ဆယ်နှစ်သော ကတိကဝတ်
Vol. 11 Ch. 144
“ဝိညာဉ်သူငယ်အဆင့် ကျင့်ကြံသူတွေဟာ သူတို့ရဲ့ ကျောက်စိမ်းအရိုးကို ဖွဲ့စည်းတဲ့အခါ ဒီဆေးလုံးဟာ ကျောက်စိမ်းအရိုးဖွဲ့စည်းရာမှာ အထောက်အကူပြုတယ်”
သည်ကျောက်စိမ်းအလင်းရိုးဆေးလုံးသည် ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူများ အသုံးပြုသော ဆေးလုံး ဖြစ်နေသည်။
ပဥ္မတန်းစားဆေးလုံးများမှာ အနောက်ဘက်နယ်စပ်ကုန်းမြေ၌ အလွန်ရှားပါးသည်။
ဟန်မူယဲ့က စာလိပ်ကို ဖွင့်ကာ ဖတ်လိုက်သည်။
ဟူး…
သူ့အာရုံ၌ ပုံရိပ်များ ဖြစ်ပေါ်လာသည်။
ဆေးအမယ်များ ဆေးပေါင်းဖိုထဲကို ထည့်သွင်းနေပုံများ၊ ဆေးလုံးဖြစ်ပေါ်လာခြင်းနှင့် ဆေးလုံးများ ဆေးပေါင်းဖိုမှ ထွက်ပေါ်လာခြင်း။
ဆေးလုံးများ တကွဲတပြား ပျံသန်းထွက်ပြေးခြင်း။
ကြီးမားသော လက်ဝါးပုံရိပ်တစ်ခုသည် ထိုဆေးလုံးများကို ဝှေ့ယမ်းသိမ်းဆည်းသွားသည်။
သူသည် ကျောက်စိမ်းအလင်းရိုးဆေးလုံးဖော်စပ်နည်းအား နားလည်သွားသည်။
သူသည် မြူနှင်းတိမ်တိုက် လက်ဟန်စနစ်အား တတ်မြောက်သွား၏။
ဆေးလုံးများကို သိမ်းဆည်းသော နည်းစနစ်။
ဤကား အနောက်ဘက်နယ်စပ်ကုန်းမြေ၌ ပျောက်ကွယ်သွားပြီးသော ရှေးဟောင်းနည်းလမ်း ဖြစ်သည်။
အကြောင်းကား အနောက်ဘက်နယ်စပ်ကုန်းမြေ၌ လူအနည်းငယ်သာ ပဥ္မတန်းစားဆေးလုံးကို ဖော်စပ်နိုင်စွမ်း ရှိခြင်းကြောင့် ဖြစ်သည်။
ပဥ္စမတန်းစားဆေးလုံးနှင့် အင်မော်တယ်အဆင့် ဆေးလုံးများကဲ့သို့ အဆင့်မြင့်တန်းများသည်သာ ၎င်းတို့၏စိတ်ဝိညာဉ်ထိုးထကာ ထွက်ပြေးခြင်းမှ တားဆီးရန် လိုအပ်သည်။
မြူနှင်းတိမ်တိုက်လက်ဟန်သည် ဝိညာဉ်နိုးထကာ ထွက်ပြေးသော ဆေးလုံးများအား သိမ်းဆည်းရာတွင် သုံးသလို လူများအား ဖမ်းချုပ်ရာတွင်လည်း အသုံးပြနိုင်၏။
စာလိပ်ကို ချလိုက်ပြီးနောက် ဟန်မူယဲ့ အနည်းငယ် ပင်ပန်းလာခဲ့သည်။
ဆေးလုံးဖော်စပ်နည်းအများအပြားကို လေ့လာဆင်ခြင်ခြင်းက သူ့စိတ်စွမ်းအားကို ကုန်ခမ်းစေ၏။
သို့သော်လည်း သည်တစ်ခေါက်တွင် သူ အကျိုးအမြတ်ကြီးကြီးမားမား ရခဲ့သည်။
ဟန်မူယဲ့ ထရပ်ကာ ပြုံးလိုက်၏။
သတ္တမတန်းစားဆေးလုံးဖော်စပ်နည်း သုံးမျိုး။
ဆဌမတန်းစား ဆေးလုံးဖော်စပ်နည်း ဆယ့်ခုနစ်မျိုး။
ပဥ္စမတန်းစား ဆေးလုံးဖော်စပ်နည်း တစ်မျိုး။
အာခီမီစံအိမ်ငယ်တွင် ဟန်မူယဲ့တစ်ဦးတည်းသာ ဆေးလုံးဖော်စပ်နည်း ၂၁ မျိုးကို မှတ်မိနိုင်စွမ်း ရှိသည်။
ကျန်းမင်သည် သူ့အား ဆေးဖော်စပ်နည်းများ ကူညီရွေးချယ်ပေးခဲ့သည်။
သည်မျှလောက်ဖြင့် လုံလောက်ပြီ ဖြစ်သည်။
ကျန်းမင်က ခေါင်းညိတ်ကာ စားပွဲပေါ်တွင် ချထားသော စာလိပ်အား ပြန်သွားထားလိုက်သည်။
သူတို့နှစ်ဦး အာခီမီစံအိမ်ငယ်ထဲမှ ထွက်လာပြီးသောအခါ ဧည့်သည်များမှာ ကျဲပါးသွားပြီ ဖြစ်သည်။
မူဝမ်နှင့် နောက်ထပ်လူငယ်တစ်ဦးတို့သည်သာ စံအိမ်ရှေ့တွင် ရပ်နေသည်။
လူငယ်ကား မူမိသားစု၏အကြီးဆုံးသား မူထန်ကျစ် ဖြစ်သည်။
“စီနီယာအစ်ကိုဟန်… ခေါင်းဆောင်က ရှင့်ကို မူကျင်းဥယျာဉ်သို့ ဖိတ်ခေါ်လိုက်တယ်”
မူဝမ်က ဟန်မူယဲ့အား တီးတိုးပြောသည်။
ဟန်မူယဲ့က ခေါင်းညိတ်ကာ သူမနောက်မှ လိုက်ပါသွားသည်။
မူထန်ကျစ်က ကျန်းမင်အား လက်နှစ်ဖက်ဆုပ်ကာ ပြုံးလျက် ပြောသည်။
“စီနီယာကျန်းမင်… အဖေက ခင်ဗျားကို လက်ဖက်ရည်သောက်ဖို့ ဖိတ်ကြားလိုက်တယ်။ ခင်ဗျား လိုက်လာပေးနိုင်မလား”
မူထန်ကျစ်၏အဖေသည် မူမိသားစုဒုတိယမျိုးဆက်တွင် နံပါတ် ၁ ဖြစ်သော မူလင်းရီ ဖြစ်သည်။ ယနေ့ အခန်းအနားကို သူဦးစီးကျင်းပခဲ့ခြင်း ဖြစ်သည်။
“ဟားဟား သေရည်မရှိဘူးဆိုလည်း လက်ဖက်ရည်နဲ့ အဆင်ပြေတာပါပဲ”
ကျန်းမင်က အဝေးကို ထွက်သွားသော ဟန်မူယဲ့နှင့် မူဝမ်တို့အား တစ်ချက်ကြည့်ကာ မူထန်ကျစ်နှင့် လိုက်ပါသွားသည်။
ဟန်မူယဲ့နှင့် အတူ မူဝမ်သည် ခေါင်းငုံ့ကာ လမ်းလျှောက်လာခဲ့သည်။
လမ်းတွင် မူမိသားစုဂျူနီယာတို့သည် သူတို့နှစ်ယောက်ကို ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်ကြ၏။
သူတို့နှစ်ဦးအား ယခင်နေ့များတွင်သာ တွေ့ပါက သူတို့သည် ဒုတိယတစ်ခေါက်ပင် ကြည့်မိမည် မဟုတ်ပါ။
ယနေ့ကား သူတို့နှစ်ဦးသည် သာမန်မူမိသားစုတပည့်များ မော့ကြည့်ရသော ကြယ်ပွင့်များ ဖြစ်နေလေပြီ။
သူတို့အရှေ့တွင် စိမ်းစိုလှပသော ဥယျာဉ်တစ်ခု ရှိနေသည်။
“စီနီယာအစ်ကိုဟန်… လတ်တလော ထွက်ပေါ်လာတဲ့ အရည်အသွေးအမြင့်ဆုံး တိမ်မြူချီတွေဟာ ရှင်ဖော်စပ်ထားခဲ့တာမလား”
တစ်ချိန်လုံး တိတ်ဆိတ်နေသော မူဝမ်က ရုတ်တရက် ပြောသည်။
ဟန်မူယဲ့က မသက်မသာ ပြုံးကာ ခေါင်းညိတ်သည်။
“မှန်တယ်”
သူ့အနေဖြင့် ထိုကိစ္စအား ဖုံးကွယ်ထားစရာ အကြောင်းမရှိပါ။
သူမလိုချင်သော အဖြေအား ရသွားလျှင် မူဝမ်က ပြုံးလျက် ပြောသည်။
“စီနီယာအစ်ကိုဟန်… ရှင့်ရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းဟာ အရမ်းကောင်းတာပဲ”
ထို့နောက် သူမက ဆက်ပြောသည်။
“အနာဂတ်မှာ စီနီယာအစ်ကိုဟန်နောက်က မကျန်ရစ်စေဖို့ ညီမက အာခီမီပညာရပ်မှာ ပိုပြီး ကြိုးစားရမယ့်ပုံပဲ”
ထို့နောက် သူမက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
“စီနီယာအစ်ကိုဟန်… ညီမရဲ့ ကျင့်ကြံဆင့်က လုံလောက်အောင်မြင့်ပြီးတော့ ရှင့်ရဲ့ သက်တမ်းကုန်ဆုံးတဲ့ကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းတွေ့တဲ့အခါ ညီမ ရှင့်ကို လာရှာပါ့မယ်”
ထို့နောက် သူမက နောက်လှည့်ကာ ထွက်သွားသည်။
သူ့အား ရှာမည်လား။
မူဝမ်၏နောက်ကျောအား ကြည့်ကာ ဟန်မူယဲ့က ပြုံးလျက် ပြောသည်။
“ကောင်းပြီ… ညီမကို စောင့်နေမယ်”
ဤသည်က အချစ်ကတိကဝတ်ဟု သတ်မှတ်နိုင်မည်လား။
ကျင့်ကြံခြင်းလောကသည် စိတ်ခံစားချက်များအား စွန့်ပစ်ရမည့်နေရာဟု သူ ထင်ထားခဲ့သည်။
သို့သော်လည်း သူသည် ကတိကဝတ်လေးတစ်ခုကြောင့် ပျော်ရွှင်နေရ၏။
ငါ့စိတ်နှလုံးက မရင့်သန်သေးဘူးပဲ…
မူဝမ် ထွက်သွားသည်တွင် ဟန်မူယဲ့သည် မူကျင်းဥယျာဉ်ထဲသို့ ဝင်လာခဲ့သည်။
ဥယျာဉ်ထဲတွင်ကား မျိုးစုံသော ဆေးပင်ဆေးမြစ်များအား စိမ်းစိုစွာ တွေ့ရသည်။
သူသည် အဆောင်ငယ်တစ်ခုသို့ ရောက်သောအခါ မူမိသားစုခေါင်းဆောင်နှင့် ခေါင်းဆောင်တောက်ရင်တို့ အတူထိုင်နေကြသည်ကို တွေ့ရ၏။
“ဘယ်လိုလဲ…”
ခေါင်းဆောင်တောက်ရင်က ပြုံးလျက် ဟန်မူယဲ့အား မေးသည်။
သူက မူမိသားစုခေါင်းဆောင်ရှေ့တွင် မည်သို့ တည့်တိုးမေးနိုင်ရသနည်း။
ဟန်မူယဲ့ ခေါင်းညိတ်ကာ အမူအရာပြောင်းလဲခြင်းမရှိဘဲ ပြောသည်။
“အတော်လေး အကျိုးရှိခဲ့ပါတယ်”
သူ့စကားကို ကြားလျှင် ခေါင်းဆောင်တောက်ရင်က ပြုံးသည်။
ဘေးတွင် ရပ်နေသော မူမိသားစုခေါင်းဆောင်က ခေါင်းယမ်းကာ တီးတိုးပြောသည်။
“တာအိုရောင်းရင်းမူ… အခြေအနေက အရေးကြီးတယ်။ ကျုပ်တို့ အဲဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ ပြောရအောင်…”
ဘာကို ဆိုလိုတာလဲ။
ဟန်မူယဲ့ အနည်းငယ် အံ့အားသင့်သွားသည်။
“ကောင်လေး… ဒီနေ့ ငါ တမင် တိုက်ခိုက်ခဲ့တယ်လို့ မင်းထင်တယ်မလား”
ခေါင်းဆောင်တောက်ရင်က ဟန်မူယဲ့အား မေးသည်။
“တာအိုရောင်းရင်းချွန်းဟွေ့က ငါ့ကို အကူအညီတောင်းခဲ့တာ”
မူချွန်းဟွေ့က ခေါင်းဆောင်တောက်ရင်အား ထိုသို့လုပ်ရန် အကူအညီတောင်းခဲ့သည်လား။
ဒါက ဘာကို ဆိုလိုတာလဲ။
ယနေ့ မူရှန်မြို့ကို ဓားတာအိုဖြင့် ဖိနှိပ်ခဲ့သူသည် အမှန်တကယ်အားဖြင့် ခေါင်းဆောင်မူက အကူအညီတောင်းသောကြောင့်လား။
အကယ်၍ ခေါင်းဆောင်တောက်ရင်က မူရှန်မြို့အား ကူညီလိုပါက ယန်တင်းရှန်အား တားဆီးခဲ့ရပေမည်။
ဤသည်ကား မူရှန်မြို့၏ အာခီမီတော်ဝင်မြေဂုဏ်သိက္ခာဖြစ်သည်။
“တာအိုရောင်းရင်းချွန်းဟွေ့ဟာ မိစ္ဆာမျိုးနွယ်မှာ လက်တွဲဖော်ရှိတာ မင်း သိလား”
“တောင်ပိုင်းကုန်းမြေ မိစ္ဆာမျိုးနွယ်ဝင် နတ်မိမယ်ပီအိုနေး…”
ခေါင်းဆောင်တောက်ရင်က ပြုံးသည်။
“အဲလိုတော့ မဟုတ်ဘူး။ ကျုပ်တို့က အာခီမီမှာ စိတ်တူကိုယ်တူ ဝါသနာပါသူတွေပါ”
မူချွန်းဟွေ့က တွန့်ဆုတ်စွာ ပြောသည်။
သူ့ရှင်းပြချက်ကို ကြားလျှင် ဟန်မူယဲ့မှာ နားထောင်ရန် ပိုမိုစိတ်ဝင်စားလာခဲ့သည်။
ယခင်က မူမိသားစုခေါင်းဆောင်သည် တောင်ပိုင်းကုန်းမြေမှ နတ်မိမယ်ပီအိုနေးအား အာခီမီပညာရပ်၌ အနိုင်ယူခဲ့၏။ ထို့နောက်တွင် နတ်မိမယ်ပီအိုနေးသည် သူမ၏သက်စောင့်ပန်းခက်ကို သူ့အား ပေးအပ်ခဲ့သည်။
ထိုပန်းခက်ဖြင့် သူတို့နှစ်ဦးသည် နှစ်ပေါင်းများစွာ အဆက်အသွယ် ပြုလုပ်နိုင်ကြ၏။
နှစ်တစ်ရာကျော်မျှ ထိုသို့ ဆက်သွယ်ခြင်းက ဘာမှ မဟုတ်ဟု ပြောလျှင် အမှန်တကယ် ခက်ခဲ၏။
“ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက နတ်မိမယ်ပီအိုနေးဆီက သတင်းတချို့ ရသေးတယ်။ တောင်ပိုင်းကုန်းမြေမှာ အပြောင်းအလဲတချို့ဖြစ်သွားတယ်”
မူချွန်းဟွေ့၏အမူအရာကား သိပ်မကောင်းပါ။
“ပြီးတော့ သတင်းတွေ လုံးဝ ပြတ်တောက်သွားတယ်”
တောင်ပိုင်းကုန်းမြေတွင် တစ်စုံတစ်ခု ဖြစ်ပျက်နေသည်။
သတင်းများ ပြတ်တောက်သွားပြီးနောက်တွင် တောင်ပိုင်းကုန်းမြေစစ်တပ်သည် အနောက်ဘက်နယ်စပ်ကုန်းမြေအား ကျူးကျော်တိုက်ခိုက်လာနိုင်၏။
“အဲဒီမှာ ဘယ်လို အပြောင်းအလဲတွေ ဖြစ်တာလဲ”
ဟန်မူယဲ့က ခေါင်းဆောင်တောက်ရင်အား မေးသည်။
“ငါလည်း မသိဘူး”
ခေါင်းဆောင်တောက်ရင်က ခေါင်းယမ်းသည်။
“တာအိုရောင်းရင်းချွန်းဟွေ့က ငါ့ကို မူရှန်မြို့မှာ စတည်းချနေထိုင်ပြီးတော့ ကာကွယ်ပေးစေချင်တယ်”
ကာကွယ်စောင့်ရှောက်ရန်လား။
ဟန်မူယဲ့က အံ့အားသင့်စွာဖြင့် ခေါင်းဆောင်မူအား ကြည့်သည်။
“ငါဟာ နတ်မိမယ်ပီအိုနေးနဲ့ မိတ်ဆွေဖြစ်လာတာ နှစ်ပေါင်းမနည်းတော့ဘူး။ သူ တစ်ခုခုဖြစ်ရင် ငါ သေချာပေါက် သွားကြည့်ဖို့လိုတယ်”
“ငါဟာ တောင်ပိုင်းကုန်းမြေကို သွားဖို့ ပြင်နေတယ်”
မူချွန်းဟွေ့က သူ့အား ကြည့်သည်။
မူမိသားစုခေါင်းဆောင်သာ ထွက်သွားပါက မူရှန်မြို့ကို ကာကွယ်ပေးရန် မည်သူမှ မရှိတော့ပါ။
ထို့ကြောင့် သူက ခေါင်းဆောင်တောက်ရင်အား အကူအညီတောင်းခဲ့သည်။
“အရင်တုန်းက ငါဟာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ထွက်သွားပြီးနောက် ငါ့ဓားဟာ ကျိုးသွားသလို ဒဏ်ရာလည်း ပြင်းပြင်းထန်ထန် ရသွားတယ်”
“တာအိုရောင်းရင်းချွန်းဟွေ့က ငါ့ကို ကယ်တင်ခဲ့တာ”
“ငါက ဒီကျေးဇူးကို ပြန်ပေးဆပ်ဖို့ လိုတယ်”
ခေါင်းဆောင်တောက်ရင်၏စကားတွင် ဟန်မူယဲ့သည် မည်သို့ တုန့်ပြန်ရမည် မသိတော့ပါ။
ခေါင်းဆောင်နှစ်ဦးက ကိုယ်တိုင်ပြောခြင်းမဟုတ်လျှင် သူသည် ထိုလျှို့ဝှက်ချက်များအား မည်သို့ သိနိုင်မည်နည်း။
“ဟန်မူယဲ့… မင်းရဲ့အာခီမီပါရမီဟာ ရှားပါးလှတယ်။ မင်း မူရှန်မြို့မှာ မနေချင်ဘူးလား”
မူမိသားစုခေါင်းဆောင်က ဟန်မူယဲ့အား လေးနက်စွာ မေးသည်။
မူရှန်မြို့တွင် နေရန်လား။
ဘာလို့ နေရမှာလဲ။
သူသည် မူရှန်မြို့တွင် နေရန် သဘောတူပါက ခေါင်းဆောင်မူသည် သူ့အား မူမိသားစု၏အာခီမီအမွေအနှစ်များအား ပေးလိမ့်မည်ကို ဟန်မူယဲ့ နားလည်၏။
ခေါင်းဆောင်တောက်ရင်ကလည်း ဟန်မူယဲ့အား ကြည့်သည်။
“မင်းဟာ ဓားစံအိမ်က ဓားထိန်းတစ်ယောက်ဖြစ်တယ်ဆိုတာ ငါ သိထားတယ်။ မင်းရဲ့ အသက်ဓာတ်ဟာ ဓားချီရဲ့ ထိခိုက်မှုကို အဆက်မပြတ် ခံစားနေရတယ်”
“မင်းသာ မူရှန်မြို့မှာ ဆက်နေရင် ဓားကျင့်ကြံခြင်းကို စိတ်ပူစရာမလိုတော့သလို အသက်ဓာတ်လည်း ကုန်ဆုံးမှာ မဟုတ်တော့ဘူး”
“မင်း ကောင်းကောင်းမွန်မွန် ကျင့်ကြံနိုင်အောင် ငါက အသက်ရှည်ဆေးလုံးကိုလည်း ဖော်စပ်ပေးနိုင်တယ်”
မူမိသားစုခေါင်းဆောင်၏စကားများက ဆွဲဆောင်နိုင်စွမ်းမြင့်၏။
ဟန်မူယဲ့ ပြုံးလိုက်သည်။
သူသည်သာ အံ့ဖွယ်နေမင်းဓားကျင့်စဉ်ကို မလေ့ကျင့်ပါက သူ့ချီပင်လယ်တွင် ဓားဆန္ဒ ရှိနေမည် မဟုတ်သလို ဝိညာဉ်လိပ်ပြာဓား၏အစွမ်းနှင့် သူ့ဆရာ၏ ဓား ၁၀၀၀၀ တို့အိမ်အပြန် ဓားသိုင်းကိုလည်း ပိုင်ဆိုင်မည် မဟုတ်ပါ။
အကယ်၍ ဟူသည် မရှိပါ။
ကံကြမ္မာသည် ယခင်ကတည်းက သတ်မှတ်ထားပြီးသားဖြစ်သည်။
“စီနီယာရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဓားပညာကိုပဲ လေ့ကျင့်ဖို့ စိတ်ဝင်စားနေတုန်းပဲ”
ဟန်မူယဲ့က လက်နှစ်ဖက်ဆုပ်ကာ တည်ငြိမ်စွာ ပြောသည်။
ခေါင်းဆောင်တောက်ရင်က တဟားဟား ရယ်သည်။
မူမိသားစုခေါင်းဆောင်က သူ့အား နားချခြင်း မပြုတော့ပါ။ သူက ခေါင်းညိတ်ကာ ပြောသည်။
“ဒါဆို မနက်ဖြန် ထပ်လာခဲ့လိုက်။ ငါ မင်းအတွက် အသက်ရှည်ဆေးလုံးတစ်ဖုံ ဖော်စပ်ပေးမယ်”
ဟန်မူယဲ့ ဦးညွှတ်ကာ ထွက်လာခဲ့သည်။
ခေါင်းဆောင်တောက်ရင်နှင့် ခေါင်းဆောင်မူတို့သာ အဆောင်ငယ်၌ ကျန်ရစ်ခဲ့၏။
ဟန်မူယဲ့ ထွက်သွားလျှင် မူမိသားစုခေါင်းဆောင်က သက်ပြင်းချကာ ပြောသည်။
“ကောင်လေးက အင်မော်တယ်ဆေးလုံးကိုးလုံးကို တစ်ဖုံတည်းနဲ့ ဖော်စပ်နိုင်တယ်။ ဒီလို ပါရမီမျိုး…”
“ဒါက ရှေးခေတ်မှာပဲ မြင်တွေ့ရတဲ့ ပါရမီမျိုးပဲ”
“သူသာ အလယ်ပိုင်းကုန်းမြေကို သွားနိုင်ရင် သူ့အနာဂတ်ဟာ အကန့်အသတ်မဲ့ပဲ”
သူ့စကားကို ကြားလျှင် ခေါင်းဆောင်တောက်ရင်က ခေါင်းယမ်းကာ ပြောသည်။
“ဒါက သူ့ကံကြမ္မာအပေါ်ပဲ မူတည်တယ်”
…
နောက်တစ်နေ့တွင် ဟန်မူယဲ့ မူကျင်းဥယျာဉ်ထဲသို့ ရောက်လာကာ ခေါင်းဆောင်မူ အသက်ရှည်ဆေးဖော်စပ်သည်ကို ကြည့်၏။
မူမိသားစုခေါင်းဆောင်၏အာခီမီပညာရပ်မှာ အမှန်တကယ် နက်ရှိုင်းကာ သူသည် ဆေးတစ်ဖုံ၌ အသက်ရှည်ဆေးလုံး ၂လုံး ဖော်စပ်ခဲ့သလို ၎င်းဆေးလုံးများမှာလည်း အရည်အသွေးမြင့်ဆေးလုံးများ ဖြစ်ကြသည်။
သူသည် အသက်ရှည်ဆေးလုံးဖော်စပ်နည်းအား တတ်မြောက်သွားသည်။
ထို့ကြောင့် ထိုမျှ အရည်အသွေးမြင့် အသက်ရှည်ဆေးလုံးကို ဖော်စပ်ရန်မှာ အလွန်ခက်ခဲကြောင်း သူနားလည်၏။
အသက်ရှည်ဆေးလုံးသည် ငါးနှစ်ကြာ အသက်ရှည်နိုင်ရာ အရည်အသွေးမြင့်ဆေးလုံးသည် ထိုဆေးစွမ်းအားနှစ်ဆ တိုးပွားစေနိုင်၏။
“ကောင်လေး… ဒါက စာတစ်စောင်ပဲ”
သူက ဟန်မူယဲ့အား ဆေးလုံးများ ကမ်းပေးသောအခါ အစိမ်းရောင် သစ်ကိုင်းငယ်တစ်ကိုင်းကိုလည်း ပေးသည်။
“ငါ ပြန်လာခဲ့ရင် နောက်ဆယ်နှစ်ကျရင် အလယ်ပိုင်းကုန်းမြေကို ငါနဲ့ လိုက်ခဲ့ပါ”
“ငါ ပြန်မလာခဲ့ရင် ဆယ်နှစ်ကြာတဲ့အခါ အဲဒီကလေးမ မူဝမ်ကို မင်းနဲ့အတူ အလယ်ပိုင်းကုန်းမြေသို့ ခေါ်သွားပါ”
မူမိသားစုခေါင်းဆောင်က ဟန်မူယဲ့အား အလေးအနက် မှာကြားသည်။
“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အာခီမီအမွေအနှစ်တွေဟာ ပျက်သုန်းလုနီးပါးပဲ။ မင်းသာ အာခီမီပညာရပ်ကို တိုးတက်အောင် လေ့လာချင်ရင် အလယ်ပိုင်းကုန်းမြေကို သွားမှ ဖြစ်မယ်”
ဟန်မူယဲ့က လက်ထဲမှ သစ်ကိုင်းငယ်အား ကြည့်သည်။
သည်သစ်ကိုင်းမှာ အမျိုးအမည်မသိသော သစ်ပင်မှ ဖြတ်တောက်ထားခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းသည် ကျောက်စိမ်းကဲ့သို့ နွေးထွေးကာ ချီအငွေ့အသက်များ လှည့်ပတ်နေ၏။
အလယ်ပိုင်းကုန်းမြေသို့ ဆယ်နှစ်ကြာရန် သွားမည်လား။
ဆယ်နှစ်အချိန်ကာလကား ကြာမြင့်ပေသေးသည်။
သူ့အတွက် နောင်ဆယ်နှစ်တွင် ဖြစ်ပျက်မည့်အရာများအတွင် ပြင်ဆင်ချိန် လုံလုံလောက်လောက်ရှိသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေမှ အာခီမီအမွေအနှစ်များမှာ တိမ်ကောလုနီးပါး ဖြစ်နေပြီဟု မူမိသားစုခေါင်းဆောင်က ပြောသည်။
ဟန်မူယဲ့အနေဖြင့် သူသည် အာခီမီကို ကျင့်ကြံခြင်းမှာ သူ့ဓားတာအိုအတွက် အထောက်အပံ့သဘောမျိုးသာ ဖြစ်သော်လည်း ထိုမိန်းကလေး မူဝမ်သည် အာခီမီကို စိတ်နှစ်မြုတ်၍ လိုက်စားသူ ဖြစ်သည်။
အကယ်၍ အနာဂတ်တွင် အခွင့်အရေးရှိပါက သူမအား အလယ်ပိုင်းကုန်းမြေသို့ ခေါ်သွားရပေမည်။
ဟန်မူယဲ့က ခေါင်းညိတ်ကာ ပြောသည်။
“ဒါဆို ကျွန်တော်က ခေါင်းဆောင် ဘေးကင်းကင်းနဲ့ ပြန်လာဖို့ မျှော်နေပါ့မယ်”
မူမိသားစုခေါင်းဆောင်ကဲ့သို့သော သူသည်ပင် တောင်ပိုင်းကုန်းမြေတွင် တစ်စုံတစ်ခု ဖြစ်သွားနိုင်သည်။
သစ်ကိုင်းငယ်နှင့် ဆေးလုံးများကို သိမ်းဆည်းကာ ဟန်မူယဲ့ ဥယျာဉ်အပြင်သို့ ထွက်လာသောအခါ လမ်းဝ၌ ကျန်းမင်ကို တွေ့ရသည်။
ဟန်မူယဲ့အား မြင်လျှင် ကျန်းမင်က ပြောသည်။
“မူမိသားစုက ကျုပ်ကို သူတို့မိသားစုထဲခေါ်ဖို့ ကြိုးစားတယ်”
“ကျုပ် ငြင်းပယ်လိုက်တယ်”
ဟန်မူယဲ့က ပြုံးလိုက်သည်။
“သခင်လေးဟာ ဆေးလုံးဖော်စပ်တဲ့အခါ အကူအညီလိုအပ်လိမ့်မယ်”
ကျန်းမင်က ပြုံးလျက် ပြောသည်။
“မင်းရဲ့ ဓားဆန္ဒ ကို ငါမြင်ခဲ့တယ်။ မင်းဟာ ဓားသမားဖြစ်ပြီးတော့ ဆေးလုံးအမြဲဖော်စပ်နေတဲ့သူ မဟုတ်ဘူး”
“ကျုပ်ကလည်း အာခီမီမှာ အတော်လေး ကောင်းတယ်လေ”
သူ့စကားကို ကြားလျှင် ဟန်မူယဲ့က လက်ဖြန့်ကာ ပြောသည်။
“ကျုပ်က ဓားစံအိမ်က ဓားထိန်းတစ်ယောက်ပါပဲ။ ခင်ဗျားကို ထောက်ပံ့ဖို့ မလုံလောက်မှာ စိုးရတယ်”
ဟန်မူယဲ့က ဓားထိန်းတစ်ဦး ဖြစ်သည်ကို ကြားလျှင် ကျန်းမင်က မျက်တောင်ပင့်လိုက်သည်။
“နာမည်ကျော်ဓားစံအိမ်မှာ ဓားချီတွေဟာ လူတွေကို သေစေနိုင်တယ်လို့ ကြားဖူးတယ်”
“ကျုပ်က အစားအသောက်နည်းနည်းပဲ လိုတာပါ”
“သေရည်နည်းနည်းလောက် ရှိရင်တော့ ပိုကောင်းတာပေါ့”