နေဝင်ဖျိုးဖျ
Vol. 36 Ch. 503
“ ရှင် နောက်ထပ် ဘာဆက်လုပ်မှာလဲ” ဝူဟုန်ကမေးလိုက်သည်။
“ လေဟာနယ်ဖြိုခွင်းခြင်းအဆင့် စမ်းသပ်ချက်ကို ခံယူပြီးတော့ မမြင်ကွယ်ရာ ကုဗတုံးပိုင်ရှင်ကို သွားတွေ့ရမဲ့ အချိန်ရောက်ပြီ”
“ အဲဒါဆိုလည်း သွားလေ”
“ အဲဒါဆို ကတိပေးခဲ့တဲ့ ကိစ္စကရော”
“ အဲဒါ ကျွန်မတို့ အချိန်ယူလို့ ရပါတယ်။ မဟုတ်ရင် ရှင့်ကျောက်ကပ်ထိလိမ့်မယ်”
“ ကောင်းပြီ”
ဝမ်ဝေ့က သူမ ပြောသည်ကား မှန်ကြောင်းသိ၍ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက အဝတ်အစား ဝတ်ကာ အိမ်တော်မှ ထွက်လာလိုက်၏။ သူက အပြင်ဘက်တွင် ဝမ်ကျူ စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသည်။
“ ဘယ်လိုလဲ”
“ သခင်လေး ထင်ထားတဲ့အတိုင်း သခင်လေး ဂိုဏ်းပြန်ရောက်လာပြီးတဲ့နောက်မှာ တပည့်တွေနဲ့ အကြီးအကဲတချို့က မူမမှန်ကြဘူး။ သူတို့ကို ဖမ်းဆီးပြီးတော့ စစ်ဆေးပြီးတဲ့နောက်မှာ သူတို့က အိပ်စက်သူအဖွဲ့ဝင် ဖြစ်နေတာကို သိခဲ့ရတယ်”
“ သူတို့က ပြန်လည်ဝင်စားလာတာလား”
“ မဟုတ်ဘူး။ သူတို့က ဒီမျိုးဆက်ကနေ ရွေးချယ်ခံရတဲ့သူတွေဖြစ်ပုံပဲ။ သူတို့ရဲ့နောက်ခံနဲ့ အရာအားလုံးက အပေါ်ယံမှာ သာမန်ပဲ။ တကယ်လို့ ကျွန်မတို့ရှာဖွေဖို့ ကြိုးစားတုန်းက သူတို့ရဲ့ဝိညာဉ်တွေကိုသာ မဖောက်ခွဲပစ်ဘူးဆိုရင် သူတို့တွေက အိပ်စက်သူအဖွဲ့ဝင်တွေမှန်း သိမှာတောင် မဟုတ်ဘူး။”
ဝမ်ဝေ့က စဉ်းစားလိုက်သည်။ သူက တိထျန်းသည် သူ့တားမြစ်ခံစစ်ဆေးမှု အခြေအနေကို စိတ်ဝင်စားနေမှန်း သိလိုက်၏။ ထို့ကြောင့် သူက ယခင်သုတ်သင်ရေးမှ လွတ်မြောက်သွားသည့် အိပ်စက်သူအဖွဲ့ဝင်တချို့ကို ရှင်းလင်းဖို့ လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။ ထိုလူများက အင်မတန်သစ္စာရှိပြီး သတင်းအချက်အလက် မပေါက်ကြားစေရန် သူတို့၏ ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်လိုက်သည်မှာ နှမြောစရာ ကောင်းလှ၏။
“ ကောင်းပြီ။ အဲဒါဆို ကျူးကျော်နေတဲ့ကိစ္စကရော ဘယ်လိုဖြစ်သွားပြီလဲ”
“ ကိစ္စတွေက အစီအစဉ်အတိုင်း ဖြစ်နေပါတယ်။ ကျွန်မတို့တွေ ကံကြမ္မာခိုးယူရေးနည်းစနစ်ကို အသုံးပြုပြီးတော့ အသင်္ချေအင်ပါယာကမ္ဘာ ဂိုဏ်းအများစုကို ကျူးကျော်ဝင်ရောက်နိုင်ခဲ့တယ်။ ကျွန်မတို့ရဲ့ အဖွဲ့သားတချို့က အားနည်းတဲ့ ဧကရာဇ်မျိုးဆက်ရဲ့ ဧကရာဇ်ကျမ်းတချို့ကို ရရှိပြီးသွားပြီ။ အားကောင်းတဲ့သူတွေအတွက်ကတော့ ကျွန်မတို့ အချိန်ယူရဦးမယ်”
“ အမြဲတမ်း သတိထားဖို့ မှတ်ထားဦး” ဝမ်ဝေ့က ပြောလိုက်သည်။
“ ပင်လယ်မျိုးနွယ် ကိစ္စရော ဘယ်လိုရှိလဲ”
“ ကိစ္စတွေက ပိုပြီးတော့ နှေးတယ်။ ဒါပေမဲ့ တိုးတက်မှုတချို့တော့ ရှိပါတယ်”
“ တကယ်လို့ ဖြစ်စဉ်ကို တိုးတက်စေချင်ရင် ရှောင်စုန့်ရှီကို ဆက်သွယ်လိုက်”
“ သူက ကူညီချင်ပါ့မလား” ဝမ်ကျူက မေးလိုက်သည်။
“ သူက လိုလိုလားလားတော့ လုပ်မှာမဟုတ်ဘူး” ဝမ်ဝေ့က ပြောလိုက်၏။ ထို့နောက် ဝမ်ကျူက ခေါင်းညိတ်ကာ နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
“ မင်းက အခုထိ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်ပဲ ရှိသေးတာလား”
“ သခင်လေး ကျွန်မကလေ…”
“ မင်းကို အပြစ်တင်နေတာ မဟုတ်ဘူး” ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီးသည့်နောက် အနက်ရောင်ကျောက် တစ်ခုကို ထုတ်ပေးလိုက်သည်။
“ ဒါက ဧကရာဇ်တစ်ပိုင်းအဆင့် အရိပ်သလင်းကျောက်ပဲ။ ဒါနဲ့ဆိုရင် မင်းက လေဟာနယ်ဖြိုခွင်းခြင်းအဆင့်ကို မြန်မြန်ဆန်ဆန် ဝင်ရောက်နိုင်လိမ့်မယ်။ အဲဒါကြောင့် မင်း ကျင့်ကြံနေတုန်း မင်းနေရာကို ယာယီတာဝန်ယူမဲ့ တစ်ယောက်ယောက်ကို ရှာထားခဲ့လိုက်”
ဝမ်ကျူက ခေါင်းညိတ်ကာ “ သခင်လေးကို ကျေးဇူးတင်ပါတယ်”
“ မင်းက ငါ့လူဆိုမှတော့ ဆိုးဆိုးရွားရွား မဆက်ဆံပါဘူး။ အရိပ်ဂုဏ်သတ္တိရှိတဲ့ ပင်ကိုဝိညာဉ်ရတနာကိုလည်း ရှာပေးမယ်”
ဝမ်ကျူက ငြင်းပယ်လိုက်ချင်သော်လည်း သခင်လေး၏ စကားကို တွေးပြီးသည့်နောက် ကြိုတင်ကာ ကျေးဇူးတင်ထားလိုက်သည်။
“ နောက်ဆုံးအနေနဲ့ မိုရှင်းယွင်ကို စောင့်ကြည့်ထား။ အဓိကက သူမက ဘယ်လိုစည်းမျဉ်းအမျိုးအစားမျိုးကို ကျင့်ကြံတယ်ဆိုတာကို အာရုံစိုက်ထားလိုက်”
“ အကြောင်းအရင်းတစ်ခုခုများ ရှိလို့လား”
“ ဝါးမျိုခြင်းတာအိုက တားမြစ်ခံတာအိုဆိုပေမဲ့ သူမက တားမြစ်ခံ မဖြစ်ဘူး။ အဲဒါကြောင့် သူမရဲ့ ရုပ်ခန္ဓာက ဒီစစ်ဆေးမှုကနေ ကာကွယ်ပေးထားဖို့ လုံလောက်တယ်လို့ သံသယရှိမိတယ်။ အဲဒီအကြောင်းအရင်းကို သိမှ ဖြစ်မယ်”
စစ်ဆေးမှုအပြီးတွင် ဝမ်ဝေ့က တားမြစ်ခံအကြောင်းကို ဝမ်ကျူအား သင်ပေးခဲ့ပြီး ထိုခေါင်းစဉ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုဆောင်းလိုစေခဲ့သည်။
“ သူက နေမင်းကိုးပါး ဧကရာဇ်လိုမျိုး တူညီတဲ့နည်းလမ်းကို အသုံးပြုချင်နေတာလို့ ထင်နေတာလား”
“ ကိစ္စတွေက အဲ့လောက်ရိုးရှင်းဖို့ မျှော်လင့်ရတာပဲ” ဝမ်ဝေ့က အလေးအနက် ပြန်ပြောလိုက်သည်။
“ ဒီလိုဆိုရင် သူမကို သေချာစောင့်ကြည့်ထားလိုက်ပါ့မယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် သူမအား ပြန်လွှတ်လိုက်သည်။ ထို့နောက် သူက ဂိုဏ်း၏ ထွက်ပေါက်ဆီ ဦးတည်လာလိုက်သည်။ ထိုစဉ် တစ်စုံတစ်ယောက်က သူ့ရှေ့တွင် ပျံသန်းလာလေ၏။
“ အမေ ဒီမှာ ဘာလုပ်နေတာလဲ”
“ ဘယ်သွားမလို့လဲ” ယုယန်က မေးလိုက်သည်။
“ ကျွန်တော် စမ်းသပ်ချက်ခံယူဖို့ ကျတ်တီးလွင်ပြင်တစ်ခုကို သွားရှာမလို့”
“ ဂိုဏ်းရဲ့ စမ်းသပ်ချက်တောင်ကို ဘာလို့မသုံးရတာလဲ”
“ ကျွန်တော်ရဲ့ စမ်းသပ်ချက်က ကြီးလောက်တယ်။ အဲဒါပြီးရင် တခြားတစ်ယောက်ကို သွားတွေ့စရာ ရှိသေးတယ်”
ယုယန်က ဘာပြောရမှန်း မသိတော့ပေ။ ထို့ကြောင့် ဝမ်ဝေ့ကသာ ပြောလိုက်၏ “ အမေ ဘာမှမစိုးရိမ်ပါနဲ့။ ကျွန်တော် အကောင်းအတိုင်း ပြန်လာခဲ့ပါမယ်”
စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ယုယန်က သက်ပြင်းချကာ ပြောလိုက်၏ “ တစ်ခုခုဖြစ်ရင် အမေကို ဆက်သွယ်လိုက်နော်”
“ ကျွန်တော် ကတိပေးပါတယ်”
ယုယန်က ခေါင်းညိတ်လိုက်ပြီးနောက် ပျံသန်းထွက်လာလိုက်သည်။ ဝမ်ဝေ့က သူ့အမေ ပျံသန်းထွက်သွားသည်ကို ကြည့်နေရင်း ခေါင်းအသာယမ်းလိုက်၏။ ဂိုဏ်း၏ ကာကွယ်ရေး အစီအရင်အပြင်ဘက်တွင် သူက လေဟာနယ်အက်ကြောင်းတစ်ခု ခွဲကာ မိုင်များစွာ သဲများဖုံးလွှမ်းနေသည့် ကျတ်တီးလွင်ပြင်တစ်ခုသို့ ဦးတည်လိုက်၏။
ထို့နောက် သူက မမြင်ကွယ်ရာ ကုဗတုံး၏ ကာကွယ်ရေးကို ရုတ်သိမ်းလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို မိုင်သန်းချီ တိမ်တိုက်များက စတင်ပေါ်ထွက်လာကာ မှုန်မှိုင်းကာ လျှပ်စီးများနှင့် မီးတောက်များဖြင့် မြင်တွေ့နေရသည်။
ဝမ်ဝေ့က သူ့စည်းမျဉ်းပလ္လင်အနီးမှ စည်းမျဉ်းမျိုးစေ့ကို ထိန်းချုပ်ကာ ထိုတိမ်တိုက်များအတွင်း ပျံသန်းသွားလိုက်ပြီး မျက်လုံးကို မှိတ်ထားလိုက်သည်။ ထိုတိမ်တိုက်များကြားမှ လိမ္မော်ရောင်မီးတောက် တစ်ခု ထွက်ပေါ်လာပြီး စည်းမျဉ်းမျိုးစေ့ကို ဖျက်ဆီးပစ်ဖို့ ကြိုးစားနေသည်။ သို့သော်လည်း ထိုမျိုးစေ့မှ လျှို့ဝှက်ဆန်းကြယ် အရှိန်အဝါတစ်ခုက ကာကွယ်ပေးထား၏။
ထိုစဉ် ဝမ်ဝေ့က မိုးမြေ၏ စည်းမျဉ်းများသည် ပိုမိုနားလည်လွယ်ကူလာကြောင်း ခံစားမိလိုက်သည်။ လေဟာနယ်ဖြိုခွင်းခြင်းအဆင့် စမ်းသပ်ချက်ကို အောင်မြင်ဖို့ရာ နည်းလမ်းနှစ်ခု ရှိလေသည်။
တစ်ခုက ဝမ်ဝေ့ အသုံးပြုသည့် သမာသမတ်ကျသည့် နည်းလမ်းနှင့် စမ်းသပ်ချက် အောင်မြင်ဖို့ရာ မန္တန်များ၊ အသုံးအဆောင်များ သို့မဟုတ် ကျင့်စဉ်များ လိုအပ်သည့် သမာသမတ်မကျသည့် နည်းလမ်းဟူ၍ ဖြစ်သည်။
သမာသမတ် နည်းလမ်းများက ကျင့်ကြံသူများကို သူတို့၏ စည်းမျဉ်းအပေါ် နားလည်နိုင်စွမ်းအား နက်နဲလာစေသော်လည်း သူတို့က ခိုင်မာသည့် အခြေခံအုတ်မြစ်ရှိဖို့ လိုအပ်သည်။ မဟုတ်ပါက စမ်းသပ်ချက်သည် သူတို့၏ စည်းမျဉ်းမျိုးစေ့ကို ဖျက်ဆီးပစ်နိုင်သည်။ သမာသမတ်မကျသည့် နည်းလမ်းအတွက်မူ တူညီသည့် အကျိုးအမြတ်တော့ မရပေ။
လိမ္မော်ရောင်မီးတောက်က ဝိညာဉ်၏ စည်းမျဉ်းမျိုးစေ့ကို ဖျက်ဆီးဖို့ ကြိုးစားပြီးသည့်နောက်တွင် ပျောက်ကွယ်သွားသည်။ ထို့နောက် အစိမ်းရောင် လေပြင်းတစ်ချက် ထွက်ပေါ်လာပြီး ကြိုးစားကြည့်လေသည်။ ထိုအရာလည်း အသုံးမဝင်ပေ။
ထို့နောက်တွင် အနီရောင်လျှပ်စီး ဖြစ်လာပြီး မျိုးစေ့ပေါ်သို့ မိုးကြိုးများ ပစ်ချခဲ့၏။ အနည်းဆုံး တစ်နာရီကြာ ကြာမြင့်ခဲ့သည်။ ထိုဖြစ်စဉ်အတွင်း ဝမ်ဝေ့က နည်းနည်းလေးမှ မလှုပ်ပေ။
ထိုမိုးကြိုးချက် ရပ်တန့်သွားသည့်အခါ စမ်းသပ်ချက်က အဆုံးသတ်သွားသင့်သော်လည်း မရပ်တန့်သေးပေ။ ထို့ကြောင့် ဝမ်ဝေ့က မျက်လုံးဖွင့်လိုက်သည်။ သူက တိမ်တိုက်များကြား စမ်းသပ်ချက် မိုးကြိုးများဖြင့် ပြုလုပ်ထားသည့် သားရဲအုပ်ကို မြင်လိုက်ရသည်။
သူက သူ့စည်းမျဉ်းမျိုးစေ့ရှေ့တွင် ချက်ချင်း ပေါ်ထွက်လာပြီး ထိုစမ်းသပ်ချက်သားရဲအုပ်ကို မြင်လိုက်ရသည့်အခါ အကြည့်များက တောက်ပသွားသည်။ သူက ထိုအရာများကို နှိမ်နင်းနိုင်သရွေ့ သူ့နားလည်နိုင်စွမ်းက ပိုမိုတိုးမြင့်လာမည်ဟု ခံစားချက်ရနေသည်။
ထို့ကြောင့် သူက လေထဲတွင် တင်ပျဉ်ခွေကာ မျက်လုံးမှိတ်ပြီး ပါးစပ်ဖွင့်ကာ ရှူသွင်းလိုက်၏။ သူ့ပါးစပ်က အဆုံးမဲ့တွင်းနက်ကြီး ပါဝင်နေသလိုမျိုး ထိုသက်ရှိများအား မရပ်မနား ဝါးမျိုပစ်တော့သည်။
သူ့အား အံ့အားသင့်သွားစေသည်က ထိုဖြစ်စဉ်သည် နှစ်နာရီ ကြာမြင့်သွားသော်လည်း မပြီးဆုံးသေးပေ။
ထိုတိမ်တိုက်ကြား အဝါရောင် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထိုပုံရိပ်က လူသားပုံသဏ္ဌာန်မျှရှိပြီး တခြားဘာမှမပိုပေ။
“ နတ်ဘုရားတို့ရဲ့ နေဝင်ချိန်” ထိုအဝါရောင် ပုံရိပ်က ပြောလိုက်သည့်အခါ ပတ်ဝန်းကျင်တစ်ခုလုံးက စက္ကန့်ပိုင်းကြာ မှောင်မဲသွားပြီး ပုံမှန် ပြန်ဖြစ်သွားသည်။
ပင်ကိုဒိုင်းကာကို အသက်သွင်းထားသည့် ဝမ်ဝေ့ကမူ အကောင်းအတိုင်းရှိနေဆဲ ဖြစ်၏။
သို့သော်လည်း သူက ထိုတိုက်ကွက်သည် သူ့ပတ်ဝန်းကျင်မှ စွမ်းအင် သို့မဟုတ် အရာဝတ္ထုအားလုံးကို ဖျက်ဆီးပစ်လိုက်ကြောင်း အာရုံခံမိလိုက်သည်။
“ နေဝင်ဖျိုးဖျဧကရာဇ်ရဲ့ အမှတ်အသားလား” သူက အခြေအနေကို သုံးသပ်ရင်း ရေရွတ်လိုက်သည်။ သူက ကျင့်ကြံသူများသည် ယခင်ဧကရာဇ်များ၏ အမှတ်အသားများဖြင့် တိုက်ခိုက်ရသည့် ရှားရှားပါးပါး စမ်းသပ်ချက်ပုံစံမျိုးကို ဖတ်ရှုဖူး၏။
ကြည့်ရသည်မှာ သူက ထိုသို့သော စမ်းသပ်ချက်မျိုးကို ဖြတ်ကျော်နေရဟန်ပေါ်သည်။
“ အသင်္ချေအင်ပါယာကမ္ဘာရဲ့ နေဝင်ချိန်” အဝါရောင်ပုံရိပ်က ပြောလိုက်သည့်အခါ ထိုတိုက်ကွက်က သူတို့ရှိနေသည့် နယ်မြေတစ်ခုလုံးအား စတင်တုန်ခါလာစေ၏။ ထို့နောက် ထိုပုံရိပ်ဆီမှ မဟူရာအလင်းတစ်ချက် ထွက်ပေါ်လာသည်။ ထိုအလင်းတန်းမှာ အလယ်အလတ်ကမ္ဘာရာချီကို ဖျက်ဆီးပစ်နိုင်ကြောင်း ခံစားမိလိုက်သည်။
ဝမ်ဝေ့က လက်ကို မြှောက်ကာ ထိုမဟူရာအလင်းတန်းကို ဖမ်းဆုပ်လိုက်ပြီး အလွယ်တကူ ချေမွပစ်လိုက်သည်။ သူက ခေါင်းအသာယမ်းပြီး ပြောလိုက်၏ “ တကယ်လို့ ခင်ဗျားသာ အစစ်ဆိုရင် စိန်ခေါ်မှုတချို့ကို ပေးနိုင်မှာပဲ”
ထိုသို့ပြောပြီးသည့်နောက်တွင် သူက လက်ဝှေ့ကာ တုန်ခါလှိုင်းတစ်ခုကို ဖန်တီးလိုက်သည်။ ထိုအရာက မြန်ဆန်လွန်း၍ အဝါရောင်ပုံရိပ်ပင် အချိန်မှီ မတုံ့ပြန်နိုင်လိုက်ပေ။ ထို့ကြောင့် ထိုအရာ၏ ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် ထူးဆန်းသည်က ချက်ချင်း ပျောက်ကွယ်မသွားသေးဘဲ အဝါရောင်ပုံရိပ်က အင်မတန်လှပကာ ဆွဲဆောင်မှုရှိသည့် ကောင်မလေးအသွင် ပြောင်းလဲသွားသည်။
ထိုလူ၏ မျက်နှာကို ကြည့်ရင်း ဝမ်ဝေ့က ပြောလိုက်သည် “ နေဝင်ဖျိုးဖျ ဧကရာဇ်လား။ ခင်ဗျားကို အမျိုးသားလို့ ထင်နေတာ”
“ ငါက ငါ့စိတ်ကြိုက် လုပ်လို့ရတယ်” သူမက အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
“ အဲဒါဆိုတော့ ဒီတစ်ခါ ဘာလို့များလာတွေ့ပါလိမ့်”
“ မင်းက မအံ့ဩမိဘူးလား”
“ ကျွန်တော်က ခင်ဗျားတို့လို အားကောင်းတဲ့ ပုဂ္ဂိုလ်တွေကို တွေ့ဖူးတာ ပထမဆုံးအကြိမ် မဟုတ်တော့ဘူး”
“ မင်းရဲ့ ထူးဆန်းပုံနဲ့ဆိုရင်တော့ ဒါက နားလည်လို့ရပါတယ်”
ဝမ်ဝေ့က ပုခုံးတွန့်ကာ ထပ်မေးလိုက်သည်။
“ ကျွန်တော်က ဘာလုပ်ပေးရမလဲ”
“ ဘာမှမဟုတ်ဘူး။ ငါက ဒီကိုလာရမယ်လို့ ခံစားချက်ရနေလို့ လာစစ်ဆေးကြည့်ရုံပဲ”
နေဝင်ဖျိုးဖျ ဧကရာဇ်က သူ့အား ခြုံငုံကြည့်လိုက်ပြီး “ မင်းက စိန်ခေါ်မှု လိုချင်တယ်လို့ ပြောလိုက်တယ်မလား”
“ ဟုတ်ပါတယ်” ဝမ်ဝေ့က တိုက်ခိုက်လိုစိတ်ဖြင့် ပြောလိုက်သည်။
“ ကောင်းပြီ။ မင်း ဒီတိုက်ကွက်ကို ခုခံနိုင်မလား ကြည့်ရအောင်။ မိစ္ဆာအားလုံးရဲ့ နေဝင်ချိန်”
ဝမ်ဝေ့ မတုံ့ပြန်နိုင်ခင် အနက်ရောင် စက်လုံးတစ်ခုက သူ့အား လွှမ်းခြုံသွားပြီး ပျောက်ကွယ်သွားသည်။ ထိုအရာ ပေါ်ထွက်လာပြီးသည့်နောက် သူ့အရေပြားတချို့က ပျောက်ကွယ်သွားလေသည်။ ထို့နောက် ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်လာ၏။
“ အတော်လေးကို ကြောက်ဖို့ကောင်းတဲ့ ခန္ဓာကိုယ်ပဲ” နေဝင်ဖျိုးဖျ ဧကရာဇ်က ရေရွတ်လိုက်သည်။
ထိုစဉ် ဝမ်ဝေ့ကမူ အတွေးလွန်သည့် အမူအရာမျိုးရှိနေလေသည်။
“ ဒီတိုက်ကွက်က ကျုပ်လိုမျိုး တကယ့်အစစ်အမှန်မိစ္ဆာတွေကို တိုက်ခိုက်ဖို့ လုပ်ထားတဲ့ဟာပဲ။ ပြီးတော့ တစ်ခု ရှိနေသေးတယ်။ ဒါက နေဝင်ချိန်စွမ်းအား မဟုတ်ဘဲနဲ့ ဖျက်ဆီးခြင်းတာအိုပဲ။ ခင်ဗျားက တားမြစ်ခံစစ်ဆေးမှုကို အောင်မြင်ဖို့ အဲဒီတာအိုကို စွန့်ပယ်လိုက်ပြီ မဟုတ်ဘူးလား”
“ ငါ စွန့်ပယ်လိုက်တာပေါ့။ ဒါပေမဲ့ ဖျက်ဆီးခြင်းတာအိုက ငါ့လမ်းစဉ်ပဲ။ အဲဒါကြောင့် ငါ့ရဲ့ ပင်မတာအိုကို ပြောင်းလဲပစ်ဖို့ နည်းလမ်းရှာခဲ့တာ”
“ အဲလိုက ဖြစ်နိုင်လို့လား”
“ ဖြစ်နိုင်တာပေါ့။ အဲဒါက အတော်လေး ခက်ခဲနိုင်တယ်ဆိုပေမဲ့လည်း … ”
“ ကျွန်တော် သိပြီ”
“ ကောင်းပြီ။ ငါ သွားရတော့မယ်”
“ အဲလောက်တောင် မြန်မြန်ကြီးလား။ ကျွန်တော်က တာအိုအကြောင်း ဆွေးနွေးခွင့်ရမယ် ထင်နေတာ”
“ ငါက ဒီမှာ ကြာကြာမနေနိုင်တာ ကံမကောင်းတာပဲ။ ငါ့တည်ရှိမှုက တချို့ပိုးဟပ်တွေကို ခြိမ်းခြောက်မှု ဖြစ်စေတယ်။ သူတို့က ကောင်းကောင်းအိပ်စက်နိုင်မှာ မဟုတ်ဘူး။ ငါ့စိတ်ဆန္ဒကို ဒီကို လွှတ်လိုက်မှန်း သိရင် ပြဿနာလာရှာလိမ့်မယ်”
ဝမ်ဝေ့က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် သူက ဘာမေးခွန်းမှ ထပ်မမေးပေ။
နေဝင်ဖျိုးဖျ ဧကရာဇ်က ပြုံးလိုက်ပြီးနောက် လက်ဝှေ့ကာ အနက်ရောင် မျိုးစေ့ကို ချန်ထားခဲ့သည်။
“ ဒါက ဖျက်ဆီးခြင်းတာအိုအပေါ် ငါ့နားလည်နိုင်စွမ်းတချို့ပဲ။ လျှို့ဝှက်အထွတ်အထိပ်တာအိုကို ကျင့်ကြံတဲ့သူ တစ်ယောက်အနေနဲ့ မင်း ဒီကနေ သင်ယူနိုင်လိမ့်မယ်”
ဝမ်ဝေ့က ထိုမျိုးစေ့ကို ကြည့်ကာ ပြောလိုက်၏ “ ကျွန်တော်က လူတွေအပေါ် ကံကြွေးတင်ရတာ မကြိုက်ဘူး”
နေဝင်ဖျိုးဖျဧကရာဇ်က လက်ဝှေ့လိုက်ပြီး ထိုမျိုးစေ့ပေါ်မှ ကံကြွေးကို အဆုံးသတ်ပစ်လိုက်သည်။ ထို့နောက် ပျောက်ကွယ်သွားလေ၏။ ဝမ်ဝေ့က တုံ့ဆိုင်းခြင်းမရှိ သူမ၏ လက်ဆောင်ကို လက်ခံထားလိုက်သည်။
***