ဝံပုလွေဘုရင်ကြီးကို စိန်ခေါ်ခြင်း
Vol. 29 Ch. 398
“မင်းက ဘယ်သူလဲ” မိုဝူကျီက ခက်ထန်စွာ ပြောလိုက်သည် “ဒီလူအိုကြီးက မင်းနဲ့ မပတ်သက်ပေမဲ့ မင်းက ကျုပ်နောက်ကို လပေါင်းများစွာ လိုက်နေတာဆိုတော့ ဒီနေ့တော့ ဒီလူအိုကြီးက မင်းကို အတိုးရော အရင်းပါ ပြန်ပေးရသေးတာပေါ့ ...”
သူက ပြောလိုက်ရင်း လက်သီးတစ်ချက် ထပ်လွှတ်လိုက်သည်။ ထိုလက်သီးက ဆံဖြူ မိန်းကလေး၏ အဓိက ဒန်တျန်အမြုတေဆီ ဦးတည်နေခြင်း ဖြစ်သည်။ သူက သူမဆီမှ အဖြေပြန်မရခင် ထိုမိန်းကလေး၏ ဝိညာဉ်လမ်းကြောင်းများကို ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ထားသည်။
ထိုမိန်းကလေး မျက်ဝန်းမှ ကြောက်ရွံ့နေသည့် အရိပ်အယောင်များ ထွက်ပေါ်လာပြီးနောက် ချက်ချင်းဆိုသလို သူမက လက်စွပ်မှ အဆောင်တစ်ရွက်ကို ထုတ်ယူလိုက်သည်။ ထိုအဆောင်ကို တန်းအသက်သွင်း လိုက်သည့်အခါ အလင်းတန်းများ ဖုံးလွှမ်းလာသည်။
ထိုအဖြူရောင် အလင်းအတွင်း ဆံဖြူမိန်းကလေးမှာ သူမတာဝန် ကျရှုံးသွားကြောင်း သိ၍ သက်ပြင်းချလိုက်သည်။ သူမအတွက် အာကာသ ဤနေရာအထိ ရောက်လာဖို့ရန် ခက်ခဲလွန်း လှသော်လည်း ယခု သူမက ပြန်ဖို့ရန် ဟင်းလင်းပြင် ချိုးဖောက်ဖို့ လိုအပ်နေလေပြီ။ နောက်တစ်ခေါက် ပြန်လာချင်လျှင်ပင် ထိုမျှ လွယ်ကူတော့မည် မဟုတ်ပေ။
မကျရှုံးသင့်သည့် တာဝန်မှာ အမှန်တကယ် ကျရှုံးသွားလေသည်။ သူမက သူမ ခန္ဓာကိုယ်အတွင်း ဝိညာဉ်စွမ်းအားများ လှည့်ပတ်နိုင်၍သာ အဆောင်ကို အသက်သွင်းနိုင်ခြင်း ဖြစ်သည်။ မဟုတ်လျှင် သူမ အသက်လေး ဆုံးရှုံးသွားနိုင်သည်။
“ဘုန်း”
မိုဝူကျီ၏ လက်သီးမှာ ယခင်ထက်ပင် ပိုအားပြင်းသောကြောင့် ဆံဖြူမိန်းကလေး ရှိသည့် နေရာ၌ ချိုင့်ကြီး ဖြစ်သွားလေ၏။
သို့သော်လည်း မိုဝူကျီက နည်းနည်းမျှ မပျော်ရွှင်ပေ။ သူ ထိုလက်သီးကို ထုတ်လိုက်သည့်အခါက ဆံဖြူမိန်းကလေးမှာ အဆောင်ကို သုံး၍ လွတ်မြောက်သွားပြီ ဖြစ်ကြောင်း သိလိုက်သည်။
ထိုချိုင့်ကြီးအတွင်း ဘာဆိုဘာမျှ မကျန်ရှိနေပေ။
ဆံဖြူမိန်းကလေး အဆောင်ကို သုံး၍ ထွက်သွားသည့် မြင်ကွင်းမှာ အားလုံးက မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရခြင်း ဖြစ်၏။ နဂိုမူလက လူဆယ်ယောက်မှာ အံ့ဩတကြီး ကြည့်လိုက်ကြသည်။ သူတို့သာ ထိုသို့ ထွက်သွားနိုင်ပါက ထွက်သွားပြီးသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။
“သူမက ဘယ်လိုများ ထွက်သွားတာလဲ” ကျင့်ကြံသူ တစ်ယောက်က အံ့ဩတကြီး မေးလိုက်သည်။ သို့သော်လည်း မည်သူမျှ အဖြေကို မသိကြ၍ ပြန်မဖြေကြပေ။
“ဒီက တာအိုရောင်းရင်းကို အဆောင်သုံးပြီး ထွက်သွားတဲ့ လူက ဘယ်သူလဲ ဆိုတာ မေးလို့ ရမလား” မုယင်ချောင်က အဝေးမှ လက်နှစ်ဖက်ဆုပ်ကာ မေးလိုက်သည်။
မိုဝူကျီက သာမန်သေမျိုးနှင့် တူနေသော်လည်း မည်သူမျှ သူ့ကို ထိုသို့ မဆက်ဆံရဲပေ။ ပြောရလျှင် မည်သူမျှ ထွက်လာပြီး မိုဝူကျီရှေ့တွင် ရပ်မနေရဲပေ။
ချောက်နက်က ထွက်သွားနိုင်သည့်သူကို ဒဏ်ရာရအောင် လုပ်နိုင်သည့် သာမန်သေမျိုး ရှိပါ့မလား ...
သာမန်သေမျိုးက ဤနေရာမှာ သဘာဝစွမ်းအား သုံးနိုင်မှာတဲ့လား ...
“ကျုပ်လည်း မသိဘူး” မိုဝူကျီက မုယင်ချောင်ကို ကြည့်ကာ ရိုးရိုးရှင်းရှင်းသာ ပြန်ဖြေလိုက်သည်။ ထို့နောက် အကြည့်တိုမှာ ကန်ရွယ်ဆီ ကျရောက်သွား၏။
သူက ဤခပ်ထွားထွား ဆံနီကြောင် အမျိုးသားနှင့် အတော်လေး ရင်းနှီးနေသည်။ သူက ကန်ကြွယ်ကဲ့သို့ တူညီသည့် အငွေ့အသက်တို့ ထုတ်လွင့်နေသည်။
“မင်းက မိုဝူကျီလား ...” ကန်ရွယ်က မိုဝူကျီကို ချက်ချင်း မှတ်မိလိုက်သည်။ သူက မိုဝူကျီကို ကိုယ်တိုင် မတွေ့ဖူးသော်လည်း မိုဝူကျီ ပုံကိုတော့ မြင်ဖူးလေသည်။ ထို့အပြင် သူက မိုဝူကျီနောက် လိုက်နေသည် ဖြစ်၍ ယခု မိုဝူကျီက သူ့ရှေ့ ရောက်လာသည့်အခါ မည်သို့ မမှတ်မိဘဲ နေမည်နည်း။
“ခင်ဗျားက ဝံပုလွေဘုရင်ကြီးလား ... ကျုပ် ခင်ဗျားရဲ့ မျက်လုံးဖြူ ဝံပုလွေကို သတ်လိုက်လို့ ကျုပ်ကို သတ်ဖို့ နေရာတိုင်းကို လိုက်ရှာနေတယ်ဆို ... “မိုဝူကျီက လက်ကို ဆန့်တန်းလိုက်သည့်အခါ တျန်းဂျီတုတ် ပေါ်လာလေ၏။
သူ့အဆင့်မှာ လောကအင်မော်တယ်အဆင့် ၄ ဖြစ်နေပြီ ဖြစ်၍ အာကာသ ဝံပုလွေဘုရင်ကြီးနှင့် ရင်ဆိုင် ကြည့်ချင်မိသည်။
မိုဝူကျီ နောက် တောက်လျှောက် လိုက်လာသည့် အာကာသ ဝံပုလွေဘုရင်ကြီးက အနည်းငယ် တွေဝေမိသွားသည်။ သူက မိုဝူကျီသည် သဘာဝစွမ်းအား အသုံးပြုနေဆဲ ဖြစ်ကြောင်းကို မြင်ထားသည် မဟုတ်ပါလော။
မိုဝူကျီ၏ ကျင့်ကြံဆင့်အတွက် သူက တွေးပင် မတွေးထားပေ။ မိုဝူကျီက ဤနေရာကို ဝင်ရောက် လာနိုင်သည် ဖြစ်၍ သေချာပေါက် မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်း အဆင့်သာ ဖြစ်ပေလိမ့်မည်။ သခင်ဝံပုလွေနက် ပြောဖူးသည့်အတိုင်း မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူများသာ အလင်း တောက်တောက်နှင့် ထိတွေ့နိုင်ခြင်း ဖြစ်သည်။
“မိုဝူကျီ ... မင်းက လောကအဆင့်ဇယားရဲ့ အဆင့် ၁ လား” ကန်ရွယ်ဘေးမှ ဝံပုလွေနက်က ရုတ်တရက် ထကာ မေးလိုက်သည်။
ဝံပုလွေနက် မေးခွန်းကို ကြားသည့်အခါ ကျန်းရှင်းမှ ပြန့်ရွမ်းပိ၊ မုယင်ချောင်၊ လော့ချွမ်းဟယ်နှင့် အခြားလူများက မိုဝူကျီကို ကြည့်လိုက်ကြသည်။ သူတို့အားလုံးက မိုဝူကျီ အဆင့် ၁ ဖြစ်ကြောင်း၊ မဖြစ်ကြောင်းကို စိတ်ဝင်စား နေသည်မှာ သိသာလှသည်။
မိုဝူကျီက ထိုမေးခွန်းကို ကြားသောအခါ မျက်မှောင်ကြုတ် မိလိုက်သည်။ ကျန်းရှင်းမှ အားလုံးသည် သူက လောကအဆင့်ဇယား အဆင့် ၁ ဖြစ်ကြောင်း သိသော်လည်း ဤနေရာအထိ မရောက်လာတာ များလား ...
သူက ဤနေရာကို ရောက်ဖို့ရန် တစ်နှစ်နီးပါး ရွှေ့ပြောင်းစွမ်းရည် သုံးခဲ့ရသည်။
သတင်းကွန်ရက်က ဒီလောက်အထိ အားကောင်းမည်လား ...
ထိုလူများကို ကြည့်၍ သူတို့ ဤနေရာတွင် ပိတ်မိနေသည်က တစ်ရက်၊ နှစ်ရက်မျှ မဟုတ်ကြောင်း သိလိုက်သည်။
“အဲဆို ခင်ဗျားက ဘယ်သူလဲ” မိုဝူကျီက စ ခပ်ပုပု မဟူရောင် အသားရောင်ပိုင်ရှင် မိန်းကလေးကို ကြည့်ကာ သူ့လေသံတွင် မလိုလားမှု အနည်းငယ် ပါဝင်နေပေသည်။ သူက လူသစ်လေး မဟုတ်ပေ။ တစ်ချက်ကြည့်ရုံဖြင့် ချောက်နက်အတွင်း အင်အားစုကွဲများ ရှိနေကြောင်း ပြောနိုင်သည်။
“ဝံပုလွေဘုရင်တောင်က ဝံပုလွေနက်လေ” ဝံပုလွေနက်က ရဲရဲ ပြောလိုက်သည်။
“ဝံပုလွေဘုရင်တောင် ... ကျုပ်က အဲဒီနေရာကို မုန်းတယ်။ ခင်ဗျားကို မဖြေနိုင်ဘူး ...” မိုဝူကျီက ဝံပုလွေနက် မေးခွန်းကို ငြင်းလိုက်သည်။ သူက ပို၍ သိချင်လာမိသည်။ သူက ဝံပုလွေဘုရင်ကြီး တစ်ယောက်တည်းဆို မကြောက်ရွံ့သော်လည်း ဝံပုလွေနက်ပါ ပါလာလျှင် ကိစ္စများက ပိုရှုပ်ထွေး လာပေလိမ့်မည်။
“တာအိုရောင်းရင်းမို ... ကျုပ်က ပြန့်ရွမ်းပိပါ။ ခင်ဗျားက ကျန်းရှင်း ကျင့်ကြံသူဆိုရင် ကျုပ်တို့ဘက်ကို လာလို့ ရပါတယ် ...” ပြန့်ရွမ်းပိက မတ်တတ်ရပ်ကာ မိုဝူကျီကို လက်သီးဆုပ်လျက် နှုတ်ဆက်လိုက်သည်။
မိုဝူကျီက ပြန့်ရွမ်းပိနေရာကို ကြည့်ပြီးနောက် ခေါင်းခါလိုက်မိသည်။ ဤနေရာမှာ အလွန် ကျဉ်းမြောင်းသောကြောင့် ထိုထဲ သွားခြင်းက သူ့ကိုယ်သူ နှိပ်စက်သလိုသာ ဖြစ်နေလိမ့်မည်။ ထို့အပြင် သူ ကျင့်ကြံသည့်အခါ သူစိမ်းဘေးနား ထိုင်ဖို့ရန် နေသားမကျပေ။
အာ နေပါဦး ... ပြန့်ရွမ်းပိ ... ဒီနာမည် အတော်လေး ရင်းနှီးနေသလိုပဲ ...
မကြာခင်တွင် မိုဝူကျီက ပြန့်ရွမ်းပိကို မှတ်မိသွားသည်။ သူက ကျန်းရှင်း၏ ထိပ်သီး ပါရမီရှင် ဖြစ်သလို လောကအဆင့်ဇယား၏ အဆင့် ၂ လည်း ဖြစ်ပေသည်။
ဒီလူက ဘယ်လိုလုပ် ဒီနေရာမှာ ပိတ်မိနေရာတာလဲ ...
သူ့ကြောင့်သာ မဟုတ်လျှင် မိုဝူကျီက လောကအဆင့်ဇယား၏ အဆင့် ၁ ရောက်သည်မှာ နှစ်များစွာ ကြာမြင့်လောက်ပြီ ဖြစ်၏။
“ဒါနဲ့ ဟုတ်သား ... ခင်ဗျားကို လူအချို့နဲ့ မိတ်ဆက်ပေး ရဦးမယ်။ ဒါက မုယင်ချောင် လောကအဆင့်ဇယားရဲ့ အဆင့် ၃ ပေါ့။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက် ထိတော့ သူက အဆင့် ၂ ပဲ ...” ပြန့်ရွမ်းပိက သူနှင့် မနီးမဝေးမှ မုတ်ဆိတ်ရှည် အမျိုးသားကို ညွှန်ပြရင်း မိတ်ဆက်ပေးလိုက်သည်။
မုယင်ချောင် ... ဒီလူလည်း ကျန်းရှင်း၏ ထိပ်သီးပါရမီရှင် တစ်ယောက် ဖြစ်ပေသည်။ သူက အဆင့် ၂ ဖြစ်သော်လည်း သူ့ကြောင့် တစ်ဆင့် ကျသွားခြင်း ဖြစ်သည်။
“ဒါက လော့ချွမ်းဟယ် ... သူ ရောက်လာတာတော့ သိပ်မကြာသေးဘူး” ပြန့်ရွမ်းပိက ခြေသလုံးအိမ်တိုင် ကျင့်ကြံသူအတိုင်း ဝတ်ဆင်ထားသည့် အမျိုးသားကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
မိုဝူကျီက မုယင်ချောင်မှ လော့ချွမ်းဟယ်ဆီ အကြည့်ရွှေ့လိုက်သည်။ အကယ်၍ သူတို့သာ ဆက်ဆံရေးအကြောင်း ပြောပါက လော့ချွမ်းဟယ်မှာ ပြန့်ရွမ်းပိနှင့် မုယင်ချောင်တို့နှင့် နှိုင်းယှဉ်လျှင် ပိုနီးကပ်သော ဆက်ဆံရေး ရှိပေမည်။ လော့ချွမ်းဟယ်မှာ ကျန်းရှင်း၏ လေးယောက်မြောက် ကြယ်တာရာသခင် ဖြစ်၏။ သို့သော်လည်း သူ ပျောက်ဆုံးသွားခဲ့သည်။ သူ့ကို ဤနေရာတွင် ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
တစ်ဖက်တွင် မိုဝူကျီက ရှစ်ယောက်မြောက် ကြယ်တာရာသခင် ဖြစ်၏။ အကယ်၍ သူတို့သာ တိုက်ခိုက်ကြလျှင် သူ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ထုတ်ပြောလိုက်သည်နှင့် လော့ချွမ်းဟယ်က သူ့ကို သေချာပေါက် ကူညီပေးလိမ့်မည်။
“ဒါက ဖန်းချီ၊ ဖန်းချီ ဘေးက ချူယန်၊ ဖန်းချီက ပျောက်ဆုံးနယ်မြေက ရောက်လာပြီးတော့ ချူယန်ကတော့ အကြွင်းမဲ့ဓားဂိုဏ်းက ဂိုဏ်းချုပ်ပဲ ...”
ပြန့်ရွမ်းပိ မိတ်ဆက်ပေးပြီး နောက်တွင် မိုဝူကျီက ဖန်းချီမှာ ဤနေရာတွင် အသက်ကြီးဆုံး ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူက အချိန်မရွေး သေဆုံးသွားတော့မည့်အလား ဖြစ်နေသည်။ ထိုလူမှာ ပျောက်ဆုံးနယ်မြေမှ ဖြစ်၍ တူညီသည့်နေရာမှ ရောက်လာသည်ဟုပင် ယူဆ၍ ရပေသည်။
မိုဝူကျီက သူ့ကို ခေါင်းညိတ် ပြလိုက်မိသည်။
ချူယန်အတွက် သူက သူ့ဂိုဏ်းနာမည်အတိုင်း ဖြစ်၏။ သူက မားမားမတ်မတ် ရှိနေသည့် ထင်းရှူးပင်ကြီးအလား ရပ်နေသည်။ သူ့နောက်တွင် ဓားအိမ်မပါသည့် ဓားတစ်ချောင်း ပါရှိသည်။ ထိုဓားမှာ ပြိုင်ဘက်ကင်းလောက်သည့်အထိ ပြီးပြည့်စုံလှပြီး အပြစ်အနာအဆာ ရှိမနေပေ။ ထိုလူမှာ မိုဝူကျီကို အထီးကျန်ကြိုးနီအား အမှတ်ရသွားစေသည်။ မိုဝူကျီ အထီးကျန်ကြိုးနီကို ပထမဆုံး စတွေ့စဉ်က အထီးကျန်ကြိုးနီမှာလည်း ဓားအိမ်မပါသည့် ဓားတစ်ချောင်း လွယ်ထားလေ၏။
သူ့အပါအဝင် ပြန့်ရွမ်းပိက လူငါးယောက်ကို မိတ်ဆက်ပေးသည်။ ကျန်လူများမှာ ကျန်းရှင်းမှ မဟုတ်ကြောင်း သိသာလှသည်။
“တာအိုရောင်းရင်းမို ... ခင်ဗျားက ကျန်းရှင်းက အခုမှ ရောက်လာတာဆိုတော့ ကျုပ် အကြွင်းမဲ့ဓားဂိုဏ်းရော ဘယ်လိုရှိလဲဆိုတာ သိခွင့် ရှိမလား” ထင်းရှူးပင်အလား ရပ်နေသည့် အမျိုးသားက မိုဝူကျီကို မေးလိုက်သည်။
ပြန့်ရွမ်းပိ၏ မိတ်ဆက်ပေးမှုကြောင့် ထိုလူမှာ ချူယန်ဟု ခေါ်ကြောင်း သိထားသည်။ ထို့အပြင် မိုဝူကျီက သူ့ကို အမြင်ကောင်းတချို့ ရှိလေ၏။ သူ့တွင် ထိုသို့ အငွေ့အသက်မျိုး ထွက်ပေါ်နေသည်။
သို့သော် မိုဝူကျီက အကြွင်းမဲ့ဂိုဏ်းအကြောင်း မည်သို့ ဖြေရမည်ကို မသိပေ။ သူက ကြယ်တာရာ ဘုရင်တောင်၏ ကြယ်တာရာသခင် ဖြစ်သောကြောင့် ဂိုဏ်းအကြီး အကြီးများကို ရှင်းရှင်းလင်းလင်း သိပေသည်။ သို့သော်လည်း အကြွင်းမဲ့ ဓားဂိုဏ်းကိုတော့ မကြားဖူးချေ။ ထိုသို့နာမည်မျိုး ရှိသည့် ဂိုဏ်းမှာ လုံးဝပျက်သုဉ်းသွား၍ ပျောက်ကွယ်သွားခြင်းသာ ဖြစ်ရမည်။
မိုဝူကျီ တိတ်ဆိတ်နေသည်ကို မြင်၍ ချူယန် မျက်ဝန်း၌ စိတ်အားငယ်မှု အရိပ်အယောင်အချို့ ဖြတ်ပြေးသွားကာ ဆက်ပြောလိုက်သည် “ဘာဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ တာအိုရောင်းရင်းမို ပြောပြနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျုပ် ချူယန်က ကျုပ်တပည့်တွေက အရမ်းတဲ့တိုးဆန်တာကို သိပါတယ်။ တစ်ခုခု ဆိုးရွားတာ ဖြစ်သွားရင်လည်း ကျုပ် လက်ခံနိုင်စွမ်း ရှိပါတယ် ...”
မိုဝူကျီက လက်နှစ်ဖက်ယှက်လျက် “တာအိုရောင်းရင်ချူ ... အကြွင်းမဲ့ဓားဂိုဏ်းက ကျန်းရှင်းကနေ ပျောက်ကွယ်သွားပြီ ဖြစ်နေမှာကို စိုးထိတ်မိတာပါ။ ကျုပ် အဲလိုဂိုဏ်းနာမည်ကို တစ်ခါမျှ မကြားဖူးလို့ပါ ...”
မုယင်ချောင်က ချူယန် သဘောသဘာဝ စရိုက်ကို နားလည်သည့်အလား မြန်မြန် ဝင်ထောက် ပေးလိုက်သည် “အကြွင်းမဲ့ဂိုဏ်းက အစွန်းအဖျားနေရာမှာ ရှိပြီးတော့ တပည့်တွေကလည်း ကျန်းရှင်းထဲ သိပ်မသွားလာကြဘူးလေ။ တာအိုရောင်းရင်းမို မကြားဖူးတာ ပုံမှန်ကိစ္စပါပဲ ...”
မိုဝူကျီက ချူယန်လို လူစားမျိုးကို မလိမ်လည် လိုသောကြောင့် ခေါင်းကိုခါကာ “မဟုတ်သေးဘူး ... ကျုပ်က ကြယ်တာရာ ဘုရင်တောင်က လက်ရှိ ကြယ်တာရာသခင်ပါ။ ဒီကိစ္စကိုတော့ မမှားဘူးလေ ... “
“ခင်ဗျားက ကြယ်တာရာ ဘုရင်တောင်ရဲ့ ကြယ်တာရာသခင်လား” တိတ်ဆိတ်နေသည့် လော့ချွမ်းဟယ်က အံ့ဩတကြီး ရေရွတ်လိုက်သည်။
မိုဝူကျီက လော့ချွမ်းဟယ်ကို နှုတ်ဆက်ကာ “မိုဝူကျီက စီနီယာလော့ကို နှုတ်ဆက်ပါတယ်။ ကျုပ်က ကြယ်တာရာ ဘုရင်တောင်ရဲ့ လက်ရှိ ကြယ်တာရာ သခင်ဆိုတာ အမှန်ပါ။ ကျုပ်က ရှစ်ယောက်မြောက် ကြယ်တာရာသခင်ပါ ...”
“ဟားဟား” လော့ချွမ်းဟယ်က ရုတ်တရက် ကျယ်လောင်စွာ ထရယ်မောလိုက်သည်။ သူက ဤနေရာတွင် ပိတ်ခံထားရစဉ် ကတည်းမှ အကြီးမားဆုံး စိုးရိမ်မှုမှာ ကျန်းရှင်းသာ ဖြစ်၏။ သူက ပြန့်ရွမ်းပိနှင့် မုယင်ချောင်တို့နှင့် ကွဲပြားလေသည်။ ထိုလူများမှာ ကြီးမြတ်သည့် တာအိုကို လိုက်ရှာဖို့ရာ စိတ်နှလုံးသွင်း ထားကြသူများသာ ဖြစ်သည်။ ကျန်းရှင်း ဖျက်ဆီးခံလိုက်ရလျှင်ပင် အရေးစိုက်မည် မဟုတ်ပေ။ သို့သော်လည်း လော့ချွမ်းဟယ်မှာ ကြယ်တာရာသခင် ဖြစ်ခဲ့၍ သူ့ဆရာ လဲ့ထျန်းယီမှာ ကျန်းရှင်းအတွက် တိုက်ပွဲ၌ သေဆုံးခဲ့ရသည်။
သူက ကြယ်တာရာ သခင်အသစ်ကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု ထင်မထားပေ။ ထိုအရာမှာ အရေးကြီးဆုံး မဟုတ်သေးပေ။ အရေးကြီးဆုံးအရာက ဤကြယ်တာရာသခင်အသစ်မှာ လောကအဆင့် ဇယား၏ အဆင့် ၁ ဖြစ်နေပေသည်။ ကြယ်တာရာသခင် အနေနှင့် သူက ဆိုလိုရင်းကို နားလည်ပေလိမ့်မည်။ ထိပ်ဆုံးရောက်ဖို့ရာ နယ်ခြားအင်အားစု မြောက်မြားစွာကို သတ်ပစ်ရမည် ဖြစ်သည်။
သူ ကျန်းရှင်းမှ ထွက်လာစဉ် ကျန်းရှင်းမှာ နယ်ခြား အင်အားစုနှင့် အာကာသ သားရဲများနှင့် တိုက်ပွဲ ဖြစ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် သူက ကျန်းရှင်း၏ ဘေးကင်းလုံခြုံမှုကို အမြဲ စိုးရိမ်နေခဲ့ရသည်။ ထို့အပြင် ဝံပုလွေဘုရင်တောင်မှ ကန်ရွယ် ရောက်လာသည့်အခါ သူ့စိုးရိမ်စိတ်ကို ပို၍ တိုးသွားစေသည်။
“တာအိုရောင်းရင်းမို ... ကျန်းရှင်းရော ဘယ်လိုလဲ” အားရပါးရ ရယ်မောပြီးနောက် လော့ချွမ်းဟယ်က မေးလိုက်သည်။ အကယ်၍ ကြယ်တာရာ ဘုရင်တောင်တွင် မိုဝူကျီကဲ့သို့ အားကောင်းသော အဓိကလူမှာ ကြယ်တာရာသခင်အဖြစ် ရှိနေ၍ ကျန်းရှင်းမှာ သေချာပေါက် ဖျက်ဆီးခံရမည် မဟုတ်ပေ။
လော့ချွမ်းဟယ်အတွက် မိုဝူကျီ ခံစားချက်များမှာ တစ်ဟုန်ထိုး မြင့်တက်လာသည်။ ဤနေရာတွင် မည်သူကမျှ ကျန်းရှင်းအတွက် စုံစမ်းနေမည် မဟုတ်ပေ။ ယခင် ကြယ်တာရာသခင် ဖြစ်သည့် လော့ချွမ်းဟယ် တစ်ယောက်သာ ကျန်းရှင်းအတွက် အမှန်တကယ် ဂရုစိုက်ခြင်း ဖြစ်သည်။
“စီနီယာလု ... မစိုးရိမ်ပါနဲ့တော့။ ကျုပ် မလာခင် ကျန်းရှင်းအတွက် မထိုးဖောက်နိုင်တဲ့ အစီအရင်လိုမျိုးကို ပြင်ဆင်ပေးခဲ့ပါတယ်။ နယ်ခြားအင်အားစုတွေ ထပ်ကျူးကျော်ရဲတော့မှာ မဟုတ်ပါဘူး။ အခု ဝံပုလွေဘုရင်တောင်ရဲ့ ကောင်စုတ်လေး ရှိနေတော့ ပိုစိတ်ချနေလို့ ရသွားတာပေါ့ ...” မိုဝူကျီက လော့ချွမ်းဟယ်ကို ရှင်းပြပြီးနောက် တျန်းဂျီတုတ်ကို ဝှေ့ယမ်းလိုက်သည်။
သူက ဝံပုလွေဘုရင်ကြီးနှင့် တိုက်ခိုက်ပါက လော့ချွမ်းဟယ်မှာ သူ့ဘေးမှ ကူပေးမည် ဖြစ်ကြောင်း သေချာသည်။ သူသာ အကူအညီ ရသရွေ့ အာကာသ ဝံပုလွေဘုရင်ကြီးကို ယဉ်ကျေးနေစရာ မလိုပေ။
“ကျုပ်ကို လာတိုက်စမ်းပါ ... ဝံပုလွေအိုကြီး ... ဒါနဲ့ ခင်ဗျားကို တစ်ခု ပြောဖို့ ရှိသေးတယ်။ ခင်ဗျားတို့ ဝံပုလွေဘုရင်တောင်က အခု ပြာပုံ ဖြစ်သွားပြီ။ ခင်ဗျားရဲ့ ကန်ကြွယ်လား ဘာလား သူလည်း ကျုပ်လက်ချက်နဲ့ သေပြီ ...” မိုဝူကျီက ရှေ့တိုးလိုက်ရင်း အာကာသ ဝံပုလွေဘုရင်ကြီးရှေ့တွင် ရပ်လိုက်သည်။
***