မူမမှန်မှု
Vol. 36 Ch. 496
ရွှေရောင်ရထားလုံးအတွင်း ဝမ်ဝေ့က သိုင်းပညာ ခိုလှုံရာကမ္ဘာဟု ခေါ်ဆိုသည့် ကမ္ဘာမှ သိုင်းပညာဘိုးဘေး ဖန်တီးခဲ့သည့် ကျင့်ကြံရေး နည်းစနစ်အကြောင်း ဖတ်ရှုနေသည်။
ပထမအဆင့်ကို ခန္ဓာလေ့ကျင့်ခြင်း အဆင့်ဟု ခေါ်ဆိုပြီး ကျင့်ကြံရေးနည်းစနစ်အများစုတွင် ခန္ဓာကိုယ်လေ့ကျင့်ပေးခြင်းဖြင့် အစပြုလေ့ရှိသည်။ သို့သော်လည်း သိုင်းပညာဘိုးဘေး ခေါ်ဆိုသည့် သိုင်းပညာပြင်ပန်းနည်းစနစ်သည် တစ်မျိုးမျိုး ထူးခြားနေသည်။
လေ့ကျင့်ရေး ဖြစ်စဉ်က တစ်ဖက်ကမ်းခတ် လွန်ကဲလှသည်။ သိုင်းပညာရှင်များသည် သူတို့၏ အရေပြား၊ ကြွက်သား၊ အရိုးနှင့် သွေးများကို ပထမအဆင့်တွင် လေ့ကျင့်ပေးရသည်။ ဒုတိယအဆင့်ဖြစ်သည့် ကလီစာအတွက်မူ သူတို့ခန္ဓာကိုယ်မှ သွေးများကို အသုံးပြုပြီး အတွင်းအင်္ဂါများကို လေ့ကျင့်ကြသည်။
ထိုအရာကို ကြားလိုက်ပြီးနောက် ဝမ်ဝေ့က ထိုနည်းစနစ်၏ ထူးကဲမှုကို မြင်လိုက်ရသည်။ အစောပိုင်းအဆင့်တွင်ပင် ခန္ဓာကိုယ်ထိန်းချုပ်ရေးအတွက် ကျွမ်းကျင်နေခြင်း ဖြစ်၏။ ဒုတိယအဆင့်တွင် ကျင့်ကြံသူများက သူတို့၏ အတွင်းအင်္ဂါများကို ထိန်းချုပ်နိုင်ကြသည်။
တတိယအဆင့်ကိုမူ အစစ်အမှန်ယွမ် အဆင့်ဟု ခေါ်ဆိုလေသည်။ သိုင်းပညာရှင်များက သူတို့ခန္ဓာကိုယ်ထဲ အတွင်းအားကို ဖွဲ့စည်းနိုင်ကြသည်။ ထိုအဆင့်ကို နှစ်ပိုင်းခွဲခြားထားပြီး ခန္ဓာကိုယ်သန့်စင်ခြင်းနှင့် ချီသွေးကြော ဖွင့်လှစ်ခြင်းတို့ ဖြစ်သည်။
တတိယအဆင့်က စိတ်ဝင်စားဖို့ကောင်းလှသည်။ ပထမအဆင့်တွင် သိုင်းပညာရှင်များသည် ခန္ဓာကိုယ်ထဲမှ သဘာဝအညစ်အကြေးများကို ဖယ်ရှားလိုက်၍ အလုံခန္ဓာကိုယ် ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားသည်။
ထိုအရာက သဘာဝအလုံခန္ဓာကိုယ်လောက် မရှည်ကြာသော်ငြား ခန္ဓာကိုယ်တွင် အညစ်အကြေးမရှိဘဲ ဝိညာဉ်ချီက ခန္ဓာကိုယ်ထဲ ဆက်လက် ကျန်ရှိနေနိုင်သည်။ အနှစ်သာရအားဖြင့် ထိုအဆင့်က အလုံခန္ဓာကို ရယူဖို့ ကျင့်ကြံခြင်း ဖြစ်၏။
ဒုတိယအဆင့်က ခန္ဓာကိုယ်ရှိ ချီသွေးကြောများကို ဖွင့်လှစ်ခြင်းသာမကပေ။ ပြောရလျှင် ခန္ဓာကိုယ်တွင်းရှိ လူလုပ် စွမ်းအင်လမ်းကြောင်းကို ဖန်တီးခြင်း ဖြစ်၏။ ထိုအရာက သိုင်းပညာရှင်များအား မိုးမြေကြားမှ ဝိညာဉ်ချီကို ထိန်းချုပ်ကာ အာရုံခံနိုင်ဖို့ ခွင့်ပြုပေးလိမ့်မည်။
အံ့ဖွယ်ပလ္လင်အဆင့်က အံ့ဖွယ်သွေးကြောနဲ့ တူညီနေတာပဲ။ ကြည့်ရတာ သိုင်းပညာဘိုးဘေးက အဲဒီကနေ အတုခိုးခဲ့တဲ့ပုံပဲ…
ဝမ်ဝေ့က တတိယအဆင့်ကို ဖတ်ရှုပြီးသည့်နောက်တွင် တွေးလိုက်မိသည်။
ထို့နောက် သူက သူ ကျင့်ကြံမည့် ခန္ဓာကိုယ်အသစ်တွင် ချီသွေးကြောဖွင့်လှစ်ခြင်းက အတွေးကောင်း ဟုတ်လား မဟုတ်လားဆိုတာ စဉ်းစားလိုက်သည်။ သို့သော်လည်း သူက အံ့ဖွယ်သွေးကြောများများရှိခြင်းနှင့် အတူတူဖြစ်နေသည့်အတွက် တခြားတစ်မျိုးသာ ဆုံးဖြတ်လိုက်သည်။ ယခင်က သူသည် သူ့ပလ္လင်တွင် ရေးထွင်းခဲ့ခြင်းကို ရပ်တန့်လိုက်သည်မှာ သူသည် သူတို့ထောက်ပံ့ပေးသည့် စွမ်းအင်ခံစားမှုနှင့် ထိန်းချုပ်မှုတို့၏ ကန့်သတ်ချက်ကို ရောက်ရှိသွား၍ ဖြစ်သည်။
ထို့နောက် ဝမ်ဝေ့က အတွေးတစ်ခု ရလာမိ၏။ ချီသွေးကြောများက သိုင်းပညာရှင်၏ ခန္ဓာကိုယ်အတွင်း ပတ်လမ်းတစ်ခုဖန်တီးကာ ဝိညာဉ်ချီ သို့မဟုတ် အစစ်အမှန်ယွမ်က ထိုအရာကို ဖြတ်စီးဆင်းသွားသည်နှင့် သူတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးလိမ့်မည်။
ထို့ကြောင့် ဝမ်ဝေ့က သူ့ခန္ဓာကိုယ်အသစ်၏ သွေးစွမ်းအား၏ ချီသွေးကြော လှည့်ပတ်မှုသည် မည်မျှအကျိုးသက်ရောက်မှုရှိမည်ကို တွက်ချက်ကြည့်လိုက်သည်။ သူ့အင်အားကို ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်လိမ့်မည်။
ထို့အပြင် လေ့ကျင့်ပေးခြင်းက ထာဝရဖြစ်ကာ ဆက်တိုက် တိုးမြှင့်နိုင်လေသည်။ အချိန်ကြာလာသည်နှင့်အမျှ သွေးစွမ်းအားက သူ့ခန္ဓာကိုယ်အတွင်း ဆက်တိုက်လည်ပတ်ကာ ဝမ်ဝေ့ကလည်း သူ့ခန္ဓာကိုယ်ကို နေ့စဉ်နေ့တိုင်း လေ့ကျင့်ပေးနိုင်လိမ့်မည်။
ထို့အပြင် အကယ်၍ ချီသွေးကြောလမ်းစဉ်က ရှုပ်ထွေးနေပါက ထိုအရာသည် သူ့ပြန်လည်ကောင်းမွန်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်သည်။
“ ငါက တကယ်ကို ပါရမီရှင်ပဲ” ဝမ်ဝေ့က သူ့ဘာသာသူ ချီးကျူးလိုက်ပြီးနောက် သိုင်းပညာနည်းစနစ်အား ဆက်လက်အာရုံစိုက်ထားလိုက်သည်။ အဆင့် ၃ ဆင့်ကို ဖတ်ရှုပြီးသည့်နောက်တွင် သူက ကိစ္စများစွာကို ဆုံးဖြတ်နိုင်လိုက်၏။
သိုင်းပညာဘိုးဘေးသည် ထိုအရာကို ဖန်တီးခဲ့ခြင်းမှာ သူ့တွင် အလုံခန္ဓာကိုယ် မရှိ၍ မဟုတ်ပေ။ ရလဒ်အနေဖြင့် ထိုနည်းစနစ်သည် မိုးမြေကြားမှ ဝိညာဉ်ချီအပေါ် များစွာ မမှီခို၍ ဖြစ်သည်။
သိုင်းပညာရှင်များက အရင်းအမြစ်များစွာကို အသုံးမပြုဘူးဟု ဆိုလိုခြင်း မဟုတ်ပေ။ သူတို့က ဝိညာဉ်ချီနှင့် သွေးစွမ်းအားများကို စုပ်ယူဖို့ နတ်ဆိုး သို့မဟုတ် ဝိညာဉ်သားရဲအများအပြားကို စားသောက်ရလိမ့်မည်။
သူတို့က အစောပိုင်းအဆင့်များတွင် ဝိညာဉ်ချီအပေါ် မမှီခိုလျှင်ပင် အရင်းအမြစ်ကတော့ လိုအပ်သေး၏။
ထိုကျင့်ကြံရေး၏ ၄ ဆင့်မြောက်သည် သိုင်းပညာအသိအဆင့် ဖြစ်၏။ ထိုနယ်ပယ်တွင် သိုင်းပညာရှင်များက ဓားအသိ၊ လက်သီးအသိအစရှိသည့် အရာများကို နားလည်ရမည်။ ထိုအဆင့်သို့ ရောက်ရှိသွားသည်နှင့် သူတို့က အသိစိတ်ပင်လယ်ကို ဖွင့်လှစ်နိုင်လိမ့်မည်။
၅ဆင့်မြောက်ဖြစ်သည့် အစစ်အမှန်ဝိညာဉ်အဆင့်တွင် သိုင်းပညာရှင်များက သူတို့၏ အသိကို ဝိညာဉ်ဖြင့် ပေါင်းစပ်ပြီး ကမ္ဘာဦးစိတ်ဝိညာဉ်နှင့် တူညီသည့် အစစ်အမှန် ဝိညာဉ်ကို ဖန်တီးနိုင်သည်။ ထိုအဆင့်တွင် သိုင်းပညာရှင်များက လေထဲတွင် အတားအဆီးမရှိ ပျံသန်းနိုင်ပြီး စိတ် သို့မဟုတ် စိတ်ဝိညာဉ် တိုက်ခိုက်မှုများလည်း ပြုလုပ်နိုင်သည်။
၆ ဆင့်မြောက်ကမူ ဆုံမှတ်ဖွင့်လှစ်ခြင်းအဆင့် ဖြစ်၏။ ထိုအရာများက သူတို့က ဝိညာဉ်စွမ်းအားနှင့် ယွမ်အဆီအနှစ်ကို ခန္ဓာကိုယ်အတွင်းရှိ ဆုံမှတ်များကို ဖွင့်လှစ်ဖို့ အသုံးပြုရမည်။ ၇ ဆင့်မြောက်တွင် ချိုင့်ဝှမ်းဘုံအဆင့်ဖြစ်ပြီး သူတို့က ဆုံမှတ်များ၊ စွမ်းရည်ဗဟိုချက်နှင့် အသိစိတ်ပင်လယ်တို့ကို ချိုင့်ဝှမ်းဘုံဟု ခေါ်ဆိုသည့် ပုံရိပ်ယောင်ကမ္ဘာအတွင်း ပေါင်းစပ်ရမည်။ ထိုအရာက သိုင်းပညာရှင်၏ စွမ်းအားနှင့် ခွန်အားကို သိသိသာသာ တိုးမြှင့်ပေးနိုင်၏။
၈ ဆင့်မြောက်ကို ချိုင့်ဝှမ်းကမ္ဘာဟု ခေါ်ဆိုပြီး သိုင်းပညာရှင်များက စည်းမျဉ်းများကို နားလည်လာပြီး ပုံရိပ်ယောင်ကမ္ဘာအား သူတို့၏ အစစ်အမှန်တစ်ပိုင်း သို့မဟုတ် အစစ်အမှန် အတုအယောင် ရောစပ်နေသည့် ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲနိုင်သည်။
ကျန့်ချောင်းက ထိုနယ်ပယ်အဆင့်တွင် ဖြစ်သော်လည်း သူက လျှို့ဝှက်နည်းစနစ်ကို အသုံးပြုထားပြီး နှလုံးသားနက်၏ အကူအညီဖြင့် ချိုင့်ဝှမ်းဘုံကို အစစ်အမှန်ကမ္ဘာ တစ်ခုအဖြစ် ပြောင်းလဲထားခဲ့သည်။ နောက်ဆုံးတွင် သူက ဝမ်ဝေ့နှင့်ရှိသည့် ကံဆက်နွယ်မှုကို အသုံးပြုကာ သူ့အား အထဲသို့ အတင်းအကြပ် ဆွဲခေါ်လိုက်ခြင်းဖြစ်၏။
သိုင်းပညာရှင်များ၏ ချိုင့်ဝှမ်းဘုံသည် တကယ့်ကမ္ဘာအစစ်သို့ ပြောင်းလဲပြီးသည့်နောက်တွင် ၉ဆင့်မြောက် အစစ်အမှန်ကမ္ဘာအဆင့် ဖြစ်ကာ အထွတ်အထိပ် နယ်ပယ်အဆင့်နှင့် ညီမျှပေသည်။ ထိုအဆင့်တွင် သူတို့က စည်းမျဉ်းနှင့် စည်းမျဉ်း၏ နားလည်နိုင်စွမ်းမှတဆင့် ကမ္ဘာကို ချဲ့ထွင်နိုင်သည်။
နောက်ဆုံးတွင် သိုင်းပညာရှင်များက သူတို့၏ တကယ့်ကမ္ဘာအစစ်ကို သူတို့၏ တကယ့်ခန္ဓာကိုယ်အတွင်း ပေါင်းစပ်ကာ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်သည်။ ဝမ်ဝေ့က သိုင်းပညာဘိုးဘေးသည် မူလနည်းစနစ်အတွက် ရှုပ်ထွေးသည့် ခံစားချက်များ ရှိလိမ့်မည်ဟု ခန့်မှန်းမိလိုက်သည်။
ထို့နောက် သူက ထိုနည်းစနစ်နှစ်ခုလုံးကို နှိုင်းယှဉ်ကြည့်လိုက်၏။ ထိုနည်းစနစ်၏ နောက်ပိုင်းအဆင့်များက တူညီလေသည်။ နမူနာအားဖြင့် သူတော်စင်အဆင့် တစ်ယောက်၏ ပိုင်နက်က သူတို့၏ အံ့ဖွယ်အသိစိတ်၊ အသိစိတ်ပင်လယ်နှင့် စည်းမျဉ်းပလ္လင်တို့ကို ပြင်ပကမ္ဘာအတွင်း ပုံရိပ်ယောင်တစ်ခုဖြစ်ကာ ချိုင့်ဝှမ်းဘုံနှင့် တူလေသည်။
အဓိကကွဲပြားချက်က သူတို့နှစ်ခုလုံး၏ ခိုင်ခံ့မှု ဖြစ်၏။ ပိုင်နက်ထက် ချိုင့်ဝှမ်းဘုံကို ဖျက်ဆီးပစ်ဖို့ရာ ပိုမိုခက်ခဲလေသည်။ သို့သော်လည်း တန်ပြန်သက်ရောက်မှုကမူ ပိုင်နက်ထက် ပိုမိုပြင်းထန်လေ၏။
ထို့အပြင် သိုင်းပညာရှင်များ၏ အစစ်အမှန်ကမ္ဘာကို ကြီးထွားစေဖို့ရာ အရင်းအမြစ်မြောက်များစွာ လိုအပ်ပေသည်။ ထိုအရာက အထွတ်အထိပ် နယ်ပယ်အဆင့်၏ ဓမ္မခန္ဓာကိုယ်၏ ခွန်အားထက်ပင် ကျော်လွန်သည့် တိုက်ပွဲစွမ်းအားကို ချီးမြှင့်ပေးလိမ့်မည်။
ထို့နောက် သက်တမ်းနှင့် ကိစ္စနှင့် ပတ်သက်လာပြန်သည်။ သိုင်းပညာရှင်များသည် ထိုနည်းစနစ်၏ အုပ်ချုပ်သူဖြစ်သည့်အတွက် မြင့်မားသည့် သက်တမ်း ရှိကြသည်။ ကံဆိုးစွာဖြင့် ထိုကမ္ဘာကို သယ်ဆောင်ထားရသည့် ဝန်ထုပ်က သူတို့၏ ခန္ဓာကိုယ်နှင့် သက်တမ်းအပေါ် သက်ရောက်မှု ရှိလာသည်။
ထို့ကြောင့် သာမန်အားဖြင့် သူတို့သည် နှစ်ပေါင်း နှစ်သိန်းခွဲမှ ငါးသိန်းအထိသာ နေနိုင်ကြပြီး မူလနည်းစနစ်တွင် သူတော်စင်အဆင့်တစ်ယောက်၏ သက်တမ်းမျှ ဖြစ်၏။
ဝမ်ဝေ့က ထိုနည်းစနစ်မှ ရရှနိုင်သည့် အကျိုးအမြတ်များကို စဉ်းစားကြည့်လိုက်သည်။ သူက ချိုင့်ဝှမ်းဘုံကို မကျင့်ကြံလိုသည်မှာ သူသည် အရင်းအမြစ်များစွာ သုံးစွဲပြီးပြီဖြစ်သလို လူဝင်စား ကိုးယောက်အတွက်လည်း အရင်းအမြစ်များ ထပ်မံသုံးစွဲရဦးမည် ဖြစ်၏။ ထို့ကြောင့် သူက အရင်းအမြစ် နည်းပါးသည့် ပိုင်နက် နည်းစနစ်ကိုသာ ပိုသဘောကျသည်။
သူက ပိုင်နက်နှင့် ဓမ္မခန္ဓာကိုယ်ကို ထူးကဲအောင်လုပ်ပြီး တုယီနယ်ပယ်စွမ်းအားကို တိုးမြှင့်ဖို့ရာအတွက်မူ သူက လူဝင်စားများဆီမှ တခြားသော ပိုင်နက်ကိုးခုနှင့် ဓမ္မခန္ဓာကိုယ်များကို ပေါင်းစပ်ဖို့ နည်းလမ်းကို အသုံးပြုရမည်။
မည်သို့ပင်ဆိုစေကာမူ သူက ချိုင့်ဝှမ်းဘုံ သို့မဟုတ် ပုံရိပ်ယောင်ကမ္ဘာကို ဖန်တီးနိုင်သည့် နည်းစနစ်တစ်ခုကို ဖန်တီးဖို့ရာ တွေးထားသည်။ နောင်အနာဂတ်တွင် သူက တကယ့်ကမ္ဘာအစစ်ထောင်ချီကို ဗုံးအနေနှင့် ဖန်တီးဖို့ရာအထိ တွေးထားလေ၏။
အရန်အစီအစဉ်များ ပြုလုပ်ပြီးသည့်နောက်တွင် သူက အချိန်မဖြုန်းတော့ဘဲ ကျန့်ချောင်းအား သူ့လူဝင်စား တစ်ယောက်အဖြစ် သန့်စင်လိုက်သည်။ ပထမဦးစွာ သူက ထိုလူ၏ ခန္ဓာကိုယ်မှ ယွမ်အဆီအနှစ် အားလုံးကို ဖယ်ရှားပစ်လိုက်သည်။
သူက အလကားဖြုန်းတီးပစ်ခြင်း မဟုတ်ဘဲ ကျန့်ချောင်း၏ ခန္ဓာကိုယ်ကို စုပ်ယူစေလိုက်သည်။ နောက်ပိုင်းတွင် သူက ထိုလူ၏ အစောပိုင်းကျင့်ကြံရေးများအပေါ် သက်ရောက်မှု မရှိစေရန် စည်းမျဉ်း နားလည်နိုင်စွမ်းကို စည်းပိတ်လိုက်သည်။
ထို့နောက် သူက ကျန့်ချောင်း၏ အစစ်အမှန်ဝိညာဉ်ထဲ စိတ်ဝိညာဉ်အမှုန်တစ်ခုကို ထည့်သွင်းကာ ကျူးကျော်လိုက်သည်။ ထို့နောက် ထိုအရာသည် ဝမ်ဝေ့၏ အရှိန်အဝါနှင့် ဝိညာဉ်အတက်အကျမျိုး ရှိလာလေ၏။
ဝမ်ဝေ့က နောက်ဆုံးရလဒ်နှင့် ပတ်သက်ပြီး ကျေနပ်သွားသည်။
ကျန့်ချောင်းက နောက်ဆုံးတွင် သူ၏ အထူးကဲဆုံး လူဝင်စားဖြစ်လာလိမ့်မည်။
နမူနာအားဖြင့် သူသည် ဓမ္မခန္ဓာကိုယ်နှင့် အစစ်အမှန်ခန္ဓာကိုယ်ကို ပေါင်းစပ်ပြီး ဧကရာဇ်တစ်ပိုင်း ဝင်ရောက်မည့် အတွေးအခေါ်မျိုး ရှိထားသည်။ သို့သော်လည်း သူက နှလုံးသားနက်သည် ချိုင့်ဝှမ်းကမ္ဘာအတွင်း လျှို့ဝှက်စွမ်းအားတချို့ကို မထားရှိစေဖို့ရာ သေချာအောင် စစ်ဆေးကြည့်လိုက်သည်။
နောက်ဆုံးတွင် ဝမ်ဝေ့က ကျန့်ချောင်း၏ ကံကြမ္မာကြိုးမျှင်ကို စုပ်ယူလိုက်ပြီး ကံကြမ္မာမဲ့စွမ်းအားကို ရယူလိုက်သည်။ သူက သူ့ကံကြမ္မာကြိုးမျှင်သည် ဖြည်းဖြည်းချင်း မှုန်ဝါးသွားကာ လျှို့ဝှက်ဆန်းကြယ် ဖြစ်လာသည်ကို သိနေလိုက်၏။ ထို့နောက် အနှောင်အဖွဲ့အားလုံးနှင့် ကံဆက်နွယ်မှုအားလုံးက ပျောက်ကွယ်သွားသည်။
ဝမ်ဝေ့၏ မျက်နှာအထက် အပြုံးတစ်ခု ပေါ်ထွက်လာပြီးနောက် အမူအရာက တောင့်တင်းသွားသည်။ သူက အမည်မသိ စွမ်းအားတချို့သည် နောက်ဆုံးကူးပြောင်းမှုကို တားဆီးနေကြောင်း ခံစားမိလိုက်၏။ ထိုအရာက သူ့ကံကြမ္မာကြိုးမျှင်တွင် အနှောင်အဖွဲ့ တချို့ထားနေဟန်ပေါ်သည်။
ထို့နောက် နောက်ထပ် အမည်မသိ စွမ်းအားတချို့ပေါ်လာကာ ပထမစွမ်းအားကို ခုခံပေးထားသည်။ ထိုအရာနှစ်ခု ထိပ်တိုက်တွေ့ဆုံပြီးသည့်နောက်တွင် သူ့ကံကြမ္မာကြိုးမျှင်တွင် အနှောင်အဖွဲ့တစ်ခုသာ ကျန်ရှိခဲ့လေ၏။ ထိုအရာက ရှုကျင်းယောင်ဟုခေါ်ဆိုသည့် အမျိုးသမီးနှင့် တွေ့ဆုံမှုတစ်ခု ဖြစ်သည်။ သူက သူမ၏ မျက်နှာကို မမြင်ရသော်လည်း သူမနာမည်ကိုမူ သိလိုက်ရသည်။
ဒါက မဟုတ်သေးဘူး။ ငါက ကံကြမ္မာမဲ့ အကြောင်းကို ဖတ်ထားသလောက် ဒီလို မဖြစ်သင့်ဘူး…
ဘန်း…
ဝမ်ဝေ့က ရထားလုံး အနည်းငယ် တုန်ခါသွားသည်ကို ခံစားမိလိုက်၍ အစီအရင်အပြင်ဘက်သို့ ထွက်ကြည့်လိုက်သည့်အခါ အကြည့်များက တောက်ပသွားသည်။
“ အချိန်ကိုက်ပဲ” သူက ရေရွတ်လိုက်ပြီး ရထားလုံးထဲမှ ထွက်လာလိုက်၏။
“ ကောင်လေး ဒီစစ်ဆေးမှုကို အောင်မြင်မယ်ဆိုတာ သိတယ်” ဝမ်ဝူချန်က ဝမ်ဝေ့အား ဂိုဏ်းသို့ ကူးပြောင်းပို့ဆောင်ပေးလိုက်သည်။
“ ဒါကို ထားလိုက်ပါ ဘိုးဘေး။ ဒါနဲ့လေ ကံကြမ္မာမဲ့ဝိညာဉ်ကို တစ်ယောက်ယောက်က စုပ်ယူလိုက်ရင် ဘယ်လိုဖြစ်သွားလဲ”
“ ထူးဆန်းတဲ့ မေးခွန်းပဲ။ ဂမ္ဘီရတွေအကုန်လုံးက သူ့အတွက် အသုံးမဝင်တော့ဘူး။ တခြားတွက်ချက်မှုတွေကလည်း လျော့ကျသွားလိမ့်မယ်။ တကယ်လို့ အဲဒီလူက တာအိုကို သက်သေပြနိုင်မယ်ဆိုရင် သူ့ကို ဘယ်အရာကမှ တွက်ချက်ကြည့်လို့ ရမှာ မဟုတ်တော့ဘူး။ သူတို့ရဲ့ ကံအဖြစ်အပျက် အားလုံးကလည်း ပျောက်ကွယ်သွားပြီးတော့ ကံကြမ္မာကို ထိန်းချုပ်မှုကနေ လွတ်လပ်ခွင့်တချို့ကို ရရှိသွားလိမ့်မယ်” ဝမ်ဝူချန်က ခေတ္တမျှစဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
“ ဆက်နွယ်မှုဖြစ်ရပ်တွေ အကုန်လုံးကိုလား”
“ ဟုတ်တယ် အကုန်လုံးပဲ”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ့ဖြစ်ရပ်သည် မူမမှန်ကြောင်း သိလိုက်သည်။
သူက သူ့ကျင့်ကြံရေးခရီးစဉ်တစ်လျှောက် မူမမှန်မှုများကို ကြုံတွေ့ခဲ့ရမည်ဖြစ်ပြီး ပထမတစ်ခုကမူ သူစတင် မကျင့်ကြံခင် နှလုံးသားနတ်ဆိုးနှင့် တွေ့ရှိခဲ့ရသည်။
ဒုတိယအကြိမ်ကမူ မျှော်နန်းဆောင် စစ်ဆေးမှုအတွင်း ကောင်းကင်ဘုံအမျက်ဒေါသနှင့် ထိပ်တိုက်ရင်ဆိုင်သည့်အခါတွင် ဖြစ်၏။ တတိယအကြိမ်ကမူ တုယီနယ်ပယ်အဆင့်သို့ ဝင်ရောက်စဉ် သူ့အနက်ရောင် ချီကံကောင်းမှုတို့ ဖြစ်သည်။
သူ သိထားသလောက် သူ တစ်ယောက်ထဲသာ ထိုသို့ဖြစ်ခြင်းဖြစ်ပြီး တုယီနယ်ပယ်သို့ ဝင်ရောက်သည့်သူများက ထိုမူမမှန်မှုကို မကြုံရပေ။
လေးခုမြောက် မူမမှန်မှုက အံ့ဖွယ်ပလ္လင်အဆင့်တွင် နောက်ထပ် နှလုံးသားနတ်ဆိုး ပေါ်ထွက်လာလေ၏။
ယခုတွင် ငါးခုမြောက် ပေါ်ထွက်လာလေသည်။
ဝမ်ဝူချန်က ဝမ်ဝေ့အား ထူးထူးဆန်းဆန်း ကြည့်လိုက်ပြီးနောက် ဘာမှမပြောပေ။ သူက ထိုကောင်လေးသည် မူမမှန်ကြောင်း သိထားသော်လည်း သူ့အတွက် ထူးဆန်းသည့်အရာများ ဖြစ်ပျက်သည်က ပုံမှန် ဖြစ်၏။
“ မင်းက မင်းမိသားစုကို တွေ့ချင်နေတာသိတယ်။ သွားတွေ့ချည်” ဝမ်ဝူချန်က ပြောလိုက်သည်။
“ ငါ့ကို နောက်ရက်အနည်းငယ်နေရင် လာတွေ့လှည့်။ မင်းရဲ့ ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းဖို့ အရင်းအမြစ်တွေ ပြင်ဆင်ပေးထားမယ်”
ဝမ်ဝေ့က အသိပြန်ဝင်လာပြီးနောက် ပြောလိုက်သည် “ ကျွန်တော်ရဲ့ အရေပြား၊ ကြွက်သား၊ အရိုးနဲ့ သွေးတွေကို ပင်ကိုရတနာတွေနဲ့ အစားထိုးချင်တယ်”
“ ပြဿနာ မရှိဘူး” ဝမ်ဝူချန်က တည်ငြိမ်စွာ ပြောလိုက်သည် “ မင်းနှလုံးသားအတွက် တကယ့်အစစ်အမှန် ဟွင်သွမ်းမီးတောက်ကို ပေးမယ်”
ဝမ်ဝေ့က ထိုအရာကိုကြားပြီး အကြည့်များက တောက်ပသွားသည်။ ထို့ကြောင့် သူက ခေါင်းညိတ်လိုက်ပြီးနောက် ထွက်လာလိုက်၏။
***