်က အလုပ်မဖြစ်ဘူး။ အဲဒါကြောင့် အထက်လွှာကို ဆက်သွယ်လို့မရခဲ့ဘူး”
အုပ်ချုပ်ရေးအံ့ဖွယ်တိုင်းပြည်သည် သမိုင်းကြောင်းတစ်လျှောက် လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူတချို့ကို မွေးထုတ်ခဲ့ဖူးသည်။ သူတို့က မဟာကမ္ဘာသို့ တက်လှမ်းသွားကာ အထက်လွှာတွင် နောက်ထက် အုတ်မြစ်တစ်ခု ဖန်တီးနိုင်ခဲ့ကြသည်။ ထို့ကြောင့် ဝူမင်ယဲ့က သူတို့အား ဆက်သွယ်ကာ ဤအခြေအနေကို ကူညီနိုင်မလားဟု သိချင်မိသည်။
“ အဲဒါဆိုတော့ ကျုပ်တို့ ဘာလုပ်ကြမှာလဲ” အရာရှိတစ်ဦးက မေးလိုက်သည်။
“ ဆက်ကြိုးစားနေ။ ဒါပေမဲ့ ငါတို့တွေ ဒီမသေမျိုးအရှင် လုပ်လိုတဲ့အရာကိုတော့ လုပ်ရလိမ့်မယ်” ဝူမင်ယဲ့က ပြန်ဖြေလိုက်သည်။
ထို့နောက် ဝမ်ဝေ့က ထိုလူများအား လျစ်လျူရှုလိုက်သည်။ ဤကမ္ဘာသည် အပြင်ဘက်မှ ရုတ်ချည်းဆိုသလို ပျောက်ကွယ်ကာ မတွေ့ရတော့ကြောင်း ပြောနိုင်လေသည်။ ထိုလူများက အထက်အလွှာကို ဆက်နွယ်နိုင်လျှင်ပင် သူတို့က ဤနေရာသို့ လာနိုင်မည် မဟုတ်ပေ။
ထို့အပြင် အကယ်၍ သူတို့က ဆက်သွယ်နိုင်လျှင်ပင် ဝမ်ဝေ့က ထာဝရအဆင့် ပုဂ္ဂိုလ် မဟုတ်သရွေ့ ဖိနှိပ်နိုင်လေ၏။
ထို့ကြောင့် သူက တခြားနယ်မြေများ၏ တိုးတက်နှုန်းကို စစ်ဆေးကြည့်လိုက်သည်။ မင်းသားဝူလုံ ထိန်းချုပ်ထားသည့် နယ်မြေ(၃) မှလွဲ၍ အများစုက အတူတူသာဖြစ်၏။
ဝူလုံက ဝက်ဝံတစ်ကောင်လိုမျိုး ထွားကျိုင်းသည့် အမျိုးသားတစ်ဦး ဖြစ်၏။ သူက အဆောက်အဦးဘေးတွင် လက်ပိုက်ကာ ရပ်နေလေသည်။ ထိုနေရာတွင် ရပ်နေရင်း သူက အလုပ်သမားများကို ကြောက်ရွံ့စေသည့် အရှိန်အဝါကို ထုတ်လွှတ်ထားလေ၏။
ထို့နောက် သူ့လက်အောက်ငယ်သား တစ်ယောက်က စာရွက်တစ်ရွက်ကို လာပေးလေသည်။ ထိုအရာကို ကြည့်ပြီးနောက် သူက ခေါင်းညိတ်ကာ “သိပ်မကြာခင် ငါတို့တွေ စစ်ပွဲကို စတင်ဖို့ သေနတ်အလုံအလောက်ရလိမ့်မယ်”
“ အရှင် … သေနတ် ထုတ်ဖော်ဖို့ အာရုံစိုက်လိုက်တာ အကြံကောင်းပဲ ။ သိပ်မကြာခင် ကျွန်တော်တို့ တခြားနယ်မြေတွေကို အုပ်စိုးပြီး သူတို့ရဲ့ ရှာဖွေတွေ့ရှိမှုတွေနဲ့ ဖန်တီးမှုတွေကို ယူနိုင်လိမ့်မယ်”
ဝူလုံက ခေါင်းညိတ်လိုက်သည်။ သူက ကျင့်ကြံသူများသည် သေမျိုးများကို မတိုက်နိုင်ကြောင်း သို့မဟုတ် သူတို့၏ ခန္ဓာကိုယ်တွင် စည်းပိတ်ဖို့ သေးငယ်သည့် ကြိုးမျှင်များ ထွက်ပေါ်လာကြောင်း တွေ့ရှိပြီးသည့်နောက်တွင် ထိုအတွေးကို ရရှိခဲ့ခြင်း ဖြစ်၏။
ပြင်းထန်သည့် အခြေအနေတွင် ကောင်းကင်မှ မိုးကြိုးများကျဆင်းလာကာ ထိုကျင့်ကြံသူများကို ချက်ချင်းဆိုသလို သုတ်သင်သွားလိမ့်မည်။ ထို့ကြောင့်ဝူလုံက သေမျိုးများအပေါ် မှီခိုသည့် တိုက်ပွဲနည်းလမ်းဖြင့် စတင်နိုင်ကြောင်း သဘောပေါက်ခဲ့သည်။ ထို့နောက် သူက သူ့မှတ်ဉာဏ်အတွင်း သေမျိုးများ အသုံးပြုသည့် လက်နက်များကို အမှတ်ရလာသည်။
သေနတ်
ထို့ကြောင့် သူက တခြားနယ်မြေများကို သိမ်းပိုက်ဖို့ သေနတ်များကို ဖန်တီးမည့် အတွေးရလာခဲ့သည်။
ငါ့ သူ့ကို တားသင့်လား…
ဝမ်ဝေ့က ဝူလုံ၏ အစီအစဉ်ကို ကြည့်နေရင်း တွေးလိုက်မိသည်။ သို့သော်လည်း သူက ထိုအစီအစဉ်ကို အလျင်အမြန် လျစ်လျူရှုလိုက်၏။ စစ်ပွဲက လျင်မြန်သည့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်သွားနိုင်သည့် အရေးကြီးသော အချက်တစ်ခု ဖြစ်သည်။
တစ်နှစ်ကြာပြီးသည့်နောက်တွင် ဝူလုံက စတင်ကျူးကျော်တော့သည်။ ထိုအချိန်ပိုင်းလေးအတွင်း သူက နယ်မြေ(၂) ၊ နယ်မြေ(၄) ကို အုပ်စိုးခဲ့သည်။ သူ့လက်အောက်ရှိ သေမျိုးများက ၁၈၀၀ ပြည့်နှစ်မှ သေနတ်များကဲ့သို့သာ ကိုင်ဆောင်နိုင်ကြပြီး ကျင့်ကြံသူများကမူ အံ့ဖွယ်အသိစိတ်ဖြင့် ခေတ်မီသေနတ်များကို ပြုလုပ်နိုင်ကြသည်။
ထို့ကြောင့် ဝူလုံ၏ တပ်မဟာက သေနတ်ဖန်တီးဖို့ မတွေးဖူးသည့် တခြားနယ်မြေနှစ်ခုကို လွှမ်းမိုးဖို့ အချိန်အနည်းငယ်မျှသာ ကြာမြင့်လိုက်သည်။
ဝမ်ဝေ့ ချန်ထားခဲ့သည့် ကူးသန်းရေးအစီအရင်ကို အသုံးပြုကာ ဝူလုံက အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့သည်။ ထို့နောက် သူက ဝူမင်ယဲ့၏ နယ်မြေ(၁)၊ ဝူဖန်၏ နယ်မြေ(၅) နှင့် ဂိုဏ်း၏ နယ်မြေ(၆) တို့ကို အာရုံစိုက်ထားလိုက်သည်။
ထိုနယ်မြေများက သေနတ်များကို ဖန်တီးကာ အချိန်မှီ တုံ့ပြန်နိုင်ကြသည်။ သို့သော်လည်း ဝူလုံက နည်းပညာနှင့် လူဦးရေက အရေးသာချက်ရှိသည့်အတွက် သူ အုပ်စိုးလိုသည့်စစ်ပွဲအား ဆက်လက်လုပ်ဆောင်ခဲ့သည်။
သူ့လက်ထဲတွင် သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများစွာ ရှိနေပါက ပိုမိုကောင်းမွန်သည့် သေနတ်များကို ဖန်တီးနိုင်ကာ အုပ်စိုးမှုကို ပိုမိုမြန်ဆန်စေလိမ့်မည်။ နောက်ဆုံးတွင် ဝူဖန်က နယ်မြေ(၃)ခုကြား မဟာမိတ် ပူးပေါင်းဖို့ ညှိနှိုင်းကာ သူတို့၏ စစ်တပ်နှင့် နည်းပညာများကို ပူးပေါင်းခဲ့ကြသည်။
ထိုမဟာမိတ်လက်အောက်တွင် ကမ္ဘာကြီးက သေနတ်အမြောက်အများ ထုတ်လုပ်နိုင်သည့် ပထမဆုံးစက်ရုံကို မွေးထုတ်ပေးနိုင်ခဲ့ကြသည်။ ထိုတွေ့ရှိမှုဖြင့် မဟာမိတ်သည် သူတို့၏ ဆုံးရှုံးခဲ့ရသည့် နယ်မြေများကို ပြန်လည်ရယူနိုင်ခဲ့၏။
သူတို့က ဝူလုံကို ပြန်လည်တိုက်ခိုက်တော့မည့်ဆဲဆဲတွင် သူ့ဘက်ကလည်း သေနတ်အမြောက်အများ ထုတ်လုပ်နိုင်သည့် ပထမဆုံး စက်ရုံကို ဖန်တီးနိုင်သောကြောင့် စစ်ပွဲက မျှခြေညီသွားသည်။
ထိုစဉ် ဝမ်ဝေ့က ဝင်စွက်ဖက်ကာ ကူးသန်းရေးအစီအရင် အသုံးပြုမှုကို ကန့်သတ်လိုက်၏။ ထို့ကြောင့် နယ်မြေခေါင်းဆောင်များက ကမ္ဘာကြီးသည် ကျယ်ပြန့်လွန်းပြီး ကူးသန်းသွားလာရခြင်းက ပြဿနာ ဖြစ်လာကြောင်း သိလိုက်ရသည်။ အထူးသဖြင့် သူတို့က စစ်ပွဲအတွက် လိုအပ်သည့် ပစ္စည်းများကို ပို့ဆောင်ပေးသည့်အခါတွင် ဖြစ်၏။
ထို့ကြောင့် ကမ္ဘာကြီးက ငြိမ်းချမ်းရေး ပြန်ရလာကာ ထိုအင်အားစုများကလည်း သူတို့၏ ကူးသန်းသွားလာရေး နည်းစနစ် ဖွံ့ဖြိုးတိုးတက်ဖို့ရာသာ အာရုံစိုက်ထားလိုက်ကြသည်။
အင်ဂျင်နီယာများက ကား၊ ရထား၊ လေယာဉ်ပျံနှင့် ရဟတ်ယာဉ်များကို နှစ်အနည်းငယ်အတွင်း ဖန်တီးထုတ်လုပ်ခဲ့ကြသည်။ တိုက်ပွဲအတွင်း တင့်ကားများပင် ပေါ်ထွက်လာ၏။ ကမ္ဘာက ဝူဖန်၏ ညွှန်းဆိုချက်အတိုင်း ဆီခေတ်သို့ ဝင်ရောက်သွားလေပြီ။
ကံကြမ္မာမြစ်ကြောင်းအတွင်း ဝမ်ဝေ့က ဖြစ်ပျက်သမျှ အရာအားလုံးကို ကြည့်ရှုနေလေ၏။
နှစ်နှစ်ဆယ်ထဲနဲ့ သူတို့က ဒုတိယကမ္ဘာ့စစ် အခြေအနေထိ ရောက်ခဲ့တာပဲ…
သူက အင်အားစုအသီးသီးကို ကြည့်နေရင်း နှစ်ဖက်လုံးက တစ်ဦးထက်တစ်ဦးအရင် ဗုံးဖန်တီးဖို့ ကြိုးစားနေကြပြီး အဏုမြူခေတ်သို့ ဝင်ရောက်သွားကြသည်။
***