ခက်ခဲသောစကားဝိုင်း
Vol. 36 Ch. 497
“ သူ အသက်ရှင်မှာပါလို့ ပြောသားပဲ” ဝမ်ဝူချန်က ပြောလိုက်သည်။
“ ဟုတ်တယ်” ရင်းနှီးသည့်အသံတစ်သံက ပြောလိုက်သည် “ ဒါပေမဲ့ တိမျိုးနွယ်က ကောင်လေးကို အနိုင်ယူဖို့ မလုံလောက်သေးဘူး”
“ ကိစ္စမရှိဘူး။ သူသာ ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ အသက်ရှင်သရွေ့ ငါတို့တွေ သူ နောက်မျိုးဆက်မှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ကံကြမ္မာဆေးကြောရေကို ရှာပေးနိုင်တယ်” ဝမ်ဝူချန်က ပြောလိုက်သည်။
“ မင်းက အဲ့လောက်ထိ လုပ်မှာလား”
“ ဒီကောင်လေးက ငါတို့ပြုစုပျိုးထောင်ဖူးသမျှထဲ အကြီးကျယ်ဆုံး ဧကရာဇ်ဖြစ်လာမယ်လို့ ယုံကြည်တယ်”
“ ဟူး .. ပြောရရင် ဂိုဏ်းက ကျဆင်းနေတဲ့ အခြေအနေရောက်နေပြီလို့ ပြောနိုင်တယ်။ မဟုတ်သေးဘူး … ပြောရရင်တော့ အသင်္ချေအင်ပါယာကမ္ဘာတစ်ခုလုံးက ကျဆင်းနေပြီ။ ဒီကောင်လေးက လက်ရှိအခြေအနေကို ပြန်လည်ပြောင်းပစ်ဖို့ သော့ချက် ဖြစ်နေနိုင်တယ်”
“ တိမျိုးနွယ်ကောင်လေးကရော ဘယ်လိုလဲ” ဝမ်ဝူချန်က မေးလိုက်သည်။
“ အရှင်းဆုံးပြောရရင် ငါက သူ့ကို သိပ်မကြိုက်ဘူး”
“ အဲလိုဆိုရင် ဘာလို့ သူ့ကို မသတ်လိုက်တာလဲ”
“ တုံးအအ ဟာသတွေ မပြောစမ်းပါနဲ့ကွာ”
ဝမ်ဝူချန်က ပြုံးလိုက်ပြီး ဘာမှပြန်မပြောပေ။ သူက ထိုသို့လုပ်ဆောင်ခြင်း၏ အကျိုးဆက်ကို သိထားလေ၏။ ထိုသို့သာ လုပ်ဆောင်လိုက်လျှင် ဝမ်ဝေ့သည်လည်း ကြာကြာအသက်ရှင်ရမည် မဟုတ်ပေ။ အကယ်၍ မသေမျိုးအဆင့် ကျင့်ကြံသူက မသေမျိုးလမ်းစဉ်စာချုပ်ကို ချိုးဖောက်လိုက်ပြီး တခြားဂိုဏ်းမှ ကောင်းကင်ရွေးချယ်ခံကို တိုက်ခိုက်လိုက်သည်နှင့် သူတို့သည်လည်း အတူတူလုပ်ဆောင်နိုင်လာသည်။
ဝမ်ဝေ့က ဂိုဏ်းအတွင်း တစ်ဘဝလုံးနေထိုင်မသွားသရွေ့ သူသည် ပြင်းထန်သည့် ကာကွယ်မှုအောက်တွင်ပင် အသက်ကြာကြာရှည်နိုင်မည် မဟုတ်ပေ။
ထိုသို့ဆိုလျှင်ပင် ဧကရာဇ်မျိုးဆက်အားလုံးက ပူးပေါင်းကာ တာအိုအခွင့်အလမ်းဂိုဏ်းအား ဖိအားပေးလာနိုင်သည်။
ကံဆိုးစွာဖြင့် ဂိုဏ်းက ဧကရာဇ်မျိုးဆက်အားလုံးကို တစ်ပြိုင်နက် မတိုက်ခိုက်နိုင်ပေ။
ထိုစဉ် လျှို့ဝှက်နယ်မြေမှ ထွက်လာပြီးသည့်နောက် ဝမ်ဝေ့၏ ကမ္ဘာဦးစိတ်ဝိညာဉ်က ဝမ်မျိုးနွယ်တောင်ထိပ်ဆီ ပျံသန်းသွားလေသည်။ သူက မရောက်ရှိခင် လူသုံးယောက်က သူ့ရှေ့တွင် ချက်ချင်းရောက်ရှိလာ၏။
“ ငါ့သားလေး အဆင်ပြေနေတာ ကောင်းကင်ဘုံကို ကျေးဇူးတင်လိုက်တာ” ယုယန်က သူ့အား ပွေ့ဖက်ရင်း ပြောလိုက်သည်။ ကံဆိုးစွာဖြင့် သူမ၏ လက်များက သူ့ဝိညာဉ်ကို ထိုးဖောက်သွားသည့်အတွက် သူမက သူ့ကို ပွေ့ဖက်ထားနိုင်ဖို့ ဝိညာဉ်စွမ်းအားနှင့် မူလအဆီအနှစ်ကို အသုံးပြုလိုက်ရသည်။
“ ဘယ်လောက်တောင် အခြေအနေဆိုးရွားနေလဲ ကြည့်ပါဦး။ မင်း ဂိုဏ်းကနေ တစ်ခေါက်ထွက်သွားတိုင်း ဆိုးဆိုးရွားရွားနဲ့ ပြန်ရောက်လာတယ်”
“ ကျွန်တော်ရဲ့ ဘေးကင်းမှုက ကောင်းကင်ဘုံနဲ့ ဘာမှမဆိုင်တော့ ကျေးဇူးတင်နေစရာမလိုပါဘူး” ဝမ်ဝေ့က အပြုံးလေးဖြင့် ပြောလိုက်သည်။
“ ကောင်စုတ်လေး မင်းအဆင်ပြေနေတာကို ငါ ဝမ်းသာတယ်” သူ့အဘိုးက ပြောလိုက်သည်။
“ ဘာဖြစ်လို့လဲ။ ဘာလို့ ဖြူဖျော့နေတာလဲ။ ပြီးတော့ ဂိုဏ်းက လေမုန်တိုင်းဝင်မွှေသွားသလို ဘာလို့ ဖြစ်နေရတာလဲ” ဝမ်ဝေ့က သူ့အဖေအား ကြည့်ကာ မေးလိုက်သည်။
“ ကိစ္စတွေက နည်းနည်းတော့ ရှုပ်ထွေးတယ်” ဝမ်ထျန်းက ကမ္ဘာဝင်တိုက်မှုအကြောင်းနှင့်အတူ သွေးမျိုးနွယ်နှင့် ရင်ဆိုင်တိုက်ခိုက်မှုအကြောင်း ရှင်းပြလိုက်သည်။ သူ့သတ်ဖြတ်မှုကြောင့် အစပိုင်းတွင် တည်ငြိမ်သွားကြသော်လည်း သွေးမျိုးနွယ်ကမူ သူ ထင်ထားသည့်အတိုင်း တိုက်ခိုက်မှုကို မရပ်တန့်ခဲ့ပေ။
ထိုအစား သူတို့က ပြန်လည်ဖွဲ့စည်းကာ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့၏။ ထို့ကြောင့် ဝမ်ထျန်းက နောက်ထပ်သောင်းကျန်းမှုကို ရင်ဆိုင်ဖို့အတွက် အတင်းအကြပ် ပြန်လည်ကုသလိုက်ရသည်။
ဝမ်ဝေ့က ဤသည်မှာ ဂိုဏ်းအား သူ့ကို ဝင်မကူညီနိုင်စေရန်တားသည့် ကောင်းကင်တာအို၏ နည်းလမ်းဖြစ်ကြောင်း သိလိုက်သည်။
“ မင်း အဖွဲ့ကို ကျေးဇူးတင်ရမှာပဲ။ မဟုတ်ရင် သေဆုံးမှုအရေအတွက်က ပိုပြီးတော့ဆိုးရွားသွားလိမ့်မယ်”
“ ဘယ်လိုဖြစ်ပြီးတော့လဲ” ဝမ်ဝေ့က မေးလိုက်သည်။
“ လီကျွင်းရဲ့ သတ်ဖြတ်ရေးတပ်ရော ထျဲ့ကန်ရဲ့ မသေနိုင်သော စစ်တပ်ရော … သူတို့တွေက တိုက်ပွဲမှာ အတော်လေးကို သောင်းကျန်းခဲ့ကြတယ်။ ပြီးတော့ ယန်းလီလင်းကလည်း သူမရဲ့ ထူးထူးဆန်းဆန်း ဆေးပြင်းမီးဖိုနဲ့ ဂိုဏ်းရဲ့ လိုအပ်နေတဲ့ ဆေးလုံးတွေကို ကူညီပေးခဲ့တယ်”
“ အော် သူမက အလိုအလျောက် ဆေးပြင်းမီးဖို ဖန်တီးတာ အောင်မြင်သွားပြီလား”
“ သူမ ပြောသလောက်တော့ ဒါက မပြီးပြတ်သေးဘူးလို့တော့ ပြောတယ်။ ပြီးတော့ ကောင်းကင်အဆင့်ဆေးလုံးထိပဲ လုပ်နိုင်သေးတယ်”
“ သူမက ကုသိုလ်ရခဲ့သေးလား”
“ တော်တော်လေးတော့ များတယ်” ဤတစ်ကြိမ် ယုယန်က ဝင်ပြောလာသည်။
“ သူမရဲ့ ဖန်တီးမှုကြောင့် မိုးမြေပုံရိပ်တွေက ထွက်ပေါ်လာသေးတယ်။ သူမက မင်းရဲ့ အစီအစဉ်ဆိုတော့ မင်းပဲ ဆုံးဖြတ်လိုက်ဆိုပြီးတော့ပဲ ပြောထားတယ်”
ဝမ်ဝေ့က ခေါင်းခါလိုက်ပြီးနောက် “ ကျွန်တော်က ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းဖို့ နည်းနည်းပဲ လိုတယ်။ ကျန်တာကို သူမ ဆေးပြင်းမီးဖိုကို ပြီးပြည့်စုံအောင် လုပ်ဖို့ အသုံးပြုနိုင်တယ်”
“ ဒါနဲ့ မင်းက ဘယ်လိုဖြစ်သွားတာလဲ” ဝမ်ချန်က မေးလိုက်သည်။
“ မင်းကိုယ်ပွားက ပျောက်ကွယ်သွားတော့ ငါတို့တွေ စိုးရိမ်နေကြတာ”
“ ဟုတ်တယ်။ ကံကောင်းတာက မင်းရဲ့ ဝိညာဉ်မီးအိမ်က အကောင်းအတိုင်း ရှိနေသေးလို့ပေါ့။ မဟုတ်ရင် မင်းအမေ မေ့လဲသွားလောက်ပြီ”
ဝမ်ဝေ့က ထိုသတင်းကြောင့် မအံ့ဩမိပေ။ ကျန့်ချောင်းက သူ့ဝိညာဉ်အမှုန်များကို အာရုံခံခဲ့စဉ်အခါက သူသည် ကံစွမ်းအားဖြင့် ကိုယ်ပွားအပေါ်ထားခဲ့သည့် အရန်အစီအစဉ်ကို အာရုံခံမိခြင်း ဖြစ်လိမ့်မည်။
ထို့ကြောင့် ဝမ်ဝေ့က ဖြစ်ပျက်ခဲ့သည့် အရာအားလုံးနဲ့ ကျန့်ချောင်းနှင့် ထိပ်တိုက်တွေ့ဆုံမှုအကြောင်း ရှင်းပြလိုက်သည်။ သူက ကောင်းကင်ဘုံအဆင့် နှလုံးသားနက် ပေါ်ထွက်လာသည့် အကြောင်းကိုပင် ထည့်ပြောပြလိုက်သည်။
သူ့သားက သေခြင်းတရားနှင့် မည်မျှနီးကပ်ခဲ့သည်ကို တွေးမိကာ အားလုံးက တုန်လှုပ်သွားကြ၏။
“ ကြည့်ရတာ ငါတို့တွေ ဟုန်အာကို ကျေးဇူးတင်ရမှာပဲ” ယုယန်က ပြောလိုက်သည်။
သူတို့က ဉာဏ်ကောင်းသလောက် သူနှင့် ဝမ်ထျန်းတို့ နှစ်ယောက်လုံးသည် ဝူဟုန်၏ ဇစ်မြစ်ကြောင့် သူ့သား၏ ဆက်ဆံရေးမှာ မည်မျှရှုပ်ထွေးကြောင်း သိထားကြသည်။ ထို့ကြောင့် သူတို့က သူ့သား၏ ရွေးချယ်မှုကို နားလည်သည့်အတွက် ဘယ်သောအခါမှ ထုတ်မပြောခဲ့ကြပေ။ ရင်ထဲတွင်သာ သိမ်းဆည်းထားခဲ့ကြသည်။
သို့သော် ယခုတွင် ဝူဟုန်၏ ဇစ်မြစ်က သူ့သားကို ကယ်တင်ပေးနိုင်ခဲ့သည့်အတွက် စိတ်သက်သာရာရမိသွား၏။
“ ဝေ့အာ … မင်း ကျန့်ချောင်းမိသားစု သေဆုံးမှုကို စိတ်ထဲထားစရာ မလိုဘူး။ ဧကရာဇ်လမ်းစဉ်က ရက်စက်ပြီးတော့ လူတွေသေဆုံးတယ်ဆိုတာက ပုံမှန်ပဲ” ဝမ်ချန်က ပြောလိုက်သည်။
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီး သူက ထိုအရာကို သိထားပြီးသားဖြစ်သောကြောင့် ကျန့်ချောင်း၏ စကားများက သူ့အား စိတ်အနှောင့်အယှက် အနည်းငယ်သာ ပေး၏။
စကားအနည်းငယ် ပြောပြီးနောက် မိသားစုက အိမ်သို့ပြန်ကာ ညစာအတူတူစားလိုက်ကြသည်။ သူတို့ရောက်ရှိပြီးနောက် သိပ်မကြာခင် လီကျွင်းနှင့် ယန်းလီလင်းလည်း ရောက်ရှိလာကြသည်။
သူ့အမေက ဝမ်ဝေ့အတွက် ဝိညာဉ်အစားအစာများပင် ချက်ပြုတ်ပေးခဲ့လေသည်။ နာရီအနည်းငယ် ကြာမြင့်ပြီးနောက် ညစာက အဆုံးသတ်သွားပြီး အားလုံးက တရားထိုင်ခြင်း သို့မဟုတ် အိပ်စက်ဖို့ရာ ထွက်သွားကြသည်။ အထူးသဖြင့် ဒဏ်ရာရရှိထားဆဲဖြစ်သည့် ဝမ်ထျန်း ဖြစ်သည်။
ဝမ်ဝေ့အတွက်မူ လွန်ခဲ့သည့် နာရီပိုင်းခန့်က တည်ရှိမှုတစ်ခုကို အာရုံခံမိသည့် အခန်းအတွင်း လွင့်မြောနေသည်။ သူက မိန်းမလှလေးတစ်ဦး စောင့်ဆိုင်းနေသည်ကို ကြည့်လိုက်ပြီး သူ့မျက်ဝန်းအထက် တောင့်တမှုတို့ ပေါ်ထွက်လာသည်။ သို့သော်လည်း သူက အလျင်အမြန် ထိန်းချုပ်လိုက်ပြီးနောက် ပြောလိုက်သည် “ ဒါဆို မင်းက မျက်နှာပူရကောင်းမှန်း သိသေးသားပဲ”
ဝူဟုန်က သက်ပြင်းချလိုက်သည်။
“ ကျွန်မ စိတ်မကောင်းပါဘူး။ တခြားရွေးချယ်စရာ မရှိလို့ပါ”
“ တကယ်ကြီး စိတ်မကောင်းဖြစ်တာလား။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုး ထပ်ဖြစ်လာရင် မင်းက ဒီလိုမျိုးအတူတူရွေးချယ်မယ်လို့ပဲ ဘာလို့ ခံစားမိပါလိမ့်”
ဝူဟုန်က ဘာမှပြန်မပြောပေ။
“ လီကျွင်းက ကိုယ့်မိသားစုပဲ။ ကိုယ်အသက်ရှင်ဖို့အတွက် သူ့အသက်ကို လက်ခံလိုက်ရင် ကိုယ်အဆင်ပြေမယ်လို့ ထင်လား”
“ ရှင် အသက်ရှင်ရင် သူ့ကို ပြန်ပြီးအသက်သွင်းမဲ့ နည်းလမ်းကို ရှာနိုင်မယ်လို့ ထင်တယ်”
“ မင်း တွေးတာကို ကိုယ်နားလည်ပါတယ်။ ဒါပေမဲ့ မင်းအပြုအမူနောက်ကွယ်က ဆိုလိုရင်းကိုတော့ သဘောမကျဘူး။ နောင်အနာဂတ်ကျရင် ကိုယ့်ကို ကယ်ဖို့ ကိုယ့်မိသားစုကို သတ်ရမဲ့ရွေးချယ်မှုမျိုး ဖြစ်လာခဲ့ရင် သူတို့ကို မတုံ့မဆိုင်း သတ်ပစ်မှာလား”
ဝူဟုန်က သူ့အကြည့်အား ရှောင်ရှားလိုက်ပြီး တိတ်ဆိတ်နေသည်။
“ ကိုယ် မင်းလိုမျိုး အတူတူလုပ်မယ်ဆိုရင် ဘယ်လိုခံစားရမလဲ”
“ ကျွန်မမှာ မိသားစု မရှိဘူး”
ဝမ်ဝေ့က ရပ်တန့်သွားပြီး သက်ပြင်းချကာ “ မင်းက အကြာကြီး အသက်ရှင်လာတယ်ဆိုတာကို နားလည်တယ်။ မင်းမိသားစု ပျောက်ကွယ်သွားတာကို လက်ခံနိုင်ရုံတင် မကဘူး။ သူတို့က မင်းမှတ်ဉာဏ်ထဲမှာ နစ်မြုပ်နေတဲ့ မှတ်ဉာဏ်တွေ ဖြစ်လာကြတဲ့အထိပဲ။ ဒါပေမဲ့ ကိုယ်က ကွဲပြားတယ်။ ကိုယ် ကျင့်ကြံဖို့ အဓိကလှုံ့ဆော်မှုတွေက သူတို့ကို ကာကွယ်ပြီး အချိန်စီးကြောင်းနဲ့အတူ မဟာတာအိုကို ကျင့်ကြံဖို့ပဲ။ အဲဒါကြောင့် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် သူတို့ကို အဆုံးရှုံးမခံနိုင်ဘူး။ အထူးသဖြင့် ကိုယ်အသက်ရှင်ဖို့အတွက်ပေါ့”
“ ကျွန်မ စိတ်မကောင်းပါဘူး။ ကျွန်မ အမှား လုပ်မိတာ သိပါပြီ”
“ မင်း တောင်းပန်ရမဲ့သူက ကိုယ် မဟုတ်ဘူးလေ”
ဝူဟုန်က ခေါင်းညိတ်လိုက်ပြီးနောက် လီကျွင်းအား သွားရောက်တွေ့ဆုံဖို့ ထွက်သွားလေသည်။ ထိုအရာက သူ့ဘာသာ ဆုံးဖြတ်ထားခြင်း ဖြစ်သော်လည်း သူမက လှုံ့ဆော်ခဲ့ခြင်းသာ ဖြစ်နေသည်။ ထို့ကြောင့် သူမက သူ့အား တောင်းပန်မှုတစ်ခု အကြွေးတင်နေလေ၏။
ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီးနောက် အဝေးတစ်နေရာအား လှမ်းကြည့်လိုက်သည်။ ဤသဘောထားကွဲလွဲချက်၏ အဓိကအကြောင်းအရင်းမှာ မသေမျိုးတစ်ယောက်နှင့် သေမျိုးကြားရှိ အတွေးအခေါ် ကွာဟချက်ကြောင့်ဖြစ်မှန်း နားလည်လေသည်။
မသေမျိုးတစ်ယောက်အနေဖြင့် ဝူဟုန်သည် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ပြီး အတွေးအမြင်များက သူ့လိုမျိုး သေမျိုးတစ်ယောက်နှင့် ကွဲပြားနေလေသည်။ နမူနာအားဖြင့် သူမ၏ ရှည်ကြာလှသည့် သက်တမ်းကြောင့် သူမသည် ဂရုစိုက်သည့်အရာ အနည်းငယ်သာရှိပြီး ထိုအရာများကို ကာကွယ်ဖို့ ဘာမဆိုလုပ်လိမ့်မည်။ မသေမျိုးအများစုက ထိုသို့သာဖြစ်ပြီး သူတို့ ဂရုစိုက်သည့်အရာကို ကာကွယ်ဖို့ ဘာမဆိုလုပ်နိုင်ကြသည်။
အနည်းဆုံးတော့ အသက်ရှည်ကြာစွာနေထိုင်ပြီးနောက် အချိန်တိုက်စားမှုခံရပြီး သူတို့၏ စိတ်ခံစားချက်များကို မစွန့်ပယ်ခဲ့သလို ရက်စက်မလာခဲ့ပေ။
ထို့အပြင် အဆင့်မြင့်သက်ရှိအနေဖြင့် ဝူဟုန်သည် ဝမ်ဝေ့လို သေမျိုးဖြင့် ကွဲပြားစွာ မြင်လေသည်။ သူမအတွက် သေခြင်းတရားက နောက်ထပ်သံသရာတစ်ခု သို့မဟုတ် ပြန်လည်ဝင်စားခြင်းတစ်ခုမှလွဲ၍ဘာမှမဟုတ်ပေ။
အားကောင်းသည့် သေမျိုးများက သူတို့၏ သေဆုံးသွားသော ချစ်မြတ်နိုးသူများကို ပြန်လည်ဝင်စားပြီးသည့်နောက်တွင်ပင် သွားရောက်လည်ပတ်နိုင်သလို နောက်ဘဝအထိ ဆက်လက်ကြည့်ရှုနိုင်သည်။
ဝမ်ဝေ့က ထိုမသေမျိုးများက ကြာကြာအသက်ရှင်လေလေ ထိုသို့ဖြစ်လာကြောင်း သဘောပေါက်လိုက်သည်။ ထို့ကြောင့် သူက ထိုသို့ အေးစက်စက် မကောင်းဆိုးဝါးအိုကြီးကို ဖြစ်မသွားအောင် တားဆီးဖို့ သူ့မိသားစု ကျောက်ဆူးသဖွယ် မှတ်ယူထားသည်။
အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် ဝူဟုန်က အခန်းအတွင်း ပြန်လည်ရောက်လာသည်။
“ ဘယ်လိုလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“ ကျွန်မ တောင်းပန်ခဲ့တယ်။ ကျွန်မတို့တွေ စကားပြောပြီးတော့ သူက ခွင့်လွှတ်ပေးခဲ့တယ်”
“ အဲဒါဆို အဆင်ပြေပြီ” ဝမ်ဝေ့က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ ထိုစဉ် ဝူဟုန်က သူ စိတ်အခြေအနေ မကောင်းကြောင်း သတိထားမိကာ သူ့အနား ဖြည်းဖြည်းချင်း ရောက်လာပြီး နားထဲ တီးတိုးပြောလိုက်သည်။
“ စိတ်မဆိုးပါနဲ့။ ဒါမှမဟုတ် ရှင့်ကို ခွင့်ပြုမယ်လေ။”
ဝမ်ဝေ့က ထိုတီးတိုးသံများသည် နတ်ဆိုးတစ်ကောင်၏ ဆွဲဆောင်မှုကဲ့သို့ ပြင်းထန်ကြောင်း ခံစားမိလိုက်၏။ သို့သော် သူက တိတ်ဆိတ်ငြိမ်သက်နေသည်။
“ အဲဒါဆိုရင် ရှင်က ဒီလိုလုပ်နိုင်တယ်ဆိုရင်ရော ဘယ်လိုလဲ” ဝူဟုန်က တီးတိုးထပ်ပြောလိုက်သည်။ ဝမ်ဝေ့က လက်ရှိအခြေအနေထက် ပိုမိုခက်ခဲသည့်အရာကို တစ်ခါမှ ရင်မဆိုင်ခဲ့ဖူးပေ။
မည်သို့ပင်ဆိုစေကာမူ သူက ကြောက်မက်ဖွယ် စိတ်စွမ်းအားကို အသုံးပြု၍ တောင့်ခံထားလေသည်။
“ ကောင်းပြီ။ ရှင်က ဦးဆောင်။ ဒါက ကျွန်မအတွက် နောက်ဆုံးအပေးအယူပဲ” သူမက သူ့နားထဲကို တီးတိုးထပ်ပြောလိုက်သည်။
ထိန်းချုပ်မှုကင်းလွတ်လုနီးပါးဖြစ်နေသည့် ဝမ်ဝေ့က အလျင်အမြန် ပြောလိုက်၏ “မင်း ဒါကို ထပ်ပေါင်းရင် အပေးအယူကို သဘောတူမယ်”
“ ရှင့်ကံကို စမ်းမနေနဲ့” ဝူဟုန်က သတိပေးကာ ပြောလိုက်သည်။ ထို့ကြောင့် ဝမ်ဝေ့က ယခင်အပေးအယူကိုသာ လက်ခံလိုက်ရပြီး သူမအား ဖက်လိုက်သည်။ သူက သူ့ခန္ဓာကိုယ်ပြန်လည်ဖွဲ့စည်းမည့်အချိန်ကို မစောင့်နိုင်တော့ပေ။ စောင့်ဆိုင်းရသည်က သူ့အား သတ်နေသကဲ့သို့ ဖြစ်၏။
***