ခန္ဓာကိုယ်အသစ်
Vol. 36 Ch. 499
လျှို့ဝှက်နယ်မြေအတွင်း ဝမ်ဝေ့က သူ့ရှေ့မှ အစိမ်းရောင် ရေကန်အား ကြည့်ကာ ကြောက်မက်ဖွယ်စွမ်းအားကို ခံစားမိလိုက်၏။ သူ့နောက်တွင် ရှိနေသည့် ဝမ်ဝူချန်က လက်ဝှေ့လိုက်ပြီး ဝိညာဉ်ပစ္စည်းလေးမျိုးကို ထုတ်လိုက်သည်။
“ မင်း အထွတ်အထိပ်ပစ္စည်းတွေနဲ့ လုပ်ခဲ့သလိုမျိုး ဒီပင်ကိုရတနာတွေရဲ့ တာအိုစည်းချက်ကို ရှာပြီးတော့ စုပ်ယူလိုက်ရုံပဲ။ အဆင်သင့်ဖြစ်ပြီလား”
ဝမ်ဝေ့၏ ကမ္ဘာဦးစိတ်ဝိညာဉ်က ခေါင်းညိတ်လိုက်ပြီး ရေကန်အတွင်း ခုန်ချသွားကာ တင်ပျဉ်ခွေကာ မျက်လုံးမှိတ်ထားလိုက်၏။ သူက စက္ကန့်ပိုင်းအတွင်း ခန္ဓာကိုယ်အသစ် တစ်ခု ဖွဲ့တည်လာသည်။ သို့သော် သူ ရှေးဟောင်းခန္ဓာသန့်စင်ခြင်းကျမ်းကို စတင် မကျင့်စဉ်အချိန်ကလိုမျိုး အားနည်းသည့် ခန္ဓာကိုယ် ဖြစ်နေသည်။
ရေကန်မှ စွမ်းအားများကို စုပ်ယူရင်း ဝမ်ဝေ့က သူ့အရေပြားသည် ခန္ဓာကိုယ်ကို မဖောက်ခွဲပစ်ခင် အနေအထားသို့ ရောက်ရှိလာကြောင်း ခံစားမိလိုက်သည်။ သူ့ဝိညာဉ်က ယခင်ခန္ဓာကိုယ် လေ့ကျင့်ထားသည့် အချက်အလက်များပါဝင်နေ၍ ထိုဖြစ်စဉ်အား အထွတ်အထိပ်သို့ မြှင့်တင်ပေးနိုင်လိုက်သည်။
အချိန်တိုအတွင်း သူ့အရေပြားက အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိသွားသည်။ ထို့ကြောင့် ဝမ်ဝေ့က ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများကို ဖန်တီးဖို့ အသင့်တော်ဆုံးဖြစ်သော ပင်ကိုအဆင့်ရတနာ ပင်ကိုသံမဏိ၏ တာအိုစည်းချက်ကို ရှာဖွေဖို့ ကြိုးစားလိုက်သည်။
ခဏအကြာတွင် ဝမ်ဝေ့က သူ့အရေပြားနှင့် မပေါင်းစပ်ခင် တာအိုစည်းချက်ကို ရှာတွေ့သွားကာ ထိုအရာအား မီးခိုးရောင်အဖြစ် ပြောင်းလဲလိုက်သည်။
ဒီကောင်လေးရဲ့ နားလည်နိုင်စွမ်းက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ…
ဝမ်ဝူချန်က ဖြစ်စဉ်အား ကြည့်နေရင်း တွေးလိုက်မိသည်။ ထိုစဉ် ဝမ်ဝေ့က အချိန်မဖြုန်းဘဲ သူ့ကြွက်သားများကို အာရုံစိုက်ထားလိုက်၏။
သူက ထိုဖြစ်စဉ်ကို ထပ်ခါထပ်ခါ ပြုလုပ်နေသည်။ ဤတစ်ကြိမ် သူအသုံးပြုသည့် ပင်ကိုပစ္စည်းက အားကောင်းကာ ကျုံ့နိုင်၊ ဆန့်နိုင်ပြီး ပြင်လွယ် ပြောင်းလွယ် ကြွက်သားမျိုး ရှိသည်ဟု ကျော်ကြားသည့် ပင်ကိုနတ်ဆိုးတောင်ပံနှစ်ခုမြွေ၏ ကြွက်သားများ ဖြစ်၏။
ရှေးခေတ်အချိန်အခါကတည်းက လေးတာအိုကို ကျင့်ကြံသည့် လူသားဧကရာဇ်များသည် သူတို့၏ လေးကြိုးကို သန့်စင်ဖို့ ထိုသတ္တဝါများကို အမဲလိုက်ခဲ့ကြသည်။
သူ့အရိုးများအတွက်မူ ဝမ်ဝေ့က လျူမိန်ရှုဆီမှ ရရှိထားသည့် နဂါးအရိုး အစိတ်အပိုင်းတချို့ကို ရွေးချယ်လိုက်သည်။ ထိုအပြုအမူက မကောင်းဆိုးဝါး နတ်ဘုရားခန္ဓာ ဆင့်ကဲပြောင်းလဲခြင်း ၁၂မျိုးကို ကျင့်ကြံသည့်အခါအတွက် ပြင်ဆင်ထားခြင်း ဖြစ်၏။ ထို့အပြင် နဂါးအရိုးက မိစ္ဆာနတ်ဘုရားအရိုး၏ ဆုံးရှုံးမှုကို ကာမိစေသည်။
အတွင်းအင်္ဂါ ၅ပါးနှင့် ပတ်သက်လာသည့်အခါ သူက မစိုးရိမ်ပေ။ သူက ထိုပင်ကိုပစ္စည်းများကို ဝိညာဉ်အတွင်း သိမ်းဆည်းထားနိုင်ခဲ့၏။ သို့သော်လည်း သူက ဝမ်ဝူချန်ဆီမှ ဟွင်သွမ်းဝိညာဉ်အသုံးအဆောင်တစ်ခုကို ရရှိခဲ့သည်။ ထိုအရာက ဟွင်သွမ်းမီးတောက် ဖြစ်၏။
ထိုအရာကို နှလုံးသားဆီ စုပ်ယူပြီးသည့်နောက်တွင် သူ့ဟွင်သွမ်းနှလုံးသားက ပိုမိုကောင်းမွန်သည့်အရာအဖြစ် ဆင့်ကဲပြောင်းလဲသွားသည်ဟု ခံစားမိလိုက်သည်။ နောက်ဆုံးတွင် သူက ပြီးပြည့်စုံဖို့ လိုအပ်နေသည့် နောက်ဆုံးသော အပိုင်းအစကို ဖြည့်လိုက်နိုင်သလိုမျိုး ဖြစ်၏။
သူ့သွေးအတွက်မူ ဝမ်ဝေ့အနေဖြင့် ယခင်ကမ္ဘာတိုက်ပွဲအတွင်း သတ်ထားခဲ့သည့် အဆင့်တစ်ဆယ် သွေးမျိုးနွယ်၏ အသက်ဓာတ်သလင်းကျောက်ကို စုပ်ယူလိုက်သည်။ သွေးမျိုးနွယ်က ကျင့်ကြံဖို့ရာ သွေးကို အသုံးပြုသည့်အတွက် သူတို့၏ ခန္ဓာကိုယ်အတွင်း အသက်ဓာတ်အမြောက်အများ ပါဝင်နေလေသည်။
ထို့ကြောင့် ဝမ်ဝေ့က သွေးကို လေ့ကျင့်ပေးဖို့ အသုံးပြုလိုက်၏။ နောက်ဆုံးတွင် ဝမ်ဝေ့က ကြယ်တာရာဆုံမှတ်များကို ထပ်ဖွင့်ပြီး ထပ်မံ ဖြည့်ပေးလိုက်သည်။ သူက ကျန်းပိယုနှင့် အလဲအလှယ်လုပ်စဉ်အခါက ကြယ်တာရာအဆီအနှစ်များ အလုံအလောက်ရှိနေဆဲဖြစ်ကာ ကျန့်ချောင်း၏ ချိုင့်ဝှမ်းဘုံမှ တချို့ကိုလည်း ရယူနိုင်ခဲ့သည်။
နောက်ဆုံးတွင် ရေကန်၏ စွမ်းအားဖြင့် သူက ဆုံမှတ်အတွင်း တွင်းနက်ကြီး ငါးရာကို ဖွဲ့စည်းနိုင်ခဲ့ပြီး ကျန့်ချောင်း၏ သိုင်းပညာနည်းစနစ်မှ သင်ယူထားခဲ့သည့် သွေးအတွင်းအား ပတ်လမ်းကို ဖွဲ့စည်းနိုင်ခဲ့သည်။
ရေကန်အတွင်း ဝမ်ဝေ့က သူ့ကြွက်သား ၈ မြောင်းရှိသည့် ခန္ဓာကိုယ်အား ကြည့်နေလေသည်။ သူက လက်သီးဆုပ်ကာ ခန္ဓာကိုယ်၏ ခွန်အားကို ခံစားကြည့်လိုက်၏။
“ နဂါးဆင်ခွန်အား နှစ်သောင်းခွဲ” သူက ရေရွတ်လိုက်သည်။ နဂါးဆင်တစ်ကောင်၏ ခွန်အားသည် အလယ်အလတ်ကမ္ဘာတစ်ထောင်ကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိ၏။ ပြောရလျှင် ထိုအရာက စကြဝဠာ ပမာဏတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူက ယခုအခါ လက်သီးတစ်ချက်တည်းဖြင့် စကြဝဠာ ၂၅ သန်းကို ဖျက်ဆီးပစ်နိုင်လေပြီ။
ဤသည်က အလယ်အလတ်ကမ္ဘာများသည် ကမ္ဘာမြေမှ စကြဝဠာထက် ကြီးမားသည့် အရာများနှင့် သူတို့ဘာသာသူတို့ ပြန်လည်ပြုပြင်နိုင်စွမ်းရှိပြီး ကာကွယ်နိုင်စွမ်းရှိသည့် အရာများတော့ မပါဝင်ပေ။
ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီး ခွန်အားအစစ်အမှန် တာအိုနယ်ပယ်တွင် ဂိတ်ပေါက်ကို မနီးကပ်သေးကြောင်း ခံစားမိလိုက်သည့်အတွက် သက်ပြင်းချလိုက်သည်။ ပို၍ဆိုးရွားသည်က သူက ဒုတိယအလွှာတွင် ရှိနေဆဲဖြစ်ကာ စုစုပေါင်း အလွှာမည်မျှ ရှိထားမှန်းပင် မသိရပေ။ ထို့ကြောင့် ခေါင်းခါလိုက်ပြီးသည့်နောက် သူက ကျင့်ကြံရေးအပေါ်ကိုသာ အာရုံစိုက်ထားလိုက်သည်။
သူ့ခန္ဓာကိုယ်ခွန်အား ပြန်လည်ဖွဲ့စည်းနေစဉ်အတွင်း သူက ပြန်လည်ကျင့်ကြံလိုက်၏။ ဝမ်ဝေ့က စည်းမျဉ်းပလ္လင်၊ စည်းမျဉ်းမျိုးစေ့နှင့် အံ့ဖွယ်ပင်လယ်ကို စစ်ဆေးကြည့်လိုက်သည့်အခါ သူ့အုတ်မြစ်သည် ယခင်ထက် အနည်းငယ် ပိုကောင်းနေကြောင်း တွေ့လိုက်ရ၏။
အဓိက အကြောင်းအရင်းတစ်ခုမှာ သူက မူလအရင်းအမြစ်ကျမ်းကို ကျင့်ကြံမည့်အစား အစကတည်းက သာလွန်ကံကြမ္မာကျမ်းကို ကျင့်ကြံခဲ့၍ ဖြစ်သည်။
ထို့အပြင် သူ့ခန္ဓာကိုယ်က ယခုအခါ ကြမ်းတမ်းခက်ခဲသည့် လေ့ကျင့်ရေးဖြစ်စဉ်များနှင့် သေခြင်းရှင်ခြင်းတိုက်ပွဲများမှ ဖြတ်ကျော်လာပြီးခါစ ဖြစ်၏။ ယခင်နက်နဲကာ မဖယ်ရှားနိုင်ခဲ့သည့် လျှို့ဝှက်အန္တရာယ်တချို့က ပျောက်ကွယ်သွားလေပြီ။
သူ့ခန္ဓာကိုယ်က အသစ်စက်စက်ဖြစ်ကာ ပြည့်စုံနေလေပြီ။ ထို့ကြောင့် သူက သိုလှောင်လက်စွပ်အတွင်းမှ အနက်ရောင်သိုင်းဝတ်စုံကို ထုတ်ကာ ဝတ်ဆင်လိုက်သည်။ သူက ယခင်ဖြစ်ရပ်အတွင်း အမွေခံသားတော်ဝတ်ရုံကို ဖျက်ဆီးပစ်ခဲ့မိ၏။ ထို့ကြောင့် သူက ဝတ်စုံကို ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်လိုက်သည်။
သူ့ရှေ့တွင် ကြေးမုံတစ်ချပ်ပေါ်လာပြီး သူ့ရုပ်ချောမှုသူ ချီးမွမ်းလိုက်သည်။
“ ဘိုးဘေး ကျွန်တော် ထာဝရအရှင်တစ်ယောက်နဲ့ တိုက်ခိုက်ချင်တယ်” ဝမ်ဝူချန်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် ပြောလိုက်သည် “ ကောင်းပြီ။ ငါ့နောက်လိုက်ခဲ့”
ထို့နောက် သူက ဝမ်ဝေ့အား အစိမ်းရောင် ဝတ်ဆင်ထားသည့် လူအိုကြီးတစ်ဦးရှိသည့် ကမ္ဘာငယ်တစ်ခုအတွင်း ခေါ်ဆောင်သွားလေသည်။
“ ဘာကိစ္စလဲ”
“ လီဝမ် … ဒီအငယ်လေးကို မသေမျိုးစွမ်းအားအကြောင်း သင်ပေးလိုက်စမ်းပါ” ဝမ်ဝူချန်က ပြောလိုက်သည်။
“ သေချာရဲ့လား”
“ သူ ကိုင်တွယ်နိုင်ပါတယ်။ ဒါပေမဲ့ ပွင့်ချပ်တစ်လွှာလောက်ပဲသုံး”
လီဝမ်က ဝမ်ဝေ့အား ကြည့်လိုက်သည့်အခါ ဝမ်ဝေ့က ချက်ချင်းဦးညွှတ်လိုက်ပြီး “ တပည့်ဝမ်ဝေ့က ဘိုးဘေးကို ဦးညွှတ်ပါတယ်”
“ စိတ်ဝင်စားစရာပဲ” လီဝမ်က ထိုသူသည် အရိုအသေပေးနေသော်လည်း မျက်ဝန်းမှ တိုက်ခိုက်လိုစိတ်ကို မြင်လိုက်မိသည် “ ကောင်းပြီ။ မင်းက အရင်တိုက်လိုက်။ မင်းရဲ့ အားအကောင်းဆုံး တိုက်ကွက်ကို သုံးပြီးတော့ တိုက်”
“ ဟုတ်ကဲ့ပါ”
ဝမ်ဝေ့က ချက်ချင်းဆိုသလို ရှေးဟောင်းဖျက်ဆီးခြင်း နတ်ဘုရားအသွင် ပြောင်းလဲလိုက်သည်။ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းရှိ ဝတ်စုံများက ပျောက်ကွယ်သွားပြီး အရေပြားကမူ ရင်ဘတ်နှင့် ခါးတစ်လျှောက် ကြယ်တာရာမျဉ်းကြောင်းများဖြင့် အနီရောင်သန်းနေလေ၏။
သူ့လက်က လက်သည်းအဖြစ် ပြောင်းလဲသွားကာ သူ့တွင် နဂါးဦးချိုနှစ်ခုရှိလာပြီး မျက်ဝန်းကမူ မဲနက်နေလေသည်။ သူက နှစ်မီတာမှ ငါးမီတာအထိ ကြီးထွားလာခဲ့၏။ သူ့ မြောလွင့်နေသည့် ငွေရောင်ဆံပင်များဖြင့် သူက ကမ္ဘာဦးနတ်ဘုရား ပြန်လည်ဝင်စားလာသကဲ့သို့ ဖြစ်သည်။
ထို့အပြင် ထိုအသွင်က သူ့အင်အားကို နှစ်ဆတိုးမြှင့်ပေးနိုင်ပြီး သူ့ခုခံအား၊ သက်လုံနှင့် တခြားရုပ်ပိုင်းဆိုင်ရာများကို အနည်းငယ် မြင့်တက်လာစေသည်။
ဝမ်ဝေ့က လက်သီးဆုပ်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်အတွင်းမှ ကံကြမ္မာစည်းမျဉ်းအား ရွေ့လျားကာ ကျန့်ချောင်း၏ အစစ်အမှန်ကမ္ဘာမှ စွမ်းအားကို ငှားယူခဲ့သည်။ ထို့နောက် သူက လက်သီးဖြင့် ပစ်ခွင်းလိုက်သည်။
ကံကြမ္မာသုတ်သင်ရေး လက်သီး
လျှို့ဝှက်နယ်မြေတစ်ခုလုံးရှိ အာကာပြင်တစ်ခုလုံးက မီးခိုးရောင် ပြောင်းလဲသွားပြီး ကံကြမ္မာစွမ်းအားက မတည်မငြိမ်ဖြစ်လာကာ ဖရိုဖရဲဖြစ်သွားစေသည်။ ထို့အပြင် ကမ္ဘာသန်းချီကို ဖျက်ဆီးပစ်နိုင်သည့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်ဖြင့် ကိစ္စများက ပိုမိုဆိုးရွားသွားစေသည်။
ထိုစဉ် လီဝမ်က တည်တည်ငြိမ်ငြိမ်သာ ကြည့်နေပြီး ထပင် မတ်တပ်မရပ်ပေ။ သူက လက်ဝှေ့လိုက်သည့်အခါ မီးတောက်ဖြင့် ပြုလုပ်ထားသည့် နဂါးတစ်ကောင်ထွက်ပေါ်လာ၏။
ထိုစဉ် နဂါးက ပတ်ဝန်းကျင်ရှိ ကံကြမ္မာစွမ်းအားများနှင့်အတူ တိုက်ကွက်၏ နောက်ကွယ်မှ ရုပ်ပိုင်းဆိုင်ရာခွန်အားကိုပါ လောင်ကျွမ်းပစ်လိုက်ပြီး ဘာမှ အားစိုက်မထုတ်လိုက်ရပေ။ ထိုအရာက ဝမ်ဝေ့ဆီ ရောက်ရှိလာသည်။
ဝုန်း
ဝမ်ဝေ့က သူ့အောက်ပိုင်းခန္ဓာကိုယ် တစ်ခုလုံး ပျောက်ဆုံးသွားပြီး မြေပြင်ပေါ် လဲကျသွားသည်။ သူ့အနီရောင်အရေပြားက ယခုအခါ အနက်ရောင်ပြောင်းပြီး တူးနံ့ပင် ထွက်နေလေသည်။
“ ကောင်လေး မဆိုးဘူးပဲ။ ငါ အစက မင်း ခေါင်းကလွဲရင် ကျန်တဲ့ဟာ အကုန်လုံးကို လောင်ကျွမ်းပစ်ဖို့ လုပ်ထားတာ” လီဝမ်က ပြောလိုက်သည်။
သို့သော်လည်း ဝမ်ဝေ့က ဘာမှမပြောဘဲ မလုံမလဲသာ ပြုံးလိုက်မိသည်။ ထိုနဂါးက သူ့လည်ချောင်းအထိ လောင်ကျွမ်းသွားစေ၍ ဖြစ်သည်။
သူက ကုသဖို့ ကြိုးစားလိုက်သော်လည်း ခန္ဓာကိုယ်အတွင်းရှိ ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက ကုသရေးအား တားဆီးထားသည်ကို ခံစားမိလိုက်သည်။
ဒါက မသေမျိုးချီလား…
သူက တုယီနယ်ပယ်စွမ်းအားကို အသုံးပြုဖို့ ကြိုးစားကြည့်လိုက်သည်။ ထိုအရာက အလုပ်ဖြစ်လာ၏။ သို့သော်လည်း တွက်ချက်ကြည့်မှုအရ သူသည် ထိုမသေမျိုးချီ အနည်းငယ်ကို ဖယ်ရှားနိုင်ဖို့အတွက် နှစ်သိန်းချီမျှ ကြာမြင့်လိမ့်မည်။
ထို့ကြောင့် သူက လီဝမ်အား သနားစဖွယ် မျက်လုံးမျိုးဖြင့် ကြည့်လိုက်သည့်အခါ ထိုသူက စွမ်းအားကို ဖယ်ရှားပေးသွားသည်။ ထို့နောက် ဝမ်ဝေ့က အချိန်စွမ်းအားကို အသုံးပြုကာ ယခင်အထွတ်အထိပ်အခြေအနေသို့ ပြန်ပြောင်းလိုက်၏။
“ အခု မင်း နားလည်သွားပြီလား” ဝမ်ဝူချန်က မေးလိုက်သည်။
“ ကွာဟချက်က ဒီလောက်တောင် ကြီးမားတယ်လား”
“ မင်း စိတ်ကူးထားတာထက် ပိုတယ်။ ထာဝရအရှင်တွေကြားမှာ အဆင့်ခွဲခြားထားတယ်။ လီဝမ်က အားအနည်းဆုံး စွမ်းအားကို အသုံးပြုခဲ့တာပဲ”
“ ကျွန်တော်ကို ထပ်ရှင်းပြလို့ ရမလား”
“ မသေမျိုးချီက သန့်စင်တဲ့အဆင့်အပေါ်မှာ မူတည်တယ်။ ဧကရာဇ်တစ်ပိုင်းအဆင့် ခန္ဓာကိုယ်၊ ဝိညာဉ်စွမ်းအား၊ ဝိညာဉ်အရည်အသွေး၊ အံ့ဖွယ်ပင်လယ်၊ စွမ်းအားထိန်းချုပ်မှု၊ စည်းမျဉ်းနားလည်နိုင်စွမ်းနှင့် တခြားအချက်တွေပေါ်မှာ မူတည်ပြီးတော့ သူတို့က စွမ်းအင်အဆင့်လိုက် သန့်စင်နိုင်တယ်။
အဲဒါကြောင့် ထာဝရအရှင်တွေက သူတို့ရဲ့ မသေမျိုးချီ သန့်စင်နှုန်းပေါ် မူတည်ပြီးတော့ အဆင့်တွေခွဲထားတယ်။ ပွင့်ချပ်တစ်လွှာကနေ သုံးလွှာအထိက အဆင့်နိမ့်၊ လေးလွှာကနေ ခြောက်လွှာအထိက အလယ်အလတ်အဆင့် ဖြစ်ပြီးတော့ ခုနစ်လွှာအထိကနေ ကိုးလွှာအထိက အဆင့်မြင့်ပဲ”
“ အဲဒါဆိုတော့ ဧကရာဇ်တစ်ပိုင်းအဆင့် လူတစ်ယောက်ရဲ့ အုတ်မြစ်အပေါ် မူတည်နေတာပေါ့” ဝမ်ဝေ့က ပြောလိုက်သည် “ အဲဒါဆို အဆင့်တစ်ခုချင်းစီကြားမှာ ခွန်အားက ဘယ်လိုပိုင်းခြားလဲ”
“ လီဝမ်က မင်းကို အနိုင်ယူဖို့ အားအနည်းဆုံး ပွင့်ချပ်တစ်လွှာစွမ်းအားကို အသုံးပြုခဲ့တယ်။ ဒါပေမဲ့ ပွင့်ချပ်ကိုးလွှာ ထာဝရအရှင်က တာအိုဘိုးဘေးတချို့နဲ့ တိုက်ခိုက်နိုင်တယ်”
“ အဲဒါဆို အဆင့်မြင့် စွမ်းအားက အရမ်းကို မှော်ဆန်တာပေါ့”
“ အမှန်ပဲ။ တချို့ ထာဝရအရှင်တွေက ကံကောင်းပြီးတော့ ကမ္ဘာဦးဟွင်သွမ်းချီ၊ ကမ္ဘာဦးကြယ်တာရာအဆီအနှစ်၊ တာအိုချီ ဒါမှမဟုတ် အင်မတန် ရှားပါးတဲ့စွမ်းအားတွေကို သန့်စင်နိုင်တော့ ဆန့်ကျင်ကောင်းကင်ရွေးချယ်ခံတွေအဖြစ် ပြောင်းလဲသွားပြီးတော့ မဟာဧကရာဇ်တွေအထိ တိုက်ခိုက်နိုင်စွမ်း ရှိကြတယ်”
“ ကြည့်ရတာ လူတွေက မသေမျိုးလမ်းစဉ်ကို လျှော့တွက်နေကြတဲ့ပုံပဲ” ဝမ်ဝေ့က ဝင်ပြောလိုက်သည်။
“ မင်း စိတ်ကူးထားတာထက် ပိုတယ်” လီဝမ်က ပြောလိုက်သည်။
“ ဘယ်လိုမျိုးလဲ” ဝမ်ဝေ့က ပိုမိုသိချင်လာမိ၏။
“ အားလုံးက တာအိုဘိုးဘေးဖြစ်ဖို့ သင့်တော်ကြတာ မဟုတ်ဘူး။ ကျင့်ကြံသူတွေက မဟာတာအိုအရင်းအမြစ်ကို ထိန်းချုပ်နိုင်ဖို့ တာအိုနှလုံးသား၊ စိတ်အခြေအနေနဲ့ စိတ်စွမ်းအားတို့ကို လေ့ကျင့်ပေးဖို့ လိုသလိုမျိုး တာအိုဘိုးဘေးတွေအတွက်လည်း အတူတူပဲ။ သူတို့အခြေအနေက ပိုတောင်ဆိုးရွားနေသေးတယ်။ ကောင်းကင်အလိုဆန္ဒရဲ့ ကာကွယ်မှုနဲ့ဆိုရင် ကျင့်ကြံသူတွေက လိုအပ်ချက် မပြည့်မှီရင်တောင် အတုအယောင် ဧကရာဇ်ဖြစ်လာနိုင်ကြတယ်။ ဒါပေမဲ့ တာအိုဘိုးဘေးတွေကတော့ သေသွားလိမ့်မယ်”
“ အဲလောက်တောင် အန္တရာယ်များတယ်လား”
“ ဟုတ်တာပေါ့။ အဲဒါကြောင့် တစ်ယောက်ယောက်က တာအိုအရင်းအမြစ်မျိုးစေ့ကို မသန့်စင်ခင် ဧကရာဇ်အများစုက သူတို့တွေ အရည်အချင်း ပြည့်မှီတယ်လားဆိုတာကို စမ်းသပ်ကြည့်ကြတယ်။ တကယ်လို့ မပြည့်မှီဘူးဆိုရင် ဒီလိုမျိုး အဖိုးတန်အရင်းအမြစ်ကို မဖြုန်းတီးပစ်တာ အကောင်းဆုံးပဲ”
“ အဲဒါဆို ထာဝရအရှင်တွေကရော စမ်းသပ်ချက် ရှိသေးတာလား”
“ ဒီလမ်းစဉ်အတွက် အဲဒါက အရေးသာချက်ပဲ။ သတ်မှတ်ချက်က ပိုပြီးတော့ နည်းတယ်” လီဝမ်က ပြောလိုက်သည်။
“ တချို့လူတွေက လမ်းစဉ်တစ်ခုထက်ပိုပြီးတော့ သင့်တော်ကြတာမျိုးတွေ ရှိတယ်” ဝမ်ဝူချန်က ပြောလိုက်သည်။
“ အဲဒါက ဘာကိုပြောချင်တာလဲ”
“ တချို့လူတွေက တာအိုလမ်းစဉ်အတွက် လိုအပ်ချက်တွေနဲ့ ကိုက်ညီပြီး ကျော်လွန်နေပေမဲ့ သူတို့က မသေမျိုးလမ်းစဉ်နဲ့ ပိုမိုသင့်တော်နေကြတာမျိုး။ အဲဒီလူတွေက အဆင့်မြင့် မသေမျိုးချီတွေကို သန့်စင်နိုင်ဖို့ အခွင့်အရေးများတယ်”
“ ဒီမသေမျိုးလမ်းစဉ်ရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက်ကြီးရှိနေတယ်လို့ ဘာလို့ ခံစားမိနေပါလိမ့်”
***