အပြစ်ကင်းသော
Vol. 36 Ch. 493
ထင်ထားတဲ့အတိုင်းပဲ …
သူက သူ့ခန္ဓာကိုယ်မှ အဆိပ်ကို ခံစားမိလိုက်သည်။ သူက ယခုအခိုက်အတန့်အား အသုံးပြုကာ ခန္ဓာကိုယ်မှ ဖယ်ရှားဖို့ ကြံရွယ်ထားခဲ့၏။ သို့သော် ကျန့်ချောင်းက ထိုအရာကို တွက်ဆထားပြီးသား ဖြစ်ကာ နဂါးချုပ်နှောင်ရေးမြက်အား ဖယ်ရှားခြင်းမှ တားဆီးနိုင်ရန် ကြိုတင်ပြင်ဆင်မှု လုပ်ထားခဲ့သည်။
ဝမ်ဝေ့က သူ့ကိုယ်ပိုင်စွမ်းအားဖြင့် ပြန်လည်ရင်ဆိုင်ခံရသည်မှာ ကျေနပ်စရာမကောင်းကြောင်း ဝန်ခံရလိမ့်မည်။ ထို့ကြောင့် သူက ဤတစ်ကြိမ်တွင် အသက်ရှင်လျှင် ထိုဖြစ်နိုင်ခြေအတွက် ပြန်လည်တုံ့ပြန်မှု ဖန်တီးရန် ဆုံးဖြတ်ထားလိုက်တော့သည်။
ဝမ်ဝေ့က သူ့ကိုယ်သူ အချိန်ထပ်ဆွဲလိုက်သည်။ ကျန့်ချောင်း၏ သူ့စွမ်းအားကို ကူးယူနိုင်စွမ်းက သူ လိုအပ်သည့်အချိန်အထိ ဆွဲထားနိုင်ဖို့ သိပ်မဖြစ်နိုင်သည့်အတွက် အချိန်က သူ့ဘက်တွင် ရှိမနေပေ။
ငါ ဗလာနတ္ထိအဆင့်ကို ဝင်ရောက်လိုက်ရမှာလား …
သူက ဗလာနတ္ထိလမ်းစဉ်ကို လေးပိုင်းခွဲခြားထားခဲ့သည်။ ကိုယ်ထည်မဲ့၊ ဗလာ၊ လေဟာနယ်နှင့် အစစ်အမှန် မတည်ရှိခြင်းတို့ ဖြစ်ကြသည်။ ထိုအဆင့်အားလုံး၏ နာမည်က တစ်ခုနှင့်တစ်ခု အဓိပ္ပါယ်ဆင်တူနေသော်လည်း ဗလာနတ္ထိသဘောတရားကြားမှ သေချာသည့် အနေအထားကို ပြန်ဖော်ပြဖို့ရာ ဖြစ်၏။ ထိုအရာက သူ့စိတ်အခြေအနေတွက် တည်ရှိခြင်း သဘောတရား၏ ရှုပ်ထွေးမှု၊ ရှင်းမပြတတ်မှု၊ ကျယ်ပြန့်မှုတို့ကို နားလည်ဖို့ သို့မဟုတ် အဓိပ္ပါယ်ဖွင့်ဆိုဖို့ နည်းလမ်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က ဗလာနတ္ထိ၏ စွမ်းအားနှင့် ပတ်သက်ပြီး ကြောက်ရွံနေမိသည်။ သူ မြင့်မားသည့် အဆင့်တစ်ခုသို့ တက်လှမ်းဖို့ ကြိုးစားလိုက်တိုင်း သူ့အား ဗလာနတ္ထိဖြင့် တစ်သားတည်းပေါင်းစပ်လိုက်ဖို့ ဆွဲဆောင်သံများကို ကြားနေရသည်။
အကယ်၍ ကြောက်မက်ဖွယ် သူ့စိတ်စွမ်းအားနှင့် ထူးကဲသည့် ဝိညာဉ်ကြောင့်သာ မဟုတ်လျှင် သူက ထိုအသံနောက်လိုက်ကာ ကမ္ဘာမှ ပျောက်ကွယ်သွားလောက်လေပြီ။ ထို့ကြောင့် သူက ဗလာနတ္ထိစွမ်းအားကို ကျင့်ကြံဖို့ လက်လျော့ခဲ့၏။
မည်သို့ပင်ဆိုစေကာမူ သူခန္ဓာကိုယ် ပိုမိုအားကောင်းလာလေလေ ကိုယ်ထည်မဲ့အခြေအနေတွင် ကြာကြာနေနိုင်ကြောင်း တွေ့လိုက်ရသည်။ ဒုတိယအဆင့်အတွက်မူ သူက တာအိုကို သက်သေပြပြီးမှ စမ်းကြည့်ဖို့ ဆုံးဖြတ်ထားသည်။
ထို့ကြောင့် သူ့စိတ်ထဲ အစီအစဉ်ကို တွက်ချက်ကြည့်လိုက်သည်။ သူက စိတ်ကို နှစ်ပိုင်းခွဲလိုက်ပြီး တစ်ပိုင်းက အနာဂတ်ဗုဒ္ဓကိုယ်ကျမ်းကို ကျင့်ကြံစဉ် ဒုတိယတစ်ခုက ကျန့်ချောင်းအပေါ် အာရုံစိုက်ထားလိုက်သည်။ ထိုလူက သူ့အား သုတ်သင်ဖို့ အချိန်စောင့်နေဟန်ပေါ်သည်။
သူ့အပြုအမူအရ ငါ့စွမ်းအားကို ရနိုင်တာ အချိန်ကန့်သတ်ချက် မရှိလောက်ဘူး … ဒါမှမဟုတ် အချိန်ကန့်သတ်ချက်က ကြာလွန်းလို့ သူ စိုးရိမ်စရာ မလိုတာပဲ
သူက လက်ပြတ်ဖြင့် မတ်တတ်ရပ်လိုက်သည်။ သူ့အခြေအနေတွင် တုယီနယ်ပယ်က သက်ရောက်မှု မရှိတော့သောကြောင့် ပြန်လည်ပေါက်လာသင့်လေပြီ။ သို့သော် သူက သေခြင်းရှင်ခြင်း စက်ဝန်းစွမ်းရည်ကို အသုံးပြုလိုက်လျှင်ပင် စွမ်းအားကုန်လွန်းသွားမည်ဖြစ်ကြောင်း ကောက်ချက်ချလိုက်၏။
“ မင်းက ဘယ်လိုဒီလောက်အားကောင်းလာလဲ သိချင်မိသား” ဝမ်ဝေ့က မေးလိုက်သည်။
“မင်း သုံးတဲ့ ကျင့်ကြံရေးနည်းစနစ်က မူလနည်းစနစ် မဟုတ်ဘူး။ မင်းက ဘယ်လိုရလာတာလဲ။ တခြားကမ္ဘာ့အသိုက်အဝန်းဆီ သွားခဲ့တာလား”
“ကျုပ်က သိုင်းပညာဘိုးဘေးရဲ့ အမွေအနှစ်ကို တွေ့ခဲ့တာ” ကျန့်ချောင်းက တည်တည်ငြိမ်ငြိမ် ပြောလာသည်။
“သိုင်းပညာဘိုးဘေးတဲ့လား။ မင်းတို့တိုက်ပွဲဝင်ကမ္ဘာရဲ့ သိုင်းပညာကို ဖန်တီးခဲ့တဲ့ လူကို ပြောတာလား”
ဝမ်ဝေ့က ထိုကမ္ဘာတွင် သိုင်းပညာ တည်ရှိကြောင်း အမှတ်ရသွားသည်။ တချို့က အံ့ဖွယ်ပင်လယ်အဆင့်နှင့်ပင် ယှဉ်နိုင်ကြ၏။ အံ့ဖွယ်ပလ္လင်အဆင့် ကျင့်ကြံသူကို အနိုင်ယူနိုင်ကြသည့် ဆရာကြီးများ ရှိသည်ဟု သတင်းများထွက်ခဲ့ဖူးသည်။
သိုင်းပညာ အရင်းအမြစ်ကား သိုင်းပညာဘိုးဘေး ဖြစ်၏။ ဝမ်ဝေ့က သိုင်းပညာလမ်းစဉ်သည် ဟာကွက်တွေများလွန်းပြီး ကျင့်ကြံဖို့ရာ တင်းကျပ်သည့် အခြေအနေများ လိုအပ်၍ ဂရုမစိုက်ခဲ့ပေ။ အထူးသဖြင့် ထိုအရာက ကျင့်ကြံရေးနည်းစနစ်၏ ပုံစံအသစ်တစ်ခုလို ဖြစ်နေသည်။
မည်သို့ပင်ဆိုစေကာမူ သူက ဝိညာဉ်ပိုင်းဆိုင်ရာ ကျင့်ကြံရေး ဖန်တီးမှုများကို တွေ့ရှိခဲ့ပြီး အံ့ဖွယ်ပလ္လင်အဆင့်ရှိ ကျင့်ကြံသူများကို ကူညီပေးနိုင်သည့်အတွက် အိမ်သို့ ပြန်လည် ယူဆောင်လာခဲ့သည်။
“ သိုင်းပညာဘိုးဘေးက ကျုပ်လိုမျိုး မူလနည်းစနစ်ကို မကျင့်ကြံနိုင်တဲ့ အလုံခန္ဓာကိုယ်နဲ့ မွေးဖွားလာတာပဲ။ အဲဒါကြောင့် သူ့ဘာသာ ကျင့်ကြံရေး နည်းစနစ်တစ်ခုကို ဖန်တီးခဲ့တယ်။ နောက်ပိုင်း သူက တခြားကမ္ဘာ့အသိုက်အဝန်းဆီ သွားပြီးတော့ တာအိုကို သက်သေပြပြီး သူ့ကျင့်ကြံရေး နည်းစနစ်က ပင်မ ဖြစ်လာခဲ့တယ်။ ကျုပ်အတွက် ကံကောင်းသွားတာက သူက မွေးရပ်မြေဆီ ပြန်လာခဲ့ပြီး အမွေအနှစ်ကို ချန်သွားခဲ့တာပဲ ”
ဝမ်ဝေ့က ကျန်ဇာတ်ကြောင်းကို မှန်းဆမိလိုက်သည်။ ကျန့်ချောင်းက အသတ်ခံရမည်ကို စိုး၍ အမုန်းတရားအပြည့်ဖြင့် အိမ်ကနေ ထွက်လာခဲ့လိမ့်မည်။ ထို့နောက် သူက အမွေအနှစ်ကို မတော်တဆ ရှာတွေ့သွားပြီး သိုင်းပညာဘိုးဘေး၏ လိုလားချက်နှင့် ကိုက်ညီနေခဲ့လိမ့်မည်။
သူက အရင်းအမြစ်များအား အသုံးပြုကာ တခြားကမ္ဘာ့အသိုက်အဝန်းဆီ သွားပြီး လက်စားချေဖို့ သူ့အင်အားကို တိုးမြင့်ခဲ့၏။
“ မင်းဘဝဇာတ်ကြောင်းက ဇာတ်လိုက်တစ်ယောက်လိုမျိုး အနိမ့်အမြင့်အတက်အကျတွေ ပြည့်နှက်နေမှာ အသေအချာပဲ။ မင်း သွားလိုက်တဲ့နေရာတိုင်းမှာ မင်းလက်စားချေတဲ့နေရာမှာ ကွက်တိ အသုံးဝင်လာမဲ့ ရှားပါးပြီး ပုံမှန်မဟုတ်တဲ့ ကံအပြောင်းအလဲ အခွင့်အရေးတွေ တွေ့ရမယ်”
“ ခင်ဗျားက ကျုပ် အောင်မြင်မှုကို ဝေဖန်နေတာလား။ ကျုပ် ဘယ်လောက် ကြိုးစားခဲ့ရတယ်၊ ခင်ဗျားလို မကောင်းဆိုးဝါးကို လိုက်မီဖို့ ဘယ်လောက်ခံစားခဲ့ရတယ်ဆိုတာ မသိပါဘူး “
“ မင်းက ဝိညာဉ်ရောင်းတာအပြင် တခြားဆိုးဆိုးရွားရွားကိစ္စတွေလည်း လုပ်ခဲ့မှာပဲ”
“ခင်ဗျား ဘာပြောချင်တာလဲ”
“အရှင်းဆုံးပြောရရင် မင်းက ငါ့ထက် မပိုရင်တောင် ငါ့လောက် သတ်ဖြတ်နေပြီးတော့ မင်းဇာတ်ကြောင်းမှာကျ ငါက လူဆိုးဖြစ်နေတာကို မကြိုက်ဘူး။ ”
ကျန့်ချောင်းက မျက်ဝန်းထဲ စိုက်ကြည့်လိုက်သည်။
“ခင်ဗျား ပြောတာ မှန်တယ်။ ဒါပေမဲ့ ကျုပ်တို့ကြားက အဓိက ကွာခြားချက်က ကျုပ်က အဲဒီဆုံးဖြတ်ချက်တိုင်းအတွက် နောင်တရတယ်။ ကျုပ် မျက်လုံးမှိတ်လိုက်တိုင်း သူတို့အော်သံတွေကို ကြားနေရတုန်းပဲ။ ကျုပ်က လက်ခံပြီး ဆက်လျှောက်လှမ်းမဲ့အစား ကျုပ်အပြုအမူရဲ့ ဝန်ထုပ်ကို သယ်ပိုးထားတုန်းပဲ။
ကျုပ်ဘဝရဲ့ အခိုက်အတန့်တိုင်းမှာ ကျုပ်က လက်စားချေဖို့ ဘာတွေလုပ်ခဲ့ရတယ်ဆိုတာ ပြန်သတိပေးနေတယ်။ ကျုပ် ရည်မှန်းချက်ကို ရပြီးတာနဲ့ ကျုပ်အပြုအမူကို ပြန်ပေးဆပ်ဖို့ သေနိုင်တယ် ”
“မင်း အပြစ်ကြွေးအတွက် သေခြင်းတရားနဲ့ ပေးဆပ်ဖို့ လုံလောက်တယ် ထင်နေလား”
“အဲလို ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားလို ရက်စက်တဲ့ မကောင်းဆိုးဝါးထက် ပိုကောင်းတယ် ”
“ရက်စက်တဲ့ မကောင်းဆိုးဝါးတဲ့လား။ ဖြစ်နိုင်ပါတယ် ” ဝမ်ဝေ့က ကောင်းကင်ပြာကို မော့ကြည့်လိုက်ရင်း “တစ်ရက်မှာ လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းရဖို့ ငါ ဧကရာဇ်လမ်းစဉ်ကို လျှောက်လှမ်းဖို့ ဆုံးဖြတ်လိုက်တုန်းက ငါ့လက်မှာ အပြစ်မဲ့သက်ရှိတွေရဲ့ သွေးတွေ စွန်းထင်းကုန်မယ်ဆိုတာ သိထားပြီးသား။ ဒါပေမဲ့ ငါက ဒီလမ်းစဉ်ကို ဆက်ရွေးချယ်တာက အရာအားလုံးမှာ တန်ကြေးရှိတယ်ဆိုတာ နားလည်လို့ပဲ။ အားကောင်းလာရတဲ့ တန်ကြေးက လူသားဆန်စိတ်ကို အမြဲဆုံးရှုံးလိုက်ရတာပဲ။ တချို့လူတွေက အဲဒီတန်ကြေးကို တန်တယ်ထင်ကြပြီး တချို့က မထင်ကြရုံပဲ။
အရှင်းဆုံးပြောရရင် ငါက ဒီလမ်းစဉ်ကို လျှောက်လှမ်းဖို့ ဆုံးဖြတ်ထားလိုက်ကတည်းက အဆုံးသတ်ရလဒ်က အတူတူပဲဆိုတာ သိတယ်”
ဝမ်ဝေ့က သူ့အား ကြည့်လိုက်ကာ “မင်းအဖေအပေါ်ရော ဘယ်လိုတွေးလဲ သိချင်မိသား။ မင်းက သမာသမတ်ကျတဲ့လူဆိုပေမဲ့ သူကတော့ အတော်လေး ဆိုးရွားတယ်လေ။ မင်း ပြောသလိုမျိုး ရက်စက်တဲ့ မကောင်းဆိုးဝါးပေါ့”
ကျန့်ချောင်းက ခဏတာ ရပ်တန့်သွားပြီး ပြောလိုက်သည် “ ကျုပ် ဒီအရာကို နှစ်ထောင်ပေါင်းများစွာ တွေးခဲ့တယ်။ အရှင်းဆုံးပြောရရင် သူ ဒီရလဒ်နဲ့ တန်တယ်လို့ ထင်တယ်”
“မင်းက သူ့အတွက် ခြွင်းချက်ထားပေးမယ် ထင်နေတာ”
“အဲလို ဖြစ်ခဲ့ဖူးတာပေါ့။ ဒါပေမဲ့ ခင်ဗျားကို မေးပါရစေဦး။ ကျုပ်ညီမလေးကရော … သူမ ဖြစ်ပျက်ခဲ့တဲ့အရာက ထိုက်တန်ရဲ့လား။ ကျုပ်အမေကရော … သူမ ကံကြမ္မာနဲ့ ထိုက်တန်ရဲ့လား”
“ မင်းညီမလေးဆီမှာ ဖြစ်ခဲ့တာ နှမြောဖို့ကောင်းပေမဲ့ ဒါက စကြဝဠာထဲက ကံစည်းမျဉ်းပုံစံပဲ။ သူမက အဖေဖြစ်သူရဲ့ ကံကြွေး ဒါမှမဟုတ် အပြစ်ကြွေးကို ပြန်ပေးဆပ်လိုက်ရတာပေါ့။ ဒါမှမဟုတ် သူမရဲ့ အနာဂတ် အပြစ်ကြွေး …”
“အနာဂတ်အပြစ်ကြွေးတဲ့လား ”
“မင်းဘာသာ ပြောခဲ့တယ်လေ။ ကျန့်ယုံက သူမကို မျိုးနွယ်ရဲ့ နောက်ခံကျောရိုးအဖြစ် ပြုစုပျိုးထောင်ပေးမလို့ဆို။ သူ လုပ်ခဲ့တဲ့အရာအားလုံးနဲ့ သူမလက်ထဲ အပြစ်မဲ့လူတွေရဲ့ သွေးမစွန်းဘူးလို့များ ထင်နေလား။ သူမက ရိုးရိုးသားသား အပြစ်ကင်းကင်းနဲ့ ဆက်ရှိနေမယ် ထင်လား”
“ စကြဝဠာကြီးက ခင်ဗျားလက်ကို ဌားပြီး ကျန့်မျိုးနွယ်ရဲ့ အပြစ်ကြွေးအတွက် ကျုပ်မိသားစုဆီ သက်ရောက်စေလိုက်တယ်လို့ ပြောချင်နေတာလား” ကျန့်ချောင်းက နှာခေါင်းရှုံကာ ပြောလိုက်သည် “ တကယ်လို့ ဒါက ခင်ဗျားရဲ့ အပြစ်ရှိစိတ်ကို ချေဖျက်ဖို့ လှည့်ကွက်ဆိုရင်တော့ အထင်သေးမိတော့မယ်”
“မဟုတ်ဘူး … ငါက စကြဝဠာကြီးရဲ့ အစီအစဉ်တကျဖြစ်မှုနဲ့ ကံကြမ္မာက ဘယ်လိုအလုပ်လုပ်လဲဆိုတာ မျှဝေချင်ရုံပဲ”
ကျန့်ချောင်းက သူ့အား စိုက်ကြည့်လိုက်သည်။ သူက ထိုစကားများပြောလိုက်သော်လည်း သူ့ရန်သူကို ခေါင်းမဖြတ်ခင် သူ့ဆီမှ အပြစ်ရှိစိတ်ကို မြင်ချင်နေမိသည်။ ကြည့်ရသည်မှာ သူ့ဆန္ဒပြည့်ပုံ မပေါ်ပေ။
ဝမ်ဝေ့က ကျန့်ချောင်း၏ စိတ်အခြေအနေ အပြောင်းအလဲကို ခံစားမိလိုက်သော်လည်း မေးလိုက်သေး၏ “ မင်းက ငါ့အကြောင်း အများကြီး ဘယ်လိုသိတာလဲဆိုတာ မပြောရသေးဘူး ”
ကံဆိုးစွာဖြင့် ထိုလူက လျစ်လျူရှုထားသောကြောင့် ဝမ်ဝေ့က ထိုင်ကာ မျက်လုံးမှိတ်လိုက်သည်။ အချိန်ကုန်လွန်သွားပြီး ကိုယ်ထည်မဲ့ အခြေအနေ အဆုံးသတ်အချိန် ကျရောက်လာသည်။ သို့သော်လည်း နောက်ဆုံးအခိုက်အတန့် မရောက်ခင် မိနစ်ပိုင်းအလို ဝမ်ဝေ့က မျက်လုံးဖွင့်လိုက်ပြီး ပြောလိုက်သည်။
“မင်းက အတော်လေး စိတ်ပျက်ဖို့ကောင်းတယ်ဆိုတာတော့ ပြောရမယ်။ မင်းဆီမှာ စွမ်းအားရှိနေတာတောင် ငါ့တိုက်ပွဲအလိုလိုသိစိတ် ရှိမနေဘူးပဲ ”
“ခင်ဗျား ဘာပြောတာလဲ”
“ ငါ ပြောတာ ငါက ကိုယ်ထည်မဲ့ အခြေအနေကနေ ရုန်းထွက်နိုင်တဲ့ နည်းလမ်းတစ်ချို့ရှိတယ်လို့ ”
ကျန့်ချောင်းက တစ်ဖက်လူ၏ စွမ်းရည်နှင့်နည်းစနစ်များအကြောင်း စတင်စဉ်းစားလာသည်။ ထို့နောက် သူက တစ်ခုခုကို တွေးမိသွားဟန်ဖြင့် အကြည့်များ တောက်ပသွားသည်။
ခဏ သူက ငါ့ကို ဘာလို့ ဒါတွေပြောပြနေတာလဲ …
သူက သတိကြီးကြီးထားတော့မည့်ဆဲဆဲတွင် နောက်ကျသွားခဲ့လေပြီ။ ဝမ်ဝေ့က ကျန့်ချောင်း၏ မျက်ဝန်းမှ သဘောပေါက်မှုကို မြင်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ထဲမှ မိစ္ဆာနတ်ဘုရားအရိုးအား အသုံးပြုလိုက်ပြီး စုယာဆီမှ သင်ယူထားသော စိတ်ခံစားချက်အကြောင်းများ၊ ပုံရိပ်ယောင်ကို ဖန်တီးဖို့ ဝိညာဉ်စွမ်းအားများနှင့်အတူ သူ့အမေ၏ နည်းစနစ်ဖြင့် လူအများ၏ စိတ်ထဲမှ အမှောင်မိုက်ဆုံး အဆိုးမြင်ခံစားချက်များကို ဆွဲထုတ်လာခဲ့သည်။
ပုံရိပ်ယောင်ကို ကြုံတွေ့လိုက်ပြီးနောက် ကျန့်ချောင်း၏ မျက်ဝန်းက ရူးသွပ်မှုဖြင့် အနီရောင်ပြောင်းသွားခဲ့သည်။ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ထွက်ပေါ်လာ၏။ အာကာပြင်တစ်ခုလုံးကလည်း ပထမအကြိမ်အနေနှင့် တုန်ခါသွားကာ ဘက်ပေါင်းစုံတွင် အက်ကြောင်းများ ပေါ်ထွက်လာသည်။
သို့သော်လည်း အာကာပြင်က မပျက်စီးသွားသေးပေ။
ကျန့်ချောင်းက ထိုစွမ်းအားဖြင့် ကိုယ်ထည်မဲ့ အခြေအနေဖြင့် ရှိနေသည့် ဝမ်ဝေ့အား အဆုံးသတ်ဖို့ ပြင်ဆင်လိုက်သည်။ သို့သော် ကံဆိုးသည်က သူ့ မျက်နှာပေါ်ရှိ ဒွါရအပေါက်များမှ သွေးများစီးကျလာသည်။ ထို့နောက် သူက ဆိုးဆိုးရွားရွား အော်ငြီးလိုက်ရ၏။
ဝမ်ဝေ့က အံ့ဩခြင်းမရှိ သေချာကြည့်နေသည်။ သူ့စိတ်စွမ်းအားက ဝှက်ဖဲတစ်ခု ဖြစ်၏။ ကံဆိုးစွာဖြင့် သူ စိတ်ရှိတိုင်း အသုံးမပြုနိုင်ပေ။
ထိုအရာ၏ တစိတ်တပိုင်းကို အသုံးပြုဖို့ရာ သူ့ခန္ဓာကိုယ်၊ ဝိညာဉ်၊ စိတ်အခြေအနေနှင့် တာအိုနှလုံးသားတို့က မြင့်မားစွာ သဟဇာတ ဖြစ်နေရမည်။ ထို့ကြောင့် ဝမ်ဝေ့က ကျန့်ချောင်းအား အသုံးပြုဖို့ လှုံ့ဆော်လိုက်ခြင်း ဖြစ်၏။ ထိုလူက သူ့ဝိညာဉ်အပေါ် လုပ်သလိုမျိုး တစိတ်တပိုင်းကို ကူးယူနိုင်လိုက်သော်လည်း ထိုတစိတ်တပိုင်းက သူ့အား လွှမ်းမိုးသွားခဲ့သည်။
ကျန့်ချောင်းက သူ မဟုတ်ပေ။ သူ ဘယ်တော့မှ ဖြစ်မလာနိုင်ပေ။ ထိုသူ့တွင် သူ့ဝိညာဉ်အရည်အသွေး၊ စိတ်အခြေအနေ သို့မဟုတ် တာအိုနှလုံးသားမျိုး ရှိမနေပေ။ ကျန့်ချောင်းက ယခုအခါ စိတ်ထဲ မပြောပြတတ်လောက်အောင် အထီးကျန်မှုနှင့် စိတ်ပျက်မှုများကို ကြုံတွေ့နေရသည်။
ဝမ်ဝေ့ ဟွင်သွမ်းအာကာပြင်ထဲ ဖြတ်ကျော်လာသည့် ယွမ်ခေတ်ကာလများစွာထဲ ကျန့်ချောင်းက ထိုစိတ်စွမ်းအား ရရှိသည့် ခံစားချက်ကို ပြန်လည် ကြုံတွေ့နေရသည်။ သူက တောင့်မခံနိုင်ခဲ့ပေ။
ကံကောင်းစွာဖြင့် ထိုလူက ဝမ်ဝေ့၏ စွမ်းအားကို စွန့်ပစ်ကာ ခံစားရမှုများအား အဆုံးသတ်နိုင်ခဲ့သည်။ ထို့ကြောင့် သူ့အရှိန်အဝါတို့က တဖန် မူလအခြေအနေသို့ ပြန်လည်ရောက်သွား၏။
ဝမ်ဝေ့အတွက်မူ အကောင်းဆုံးအခြေအနေတွင် မဟုတ်ပေ။ ကိုယ်ထည်မဲ့ကို အသုံးပြုလိုက်ရသည့် ဝန်ထုပ်က ကြီးမားလှသည်။ ထိုအတွေ့အကြုံမတိုင်ခင် သူက ထိုစွမ်းရည် အသုံးပြုရခြင်း၏ ဝန်ထုပ်ကို မသိခဲ့မိပေ။
သူ့ခန္ဓာကိုယ်က မည်မျှအားနည်းနေကြောင်း ယခု သိသွားလေပြီ။
သူက ကျန့်ချောင်းကို ကြည့်လိုက်ရင်း သူ့ကိုယ်သူ ကုသဖို့ ကြိုးစားလိုက်သည်။ သူက ပတ်ဝန်းကျင်မှ ထူးခြားစွမ်းအားက တစ်ဖက်လူကို ကုသပေးနေကြောင်း ခံစားမိလိုက်သည်။
ထိုစဉ် သူကမူ သိုလှောင်လက်စွပ်ကို မဖွင့်နိုင်ခဲ့၍ ဆေးလုံးများပင် မယူနိုင်ပေ။
သူက မူလဆေးလုံးတာအိုဂိုဏ်း၏ ပုံရိပ်ယောင်ဆေးကျမ်းကို မယူမိသည့်အတွက် နည်းနည်းနောင်တရလာမိသည်။ ထိုအရာက လက်ရှိအခြေအနေအတွက် အသင့်တော်ဆုံး ဖြစ်၏။ သူက ကံကြွေးအကြောင်း မသိခဲ့သည့်အတွက် အားလုံးကို ယူမည့်အစား လိုအပ်သည့်အရာကိုသာ ယူခဲ့သည်။ ယခုမူ သူ့ဆုံးဖြတ်ချက်ကို နည်းနည်း နောင်တရလာမိ၏။
အခုကစပြီး ငါ အသိစိတ်ပင်လယ်နဲ့ အံ့ဖွယ်ပင်လယ်ထဲမှာပဲ ဆေးလုံးကို ထားတော့မယ်
သူက ကျန့်ချောင်း ပြန်ထလာသည်ကို ကြည့်နေရင်း သက်ပြင်းချလိုက်သည်။ သူက အချိန်ဆွဲဖို့ နောက်ဆုံးအစီအစဉ်ကို သုံးရတော့မည်ဖြစ်ကြောင်း သိလိုက်၏။
***