ဒေါသနဲ့ အမုန်းတရား
Vol. 36 Ch. 498
အနောက်ပိုင်းကျားဖြူကုန်းမြေ၊ စည်းပိတ်ထားသည့် တောင်တစ်လုံးအတွင်း
တိထျန်းက မျက်လုံးပိတ်ကာ စည်းမျဉ်းပလ္လင်ကိုးခုရှိနေသည့် သူ့အံ့ဖွယ်ပလ္လင်ထဲ ကြည့်လိုက်သည်။ စည်းမျဉ်းပလ္လင်အကုန်လုံးက အနက်ရောင်နှင့် အဖြူရောင်စက်ဝန်းပုံစံဖြစ်ကာ စက်ဝန်းများအလယ်တွင် သံသရာ၏ အမြင်အမျိုးမျိုးကို ကိုယ်စားပြုသည့် ကွဲပြားသည့် သင်္ကေတများစွာ ရှိ၏။
စက်ဝန်းတစ်ခုချင်းစီ၏ ဘေးတွင် မြင့်မားလှသည့် ရွှေရောင်သစ်ပင်ကြီးရှိကာ ပြင်းထန်သည့် တာအိုစည်းချက်များ ထုတ်လွှတ်နေသည်။ အကယ်၍ တစ်ယောက်ယောက်သာ ထိုမြင်ကွင်းကို မြင်တွေ့ပါက အတော်လေး အံ့ဩတုန်လှုပ်သွားကြလိမ့်မည်။
လေဟာနယ်ဖြိုခွင်းခြင်းအဆင့်တွင် ကျင့်ကြံသူများက သူတို့၏ စည်းမျဉ်းနားလည်နိုင်စွမ်းအပေါ် မူတည်၍ စည်းမျဉ်းမျိုးစေ့ကို သစ်ပင်ဖြစ်အောင် စိုက်ပျိုးရမည်။ သို့သော်လည်း သစ်ပင်က အမြဲလိုလို အဖြူရောင်သာဖြစ်ပြီး တခြားအရောင် မဟုတ်ပေ။
သို့သော် တိထျန်း၏ စည်းမျဉ်းသစ်ပင်က စည်းမျဉ်းအပေါ် နားလည်နိုင်စွမ်း နက်နဲမှုကြောင့် ဆင့်ကဲပြောင်းလဲလာလေသည်။ သူက သူတို့ကို ပြန်လည်ဝင်စားမှုတစ်ခုချင်းစီတွင် အချိန်မည်မျှကုန်ဆုံးကာ နားလည်ခဲ့ရသည်ကို ထည့်စဉ်းစားကြည့်၍ ရသည်။
သူက စည်းမျဉ်းနားလည်ခြင်း ကန့်သတ်ချက်သို့ ရောက်နေသည်ဟု မည်မျှတွေးစေကာမူ ပြန်လည်ဝင်စားပြီးသည့်နောက်တွင် တိထျန်းက အမြဲလိုလို ယခင်က နားမလည်ခဲ့သည့် စည်းမျဉ်းအပေါ် နားလည်မှုအသစ် ရှိလာစမြဲ ဖြစ်၏။ ထို့ကြောင့် သူ့နားလည်နိုင်စွမ်းက ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိနေလေပြီ။
ယနေ့ ကျင့်ကြံရေးအပြီးတွင် သူက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် မျက်လုံးဖွင့်လာသည်။
“ ၉ ဘဝမြောက် ပြန်လည်ဝင်စားခြင်းရဲ့ စွမ်းအားက တကယ်ကို ထူးခြားတာပဲ။ အဲဒါက အရင် ပြန်လည်ဝင်စားခြင်း ၈ဘဝလုံး ပေါင်းတာထက်တောင် ပိုပြီးတော့ အားကောင်းနေသေးတယ်”
သူက ခန္ဓာကိုယ်အတွင်းမှ စွမ်းအားကို ခံစားမိလိုက်စဉ် အတိတ်ဘဝ၏ စွမ်းအားများကို မစုပ်ယူဘဲ အလယ်အလတ်အဆင့် ထာဝရအရှင်တစ်ယောက်ကိုပင် အနိုင်ယူနိုင်လိမ့်မည်ဟု သိလိုက်သည်။
တိထျန်းက ယခုခန္ဓာကိုယ်ကို အတိတ်ဘဝ၏ ခွန်အားများကို မစုပ်ယူခင် အထွတ်အထိပ်သို့ ရောက်ရှိအောင် ကျင့်ကြံရန် စီစဉ်ထား၏။
“ ငါ ဧကရာဇ်တစ်ပိုင်းအဆင့် ရောက်ပြီး ခန္ဓာကိုယ်ခွန်အားကို စုပ်ယူလိုက်တာနဲ့ တာအိုဘိုးဘေးတချို့ကိုတောင် သတ်နိုင်လိမ့်မယ်။ အဲဒါဆိုရင် မသေမျိုးနဲ့ သေမျိုးကြားက ကွာဟချက်ကို ချိုးဖောက်ပြီးသားဖြစ်မှာပဲ”
တိထျန်းက ထိုအရာကို တွေးမိပြီး အကြည့်များက တောက်ပလာသည်။ သူ့အတွက် ထိုကန့်သတ်ချက်ကို ချိုးဖောက်နိုင်ဖို့ရာ သူသည် တတိယတန်းစားဧကရာဇ်ကို တိုက်ခိုက်ပြီး အနိုင်ယူနိုင်မှသာ ထိုမသေမျိုးကြားမှ ကွာဟချက်ကို အမှန်တကယ် လျှော့ချနိုင်မည် ဖြစ်၏။
ဆယ်ဘဝမြောက် ပြန်လည်ဝင်စားခြင်းစွမ်းအားသည် သူ့အား ထိုဒဏ္ဍာရီလာ စွမ်းဆောင်ရည်ကို ရရှိဖို့ရာ ကူညီပေးနိုင်လောက်သည်။ သူက သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ ပြင်ဆင်ရင်း စိတ်ငြိမ်အောင် ထိန်းလိုက်ရသည်။
စည်းပိတ်ထားသည့် အစီအရင်က သက်တောင့်သက်သာ နေထိုင်နိုင်ပြီး သူက အပြင်ဘက်မှ အရင်းအမြစ်များကို အလွယ်တကူ ရရှိနိုင်သလို ပြင်ပနှင့် ဆက်သွယ်နိုင်သည်။ သူ မလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ထွက်သွားဖို့ရာသာ ဖြစ်၏။
တိထျန်းက တစ်စုံတစ်ခုကို ခံစားမိကာ ဆက်သွယ်ရေးအဆောင်ကို ထုတ်လိုက်ပြီး အသက်သွင်းလိုက်သည်။ ထို့နောက် တောင်အပြင်ဘက်တွင် ပုံရိပ်တစ်ခုထွက်ပေါ်လာပြီး လေးလေးစားစား ဦးညွှတ်လိုက်၏။
“ ဘာကိစ္စလဲ”
“ သခင် ကျွန်တော်တို့ အရေးကြီးတဲ့ သတင်းရရှိလိုက်ပါတယ်။ အမွေခံသားတော်ဝမ်ဝေ့ရဲ့ တကယ့်ခန္ဓာကိုယ်က ဂိုဏ်းမှာ ပြန်လည်ရောက်လာပြီတဲ့”
“ ပြီးတော့ရော”
အရိပ်ပုံရိပ်က ခေတ္တမျှတုံ့ဆိုင်းသွားပြီး “ သူ့ခန္ဓာကိုယ်အစစ်က ဖျက်ဆီးခံလိုက်ရပေမဲ့ သူ့ဆီမှာ အခုတာအိုနယ်ရှင်တစ်ယောက်ရဲ့ အရှိန်အဝါမျိုး ရှိနေတယ်”
“ မင်း ဘာပြောလိုက်တာလဲ”
“ ကျွန်တော်တို့ အဲဒီသတင်းကို လူလွှတ်ပြီးတော့ အတည်ပြုသွားပါပြီ။ ကြည့်ရတာ အမှန်ဖြစ်နေတဲ့ပုံပါပဲ”
“ အဲလိုလား။ ကောင်းပြီ။ သူ့ကိုဆက်စောင့်ကြည့်ပြီးတော့ အရေးကြီးတဲ့သတင်းကို ပြန်ပြီးတော့ အကြောင်းပို့” တိထျန်းက သူ့လက်ထဲမှ အဆောင်ကို ခြေမွလိုက်ပြီး စကားဝိုင်းကို အဆုံးသတ်လိုက်သည်။
ဝုန်း
သူက တောင်ကို အင်အားအပြည့်ဖြင့် ထိုးခွင်းလိုက်သည်။ ကံဆိုးစွာဖြင့် မှော်စက်ဝန်းတစ်ခု ပေါ်ထွက်လာကာ သူ့တိုက်ကွက်အား တားဆီးထားလေ၏။
ဝုန်း…ဝုန်း…ဝုန်း…
“ ကျစ်” တိထျန်းက စည်းပိတ်ရေးအစီအရင်အား ဆက်လက်ထိုးခွင်းနေသည် “ အရာအားလုံးက အဲဒီစစ်ဆေးမှုကြောင့် စခဲ့တာပဲ။ တကယ်လို့ အဲဒါကြောင့်သာမဟုတ်ရင် သူမက ငါနဲ့အတူတူ ရှိနေဦးမှာ။ မဟုတ်ဘူး ငါသာ အောင်မြင်မယ်ဆိုရင် ရှိနေဦးမှာ”
သူက နာရီပိုင်းသောင်းကျန်းပြီးသည့်နောက်တွင် တိထျန်းက မြေပြင်ပေါ်ထိုင်ရင်း ပထမဘဝအကြောင်း ပြန်လည်စဉ်းစားမိလိုက်သည်။
သူက ပြီးပြည့်စုံသည့် သက်ရှိများကို စတင်ဖန်တီးစဉ်အခါက မဟာဧကရာဇ်အများစုသည် သူ့အား ပြီးပြည့်စုံသည့် လမ်းစဉ်နောက်ကို လိုက်ခြင်းသည် စကြဝဠာ၏ တားမြစ်ချက်တစ်ခုဖြစ်ကြောင်း သတိပေးလာကြ၏။ အကြောင်းမှာ မဟာတာအိုတစ်ခုတည်းကသာ တည်ရှိမှုထဲ ပြီးပြည့်စုံသည့် တစ်ခုတည်းသောအရာဖြစ်နေ၍ ဖြစ်သည်။
ယခင်က တိထျန်းသည် ထိုဧကရာဇ်များ သူ့အား လာပြောစဉ်အခါက ထူးထူးဆန်းဆန်း ပြုမူခဲ့သည်ကို သတိထားမိခဲ့ပြီး သူ့ဖန်တီးမှုများသည် သူတို့၏ စွမ်းအားအပေါ် သက်ရောက်မှုရှိသည်ကို စိုးရိမ်နေသည်ဟုသာ တွေးမိခဲ့သည်။ သူ့မူလအစီအစဉ်က လူသားများအတွက် ပင်ကိုသက်ရှိများနှင့် ရင်ဆိုင်သည့်အခါ အောင်မြင်မှုကို ဆောင်ကျဉ်းပေးမည့် ပြီးပြည့်စုံသည့် သက်ရှိကို ဖန်တီးလိုခြင်း ဖြစ်၏။
ထို့နောက် သူ့အပြုအမူ၏ ကောလဟာလများက ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့သွားသည်။ ပင်ကိုနတ်ဆိုးများနှင့် ကမ္ဘာဦးနတ်ဘုရားများက ထိုလူသားများသည် သူတို့ကို ဖျက်ဆီးပြီး စစ်ပွဲကို အဆုံးသတ်ဖြစ်ဖို့ မယုံကြည်နိုင်လောက်ဖွယ် ပါရမီရှိသည့် သက်ရှိကို ဖန်တီးနေကြသည်ဟု သိသွားကြသည်။
ထို့ကြောင့် သူတို့က ထိုသက်ရှိသည် ကောင်းကင်အလိုဆန္ဒကို ရယူပြီး တာအိုကို သက်သေမပြနိုင်ခင် အဆုံးသတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ထို့ကြောင့် သူတို့က စစ်ပွဲစတင်ကတည်းက အကြီးမားဆုံးတိုက်ပွဲကြီးကို စတင်ခဲ့ကြ၏။
ထိုတိုက်ပွဲအတွင်း ဧကရာဇ်အမျိုးမျိုးနှင့် အဆင့်တစ်ဆယ် ပင်ကိုနတ်ဆိုးနတ်ဘုရားများက သေဆုံးခဲ့ကြသည်။ အဆုံးသတ်တွင် သူနှင့် သူ့ဖန်ဆင်းမှုများလည်း သေဆုံးခဲ့ကြရ၏။ ထို့နောက် တိထျန်းက ထိုဧကရာဇ်များသည် သူ့ကို သတိပေးစဉ်အခါက ထူးထူးဆန်းဆန်းပြုမူသည့် အကြောင်းအရင်းကို နားလည်သွားသည်။ သူက အထွတ်အထိပ် တားမြစ်ခံစစ်ဆေးမှုတွင် ပါဝင်လိုက်ရ၍ ဖြစ်သည်။
နှစ်များစွာ ကြာသည်အထိ တိထျန်းသည် ထိုစစ်ဆေးမှုအကြောင်းကို စဉ်းစားကာ မည်သို့အောင်မြင်နိုင်မည်ကို စဉ်းစားခဲ့သည်။ သူက အခြေခံကျသည့် နည်းလမ်းနှစ်ခုကို ကောက်ချက်ချခဲ့၏။
အချစ်နှင့် မပြီးပြည့်စုံမှု
အကယ်၍ သူသာ သူမကို မချစ်သွားခဲ့လျှင် သူမသည် သူ့ကို ကယ်တင်ဖို့ရာ သူမဘာသာသူမ စတေးဖို့ရာ လိုအပ်မည် မဟုတ်ပေ။ သူမအပေါ် ထားရှိသည့် သူ့စိတ်ခံစားချက်များက ထိုစစ်ဆေးမှုအတွင်း အဓိကအားနည်းချက် ဖြစ်လာခဲ့၏။
ထို့နောက် သူမ၏ တည်ရှိမှုအတွက် ပြီးပြည့်စုံသည့် အယူအဆ ဖြစ်သည်။ သူမကို ဖန်တီးစဉ်အခါက တိထျန်းသည် အခြေခံအုတ်မြစ်အဖြစ် အကောင်းဆုံးသော ဟွင်သွမ်းရတနာများကို အသုံးပြုခဲ့သည်။ သို့သော်လည်း သူက သူမအား မပြီးပြည့်စုံမှု အနည်းငယ် ပေးလိုက်လျှင် သို့မဟုတ် အကြွင်းမဲ့စစ်ပွဲကို အဆုံးသတ်ဖို့ ပြီးပြည့်စုံသည့် သက်ရှိကို ဖန်တီးမည့်အတွေးအား ပြောင်းလိုက်လျှင် အစစ်အမှန် ကောင်းကင်တာအိုက သူ့တည်ရှိမှုအား စမ်းသပ်မည့်အစား ဆုလာဘ်ပင် ပေးလာလောက်သည်။
တိထျန်းက နောင်တတရားသည် အသုံးမဝင်ကြောင်း သိ၍ သက်ပြင်းချလိုက်သည်။ သူက မည်မျှပင် မေးခွန်းထုတ်စေကာမူ နောက်ပြန်လှည့်ဖို့ အခွင့်အရေးသာ ရရှိပါက အထူးသဖြင့် ရလဒ်ကို သိထားပြီးသည့်နောက်တွင် မတူညီသည့်ရွေးချယ်မှုကို လုပ်မိလိမ့်မည်လားဟု အကြိမ်များစွာမေးခဲ့သည်။
သူက သူ့ပြီးပြည့်စုံသည့် လမ်းစဉ်ကို မစွန့်ပယ်နိုင်ပေ။
တိထျန်းက သူ့ဘာသာသူ စိတ်ငြိမ်အောင် ထိန်းလိုက်ရသည်။ သူက အထွတ်အထိပ် တားမြစ်ခံစစ်ဆေးမှုကို အောင်မြင်သွားသည့်လူတစ်ယောက်၏ အရေးသာချက်များကို သိထားလေသည်။ အထူးသဖြင့် ဉာဏ်ရည်ကောင်းမွန်လာပြီး ဆုံးဖြတ်ချက် မြန်ဆန်လာခြင်း ဖြစ်၏။
“ ဝမ်ဝေ့ရဲ့ ဉာဏ်ရည်နဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် ငါနဲ့ ကွာဟချက်ကို လိုက်မှီဖို့ နည်းလမ်းတွေ့လာမှာပဲ။ ငါ ဘယ်လိုပဲဖြစ်ဖြစ် ဆယ်ဘဝမြောက် ပြန်လည်ဝင်စားခြင်း စွမ်းအားကို ရောက်မှဖြစ်မယ်။ အချိန်က ငါ့ဘက်မှာ ရှိတယ်”
သူက ဝမ်ဝေ့အကြောင်း လေ့လာရင်း စိတ်ထဲတွင် အတွေးများစွာ ဖြတ်ပြေးသွားသည်။ တိထျန်းက ထိုလူသည် အရေးသာချက် သုံးခုရှိသည်ကို ကောက်ချက်ချလိုက်၏။ သူ့ ထူးထူးဆန်းဆန်းဝိညာဉ်ကြောင့် ကောင်းချီးပေးခံထားရသည့် ကောင်းကင်ဘုံသွေဖယ်နေသည့် နားလည်စွမ်းအား၊ သူ့သဘာဝ မကျသည့် စိတ်စွမ်းအားနှင့် ဧကရီဝူ၏ ကိုယ်ပွားတို့ ဖြစ်သည်။
ငါ သူမကို စိုးရိမ်နေစရာ မလိုဘူး။ သူမက ငါ့ကို မသတ်မှတော့ မျှမျှတတ ယှဉ်ပြိုင်ခိုင်းချင်တာ ဖြစ်လိမ့်မယ်…
တိထျန်းက သူ့အား စည်းပိတ်ခဲ့သည့် အမျိုးသမီးကို တွေးကာ နှာခေါင်းရှုံ့လိုက်၏။
သူ့ကို ကာကွယ်ဖို့ ငါ့ကို စည်းပိတ်ထားတာက ဘယ်လိုလုပ်မျှတမှာလဲ…
မည်သို့ပင်ဆိုစေကာမူ သူက ပြဿနာအသေးလေးကို ဂရုမစိုက်တော့ဘဲ နည်းဗျူဟာကို ဆက်လက်လုပ်ဆောင်လိုက်သည်။
“ ငါက ငါ့နားလည်နိုင်စွမ်းကို သူနဲ့ အတူတူဖြစ်အောင် မြှင့်တင်နိုင်မဲ့နည်းလမ်းကို ရှာရမယ်။ ပြီးတော့ ငါတို့နောက်ဆုံးတိုက်ပွဲမှာ သူ့စိတ်စွမ်းအားကို ချေဖျက်နိုင်မဲ့ နည်းလမ်း ဒါမှမဟုတ် အသုံးမပြုနိုင်မဲ့ နည်းလမ်းကို ရှာရမယ်”
ထိုအစီအစဉ်ကို ချမှတ်ပြီးသည့်နောက်တွင် တိထျန်းက သူ့ကိုယ်ပွားအား ဆက်သွယ်ကာ အစီအစဉ်ပြောင်းလဲမှုအကြောင်းကို ပြောလိုက်သည်။ ထို့နောက် သူက တာအိုအခွင့်အလမ်းဂိုဏ်းဘက်သို့ လှမ်းကြည့်လိုက်၏။
ဤမျိုးဆက်အတွင်း သူ တာအိုသက်သေပြခြင်းကို မည်သူကမှ သူ့အား တားဆီးနိုင်မည် မဟုတ်ပေ။ အထူးသဖြင့် သူ၏ နောက်ဆုံးအခွင့်အရေး ဖြစ်နေသည့်အခါတွင် ဖြစ်၏။
……………………………
နောက်တစ်ရက်တွင် ဝမ်ဝေ့က လီကျွင်းအား သွားရောက်စစ်ဆေးပြီး ဝူဟုန်၏ အပြုအမူများအတွက် သွားရောက်တောင်းပန်ခဲ့သည်။
“ အစ်ကိုကြီး ကျွန်တော် တကယ်ကို ကြောက်သွားခဲ့တာ။”
“ ဘာလို့လဲ။ အဲဒါက တောင်းပန်မှုတစ်ခုပါပဲ”
“ ဟုတ်တယ်လေ။ ဒါပေမဲ့ ဧကရီဝူဆီကနေ ဖြစ်နေတာကိုး” သူက အသံကို တိုးချလိုက်ရင်း ဘေးပတ်လည်ကို ကြည့်လိုက်သည်။
“ သူမ အဲ့စကားတွေပြောပြီးတော့ ကျွန်တော်ကို မိုးကြိုးပစ်မှာတောင် ကြောက်နေတာ”
“ မင်းက အပိုတွေလုပ်နေပါပြီကွာ”
“ အဲလိုထင်လို့လား။ ကျွန်တော်လိုမျိုး ဒီလိုသေးနုပ်တဲ့သူက အကောင်ကြီးကြီးဆီကနေ တောင်းပန်မဲ့ ကံကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ”
“ မင်း အဆင်ပြေနေတာပဲ။ သူမက တန်ပြန်သက်ရောက်မှု မခံရအောင် ထိန်းချုပ်ထားတာပဲလေ”
“ အဲဒါက အဓိကအချက် မဟုတ်ဘူး။ မနေ့ညကဆို ကျွန်တော် အိပ်လည်းမအိပ်နိုင်ဘူး။ တရားလည်း မထိုင်နိုင်ဘူး။ ဥက္ကာပျံများ ကျွန်တော်အိမ်ပေါ် ကျလာပြီး သတ်သွားမှာကို စိုးရိမ်နေရတာ”
“ အဲလိုဖြစ်ရင်တောင် မင်း အသက်ရှင်မှာပဲလေ။ ဘာလို့စိုးရိမ်နေတာလဲ”
“ အစ်ကိုကြီးက အဓိကအချက်ကို လွတ်သွားပြန်ပြီ။ ကျွန်တော်စိတ်က မအေးချမ်းပဲနဲ့သာ ဆက်တိုက် စိုးရိမ်နေမိတာလေ။ ကျွန်တော်တော့ ခဏလောက်အထိ အဲလိုပဲ ဖြစ်နေဦးမယ် ထင်တယ်”
ဝမ်ဝေ့က သူ့အား မျက်လုံးထောင့်မှကြည့်ကာ နှစ်ယောက်သား ရယ်မောလိုက်ကြသည်။
“ ကဲ နောက်မနေနဲ့တော့။ ဘယ်လိုခံစားရတုန်း”
“ ကျွန်တော် သူ့ကို အပြစ်မတင်ပါဘူး။ ဒါတွေအကုန်လုံးက ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်ပဲလေ”
“ ဒါပေမဲ့ ဒီလိုရွေးချယ်မှုမျိုးကို လုပ်ဖို့ မင်းကို ဆွဲမထည့်ခဲ့သင့်ဘူး”
“ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က သူမက ဘယ်ကနေ လာတယ်ဆိုတာကို သိထားတော့ ခွင့်လွှတ်နိုင်ပါတယ်။ ပြီးတော့ သူမရဲ့ တောင်းပန်တဲ့ လက်ဆောင်ကိုလည်း မငြင်းပယ်နိုင်ဘူး”
“ အော် အဲဒါက ဘာများလဲ”
“ သူမက ကျွန်တော် ကလေးရဲ့ ခန္ဓာကိုယ်ကို အခြေခံအုတ်မြစ်အတွက် တာအိုအရင်းအမြစ်စွမ်းအားနဲ့ ဆေးကြောပေးမယ်လို့ ကတိပေးထားတယ်”
“ အဲဒါက တကယ်ကို လက်ဆောင်ကောင်းပဲ။ နောက်ကျရင် လီမျိုးနွယ်က နောက်ထပ်အားကောင်းတဲ့ ဧကရာဇ်တစ်ယောက်ရှိလာတော့မှာပေါ့” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ ထို့နောက် နှစ်ဦးသား စကားပြောကြ၏။
ရက်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် ဘိုးဘေး ဝမ်ဝူချန်က သူ့အား ခန္ဓာကိုယ်ပြန်လည်ဖွဲ့စည်းဖို့ရာ အချိန်ကျပြီဖြစ်၍ ဆင့်ခေါ်ခဲ့သည်။
***