← Chapters

ချိုင့်ဝှမ်းဘုံ

Vol. 36 Ch. 491

ချိုင့်ဝှမ်းဘုံ

Vol. 36 Ch. 491

ကျန့်ချောင်းက ဝမ်ဝေ့ဆီ အရှိန်ပြင်းပြင်းဖြင့် ပြေးသွားလိုက်သည်။

ဝမ်ဝေ့အတွက် ကံကောင်းသွားသည်မှာ သူက အနည်းငယ် နှေးကွေးနေသော်လည်း တုံ့ပြန်နှုန်းက ယှဉ်နိုင်လေသည်။ ထို့ကြောင့် ဝမ်ဝေ့က အချိန်မီ တုံ့ပြန်နိုင်ခဲ့၏။

နှလုံးသား နာကျင်မှု

ကျန့်ချောင်းက ဓားမော့ကို ဝေ့ယမ်းလိုက်စဉ် ဝမ်ဝေ့၏ လက်သီးချက်နှင့် ထိပ်တိုက် တွေ့သွားသည်။ ပထမဦးစွာ ထိခိုက်မှုရှိဟန်မပေါ်ပေ။ သို့သော် ထိုတိုက်ကွက်က သူ့ခုခံမှုအား လျစ်လျူရှုပြီး နှလုံးဆီ တိုက်ရိုက် ကျရောက်သွားသည်။

ဝမ်ဝေ့က သူ့လက်ရှိအခြေအနေသည် ထိုတိုက်ကွက်ကို တားဆီးဖို့ မဖြစ်နိုင်မှန်း သိလိုက်ပြီးနောက် ချက်ချင်း ပြောင်းလဲလိုက်သည်။ သူက နှလုံးသားဝန်းကျင်တွင်  မူလအဆီအနှစ် အကာအရံတစ်ခု ဖန်တီးလိုက်၏။

တစ်ချိန်တည်းဆိုသလို နှစ်ယောက်သား ထိပ်တိုက်တွေ့မိစဉ် ဝမ်ဝေ့၏ မျက်ဝန်းက အနက်ရောင် ပြောင်းသွားသည်။ အကြောင်းမှာ သူက ကောင်းကင်ဖျက်ဆီးရေး မီးတောက်အား  မျက်လုံးမှ အလင်းတန်းပုံစံဖြင့် ပစ်ခတ်လိုက်၍ ဖြစ်သည်။ ထိုအရာက ကျန့်ချောင်း၏ ခန္ဓာကိုယ်တွင် စင်တီမီတာအနည်းငယ် အနက်ရှိသည့် အပေါက်တစ်ခု ဖြစ်သွားစေသည်။

ကျန့်ချောင်းက သူ့ဒဏ်ရာအား လျစ်လျူရှုကာ ဓားမော့ဖြင့် ထပ်မံ ဝေ့ယမ်းလိုက်သည်။

မျှော်လင့်ချက် ပျက်သုန်းခြင်း မျက်ရည်စက် …

ဤဓားမော့ တိုက်ကွက်က ပုံရိပ်ယောင်အပေါ် အာရုံစိုက်ထားသည့် ဝိညာဉ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု ဖြစ်သည်။ ဝမ်ဝေ့ကို ထိမှန်ပြီးသည့်နောက်  ကျန့်ချောင်းတစ်ယောက် သူ့မိသားစု တစ်ယောက်ပြီး တစ်ယောက် သေဆုံးခဲ့စဉ်အခါက ကြုံတွေ့ခဲ့သည့် မျှော်လင့်ချက် ကုန်ခမ်းမှုနှင့် နာကျင်မှုများကို ကြုံတွေ့ခံစားလိုက်ရသည်။

ကံဆိုးစွာဖြင့် သူ့ဝိညာဉ်စွမ်းအားဖြင့် ဤတိုက်ကွက်က ဟာသတစ်ခုသာ ဖြစ်နေသည်။ ကျန့်ချောင်းက ဒေါသထွက်လွန်းကာ စိတ်အခြေအနေအပေါ် သက်ရောက်မှု ခံလိုက်ရမှန်း သိသာလှသည်။ မဟုတ်ပါက ဤသို့အဆင့်နိမ့် အမှားမျိုး ကျူးလွန်မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့အတွက် အခွင့်အရေး ဖြစ်၏။ ထို့ကြောင့် သူက တစ်ဖက်လူအား ရှင်းထုတ်ဖို့ အခွင့်အရေးကို အသုံးချလိုက်သည်။

ဟွင်သွမ်းမီးတောက် ကပ်ဘေး

ကျန့်ချောင်းကို ထူးထူးဆန်းဆန်း မီးတောက်တစ်ခု လွှမ်းခြုံသွားကာ ပြာဖြစ်သွားစေသည်။ ထိုမီးတောက်က စက္ကန့်ပိုင်းအတွင်း အရောင်ပြောင်းလာ၏။ ထိုအရာက မမြင်နိုင်သလို သတိထားမိစရာ အပူချိန်မျိုး မဟုတ်သော်လည်း တည်ရှိမှုအရာအားလုံးကို လောင်ကျွမ်းပစ်နိုင်စွမ်း ရှိဟန်ပေါ်သည်။

ကျန့်ချောင်းက ဒေါသထွက်နေသော်လည်း တိုက်ပွဲအလိုလိုသိစိတ် ရှိနေသေးသည်။ ထို့ကြောင့် သူက မီးတောက်ကို မြင်လိုက်သည်နှင့် သူက မီးတောက်လွတ်လပ်ခွင့် နည်းစနစ်ကို ထုတ်သုံးလိုက်ပြီး ရင်ဆိုင်လိုက်သည်။

သူက မီးတောက်တစ်ချို့ကို တားဆီးနိုင်ခဲ့သော်လည်း အားလုံးကို မဟုတ်ချေ။ သူ့ဘယ်ဘက်က ပြာဖြစ်သွား၏။ ထို့နောက် သူက ဓားမော့ကို ဝေ့ယမ်းကာ လခြမ်းကွေးဓားချက်ကို ဖန်တီးလိုက်သည်။

အကာအကွယ် လွတ်လပ်ခွင့် ဓားချက်

ဤတိုက်ကွက်က ဝမ်ဝေ့၏ ဝိညာဉ်၊ အတွင်းအင်္ဂါများနှင့် ဆဲလ်များကို ပစ်မှတ်မထားခင် ပြင်ပအကာအကွယ်များကို လျစ်လျူရှုထားသည်။ သူ့ကိုယ်သူ ကာကွယ်ထားသည့် မူလအဆီအနှစ် အကာအကွယ်ပင် အသုံးမဝင်လိုက်ပေ။

ထို့ကြောင့် သူက ပစ်မှတ်ထားခံရသည့် အစိတ်အပိုင်များမှ စွမ်းအားဒိုင်းများကို ပြန်လည်မဖန်တီးခင် စွမ်းအားများကို ဖွဲ့စည်းကာ ယာယီ အဆင့်မြင့်အနေအထားသို့ ရောက်ရှိစေခဲ့သည်။ ထိုအရာက တိုက်ကွက်ကို နှေးကျသွားစေခဲ့သော်လည်း ဒဏ်ရာရလိုက်ဆဲသာ ဖြစ်၏။

ဒီကျန့်ချောင်းရဲ့ ခန္ဓာကိုယ်က အတော်လေး အားကောင်းတာပဲ … လင်းဖန်နဲ့ ယှဉ်နိုင်လောက်တယ်

ဝမ်ဝေ့က ထိုသူ၏ ဗိုက်မှ အပေါက်ကြီးသည် ပြန်ကောင်းသွားပြီး လက် ပြန်ပေါက်လာသည်ကိုလည်း မြင်လိုက်ရသည့်အခါ တွေးလိုက်မိ၏။

ပြီးတော့ သူက သူ့ခန္ဓကိုယ်ကနေ တုယီနယ်ပယ်စွမ်းအားကို ဖယ်ရှားနိုင်တဲ့ ထူးထူးဆန်းဆန်း နည်းလမ်းမျိုး ရှိပုံပဲ …

ဝမ်ဝေ့က ပတ်ဝန်းကျင်ကို လေ့လာကာ အချက်အလက်များကို ပိုစုဆောင်းလိုက်သည်။ သူက ဘေးပတ်လည်ရှိ အာကာပြင်သည် မူမမှန်ကြောင်း သတိထားမိခဲ့၏။ သူက မည်သို့ပင် တိုက်ခိုက်စေကာမူ သို့မဟုတ် သူတို့စွမ်းအားက အချင်းချင်း ထိပ်တိုက်တွေ့မှု ဖြစ်စေကာမူ အာကာပြင်က ဘယ်တော့မှ မပျက်စီးသွားပေ။ အက်ကြောင်းအသေးစားလေးသာ ပေါ်ထွက်လာ၏။

ထို့အပြင် ကျန့်ချောင်းက အချိန်နှင့်အမျှ အားပိုကောင်းလာကြောင်း သတိထားမိသည်။ သူ့အင်အား တိုးပွားလာမှုက မိုးမြေဆီမှ စွမ်းအားကို အသုံးပြုမှုနှင့် တူညီစွာ  ပတ်ဝန်းကျင်မှ ရောက်လာဟန်ပေါ်၏။

အချက်အလက်အားလုံးကို စုစည်းလိုက်ပြီးသည့်နောက် ဝမ်ဝေ့က တစ်ခုခုကို ကောက်ချက်ချလိုက်သည်။

ဒါက သူတော်စင်နယ်ပယ်အဆင့်ရဲ့ တခြားကျင့်ကြံရေး ပုံစံ ဖြစ်လိမ့်မယ် …ဒါပေမဲ့ ပိုင်နက်က ဘယ်လောက်အားကောင်းကောင်း ကန့်သတ်ချက်တော့ ရှိဦးမှာပဲ

သူတို့ခန္ဓာကိုယ်အတွင်း စကြဝဠာကို ပြုစုပျိုးထောင်သည့် ကျင့်ကြံရေးနည်းစနစ်များပင် သူတို့ကမ္ဘာက အရမ်းခိုင်မာကာ တောင့်တင်းနေခြင်း မရှိပေ။

အဲဒါကြောင့် ငါ အရေးကြီးတာ တစ်ခုခု လွတ်နေတာ ဖြစ်လိမ့်မယ် …

ဝမ်ဝေ့က အခြေအနေကို သုံးသပ်နေစဉ် ကျန့်ချောင်း၏ ရူးရူးမိုက်မိုက် တိုက်ကွက်များကို ရှောင်ရှားဖို့ ကြိုးပမ်းနေရသည်။ ပထမဦးစွာ သူက ဓားချက်များကို ရှောင်နိုင်သော်လည်း ကျန့်ချောင်း၏ တိုက်ကွက်များက အကွာအဝေး လွတ်လပ်ခွင့် ရသွားသလိုမျိုး သူ့ဆီ တိုက်ရိုက်ကျရောက်လာတော့သည်။

ထို့ကြောင့် သူက ခန္ဓာကိုယ်အတွင်း စွမ်းအားအကာအရံအလွှာ ရာချီ၊ ထောင်ချီ အထပ်ထပ်ဖြင့် တားဆီးနေရသည်။ သို့သော်လည်း သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသေး၏။

အချိန်ဆက်မဖြုန်းနဲ့တော့ …

ဝမ်ဝေ့က တွေးလိုက်သည်။ သူက အကြွင်းမဲ့ တိုက်ကွက်အတွက် ချီပန်းပွင့်ဆီမှ အံ့ဖွယ်ပင်လယ်ထဲရှိ ပင်ကိုချီများကို ထိန်းချုပ်လိုက်သည်။ ယခင်က သူ များစွာ အသုံးပြုထားခဲ့သည်မှာ နှမြောစရာကောင်းလှသည်။

ဝမ်ဝေ့အတွက် သူ့ဆုံမှတ်များကို တွင်းနက်ကြီး ဖွဲ့စည်းနိုင်အောင် အားဖြည့်ဖို့အတွက် အချိန်များစွာ လိုအပ်ခဲ့သည်။ ထို့ကြောင့် သူက ပင်ကိုချီနှင့် ကြယ်တာရာစွမ်းအားကို ပေါင်းစပ်ကာ ဖြတ်လမ်းကို ဖန်တီးပြီး အချိန်ကို လျော့ချခဲ့သည်။ ထို့ကြောင့် သူက နှစ်ထောင်ချီကြာ ဖွဲ့စည်းထားခဲ့သည့် ပင်ကိုချီက အနည်းငယ်သာ ကျန်ရှိတော့သည်။

သူက ပင်ကိုချီတစ်ဝက်ကို နဂါးချုပ်နှောင်ရေးမြက် အဆိပ်အား ယာယီစည်းပိတ်ဖို့ အသုံးပြုခဲ့ရသည်။ ထို့နောက် သူက ကျန်တစ်ဝက်ကို သူ့ခန္ဓာကိုယ်ကို သန့်စင်ပြီး စက္ကန့်ပိုင်းကြာ အထွတ်အထိပ်အခြေအနေ ပြန်ရောက်ဖို့ အသုံးပြုခဲ့ရသည်။

ဝမ်ဝေ့က ဓားမော့ ဝေ့ယမ်းနေဆဲ ဖြစ်သည့် ကျန့်ချောင်းရှေ့တွင် ချက်ချင်း ပေါ်ထွက်လာသည်။ ဝမ်ဝေ့၏ လက်သီးဝန်းကျင်တွင် ခရမ်းရောင် အငွေ့အသက်တစ်ခု ပေါ်လာသည်။

ဖျက်ဆီးရေး စွမ်းအားလက်သီး

ခရမ်းရောင် အငွေ့အသက်က သူ သိထားသမျှ အလင်း၊ အမှောင်ထု၊ မီးတောက်၊ အရိပ်၊ မိုးကြိုး၊ တုန်ခါမှု၊ သတ်ဖြတ်ရေး၊ မရဏချီ၊ ပင်ကိုချီ၊ အာကာပြင် အစရှိသည့် ဓာတ်အားလုံးကို ပေါင်းစည်းထားခြင်း ဖြစ်၏။

လက်ရှိအခြေအနေဖြင့် သူက ကျန့်ချောင်းကို ရင်ဆိုင်ဖို့ ထိုနည်းစနစ်ကို ဖန်တီးခဲ့သည်။ ထို့အပြင် သူက တိုက်ကွက်နောက်ကွယ်တွင် သူ့ခန္ဓာကိုယ်၏ နဂါးဆင်နှစ်ကောင်စာ ခွန်အားကို ထည့်သွင်းခဲ့သည်။ ဝမ်ဝေ့က ကျန့်ချောင်း၏ စွမ်းအားတစ်ဝက်ကို လျော့ချဖို့အတွက် သူ့ဧကရာဇ်ငယ်၏ ပိုင်နက်တစ်ပိုင်းကိုပင် အသုံးပြုခဲ့သည်။

ဝုန်း

အာကာပြင်အက်ကြောင်းက အပြင်းအထန် တုန်ခါသွားပြီး ကျန့်ချောင်းက မြေပေါ် လွှင့်စင်သွားသည်။ မြေပေါ် မရောက်ခင် သူ့ခန္ဓာကိုယ်က သွေးတစ်စက်ပင် မကျန်သည့် ဗလာအဖြစ် ပေါက်ကွဲထွက်သွားသည်။

သူ့ဦးခေါင်းသာ ရှင်ကျန်ခဲ့၏။

ဝမ်ဝေ့က သူ့တိုက်ကွက်အများစုသည် တခြားနေရာသို့ ပြောင်းသွားကာ ကျန့်ချောင်းနှင့် သူ့ဝိညာဉ်အထိ ကယ်တင်ပေးထားကြောင်း ခံစားမိလိုက်၍ မျက်မှောင်ကြုတ်လိုက်သည်။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ ကျန်ရှိနေသည့် ဦးခေါင်းကို ဖျက်ဆီးပစ်ဖို့ ပြင်လိုက်သည်။

သို့သော်လည်း သူ မရောက်ခင် ဦးခေါင်းက ပျောက်ကွယ်သွားလေသည်။ ဝမ်ဝေ့က ထိုအရာကို အာရုံမခံနိုင်တော့ပေ။ ထို့နောက် သူက စုယာဆီမှ သင်ထားသည့် စိတ်ခံစားချက် အတက်အကျအပေါ် လူများအား တည်နေရာအာရုံခံနိုင်မည့် နည်းစနစ်ကို ထုတ်သုံးလိုက်သည်။

ထို့ကြောင့် သူက ကီလိုမီတာ သိန်းချီ ကွာဝေးသည့် တောင်တစ်ခုဆီ ပျံသန်းသွားလိုက်သည်။ သာမန်အမြင်၌ ထိုတောင်ပေါ်တွင် ဘာမှမရှိပေ။ သို့သော် သူ့အမြင်၌ သီးသန့်နေရာလွတ် တစ်ခု ဖြစ်နေကာ လက်သီးချက် ထိုးခွင်းကာ ဖျက်ဆီးပစ်လိုက်သည်။

ဝမ်ဝေ့က တစ်စုံတစ်ခု ရေရွတ်နေပြီး အကောင်းအတိုင်း ရှိနေဆဲ ဖြစ်သည့် ကျန့်ချောင်းကို မြင်လိုက်ရသည်။ ပိုပြီး အာရုံစိုက်စရာကောင်းသည်ကား ကျန့်ချောင်း၏ မျက်ဝန်းများက ကြည်လင်နေပြီး အမုန်းတရားနှင့် အဆိုးမြင် ခံစားချက်များ မရှိတော့ပေ။

“ ငါက နာကျင်မှု၊ စိတ်ပျက်မှု၊ အငြိုးတရားတွေ၊ အတိတ်က စိတ်ဒဏ်ရာတွေ လွတ်မြောက်တဲ့ တည်ရှိမှု ဖြစ်တဲ့ အဆင့်မြင့် တည်ရှိမှုနောက် လိုက်တယ်” ကျန့်ချောင်းက တတိယအကြိမ် ရေရွတ်လိုက်ပြီးနောက် ဝမ်ဝေ့အား တည်ငြိမ်စွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ခင်ဗျားစကားတွေက ကျုပ်စိတ်နှလုံးသားထဲက အမှောင်ထုကို ယူဆောင်လာခဲ့တယ်။ အဲဒီနည်းစနစ်က ခင်ဗျားအမေရဲ့ ကျမ်းကနေမလား။ ခင်ဗျားရဲ့ လွှမ်းမိုးတတ်တဲ့ စွမ်းရည်နဲ့ဆိုရင် ကြောက်ဖို့ကောင်းတဲ့ ပေါင်းစပ်မှုပဲ ”

သူက တစ်ဖက်လူအား သူ့စိတ်အခြေအနေကို အခွင့်ကောင်းမယူနိုင်စေရန် နှစ်များစွာ လေ့ကျင့်ထားခဲ့သည်။ သို့သော် သူက အဆုံးသတ်တွင် သေလုနီးပါး ဖြစ်သွားခဲ့သေး၏။

“ မင်းက ငါ့အကြောင်းကို ဘာလို့အများကြီး သိနေရတာလဲ” ဝမ်ဝေ့က အချိန်ဆွဲလို၍ မေးလိုက်သည်။ သူ့ခန္ဓာကိုယ်က နဂိုအားနည်းသည့် အနေအထားသို့ ပြန်လည်ရောက်ရှိသွားပြီး ယခင်ထက်ပင် ပိုအားနည်းနေသည်။

အဆိပ်၏ အခြေအနေပေါ် ပြောင်းလဲနိုင်စွမ်းက ထင်ထားသည်ထက် ပိုပြင်းထန်နေသည်။ ထိုအရာက ပင်ကိုချီဖြင့် နေသားကျသွားပြီး ခန္ဓာကိုယ်အတွင်းမှ စည်းတံဆိပ်ကို ဖယ်ရှားခဲ့သည်။ ထို့အပြင် ထိုအဆိပ်က ပင်ကိုချီဖြင့် ထိတွေ့မိပြီးသည့်နောက် ကန္တာရထဲ ဗိုက်ဟောင်းလောင်းဖြင့် ရက်များစွာ သွားလာရပြီးနောက် အစာကို ရှာတွေ့သည့် တစ္ဆေတစ်ကောင်အလား  ပိုအားကောင်းလာခဲ့သည်။

“ဝူဟုန် ပြောပြတာလေ” ကျန့်ချောင်းက ပြန်ဖြေလိုက်သည်။

ဝမ်ဝေ့က တည်ငြိမ်သည့် အမူအရာဖြင့် ပြောလိုက်၏  “ ကူးချတာက ချီးကျူးခြင်းရဲ့ အလေးနက်ဆုံးပုံစံပဲ။ ကံဆိုးတာက အတုအယောင်က ဘယ်တော့မှ မူလ ဖြစ်မလာနိုင်ဘူး ”

“ ဟားဟား ခင်ဗျား ပြောတာမှန်တယ်” ကျန့်ချောင်းက ပြောလိုက်သည်။

ကိစ္စတွေက ထိန်းချုပ်မှုအောက် မရှိတော့ဘူး …

အခု သူ့ခန္ဓာကိုယ်က အသုံးမဝင်တော့ဘူး၊ အံ့ဖွယ်ပင်လယ်ကလည်း ဗလာကျင်းနေပြီဆိုပေမဲ့ သူ့ဆီမှာ အဆုံးမဲ့ မူလအရင်းအမြစ်တွေ ရှိနေသေးသလိုပဲ …

သူက တွေးလိုက်သည်။

ထိုအချက်အလက်က ရာနှုန်းပြည့် မတိကျမှန်း သိထားသော်လည်း ကိစ္စများက သူ ထင်ထားသည်ထက် များစွာသွေဖယ်နေခဲ့သည်။ ကျန့်ချောင်းက အချက်အလက်ကို မည်သို့လွယ်လွယ်ကူကူ စုဆောင်းနိုင်ခဲ့လဲဟု စဉ်းစားမိလာသည်။ အထူးသဖြင့် ဝမ်ဝေ့က သူ့ကို နယ်ရုပ်ဖြစ်နေကြောင်း ပြောပြီးသည့်နောက်တွင် ဖြစ်၏။

သို့သော် သူက ဂရုမစိုက်ပေ။

နယ်ရုပ် ဖြစ်နေတော့ ဘာအရေးလဲ …

သူသာ ဒီလူကို သတ်နိုင်သရွေ့ ပိုမိုဆိုးရွားသည့်အရာများပါ လုပ်နိုင်သည်။

ဝှက်ဖဲကို ထုတ်သုံးလိုက်စို့ …

ကျန့်ချောင်း၏ ရှေ့တွင် ကြေးမုံတစ်ချပ် ပေါ်ထွက်လာပြီး ထိုအရာမှ ဝမ်ဝေ့၏ ပုံရိပ် ပေါ်ထွက်လာသည်။ ထို့နောက် ကျန့်ချောင်းနှင့် ပေါင်းစပ်သွားလေ၏။ သူ့အရှိန်အဝါက ချက်ချင်းဆိုသလို သိသိသာသာ တိုးမြင့်သွားသည်။

ထို့နောက် ကံကြမ္မာစွမ်းအားက သူ့မျက်ဝန်းထဲ ဖြတ်ခနဲ လက်သွား၏။ ကျန့်ချောင်းက လက်သီးဆုပ်ကာ ခန္ဓာကိုယ်ထဲမှ စွမ်းအားကို ခံစားကြည့်လိုက်သည်။

“ဒါက ခင်ဗျား ဘယ်လောက်အားကောင်းလဲဆိုတာလား။ တကယ်ကို ပုံမှန်မဟုတ်ဘူးပဲ … ခင်ဗျားရဲ့ ဝိညာဉ်စွမ်းအားတွေ ရှိထားပေမဲ့ ကျုပ်ဝိညာဉ်အရည်အသွေးက ခင်ဗျားရဲ့ ၁၀ ရာခိုင်နှုန်းတောင် မရောက်ဘူး။ ခင်ဗျားက တကယ်ကို မကောင်းဆိုးဝါးပဲ ” သူကပြောလိုက်သည်။

“ကောင်းပြီလေ။ ကိစ္စမရှိပါဘူး ” ကျန့်ချောင်းက တောက်တောက်ပပ ပြုံးကာ ပြောလိုက်သည်။

“ ခင်ဗျားရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ ပြန်အသတ်ခံရတာ ရင်ပေါ့သွားစေမှာပဲ ”

ဝမ်ဝေ့က အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲမှ ကျိန်ဆဲနေသည်။ သူက ထိုကောင်စုတ်သည် သူပင် မသိလိုက်ဘဲ သူ့စွမ်းအားကို ကူးယူနိုင်စွမ်း ရှိနေမည်ဟု မသိထားခဲ့ပေ။

ပို၍အရေးကြီးသည်က သူက သူ့အစီအစဉ် အောင်မြင်ဖို့အတွက် ကြာကြာအသက်ရှင်နိုင်မည့် နည်းလမ်းကို ရှာရမည်။ သူ့အလိုလိုသိစိတ်က ကျန့်ချောင်းသည်  နောက်ဆုံးဝှက်ဖဲအထိ ထုတ်မသုံးရသေးကြောင်း ပြောနေလေ၏။

***

All Chapters