အာခီမီစံအိမ်ငယ်
Vol. 11 Ch. 143
ဓားအလင်းသည် တစ်မြို့လုံးအား လွှမ်းခြုံထား၏။
သူက မူရှန်မြို့ကို ကာကွယ်နေသည်လား။
ဤကား အစွမ်းပြခြင်းသာ ဖြစ်သည်။
ဟန်မူယဲ့၏မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာကာ သူ၏ခန္ဓာကိုယ်မှ ဓားအလင်းသည် ခေါင်းဆောက်တောက်ရင်ထံမှ ဖိအားကို တွန်းလှန်သည်။
မူမိသားစုခေါင်းဆောင်၏အမူအရာမှာ ပိုမိုရှုပ်ထွေးလာသည်။
ခေါင်းဆောင်တောက်ရင်က အဘယ်ကြောင့် ထိုသို့ လုပ်ရဲသည်ကို သူ နားလည်သည်။
တောင်ပိုင်းကုန်းမြေ၏ကျူးကျော်မှုတွင် အနောက်ဘက်နယ်စပ်ကုန်းမြေမှာ မငြိမ်းချမ်းတော့ပါ။
ဆေးလုံးများသည် ငြိမ်းချမ်းသော အချိန်အခါအတွက် ဖြစ်ကာ ဓားများသည် ပရမ်းပတာ စစ်ခင်းသော အချိန်အခါအတွက် ဖြစ်သည်။
စစ်မီးများ စတင်တောက်လောင်လာသောအခါ တိုက်ခိုက်သတ်ဖြတ်ရာတွင် ကျွမ်းကျင်သူများသည် ပိုမို၍ အသုံးဝင်လာသည်။
ဝုန်း…
ကောင်းကင်တွင် ဓားအလင်းများသည် တစ်ဘန်းဘန်းမြည်ကာ ထိပ်တိုက်တွေ့ကြ၏။ ဓားအလင်းများသည် မူရှန်မြို့၏ကာကွယ်ရေးအစီအရင်နှင့် ထိတွေ့ကာ အလင်းလှိုင်းများ ထနေသည်။
“ယန်တင်းရှန်… မင်းသားကို ငါ သတ်တာ မဟုတ်ဘူး။ ဘာလို့ ငါ့ကို အတင်းဖိအားပေးနေတာလဲ”
“ကျင်းရှန်းဓားဂိုဏ်းဟာ ပြိုကွဲသွားပြီးပြီ။ ဘာလို့ ငါ့ကို လက်စားချေဖို့ လိုက်နေတာလဲ”
“တာအိုရောင်းရင်းယန်… ငါ မှားသွားပါတယ်။ ဒီနေရာမှာပဲ ရပ်လိုက်ရအောင်”
…
သူသည် ကောင်းကင်ဘုံတစ်ဝက်အဆင့်ပညာရှင်ဖြစ်လျှင်ကော အဘယ်အရေးနည်း။ မရဏသေမင်းနှင့် တွေ့သောအခါ သေမျိုးတစ်ယောက်သာ ဖြစ်သည်။
ရှားယွင်ယန်ကို အဖြေပေးလိုက်သည်ကား စွမ်းအားကြီးသော ဓားအလင်းတစ်ချက် ဖြစ်သည်။
ဓားသည် ထောင်လိုက်ဖြတ်သွားကာ လောကတခွင် တုန်ခါသွားသည်။
ဓားအလင်းသည် မြို့ကာကွယ်ရေးအစီအရင်ကို အက်ကြောင်းကြီးတစ်ခု ထင်ကျန်အောင် ပိုင်းဖြတ်သွား၏။
ပို၍ ကြောက်စရာကောင်းသည်ကား ဓားချက်အကြိမ်တစ်ချို့မျှသာ ရှိသေးသည်၊ မြို့ကာကွယ်ရေးအစီအရင်မှာ ပြိုပျက်လုနီးပါးဖြစ်လာသည်။
ခေါင်းဆောင်တောက်ရင်၏ ကာကွယ်ပေးမှုကြောင့်သာ မဟုတ်ပါက ထိုအစီအရင်သည် ဓားအလင်းများကို တောင့်ခံနိုင်မည် မဟုတ်ပါ။
ဤသည်ကား ထိပ်သီးဓားသမားတစ်ဦး၏စွမ်းအား ဖြစ်သည်။
သည်နေရာမှာ အာခီမီတော်ဝင်မြေဖြစ်လျှင်ကော အဘယ်အရေးနည်း။
သူတို့မှာ ကြက်ငှက်ကလေးများလို အင်အားမဲ့ရသည် မဟုတ်ပေဘူးလား။
ထိုအခိုက်တွင် မြို့တွင် ပုန်းကွယ်နေသော အာခီမီပညာရှင်များအားလုံးမှာ မျက်နှာများ ပြာနှမ်းနေကြသည်။
ဒီနေရာမှာ ခင်ဗျားတို့တွေ အာခီမီပညာရှင်ဖြစ်တဲ့အတွက် တခြားလူတွေထက် ပိုပြီး အဆင့်အတန်းမြင့်တယ် ထင်နေတယ်မလား။
သေခြင်းရှင်ခြင်းတိုက်ပွဲမှာ မင်းတို့က ဓားတစ်လက်ကို တားဆီးနိုင်ပါ့မလား။
ဟန်မူယဲ့က ထိုစူးရှတောက်ပသော ဓားအလင်းများကို ကြည့်ကာ မျက်လုံးများ တောက်ပနေသည်။
အဆုံးသတ်၌ ကျင့်ကြံခြင်းသည် ကိုယ်ပိုင်ခွန်အားအပေါ်သာ မူတည်သည်။
ဓားတစ်လက်ရှိပါက တစ်စုံတစ်ယောက်သည် တခြားလူများ၏သနားဂရုဏာသက်မှုကို တောင်းခံစရာ မလိုတော့ပါ။
မူရှန်မြို့မှာ ငြိမ်းငြိမ်းချမ်းချမ်း အာခီမီပညာရပ်ကို လေ့လာနိုင်တာနဲ့ပဲ လောကကြီးဟာ ငြိမ်းချမ်းနေတယ်လို့ ခင်ဗျားတို့ တကယ် ထင်နေကြတာလား။
ဟဟ…
ဝုန်း…
တိုက်ပွဲမှာ အတော်လေး ကြာသည်။
နောက်ဆုံးတွင် ဓားအလင်းများမှာလည်း ပျက်ပြယ်သွား၏။
တိုက်ပွဲကား ပြီးဆုံးသွားပြီ ဖြစ်သည်။
အရှုံးအနိုင်။
သေခြင်း ရှင်ခြင်း။
တစ်မြို့လုံး တိတ်ဆိတ်နေသည်။
ယနေ့ တစ်မြို့လုံးမှာ အာခီမီကျင့်ကြံသူများသည် ကောင်းကင်ဘုံတစ်ဝက်အဆင့်ပညာရှင်၏ သေဆုံးခြင်းကို မြင်တွေ့ခဲ့ရ၏။
မြို့ကာကွယ်ရေးအစီအရင်၏အပြင်ဘက်တွင် ဖြစ်သည်။
၎င်းသည်ပင် ကျင့်ကြံခြင်းလောက ဖြစ်၏။
ကောင်းကင်မှ အသံတစ်သံကို ကြားရသည်။
“ခေါင်းဆောင်မူ… ဒီနေ့ ကျုပ် ခင်ဗျားရဲ့ အာခီမီတော်ဝင်မြေကို နှောင့်ယှက်မိတယ်။ ကျုပ် ဖီးနစ်ဦးခေါင်းတောင်က ပြန်လာရင် ခင်ဗျားကို ကိုယ်တိုင် တောင်းပန်ပါ့မယ်”
မူမိသားစုခေါင်းဆောင်၏အမူအရာမှာ သုန်မှုန်နေကာ သူက မည်သည့်စကားမှ မပြောပေ။
“အစ်ကိုတောက်ရင်… ကျေးဇူးပဲ”
အသံထပ်မံ ထွက်ပေါ်လာသည်။
“ဟားဟား… ဒါက ဖြစ်သင့်တာပဲကို။ ကျုပ် တောက်ရင်က ဘယ်လိုလုပ် မဟာမိတ်ကို ဂရုမစိုက်ဘဲနေရမှာလဲ”
ခေါင်းဆောင်တောက်ရင်က ရယ်မောလိုက်သည်။
မဟာမိတ်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် အလင်းတောင်ကုန်းဓားဂိုဏ်းတို့သည် မဟာမိတ်ဖွဲ့စည်းခဲ့ကြသည်။
၎င်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အရေးပါသော ကိစ္စရပ်ကြီး ဖြစ်သည်။
မြေပြင်မှ အာခီမီပညာရှင်များ သတိမဝင်လာသေးမီတွင်ပင် ကောင်းကင်မှ အသံကို ထပ်မံကြားရသည်။
“ဒီနေ့ ကျုပ် ယန်တင်းရှန်ဟာ လင်တောက်ဂိုဏ်းရဲ့ တားမြစ်ချက်ကို ချိုးဖျက်မိတယ်။ ဒါကြောင့် ကျုပ်ဟာ ဖီးနစ်ဦးခေါင်းတောင်ကို စောင့်ကြပ်ဖို့ ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးတယ်”
“ဒီနေ့ ကျုပ်ဟာ ကောင်းကင်ဘုံတစ်ဝက်အဆင့်ပညာရှင်တစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်။ ကျုပ်ဟာ ဖီးနစ်ဦးခေါင်းတောင်မှာ ကောင်းကင်ဘုံတစ်ဝက်အဆင့်ပညာရှင် ၂ယောက်သတ်ဖြတ်ပြီးမှ အနောက်ဘက်နယ်စပ်ကုန်းမြေကို ပြန်လာမယ်”
သူက ပြောပြီးသည်နှင့် ဓားအလင်းသည် တောင်ဘက်အရပ်သို့ ဦးတည်ပျံသန်း ပျောက်ကွယ်သွားတော့သည်။
သူသည် တောင်ပိုင်းကုန်းမြေမှ ကောင်းကင်ဘုံတစ်ဝက်အဆင့် ၂ဦးအား သတ်ဖြတ်မည်။
ထိုသို့သော သူရဲကောင်းဆန်ခြင်းသည် ဓားကျင့်ကြံသူတစ်ဦးတွင် ရှိသင့်သောအရာ ဖြစ်သည်။
မည်သည့်အကျိုးအပြစ်ကိုမှ ဂရုမစိုက်ဘဲ လက်စားချေနိုင်ခြင်း၊ ဓားတစ်လက်ဖြင့် အနောက်ဘက်နယ်စပ်ကုန်းမြေကို စောင့်ကြပ်ခြင်း။
၎င်းသည်ပင် ဓားသမားတစ်ဦး၏ သူရဲကောင်းစိတ်ဓာတ် ဖြစ်သည်။
ဓားအလင်း ပျောက်ကွယ်သွားသည်ကို ကြည့်ကာ ဟန်မူယဲ့က မျက်နှာများ ပြာနှမ်းနေသော ချန်မင်းကို ကြည့်သည်။
“ခုနက မင်း ငါနဲ့ ယှဉ်ပြိုင်မယ်လို့ ပြောတယ်”
“ငါတို့ ဘယ်လို ယှဉ်ပြိုင်မှာလဲ”
သူ့ခန္ဓာကိုယ်မှ ဓားချီသည် စူးရှတောက်ပကာ တစ်ဖျတ်ဖျတ်လက်နေသည်။
ဓားချီသည် သတ်ဖြတ်ရန် ဖြစ်သည်။
အာခီမီသည်ကား အထောက်အပံ့နည်းစနစ်သာ ဖြစ်သည်။
ဟန်မူယဲ့ ထိုအချက်အား နားလည်၏။
ယန်တင်းရှန်က သူ၏ဓားဖြင့် လက်စားချေခဲ့သည်။ သူ့ဓားချက်က ဟန်မူယဲ့၏စိတ်အား နိုးထစေ၏။
သူသည် ဓားသမားဖြစ်သည်။
ဓားသည် သတ်ဖြတ်ရန် ဖြစ်သည်။
လောကတခွင် ဓားတစ်လက်ဖြင့် ခရီးသွားခြင်းဖြင့်သာ အမှန်တကယ် လွတ်လပ်နိုင်၏။
ငူငူကြီး ရပ်နေသော ချန်မင်းသည် မည်သည့်စကားမှ မဆိုရဲတော့ပါ။ ထိုအခါမှ ကောင်းကင်တခွင် ထွန်းလင်းနေသော ဓားအလင်းများ ကွယ်ပျောက်သွား၏။
“ထားလိုက်တော့… ဒီနေ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ သွေးကြောဖွင့်ဆေးလုံးဟာ ပိုသန့်စင်တဲ့ဆေးအစွမ်းကို ပေးတယ်။ ဒီဆေးဖော်စပ်နည်းစနစ်ဟာ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ကျင့်ကြံခြင်းလောကကို အကျိုးဖြစ်ထွန်းစေတဲ့အတွက် အာခီမီစံအိမ်ငယ်ထဲသို့ ပို့ဆောင်ဖို့ အဆင့်မှီတယ်”
ခေါင်းဆောင်မူ၏အသံတွင် အနည်းငယ် စိတ်ဓာတ်ကျသော အငွေ့အသက်များပါနေသည်။
ယနေ့ကား မူမိသားစုခေါင်းဆောင်၏မွေးနေ့မင်္ဂလာဖြစ်သည်။ ပထမပိုင်းသည် အဆုံးအစမဲ့သော အာခီမီဂုဏ်ရောင်များဖြင့် ပနံသင့်နေခဲ့သည်။
အလယ်ပိုင်းတွင် မူမိသားစုလူငယ်မျိုးဆက်၏တောက်ပမှု၊ လူငယ်မျိုးဆက်များ၏ ထွန်းပြောင်မှုတို့ကို မြင်တွေ့ရ၏။
နောက်ဆုံးတွင် အစိမ်းရောင်ဓားအလင်းသည် ပွဲကျင်းပရာ မူရှန်မြို့သို့ ရောက်လာခဲ့၏။ အာခီမီကျင့်ကြံသူများသည် ထိုဓားအလင်းအောက်တွင် ကူရာမဲ့ကြရ၏။
ယနေ့ပြီးနောက်တွင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အာခီမီတော်ဝင်မြေမှာ အမဲစက်စွန်းထင်းသွားပြီ ဖြစ်သည်။
“ဟားဟား… အစ်ကိုချွန်းဟွေ့ရဲ့ မျက်လုံးတွေက စူးရှတာပဲ”
ခေါင်းဆောင်တောက်ရင်က ရယ်မောကာ ခေါင်းဆောင်မူ၏ရှေ့သို့ ဆင်းသက်လာ၏။
သူ့ခန္ဓာကိုယ်မှ ဓားအလင်းများမှာ ပျောက်ပျက်မသွားသေးပါ။ မူရှန်မြို့၏နေရာအများစုမှာ ဓားအလင်းများဖြင့် ထွန်းလင်းနေကာ လူအများစုမှာ မော့ကြည့်နိုင်စွမ်းပင် မရှိချေ။
“တာအိုရောင်းရင်းများ… ကျုပ်တို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဟာ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ တရားမျှတမှုကို ကျုပ်တို့ရဲ့ဓားနဲ့ အမြဲတမ်း ဦးစားပေးကာကွယ်မှာပါ။ ဒီစိတ်ဆန္ဒဟာ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး”
“ကျုပ်တို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက သွေးကြောဖွင့်ဆေးလုံးဟာ အာခီမီစံအိမ်ငယ်ထဲကို ဝင်ခွင့်ရတာဟာလည်း အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အာခီမီပညာရပ် တိုးတက်ထွန်းကားတော့မယ့် နိမိတ်လက္ခဏာပါပဲ”
“အနာဂတ်မှာ အားလုံးက ကျုပ်တို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနဲ့ ပူးပေါင်းပါဝင်ပြီးတော့ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ကောင်းကျိုးကို သယ်ပိုးဖို့ ဝိုင်းဝန်းပါဝင်ပေးကြပါလို့ ပြောချင်ပါတယ်”
ခေါင်းဆောင်တောက်ရင်က ပြောလျှင် မည်သူမှ မဆန့်ကျင်ရဲကြပါ။
ဓားဆန္ဒသည် သူတို့၏ခေါင်းထက်တွင် ရှိနေသေးသည်။ မည်သူက အသံထွက်ရဲမည်နည်း။
ယနေ့ ခေါင်းဆောင်တောက်ရင်သည် သူ၏ဓားတာအိုဖြင့် မူရှန်မြို့ကို ဖိနှိပ်ထားခဲ့သည်။ မည်သူမှ ခေါင်းမမော့ရဲပါ။
တုန်လှုပ်နေသော အာခီမီပညာရှင်များအား စိတ်ကြေနပ်စွာ ကြည့်ကာ ခေါင်းဆောင်တောက်ရင်က သူ၏ဓားဆန္ဒအား ပြန်သိမ်းဆည်းလိုက်သည်။
“မိတ်ဆွေလေးချန်မင်း… မင်းတို့ မင်ဟွားတောင်ကြားရဲ့ အာခီမီပညာရပ်ဟာ မဆိုးဘူး။ နောက်ပိုင်း ငါတို့ ပိုပြီး အဆက်အဆံလုပ်သင့်တယ်”
တောက်ရင်က ချန်မင်းအား ပြုံးလျက် လှမ်းပြောသည်။
ချန်မင်းက ခေါင်းညိတ်ကာ ဦးညွှတ်လိုက်ပြီး နောက်ဆုတ်သွားသည်။
သူကား ရှုံးနိမ့်သွားပြီ ဖြစ်သည်။
သူ၏ပါရမီရှင်ဟူသော ဂုဏ်ပုဒ်ကို ဆုံးရှုံးခဲ့သလို ဂိုဏ်း၏ကြီးမားသော အခွင့်အလမ်းမှာလည်း ဆုံးရှုံးခဲ့သည်။
ယနေ့တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၌ သွေးကြောဖွင့်ဆေးလုံး၏အရောင်းအဝယ်များကို ထိန်းချုပ်သော တစ်ခုတည်းသော ဂိုဏ်း ဖြစ်လာခဲ့သည်။
မင်ဟွားတောင်ကြားက ထိုဆေးလုံးကို ဖော်စပ်သည့်တိုင် အနောက်ဘက်နယ်စပ်ကုန်းမြေ၌ မည်သူကမှ တရားဝင်သည်ဟု မသတ်မှတ်ကြတော့ပါ။
မည်သည့်အင်အားကြီးဂိုဏ်းကမှ မင်ဟွားဂိုဏ်းသို့ လာရောက် အရောင်းအဝယ်လုပ်မည် မဟုတ်တော့ပါ။
မင်ဟွားတောင်ကြားသည် အလွန်များပြားသော အရင်းအမြစ်များကို အလဟသ ကုန်ဆုံးခဲ့ရ၏။
ရင်ပြင်တွင် မည်သူမှ ချန်မင်းအား မကြည့်ကြတော့ပါ။
ခေါင်းဆောင်တောက်ရင်က ပါးလျသော စာရွက်ငယ်တစ်ရွက်အား ထုတ်ယူသည်ကို အားလုံးက မြင်ကြသည်။
ထိုစာရွက်ကား တန်ဖိုးဖြတ်မရပါ။
၎င်းသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ သွေးကြောဖွင့်ဆေးလုံးဖော်စပ်နည်းစနစ် ဖြစ်သည်။
ထိုဖော်စပ်နည်းစနစ်ဖြင့် ခေါင်းဆောင်တောက်ရင်သည် အာခီမီစံအိမ်ငယ်ထဲသို့ ဝင်ခွင့်ရ၏။
ထိုဆေးဖော်စပ်နည်းစနစ်ဖြင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၌ သွေးကြောဖွင့်ဆေးလုံး၏တန်ဖိုးကို သတ်မှတ်နိုင်သည်။
“တာအိုရောင်းရင်းချွန်းဟွေ့… ဒါက ကျုပ်တို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ သွေးကြောဖွင့်ဆေးလုံးဖော်စပ်နည်းစနစ်ပါ။ ဒီနေ့ ကျုပ် အာခီမီစံအိမ်ငယ်ကို ပေးပါ့မယ်”
ခေါင်းဆောင်တောက်ရင်က လေးနက်သော အမူအရာဖြင့် ပြောသည်။
ရင်ပြင်တွင် အားလုံးက လေးနက်စွာ ကြည့်နေကြ၏။
ဆေးဖော်စပ်နည်းစနစ်အား အာခီမီစံအိမ်ငယ်ထဲသို့ ပို့ဆောင်ခြင်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကြီးမားသော ကိစ္စတစ်ရပ် ဖြစ်သည်။
ခေါင်းဆောင်တောက်ရင်က သူ၏ဓားဖြင့် မည်သို့ ဖိနှိပ်ခဲ့ပါစေ ယခုတွင် အားလုံးက လက်မြှောက်ကာ ဦးညွှတ်ရသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် သူတို့၏ဆေးဖော်စပ်နည်းစနစ်ဖြင့် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အာခီမီတာအိုကို အကျိုးဆောင်ခဲ့၏။
“တာအိုရောင်းရင်းတောက်ရင်… ဒီဆေးဖော်စပ်နည်းစနစ်ကို အာခီမီစံအိမ်ထဲကို ပို့ဆောင်ပြီးတော့ စံအိမ်ထဲက ပညာရပ်တွေကို လေ့လာပါ”
ခေါင်းဆောင်မူက လက်နှစ်ဖက်ဆုပ်ကာ ခေါင်းဆောင်တောက်ရင်ကို ပြောသည်။
သူသည် ဆေးဖော်စပ်နည်းစနစ်ကို အာခီမီစံအိမ်ငယ်ထဲသို့ ပို့ဆောင်နိုင်သည်။
ခေါင်းဆောင်တောက်ရင်က ခေါင်းညိတ်ကာ ဟန်မူယဲ့အား ကြည့်သည်။
“ကောင်လေး… ဒီဆေးဖော်စပ်နည်းစနစ်ကို သွားပို့လိုက်…”
သူက ဟန်မူယဲ့အား ဆေးဖော်စပ်နည်းစနစ်ကို ပို့ဆောင်ခိုင်းသည်။
ဟန်မူယဲ့က ခေါင်းဆောင်တောက်ရင်အား ကြည့်သည်။
ခေါင်းဆောင်တောက်ရင်က ပြုံးလျက် ပြောသည်။
“မင်းတို့ လူငယ်တွေ သွားကြည့်ပါ။ ငါက ဓားအရူးတစ်ယောက်ပါပဲ။ ငါက အာခီမီစံအိမ်ငယ်ထဲကို သွားကြည့်ရင်တောင် ဘယ်လောက်အကျိုးအမြတ်ရမှာမလို့လဲ”
ဓားအရူး။
ယခင်က အာခီမီပညာရှင်များသည် သူ့အား ‘ဓားအရူး’ ဟု သမုတ်ကာ လှောင်ပြောင်ကြသည်။
ဟန်မူယဲ့က ခေါင်းညိတ်ကာ စာရွက်ငယ်အား လက်နှစ်ဖက်ဖြင့် ယူလိုက်သည်။
ခေါင်းဆောင်တောက်ရင် ပြောသည်မှာ မှန်ကန်ကြောင်း သူသိသည်။
ယခင်က ခေါင်းဆောင်တောက်ရင်သည် အာခီမီစံအိမ်ငယ်ထဲကို အောင်မြင်မှုပန်းတိုင်တစ်ခုအနေဖြင့်သာ ဝင်လိုခြင်း ဖြစ်သည်။ သူသည် အာခီမီပညာရပ်ကို လေးနက်စွာ လိုက်စားခြင်း မရှိပါ။
ထိုအကြောင်းပြချက်ကြောင့်လည်း အာခီမီပညာရှင်များက သူ့ကို မကြေနပ်ကြခြင်း ဖြစ်သည်။
ဟန်မူယဲ့သည် စာရွက်ငယ်အား လက်နှစ်ဖက်ဖြင့် ကိုင်ကာ သုံးထပ်အဆောက်အဦထံသို့ လမ်းလျှောက်သွားလိုက်သည်။
အဆောက်အဦငယ်ကား ရိုးရှင်းကာ အဆင်တန်ဆာများ သိပ်မရှိပါ။ တံခါးဝတွင် ‘အာခီမီစံအိမ်ငယ်’ ဟူ၍ ရေးထွင်းထားသည်။
သူ့နောက်မှ လိုက်ပါလာသော ကျန်းမင်သည် ရှေ့ကို တက်ကာ ရှေးဟောင်းတံခါးအား တွန်းဖွင့်လိုက်၏။ ဟန်မူယဲ့က အထဲကို ဆက်လျှောက်သွားလိုက်သည်။
အင်မော်တယ်ဆေးလုံးကို ဖော်စပ်ခဲ့သော ကျန်းမင်သည်လည်း အာခီမီစံအိမ်ငယ်ထဲသို့ ဝင်ခွင့်ရပေသည်။
အထဲတွင်ကား သပ်ရပ်စွာ စီထားသော စာအုပ်များ၊ ပေစာများနှင့် ကျောက်စိမ်းပြားစာများကို တွေ့နိုင်သည်။
သူ ဒုတိယထပ်သို့ ရောက်လာသောအခါ ထိုနေရာတွင် စားပွဲတချို့နှင့် စာအုပ်စင်များအား တွေ့ရ၏။
“အာခီမီစံအိမ်ငယ်ဆိုတာ ဒါပါပဲလား”
ကျန်းမင်က မသက်မသာ ခေါင်းယမ်းကာ ပြောသည်။
သူက သည်နေရာသို့ ဝင်ခွင့်ရရန် နှစ်တစ်ရာကျော် အချိန်ဖြုန်းတီးခဲ့သည်။
၎င်းသည် အမှန်တကယ်အားဖြင့် မိုက်မဲရာ ကျပေသည်။
“ဒါက ရှားပါးအခွင့်အရေးပဲ။ ငါက အာခီမီစံအိမ်ငယ်ထဲကို ဝင်ခွင့်ရမှတော့ လက်ဗလာနဲ့ ထွက်သွားလို့ မဖြစ်ဘူး”
ကျန်းမင်က ထိုနေရာတွင် အသင့်ချထားသော စားပွဲခုံရှေ့၌ ထိုင်လိုက်သည်။
“ကျန်းမင်… ကျုပ်ကို တန်ဖိုးကြီးဆေးဖော်စပ်နည်းစနစ်တွေ အကုန်လုံးကို ယူလာပေးပါ”
သူ၏စကားကို ကြားလျှင် ကျန်းမင်က အံ့အားသင့်သွားပြီးမှ တွန့်ဆုတ်ခြင်းမရှိဘဲ စာအုပ်စင်များသို့ သွားရောက်မွှေနှောက်သည်။
“နှလုံးထွင်းထုအဆီအနှစ်ဆေးလုံး… ဒါက အဌမတန်းစားဆေးလုံးပဲ။ အရင်က ဟယ်တင်းဂိုဏ်းရဲ့ အာခီမီအမွေအနှစ်လည်း ဖြစ်တယ်။ အခုနောက်ပိုင်း တိမ်ကောသွားတဲ့ ဆေးဖော်စပ်နည်းစနစ်ပဲ”
ကျန်းမင်က စာလိပ်ကို ဖြန့်ကာ ပြောသည်။ သူက မိတ်ဆက်၍ မပြီးသေးခင် ဟန်မူယဲ့က လက်လှမ်းကာ စာလိပ်ကို ယူကြည့်သည်။
သူက စာလိပ်အား စူးစိုက်ကြည့်ကာ ဖတ်သည်။ အာခီမီနည်းစနစ်နှင့် ဖော်စပ်ပုံအချိုးအစပ်များအားလုံးမှာ သူ၏အာရုံ၌ ပုံရိပ်များအသွင်ဖြင့် တဖျတ်ဖျတ်လက်သွားသည်။
“နှလုံးထွင်းထုအဆီအနှစ်ဆေးလုံးအား နားလည်သွားခြင်း”
စာလိပ်အား ပြန်ပစ်ပေးကာ ဟန်မူယဲ့က ပြောသည်။
“မှတ်မိပြီ။ နောက်တစ်ခု”
သူက မှတ်ဉာဏ်ထဲ မှတ်သားထားသည်။
ဤသည်ကား အဌမတန်းစားဆေးဖော်စပ်နည်းစနစ် ဖြစ်သည်။
ကျန်းမင်း၏မျက်လုံး ပြူးကျယ်သွားသည်။
မည်မျှ ထူးခြားထက်မြက်သော အာခီမီပညာရှင်ဖြစ်ပါစေ၊ အဌမတန်းစားဆေးလုံးကို နားလည်ရန်အတွက် နာရီတချို့ ဆင်ခြင်သုံ့သရန် လိုအပ်၏။
အာခီမီစံအိမ်ငယ်ကို လူအများသို့ ဖွင့်လှစ်ပေးထားခြင်းမှာ ဆေးဖော်စပ်နည်းစနစ်မှာ တန်ဖိုးကြီးလေ ဆင်ခြင်သုံ့သရန် ခက်ခဲလေ ဖြစ်သည်။
အာခီမီစံအိမ်ငယ်ထဲသို့ ဝင်ရောက်ခွင့်ရသောသူ အများစုသည် ပုံမှန်အားဖြင့် ဖော်စပ်နည်းစနစ် အများဆုံးသုံးခုခန့်သာ မှတ်မိနိုင်ကြသည်။ ဖော်စပ်နည်းစနစ်တစ်ခုကို အစစ်အမှန် နားလည်ရန်ကား အလွန်ရှားပါးသောကိစ္စဖြစ်၏။
“ဘာကို စောင့်နေတာလဲ”
ဟန်မူယဲ့က ထပ်မေးသည်။
“ကောင်းပါပြီ။ ကောင်းပါပြီ”
ကျန်းမင်က ဝမ်းသာအားရ ရေရွက်သည်။ သူက အလျင်အမြန် လှမ်းသွားကာ ဆေးဖော်စပ်နည်းစနစ်တစ်ခုကို ယူလာသည်။
“သခင်လေး… ဒါက ကျောက်စိမ်းနေမင်းဂိုဏ်းရဲ့ ခရမ်းမျှော်မှန်းဆေးလုံးပဲ။ ဒါက ကမ္ဘာမြေအဆင့်တွေ ဒဏ်ရာရတဲ့အခါ စားသုံးရတဲ့ဆေးလုံးပဲ”
“ဒါက အဌမတန်းစားဆေးလုံး မဲပြာဆေးလုံးပဲ။ ဝိညာဉ်နိုးထခြင်းအဆင့်တွေ ဒီဆေးလုံးကို စားရင် စိတ်တန်ခိုးကို အားကောင်းစေတယ်”
…
ကျန်းမင်သည် စာအုပ်စင်များနှင့် ဟန်မူယဲ့တို့အကြား ပြေးလွှားကာ တန်ဖိုးကြီးဆေးဖော်စပ်နည်းစနစ်များအား ကူးလူးသယ်ပို့ပေးသည်။
ဟန်မူယဲ့က ခဏမျှ ကြည့်ပြီးလျှင် ဆေးဖော်စပ်နည်းစနစ်များအား မှတ်သား၏။
“ပဥ္စမတန်းစားဆေးလုံးဖော်စပ်နည်းစနစ်”
ကျန်းမင်၏မျက်လုံးက ပြူးကျယ်သွားသည်။
ဟန်မူယဲ့က လက်ဝှေ့ယမ်းကာ စာလိပ်အား လှမ်းယူလိုက်သည်။
“ကျောက်စိမ်းအလင်းရိုးဆေးလုံး”