ကမ္ဘာဝင်တိုက်ခြင်း
Vol. 35 Ch. 488
တာအိုအခွင့်အလမ်းဂိုဏ်း..
ဝမ်ထျန်းက သူ ကျင့်ကြံသည့်အခန်းထဲ တင်ပျဉ်ခွေကာ ထိုင်နေလေသည်။ သူက အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ အကြောင်းမှာ ဟွမ်ယွမ်၏ လေဟာနယ်ဖြိုခွင်းခြင်းအဆင့် တက်လှမ်းသွားမှု သတင်းသည် အသင်္ချေအင်ပါယာကမ္ဘာတစ်ခုအနှံ့ ပြန်နှံ့သွားပြီဖြစ်သည်။ အကယ်၍ သူ့သားကိုသာ ထည့်မတွက်လျှင် သူသည် အထွတ်အထိတ်လမ်းစဉ် ပြန်ပွင့်လာဖို့ ကောင်းကင်ရွေးချယ်ခံ နောက်ထပ် လေးယောက် ထိုအဆင့် ရောက်ဖို့ရာ စောင့်ဆိုင်းရမည်။ ထိုအခါမှ အထွတ်အထိပ်လမ်းစဉ် ပွင့်သွားမည် ဖြစ်ကာ နောက်ဆုံးတွင် သူတို့က အထွတ်အထိပ်နယ်ပယ်အဆင့်သို့ ဝင်ရောက်နိုင်တော့မည် ဖြစ်၏။ တကယ်တော့ သူက လွန်ခဲ့သည့် ဟိုးပဝေသဏီကတည်းက မြင့်မားသည့်အဆင့်သို့ ဝင်ရောက်နိုင်ခဲ့သည်။
သူက သူ့မျိုးဆက်ရှိ တခြားသူများကဲ့သို့ အဆင့်တက်လှမ်းဖို့ အခြားကမ္ဘာများဆီ သွားလာနိုင်လေသည်။ သူက သူ့အဆင့်တက်ဖို့ အတွက် လွှမ်းမိုးနိုင်စွမ်း ကောင်းသည့် စွမ်းအားကို အသုံးပြုနိုင်ခဲ့၏။
သူ ထိုသို့ မလုပ်ဆောင်ရသည့် အကြောင်းအရင်း နှစ်ချက် ရှိလေသည်။ ပထမဦးစွာ မဟာကမ္ဘာ၏ စည်းမျဉ်းများက ကောင်းကင်အလိုဆန္ဒများလောက် မပြီးပြည့်စုံပေ။ ထို့ကြောင့် အဆင့်တက်လှမ်းခြင်းက သူ့အင်အားနှင့် အနာဂတ်တိုးတက်မှုအပေါ် သက်ရောက်မှု ရှိလာလိမ့်မည် ဖြစ်၏။ သို့သော် အဓိကအချက်က အထွတ်အထိပ်နယ်ပယ်၏ ကောင်းကင်စမ်းသပ်ချက် ဖြစ်သည်။ ဓမ္မခန္ဓာကိုယ်ကို လေ့ကျင့်ပေးဖို့ ထိုအရာမပါရှိဘဲ သူသည် သူ့ပါရမီနှင့် အလားအလာ အပြည့်ကို ရောက်ရှိနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ဝမ်ထျန်းက တခြားနည်းလမ်းများ အသုံးပြု၍ အဆင့်တက်လှမ်းဖို့ မကြိုးစားခြင်း ဖြစ်၏။
သူက တရားထိုင်နေရင်း တစ်စုံတစ်ခုကို ခံစားမိကာ အပြင်သို့ ထွက်လာကြည့်လိုက်သည်။ ထိုစဉ် အစစ်အမှန် အုပ်ချုပ်သူများအပါအဝင် တခြားသူများကလည်း မနီးမဝေးမှ ကြည့်နေကြလေ၏။
သူတို့က ကောင်းကင်ကို မော့ကြည့်ရင်း လေးနက်သည့် အမူအရာမျိုး ဖြစ်လာကြသည်။ ပိုင်နက်တစ်ခုလုံးကို လွှမ်းခြုံထားသည့် အာကာပြင်တွင် အက်ကြောင်းရာများစွာ ထွက်ပေါ်လာလေ၏။
အဝေးတစ်နေရာရှိ အလွှာတွင်လည်း အက်ကြောင်းများ ဖြစ်လာလေသည်။
“ဘာတွေ ဖြစ်နေတာလဲ” ယုယန်က မေးလိုက်သည်။
“ကမ္ဘာဝင်တိုက်မှုပဲ”
ကျမ်းခန်းမဆောင်၏ မဟာအကြီးအကဲဖြစ်သူ ဖန်လိန်က ပြောလိုက်သည်။ သူက စာကြည့်တိုက်ကို တာဝန်ယူထားရသည့်သူ ဖြစ်သည့်အတွက် ကျမ်းအားလုံးကို ဖတ်ရှုဖူး၍ ကောက်ချက်ချနိုင်လေသည်။
“အဲဆိုတော့ ကျွန်မတို့ကမ္ဘာက တခြားတစ်ခုနဲ့ ဝင်တိုက်မိမယ်လို့ ပြောနေတာလား” ယုယန်က ထိုအကြောင်းကို ဖတ်ရှုဖူးသည့် သတင်းအချက်အလက်များကို ပြန်မှတ်မိကာ မေးလိုက်သည်။
“အဲဒါဆိုရင် ဒါက အရမ်းအရမ်းကို ရှားပါးတဲ့ ဖြစ်စဉ် မဟုတ်ဘူးလား”
“အဟုတ်ပဲ … ကမ္ဘာက အားကောင်းတဲ့ ကမ္ဘာအလွှာပေါ် မူတည်ပြီး တခြားနောက်ထပ် ကောင်းကင်အလိုဆန္ဒကမ္ဘာနဲ့ ဝင်တိုက်နိုင်ခြေက အရမ်းကို နည်းတယ်။ ကြည့်ရတာ ကျုပ်တို့က ကံမကောင်းတဲ့ပုံပဲ”
ရှားပါးသည့် ဖြစ်ရပ်မှလွဲ၍ အခြားကမ္ဘာအသိုင်းအဝိုင်းအသီးသီးမှ ကမ္ဘာများသည် လေဟာနယ်အတွင်းသာ ရပ်တည်နေကြသည်။ ထို့ကြောင့် တစ်ခုနှင့်တစ်ခု ဝင်တိုက်နိုင်ခြေသည် မဖြစ်နိုင်လုနီးပါး ဖြစ်၏။
သို့သော်လည်း မူမမှန်ကာ ကြုံရာကျပန်း အာကာပြင်မုန်တိုင်းတို့က ဖြစ်တတ်လာ၍ အဆုံးသတ် လေဟာနယ် တစ်ခုလုံးကို သက်ရောက်မှု ရှိလာစေသည်။ ထိုမုန်တိုင်းများက တခြားကမ္ဘာအသိုင်းအဝိုင်းမှ ကမ္ဘာများကို အကွာအဝေး သဘောတရားအား လျစ်လျူရှုထားစေနိုင်သည်။
သို့သော်လည်း ဤသို့သော သဘာဝဖြစ်ရပ်မျိုးက အလွန်ရှားပါးလှပြီး ယွမ်ခေတ် နှစ်တစ်ရာပင် တစ်ကြိမ် ဖြစ်ခဲ၏။
ယုယန်က ချက်ချင်းဆိုသလို တစ်စုံတစ်ခုကို တွေးမိပြီး သူမ၏ ယောက်ျားဖြစ်သူကို ကြည့်လိုက်သည်။ ဝမ်ထျန်းက ခေါင်းညိတ်ပြကာ သူ့သား၏ ကိုယ်ပွားနှင့် ဆက်နွယ်လိုက်၏။
“ပင်မခန္ဓာကိုယ်နဲ့ ဆက်သွယ်လို့ မရဘူး”
ဝမ်ထျန်း၏ အမူအရာက ပျက်ယွင်းသွားကာ သူ့သား၏ စစ်ဆေးမှု စတင်နေကြောင်း နားလည်လိုက်သည်။ ကမ္ဘာဝင်တိုက်မှုက သူ့အား ကူညီသည်ကို တားဆီးရန် လုပ်ထုံးတစ်ခုသာ ဖြစ်၏။
“အစီအရင်လေးခုကို အသက်သွင်းလိုက်”
သူက အမိန့်ပေးလိုက်သည်။ သိပ်မကြာခင် တာအိုအခွင့်အလမ်းဂိုဏ်းကို လွှမ်းခြုံသွားသည့် မှော်စက်ဝန်းတစ်ခု ပေါ်ထွက်လာ၏။
နာရီအနည်းငယ် ကြာမြင့်ပြီးနောက်တွင် ကြည်လင်နေသည့် အလွှာက ကျိုးပျက်သွားကာ တခြားတစ်ဖက်က ပေါ်ထွက်လာသည်။
“ဟား ဟား ဟား ငါတို့ရဲ့အစီအစဉ် အလုပ်ဖြစ်ပြီ။ ငါတို့တွေ လူလုပ်ကမ္ဘာဝင်တိုက်မှုကို ဖန်တီးနိုင်ခဲ့ပြီကွ ဟား ဟား”
“သတ်ဖြတ်ဖို့အတွက် ကမ္ဘာအသစ်ပဲ။ ကြည့်.. လူတွေ အများကြီး ရှိပါစေလို့ မျှော်လင့်ပါတယ်”
“ငါက ကျင့်ကြံရေးမှာ တိုးတက်လာတော့မယ်”
ဝမ်ထျန်းက တစ်ဖက်ကို မြင်လိုက်သည့်အခါ မျက်မှောင်ကြုတ်လိုက်မိသည်။ ဝေဟင်အထက် မျောလွင့်နေသည့် ကျင့်ကြံသူများက သူတို့နေရာသို့ လောဘတကြီး မျက်ဝန်းများဖြင့် ကြည့်နေကြသည်။ သူတို့က သွေးနီရောင် အရေပြားမျိုး ရှိပြီး ခေါင်းအထက်တွင် ဦးချိုများ ပါရှိသည်။
ဦးချိုက လေးခုမှ ကိုးခုအထိ ဖြစ်ပြီး သူတို့၏ ကျင့်ကြံအဆင့်ကို ဖော်ပြနေသည်။ အများစုကမူ လူသားနှင့်မတူဘဲ အမြီးများ၊ တောင်ပံများ၊ လက်များနှင့် အစွယ်များ ပါရှိကြသည်။
“သွေးမျိုးနွယ်..”
ဝမ်ထျန်းက ရေရွတ်လိုက်သည်။ ထိုမျိုးနွယ်က တခြားသူ၏ သွေးနှင့် အဆီအနှစ်များကို စုပ်ယူပြီး ကျင့်ကြံသည့် မျိုးနွယ်တစ်ခု ဖြစ်သည်။ သူတို့က မိစ္ဆာမျိုးနွယ်၏ တစ်စိတ်တစ်ပိုင်းဟု ဆိုနိုင်လေသည်။ သို့သော်လည်း ဧကရီဝူက မိစ္ဆာမျိုးနွယ်၏ကံကြမ္မာကို စည်းပိတ်ခဲ့ပြီးသည့်နောက်တွင် သွေးမျိုးနွယ်က သူတို့ကိုယ်သူတို့ သီးသန့် ရပ်တည်ခဲ့ကြသည်။ ထိုအကြောင်းအရင်းကြောင့် သူတို့က ထိုသို့လုပ်ဆောင်ခဲ့သည်မှာ အဆုံးမဲ့ လေဟာနယ်အတွင်း အုပ်စိုးနေစဉ် မိစ္ဆာမျိုးနွယ်များ၏ သုတ်သင်မှုကို ခံခဲ့ရ၍ ဖြစ်သည်။
……….
လျှို့ဝှက်နယ်မြေအတွင်း အသံတစ်သံ ရုတ်ခြည်း ထွက်ပေါ်လာ၏။
“နောက်ဆုံးတော့ ငါတို့တွေတောင် မလွတ်မြောက်နိုင်တော့ဘူး။ မင်းကို ဝင်မစွက်ဖက်ဖို့ ပြောပါတယ်”
“ငါ အဲဒီကလေးကို ဘာမှမပြောရင်တောင် ဒီဟာက ဖြစ်လာမယ်ဆိုတာ မင်းလည်း သိထားတာပဲ” ဝမ်ဝူချန်က ပြန်ဖြေလိုက်သည်။
အသံက ခေတ္တမျှ ရပ်တန့်သွားပြီး သက်ပြင်းချကာ “ဒီကောင်လေး အောင်မြင်ဖို့ မျှော်လင့်ပါတယ်ကွာ ”
“မင်းက သူ့အပေါ် ယုံကြည်ချက် မရှိဘူးလို့ ထင်နေတာ”
“ငါ အဲဒီလို မပြောမိပါဘူး အဆိုးဆုံးကို ပြင်ဆင်ထားရုံပါ။ အခု အဲဒါကို မပြောနဲ့တော့ ငါ အဲဒီကမ္ဘာမှာ မဟာဧကရာဇ်တစ်ပါးကို အာရုံခံမိတယ်”
“သူ့ကို ဘာမှတုံးတုံးအအ အရာမလုပ်ဖို့ သတိပေးလိုက်မယ်” ဝမ်ဝူချန်က ပြန်ဖြေလိုက်သည်။
“သေချာရဲ့လား သူက ပထမတန်းစား ဧကရာဇ်ဖြစ်နေနိုင်တယ်”
အသံပိုင်ရှင်က ဝမ်ဝူချန်သည် ပထမတန်းစား ဧကရာဇ်လက်ထဲတွင် အသက်ရှင်နိုင်ရုံမျှသာ ဖြစ်ကြောင်း သိထားသည်။
“သာမန်ဆိုရင်တော့ ငါ မလုပ်ရဲပါဘူး။ ဒါပေမဲ့ ဒါက မြင့်တက်စ ပထမတန်းစားပဲ ရှိသေးတယ်”
မဟာဧကရာဇ်များက သူတို့၏ မဟာတာအို အရင်းအမြစ်၏ နားလည်နိုင်စွမ်း ရာခိုင်နှုန်းကို ဆက်လက်မြှင့်တင်နိုင်သည်။ ကံဆိုးစွာဖြင့် သူတို့၏ နားလည်နိုင်စွမ်း ၁ ရာခိုင်နှုန်း မြင့်တက်ဖို့ရာ နှစ်သန်းထောင်ချီ ကြာမြင့်တတ်သည်။ ထို့ကြောင့် မဟာဧကရာဇ်အများစုက ကမ္ဘာအား သူတို့၏ ကံကြမ္မာကို ပြန်လည်ပေးဆပ်ဖို့ ဟောပြောပို့ချကြသည်။ ထိုအပြုအမူက ရည်ရွယ်ချက်တချို့ ရှိ၏။ ထိုသို့ ဟောပြောပြီးသည့်နောက်တွင် အရင်းအမြစ်ချီနေရာက ထိုမျိုးဆက်ရှိ ကျင့်ကြံသူများ အသုံးပြုထားသည့် ဝိညာဉ်ချီများကို ပြန်လည်ဖြည့်ဆည်းဖို့အတွက် ဖွင့်ဟလာသည်။
ထိုသူများ၏ ဟောပြောမှုသည် မည်မျှ ကောင်းသည့်အပေါ် မူတည်၍ မိုးမြေကြားရှိ ဝိညာဉ်ချီသည် တိုးမြင့်လာလိမ့်မည်။ ထို့အပြင် ထိုဧကရာဇ်၏ ဟောပြောပို့ချခြင်းမှ တာအိုစည်းချက်များကို အသင်္ချေအင်ပါယာကမ္ဘာ၏ အရင်းအမြစ်က စုပ်ယူသွားပြီး ကမ္ဘာအား အားကောင်းစေလာလိမ့်မည်။
ဧကရာဇ်တစ်ပါးက ပိုမိုအားကောင်းလာလေလေ အရင်းအမြစ်အတွက် ပိုမိုအကျိုးအမြတ် ရှိလေလေ ဖြစ်ပြီး ကျင့်ကြံသူများ၏ တိုက်ပွဲ သို့မဟုတ် ဖျက်ဆီးမှုကြောင့် ဖြစ်လာသော အပျက်အစီးများကို ပြန်လည်ကုစားနိုင်လေသည်။
ထို့အပြင် အကယ်၍ မဟာဧကရာဇ်တစ်ပါးက ဟောပြောပို့ချရာတွင် ထူးချွန်နေခဲ့လျှင် ကောင်းကင်တာအိုက သူတို့အား အပို ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိ ကုသိုလ်များ ကောင်းချီများ ပေးတတ်သည်။ သို့သော် ထိုသို့သော ဖြစ်ရပ်မျိုးက အလွန်တရာ ရှားပါးလှ၏။
ဧကရာဇ်အများစုက အလွှာမြင့်ဆီ တက်လှမ်းသွားကြသည်မှာ သူတို့၏ ကျင့်ကြံအဆင့်အတွက် သင့်တော်သည့် ပတ်ဝန်းကျင်မျိုး ရှိနေ၍ ဖြစ်သည်။ သို့သော်လည်း ထိုသို့လုပ်ဆောင်လိုကြသည်မှာ အားလုံးတော့ မဟုတ်ပေ။ တချို့က အကြောက်တရား သို့မဟုတ် သတိတရားကြောင့် အလွှာနိမ့်တွင်သာ ဆက်နေပြီး ဆက်လက် ကျင့်ကြံကြသည်။
ထိုဧကရာဇ်များက ပုန်းအောင်းပြီး နောက်မျိုးဆက်၏ ကောင်းကင်အလိုဆန္ဒ ရောက်ရှိလာမှုကို မတားဆီးသရွေ့၊ အဆုံးမဲ့ လေဟာနယ်အတွင်း အဆိုးမြင် သက်ရောက်မှု မရှိသရွေ့ အစစ်အမှန် ကောင်းကင်တာအိုက သူတို့အား လျစ်လျူရှုထားမည်သာ ဖြစ်၏။ အကယ်၍ ထိုဧကရာဇ်များသာ ကောင်းကင်အလိုဆန္ဒကို ပထမဆုံး စုပ်ယူစဉ်အခါထက် ပိုမိုမြင့်မားသည့် အတန်းအစားသို့ တက်လှမ်းလိုလျှင် သူတို့ကို မြင့်တက်စဟု သုံးနှုန်းလေသည်။
“ပြီးတော့ အဲလိုလူမျိုးတွေက ပြဿနာရှာရတာ မကြိုက်ဘူးဆိုတာ သိတာပဲ။ အဲဒါကြောင့် ကျုပ် ဘာမှမပြောရင်တောင် သူက ဝင်စွက်ဖက်မှာ မဟုတ်ဘူး” ဝမ်ဝူချန်က ပြောလိုက်သည်။
“ကောင်းပြီ အဲဒါဆိုရင် ဓားနဲ့မူလအရင်းအမြစ်ကို သွားပြီးတော့ နိုးလိုက်မယ်”
“အဲဒါက မများလွန်းဘူးလား”
ဓားနှင့်မူလ အရင်းအမြစ်သည် ဧကရာဇ် ချီယွမ်နှင့် ဓားဧကရီတို့ ကိုယ်တိုင် မွေးထုတ်ပေးခဲ့သည့် ဂိုဏ်း၏ အကြွင်းမဲ့ လက်နက်များ ဖြစ်ကြသည်။ သူတို့က ဆန့်ကျင် ကောင်းကင်ရွေးချယ်ခံများ၏ အထွတ်အထိပ် ဖြစ်ပြီး တစ်ယောက်ချင်းစီက ၁၉ ရာခိုင်နှုန်း တာအိုအရင်းအမြစ်နှင့် ပထမတန်းစား ဧကရာဇ်ကို တိုက်ခိုက်နိုင်ကြသည်။ သူတို့က ဧကရာဇ်အသုံးအဆောင် ပစ္စည်းများဖြင့် တာအိုအရင်းအမြစ် ၂၀ ရာခိုင်နှုန်းကို ရင်ဆိုင်နိုင်ကြသည်။
သူတို့သာ အတူတူ လုပ်ဆောင်ပြီး ဂိုဏ်းအရင်းအမြစ်ကို အသုံးပြုသရွေ့ သူတို့သည် အတုအယောင် ထာဝရဧကရာဇ်ဆီမှာ နှစ်တစ်ထောင်ကြာ ကာကွယ်နိုင်လိမ့်မည်။
သူတို့က တာအိုအခွင့်အလမ်းဂိုဏ်း ရှည်ကြာစွာ ရှင်သန်နေခဲ့ရသည့် အဓိက အကြောင်းအရင်းထဲမှ တစ်ချက် ဖြစ်၏။
“ငါတို့တွေ ကောင်းကင်တာအိုကို မလွန်လာဖို့ သတိပေးရမယ်” အသံပိုင်ရှင်က ပြောလိုက်သည်။
“ပြီးတော့ အဲဒီသွေးမျိုးနွယ်က တကယ်ကို အားဆေးပဲ။ ငါတို့တွေ သူတို့ရဲ့ မသေမျိုး ကျင့်ကြံသူတွေကို အရင်းအမြစ်အတွက် သတ်နိုင်တယ်” ဝမ်ဝူချန်က လျှို့ဝှက်နယ်မြေမှ မပျောက်ကွယ်မသွားခင် ပြောလိုက်သည်။
သူက သွေးချောက်နက်ကမ္ဘာ၏ အဝင်ဝတွင် ပေါ်ထွက်လာသည်။ သူ့အမြင်အာရုံက လေဟာနယ်ကို ထိုးဖောက်သွားကာ ခန္ဓာကိုယ်နှင့် တခြားအစိတ်အပိုင်းများ မရှိသည့် ဧရာမမျက်လုံးကြီးကို မြင်လိုက်ရ၏။ ထို့နောက် သူက အရှိန်အဝါကို လွှင့်ထုတ်လိုက်သည်။
မိစ္ဆာမျက်လုံးဧကရာဇ်က မျက်လုံးဖွင့်လာပြီး ရောက်လာသူအား ကြည့်လိုက်သည်။
ဒီအရှိန်အဝါက မူလ အရင်းအမြစ်ပဲ… သေစမ်း အသင်္ချေအင်ပါယာကမ္ဘာလား။ ဘာလို့ သူတို့ ဖြစ်နေရတာလဲ။ အပေးအယူက အဲဒါကြောင့် ကောင်းလွန်းနေတာကိုး …
ခေတ္တမျှ တွေးလိုက်ပြီးသည့်နောက်တွင် သူ့နေရာကို ပြဖို့ မျက်လုံးမှိတ်ထားလိုက်သည်။ ထို့နောက် ဝမ်ဝူချန်က ထွက်သွားသည့်အတွက် မိစ္ဆာမျက်လုံးဧကရာဇ်က စိတ်သက်သာရာ ရသွားသည်။ သူက နောက်ကွယ်မှသာ လုပ်ဆောင်ပြီး ရှေ့ထွက်ရသည်ကို မကြိုက်ပေ။
သူက သွေးမျိုးနွယ်ကို တခြားကမ္ဘာအသိုင်းအဝိုင်းများဆီ ကျူးကျော်ဖို့ တိတ်တဆိတ် လှုံ့ဆော်ခဲ့သည်။ ထိုအခါမှ သူတို့ဆီမှ ဖြစ်ပေါ်လာသည့် ဆက်တိုက်သတ်ဖြတ်မှုများ၏ သတ်ဖြတ်ရေး အရှိန်အဝါကို စုပ်ယူကာ ကျင့်ကြံနိုင်လိမ့်မည်။
ထို့ကြောင့် ယွမ်ခေတ်တချို့ အပြီးတွင် သူက ဒုတိယတန်းစားမှ ပထမတန်းစားနီးပါးအထိ မြင့်တက်လာခဲ့သည်။ ထို့နောက် သူက သွေးမျိုးနွယ်သည် လူလုပ်ကမ္ဘာဝင်တိုက်ခြင်း ဖြစ်စဉ်ကို ဖန်တီးလိုကြောင်း သိခဲ့ရသည်။ သူက တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိ၍ မိုးမြေ၏လျှို့ဝှက်ချက်ကို တွက်ချက်ကြည့်လိုက်သည့်အခါ ကောင်းကင်တာအိုတချို့က အထွတ်အထိပ် တားမြစ်ခံ စစ်ဆေးမှုအတွက် ထိုသူများကို ကြိုးကိုင်ထားကြောင်း သိလိုက်ရသည်။
ထို့ကြောင့် သူက ဝင်စွက်ဖက်ဖို့ ပြင်လိုက်သော်လည်း ကောင်းကင်တာအိုကမူ သူနှင့် အပေးအယူ လုပ်လာသည်။ သူက နားလည်နိုင်စွမ်းကို ၀.၃ ရာခိုင်နှုန်း မြင့်တက်အောင် လုပ်နိုင်ဖို့ ကုသိုလ်ရရှိလိမ့်မည်။
မိစ္ဆာမျက်လုံးဧကရာဇ်က သူသည် ပထမတန်းစား ဧကရာဇ်သို့ အလျင်အမြန် တက်လှမ်းလိုသည့်အတွက် ထိုအပေးအယူကို လက်ခံခဲ့၏။ သို့သော် စမ်းသပ်ခံရမည့်သူသည် အသင်္ချေအင်ပါယာကမ္ဘာမှ ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားမိခဲ့ချေ။
ဒီလူက ထူးကဲ အထွတ်အထိပ် တားမြစ်ခံပဲ ဖြစ်ရမယ်…
မိစ္ဆာမျက်လုံး ဧကရာဇ်က တွေးလိုက်မိသည်။ သူက အထွတ်အထိပ် တားမြစ်ခံများကြားတွင် ကွဲပြားချက်ရှိကြောင်း သိထားသည်။ တချို့က စိတ်အခြေအနေ တာအိုနှလုံးသားတို့က မြင့်မားသည့် အနေအထားသို့ ရောက်ကာ အင်မတန်ဉာဏ်များပြီး ဉာဏ်ကောင်းကြကာ နောက်ခံလည်း ကောင်းကြသည်။ ပို၍ အရေးကြီးသည်က သူတို့သည် ထိုစမ်းသပ်ချက် စစ်ဆေးမှုအကြောင်း သူတို့ဘာသာသူတို့ တွေ့ရှိနိုင်ခြေ များ၏။
ကောင်းကင်တာအိုက ထိုစစ်ဆေးမှု အသက်ဝင်ဖို့ရာ အချိန်များစွာ၊ အားစိုက်ထုတ်မှုများစွာ ယူခဲ့ရသည်။ ထူးကဲသည့် အထွတ်အထိပ် တားမြစ်ခံ ပေါ်ထွက်လာသည့် ကမ္ဘာ၏ ကောင်းကင်တာအိုထံ အစစ်အမှန် ကောင်းကင်တာအိုက စွမ်းအားတချို့ ငှားပေးလေသည်။ ထို့ကြောင့် သူတို့၏ စမ်းသပ်မှုက တခြားကမ္ဘာအသိုင်းအဝိုင်း သို့မဟုတ် ကောင်းကင်အလိုဆန္ဒကမ္ဘာများအထိ ပါဝင်တတ်ကြ၏။
တကယ်တော့ ထိုအရာသည် ပင်ကို-ဟော်သဲ့ စစ်ပွဲသည်လည်း တားမြစ်ခံတစ်ယောက်၏ စမ်းသပ်ချက် ဖြစ်ကြောင်း ကောလာဟလများ ထွက်ခဲ့ဖူးသည်။ မိစ္ဆာမျက်လုံးကမူ ထိုသို့ အဓိပ္ပာယ် မရှိသည့် အရာမျိုးကို မယုံပေ။ သို့သော် ကောလာဟလ တစ်ခုတည်းကဖြင့် ဤစစ်ဆေးမှုသည် မည်မျှ ရူးသွပ်ကြောင်း ပြသနေလေ၏။
ဒီလူတွေ .. အစုလိုက် အပြုံလိုက် အသတ်ခံရတာ အရမ်းမဆိုးဝါးဖို့ပဲ မျှော်လင့်ပါတယ်…
မိစ္ဆာမျက်လုံး ဧကရာဇ်က အရာအားလုံးကို လျစ်လျူရှုထားရင်း တွေးလိုက်မိသည်။
***