ထုတ်ဖော်ခြင်း
Vol. 36 Ch. 504
“ တာအိုနယ်ရှင် ဖြစ်လာပြီးတဲ့နောက်မှာ ငါ့ချီကံကောင်းမှုကို တိုးမြှင့်ဖို့ နည်းလမ်းများလား” ဝမ်ဝေ့က ရေရွတ်လိုက်ပြီး မဟာဧကရာဇ်တစ်ပါး၏ တာအိုနားလည်နိုင်စွမ်းကို ရရှိဖို့ရာ မလွယ်ကူကြောင်း တွေးလိုက်မိသည်။ ပြောရလျှင် ထိုသူက မဟာဧကရာဇ်ထက်ပင် ပိုမိုမြင့်မားနေနိုင်၏။
ထိုအရာကို အာရုံစိုက်ပြီးနောက် သိပ်မကြာခင် ဝမ်ဝေ့က မျက်လုံးမှိတ်လိုက်ပြီး သူ့နားလည်မှုကိုသာ ဆက်လက်လုပ်ဆောင်လိုက်သည်။ အချိန်တချို့ကြာမြင့်ပြီးနောက် သူ့စည်းမျဉ်းမျိုးစေ့က ရုတ်ချည်း ပြောင်းလဲသွားကာ ကံကြမ္မာအငွေ့အသက်အပြင် အချိန်အငွေ့အသက်ပါ ထွက်ပေါ်လာသည်။
ဝမ်ဝေ့ နားလည်သည့် ဒုတိယစည်းမျဉ်းက အချိန်စည်းမျဉ်း ဖြစ်၏။ သဘောတရားအရ ထိုအရာသည် ကျန့်ချောင်း၏ လွတ်လပ်ခွင့်စည်းမျဉ်း ဖြစ်သည်။ သို့သော်လည်း သူက ကံကြမ္မာတာအိုနှင့် လွတ်လပ်ခွင့်တာအိုတို့ကို ပေါင်းစပ်ဖို့ရာ ယင်ယန်စည်းမျဉ်းကို နားလည်ဖို့ လိုအပ်နေသည်။
နောက်ဆုံးတွင် သူက စည်းမျဉ်းမျိုးစေ့ကို စည်းမျဉ်းပလ္လင်နှင့် ပြန်လည်စုပ်ယူလိုက်၏။ ဝမ်ဝေ့က ခေါင်းမော့ကာ ဝေဟင်အထက် ကြည့်လိုက်သည့်အချိန် အသင်္ချေအင်ပါယာကမ္ဘာအထက် ကောင်းချီးတိမ်တိုက်များ ထွက်ပေါ်လာပြီး သူက လေဟာနယ်ဖြိုခွင်းခြင်းအဆင့်သို့ ဝင်ရောက်သည့် တတိယလူ ဖြစ်ကြောင်း ကြေညာနေသည်။
သူက နောက်ထပ် လူ ၂ ယောက် အဆင့်တက်လှမ်းပြီးပါက ကောင်းကင်တာအိုသည် ယခင်မျိုးဆက်ဟောင်းအတွက် အထွတ်အထိပ်လမ်းစဉ်ကို ဖွင့်လှစ်ပေးလိမ့်မည်။
“ သိပ်မကြာတော့ဘူးပဲ” ဝမ်ဝေ့က တစ်နေရာသို့ လှမ်းကြည့်ရင်း ရေရွတ်လိုက်သည်။ သူက တစ်စုံတစ်ယောက်သည် သူ့အား ဖိတ်ကြားချက် ပို့ဆောင်လိုက်သည်ကို ခံစားမိလိုက်၏။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ အာကာပြင်ကို ချိုးဖောက်ကာ ထိုနေရာသို့ ဦးတည်လိုက်သည်။
သူက ကောင်းကင်အထက် မျောလွင့်နေသည့် ကျွန်းငယ်တစ်ခုကို ကြည့်လိုက်သည်။ ထိုအရာကို အစီအရင်မြောက်များစွာဖြင့် ကာရံထား၏။ သူက ထိုနေရာသို့ ရောက်ရှိသွားသည့်အခါ အစီအရင်များက သူ့အား ဝင်ခွင့်ပြုလာသည်။ ထို့ကြောင့် ဝမ်ဝေ့က ထိုမမြင်ကွယ်ရာကုဗတုံး၏ လျှို့ဝှက်ဆန်းကြယ်ပိုင်ရှင်နှင့် တွေ့ဆုံဖို့ ဝင်ရောက်လိုက်သည်။
သိပ်မကြာခင် သူက တင်ပျဉ်ခွေကာ အဖန်ရည်နှင့်အတူ စောင့်ဆိုင်းနေသည့် လူတစ်ယောက်ကို မြင်လိုက်ရ၏။
“ မင်းကိုး” ဝမ်ဝေ့က အမှန်တကယ် အံ့အားသင့်သွားမိသည်။
“ ဟုတ်တယ်။ ကျွန်မပဲ” ဓာတ်ငါးပါးမျှခြေညီ ရုပ်ခန္ဓာပိုင်ရှင် ကျန်းပိယုက ပြောလိုက်သည်။ ဝမ်ဝေ့က သူမကို လေ့လာရင်း ဘေးနားတွင် ဝင်ထိုင်လိုက်၏။
သူမ၏ အပြောင်းအလဲများက သတိပြုမိစရာ ကောင်းလွန်းလှသည်။ ကျန်းပိယု၏ ယခင်အပြစ်ကင်းကာ ဖြူစင်သည့် အကြည့်များက ယခုအခါ သေမျိုးလောက၏ မသန့်စင်မှုများနှင့်အတူ ဉာဏ်ပညာများဖြင့် ပြည့်ဝနေလေပြီ။ သူမ၏ ယခင်သန့်စင်နေသည့် စိတ်နှလုံးသားပါရမီက ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်၏။
“ မင်းက လုံးဝကွဲပြားတဲ့လူလို ဖြစ်သွားတာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“ တစ်နည်းနည်းတော့ ကျွန်မပါပဲ”
“ ခန္ဓာကိုယ်ပူးကပ်ခြင်းလား” ဝမ်ဝေ့က အတွေးများစွာ တွေးမိရင်း ပြောလိုက်သည်။
“ မဟုတ်ဘူး။ ပင်ကိုစရိုက်ကွဲ ရှိတာ။ အတိအကျပြောရရင်တော့ ဝိညာဉ်ခွဲပေါ့”
“ ဟုတ်တယ်။ တခြားပိယုနဲ့ ကျွန်မက အတူတူပဲ”
“ အဲဒါဆိုတော့ ဘယ်သူက အဓိကဝိညာဉ်လဲ”
“ ရှင် ဘယ်လိုထင်လဲ” ကျန်းပိယုက အပြုံးလေးဖြင့် မေးလိုက်သည်။
စိတ်ဝင်စားစရာပဲ။ တစ်ဖက်က စိတ်နှလုံးသားဖြူစင်တဲ့သူ။ တစ်ယောက်က ဉာဏ်များပြီးတော့ နည်းဗျူဟာတွေနဲ့ ပြည့်နှက်နေတဲ့သူ
“ မင်းက အမှန်တရားကို ပြောပြမယ်လို့ ကတိပေးထားတယ်လေ” ဝမ်ဝေ့က မမြင်ကွယ်ရာ ကုဗတုံးကို ထုတ်လိုက်ပြီးနောက် သူမအား ပေးလိုက်သည်။
ကျန်းပိယုက ထိုကုဗတုံးအား ကြည့်လိုက်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်၏ “ ကျွန်မ ရှင့် အကူအညီကို လိုတယ်”
ဝမ်ဝေ့က အဖန်ရည် တစ်ငုံသောက်ကာ အကြည့်များက လင်းလက်တောက်ပသွားသည်။ အဖန်ရည်က ဓာတ်ငါးပါးအပေါ် အခြေခံထားသည့်အတွက် သောက်သုံးသူအား သဟဇာတဖြစ်နေသည့် အရသာ ၅ မျိုးကို တွေ့ကြုံခံစားရစေနိုင်သည်။
တကယ်ကို အဖန်ရည်ကောင်းပဲ။ ဒိကိစ္စပြီးရင် သူမဆီမှာ နည်းနည်းလောက် ထပ်ရှိသေးလား မေးကြည့်ရမယ်…
“ ဒိုင်မေးရှင်းအနိမ့်မှာ တချို့ဧကရာဇ်တွေက ထွက်သွားမဲ့အစား ဒီမှာပဲ ဆက်ကျင့်ကြံဖို့ ပုန်းအောင်းနေကြတယ်ဆိုတာကို သိတယ်မလား။” ကျန်းပိယုက ပြောလိုက်သည်။
“ ကြားဖူးပါတယ်”
သူမက ခေတ္တရပ်တန့်လိုက်ပြီးနောက် တစ်စုံတစ်ခုကို အမှတ်ရသွားသည့်အလား သူမ မျက်ဝန်းအထက် ဝမ်းနည်းမှု ထွက်ပေါ်လာသည်။
“ ပြောရရင် ကျွန်မက သူတို့ထဲက ကိုယ်ပွားတစ်ခုပဲ”
ဝမ်ဝေ့က ဘာမှဆက်မပြောသေးပေ။
“ နှလုံးသားငါးခု ဧကရာဇ်က တခြားကမ္ဘာ့အသိုက်အဝန်းက ဒုတိယတန်းစားဧကရာဇ်ပဲ။ ဒါပေမဲ့ သူမက အကြောင်းအရင်းတချို့ကြောင့် အထက်ဘုံကို မတက်လှမ်းချင်ဘူး။ အဲဒီအစား သူမက ကိုယ်ပွားအများကြီး ဖန်ဆင်းတဲ့နည်းလမ်းကို အသုံးပြုပြီးတော့ သံသရာဆီ စေလွှတ်ခဲ့တယ်။ အဲဒီကိုယ်ပွားတွေက တာအိုကို သက်သေပြပြီးတဲ့နောက်မှာ သူမက သူမရဲ့ မဟာတာအိုအရင်းအမြစ်ကို နားလည်နိုင်စွမ်းကို တိုးမြှင့်ဖို့ သူတို့ကို သန့်စင်လိမ့်မယ်”
ကျန်းပိယုက ဝမ်ဝေ့အား ကြည့်ကာ သူ့တုံ့ပြန်မှုအား စစ်ဆေးနေလေ၏။ သို့သော် သူကမူ အဖန်ရည်တစ်ငုံသာ သောက်နေလေသည်။
“ အဲဒါဆို သူမက ကောင်းကင်တာအိုရဲ့ မြင်ကွင်းကနေ ဘယ်လိုလုပ် လွတ်မြောက်တာလဲ။ သူမရဲ့ အပြုအမူတွေက ကောင်းကင်အလိုဆန္ဒတိုက်ပွဲနဲ့ လေ့ကျင့်နေတဲ့ ပုံစံဖြစ်သွားမှာပေါ့။ ဒုတိယတန်းစားဧကရာဇ်က အဲလိုနည်းလမ်းမျိုး ရှိတယ်ဆိုတာ သံသယဝင်စရာပဲ”
“ ကျွန်မလည်း အတိအကျမသိဘူး။ ဒါပေမဲ့ သူမဆီမှာ အကူအညီ ဖြစ်စေမဲ့ ထူးကဲတဲ့ ဟွင်သွမ်းရတနာတချို့ရှိတယ်လို့ ထင်တယ်”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီးနောက် တခြားမေးခွန်းတစ်ခု ထပ်မေးလိုက်သည်။
“ ကိုယ်ပွားအနေနဲ့ မင်းက အဲလိုအရာမျိုးကို ဘယ်လိုလုပ်သိတာလဲ”
“ ဒါက ကျွန်မရဲ့ ဒုတိယဘဝပဲ” ကျန်းပိယုက ပြောလိုက်သည် “ ပထမဘဝတုန်းက အမှန်တရားကို သိစေမဲ့ ကံအပြောင်းအလဲ အခွင့်အရေးတချို့ကို ကြုံတွေ့ခဲ့ရတယ်။ အဲဒါကြောင့် ကျွန်မက နောက်ဆုံး ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ တမင် ဆိုးဆိုးရွားရွား လုပ်ခဲ့တယ်။ မသေခင်မှာ ကိုယ်ပွားတစ်ယောက်အနေနဲ့ အဆင့်အတန်းကို ဖယ်ရှားပြီး သံသရာထဲ ဝင်ရောက်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကျွန်မ ကျရှုံးခဲ့တယ်။ ပိုဆိုးရွားတာက ဒီမျိုးဆက်မှာ ကျွန်မက ပင်မခန္ဓာကိုယ်နဲ့ ဆက်သွယ်မှု တိုးမြှင့်ပေးနိုင်တဲ့ ဓာတ်ငါးပါးမျှခြေညီရုပ်ခန္ဓာကို ရရှိခဲ့တာပဲ ”
“ အဲဒါဆိုတော့ နှလုံးသားငါးပါးဧကရာဇ်ကလည်း ဓာတ်ငါးပါးတာအိုကို ကျင့်ကြံတာလား”
“ ဟုတ်တယ်။ ကိုယ်ပွားတွေနဲ့အတူတူပေါ့”
“ အဲဒါဆိုရင် မင်း အနေအထားကြောင့် အမှန်တရားကို သိတာက တိုက်ဆိုင်မှုလို့ ထင်လား” ဝမ်ဝေ့က မေးလိုက်သည်။
“ တစ်ယောက်ယောက်က ကြိုးကိုင်နေတယ်ဆိုတာကို သိတယ်။ အဲဒါမှ ကျွန်မက သူမအပြုအမူတွေရဲ့ ကံတန်ပြန်သက်ရောက်မှု ဖြစ်မှာလေ။ ဒါပေမဲ့ ကျွန်မက လွတ်လပ်ခွင့်ရသရွေ့ ကိစ္စမရှိဘူး”
“ သူမက ဘယ်လောက်အားကောင်းလဲ”
“ ကျွန်မရဲ့ နောက်ဆုံး ပြန်လည်ဝင်စားခြင်းအပေါ်မှာ မူတည်ပြီးတော့ သူမက မဟာတာအိုအရင်းအမြစ် ၄၀ ရာခိုင်နှုန်းလောက်အထိရှိတယ်”
“ လေးဆယ်ရာခိုင်နှုန်းတဲ့လား။ အဲဒါက မျိုးဆက်တစ်ခုချင်းစီမှာ တာအိုကို သက်သေပြတဲ့ ကိုယ်ပွားတွေအားလုံးကို ထည့်မတွက်ထားဘူးဆိုရင်တောင် အတော်လေးကို မြင့်မားနေပြီ။ အဲဒါဆိုတော့ သူမက ဒိုင်မေးရှင်းအနိမ့်မှာ အတော်အကြာကြီး ရှိနေခဲ့တာပေါ့”
“ အဲလိုမျိုးပဲ”
“ အဲဒါဆိုတော့ ငါ့ကို ဘာလုပ်စေချင်တာလဲ” ဝမ်ဝေ့က သူမ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိသော်လည်း မေးလိုက်သည်။
“ ကျွန်မက ဒီမျိုးဆက်မှာ တာအိုကို သက်သေမပြနိုင်ဘူး။ မဟုတ်ရင် ကျွန်မရဲ့ ကံကြမ္မာက တခြားသူတွေနဲ့ အတူတူဖြစ်သွားလိမ့်မယ်။ အဲဒါကြောင့် ထာဝရဧကရာဇ်ကပဲ သူမနဲ့ ညှိနှိုင်းပြီးတော့ ကျွန်မအတွက် လွတ်လပ်ခွင့်ကို ယူပေးနိုင်မှာ”
“ အဲဒါဆို ငါ့ကို ဘာလို့ ရွေးချယ်တာလဲ”
“ ရှင့်တင်မကဘူး။ ကျွန်မက တခြားသူတွေကိုလည်း ကျွန်မကို တစ်ရက်ကျ ပြန်ကူညီပေးနိုင်ဖို့ တိတ်တဆိတ် ကူညီပေးထားပြီးပြီ။ လင်းဖန်ရဲ့ သတ်ဖြတ်ရေးစစ်ဆေးမှု အမှတ်အသားပြားကတောင် ကျွန်မဆီက ရသွားတာ။ သူ့ တားမြစ်ခံစစ်ဆေးမှုအကြောင်း သဲလွန်စမပေးခင် မြန်မြန်ဆန်ဆန် သေဆုံးသွားတာက နှမြောစရာပဲ”
ကျန်းပိယုက သက်ပြင်းချလိုက်သည်။ သူမက ပင်မခန္ဓာကိုယ်ဆီမှ ပုန်းအောင်းဖို့ရာ လိုအပ်နေသောကြောင့် သူမ၏ ဝိညာဉ်တစ်စိတ်တစ်ပိုင်းသည် ဆက်တိုက် အိပ်စက်နေရမည်ဖြစ်ကာ ရံဖန်ရံခါမှ နိုးထလာတတ်၏။
ထို့ကြောင့် သူမက လင်းဖန်အား တားမြစ်ခံ စစ်ဆေးမှုအကြောင်း ထုတ်ဖော်ဖို့ အခွင့်အရေး မရလိုက်ပေ။
“ တိထျန်းဆီရော ရင်းနှီးမြှုပ်နှံထားသေးလား”
“ မလုပ်ဘူး”
“ ဘာလို့လဲ”
“ ကျွန်မက သူ့ကို ကူညီမဲ့ နည်းလမ်း မရှိဘူး။ ပြီးတော့ သူက ကံကြွေးပြန်ဆပ်ဖို့ ဂရုစိုက်နေမဲ့ လူစားမျိုး မဟုတ်ဘူး။”
ဝမ်ဝေ့က ထိုစကားကို ဘာမှပြန်မပြောပေ။ သူက တိထျန်း၏ စရိုက်ကို မှတ်ချက်ပေးလောက်အောင် ကောင်းကောင်းသိမထားပေ။ ထို့ကြောင့် သူက အဖန်ရည်သာ သောက်သုံးရင်း မေးလိုက်၏ “ ပင်ကိုရတနာတစ်ခုက အဲလိုမျိုး အားကောင်းတဲ့ဧကရာဇ်ရဲ့ ရန်သူဖြစ်အောင် လုပ်ဖို့ လုံလောက်ပြီလို့ ထင်လား”
“ ပြောရရင် ဒီကုဗတုံးက ရှင့်ကို စစ်ဆေးမှုအောင်မြင်ဖို့ နည်းနည်းလေးမှတောင် အကူအညီ မဖြစ်ခဲ့ဘူးလို့ အရိုးသားဆုံးပြောရဲလား” သူမက ပြန်ဖြေလိုက်သည်။
ဝမ်ဝေ့က ထိုအချက်ကို မငြင်းပယ်နိုင်ပေ။ သူက ကောင်းကင်တာအိုသည် သူ့အနာဂတ်ဗုဒ္ဓကိုယ် တွက်ချက်မှုများကို မြင်နိုင်သည်လား မမြင်နိုင်သည်လား မသိရပေ။ မည်သို့ပင်ဆိုစေကာမူ သူက သံသယလွန်ကဲမှု စတင်ဖြစ်လာစဉ် ကုဗတုံးက ကူညီပေးခဲ့သည်။
ထိုအရာကြောင့်သာ မဟုတ်လျှင် သူ့စိတ်အခြေအနေက အကောင်းဆုံးအခြေအနေတွင် ရှိမည် မဟုတ်သောကြောင့် စစ်ဆေးမှုကို အောင်မြင်မည်လား မပြောတတ်ပေ။ ကျန့်ချောင်းသည် သူ့သံသယအား အခွင့်ကောင်းယူကာ တိုက်ခိုက်မည်မှန်း သေချာလေသည်။ ထို့ကြောင့် သူသာ နှလုံးသားနက်နှင့် တွေ့ဆုံစဉ်အခါက မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်စွမ်းရှိမည်လားဟုလည်း မသေချာပေ။
“ အခုတော့ အဖြေ တန်းမပေးနိုင်သေးဘူး”
“ အဆင်ပြေပါတယ်” ကျန်းပိယုက သူ ဆုံးဖြတ်ချက်ချပြီးသည့်အခါ ဆက်သွယ်ဖို့ အဆောင်တစ်ခုကို ပေးလိုက်သည်။ ထို့နောက် သူမဆီမှ လက်ဖက်ရွက်တချို့ကို တောင်းပြီးနောက် ထွက်လာလိုက်၏။
ဝမ်ဝေ့က အပြန်ခရီးလမ်းတွင် သူ ထွက်လာခဲ့သည့်နေရာမှ စမ်းသပ်ချက်စွမ်းအားကို ခံစားမိလိုက်သည်။ ထို့ကြောင့် ကျန်းပိယုသည် လေဟာနယ်ဖြိုခွင်းခြင်းအဆင့် စမ်းသပ်ချက်ကို ခံယူနေကြောင်း သိလိုက်၏။
ဝမ်ဝေ့က အိမ်သို့ ပြန်လာပြီးသည့်အခါ သူ့တောင်သို့ ပြန်မသွားခင် သူ့အမေနှင့် သွားရောက်တွေ့ဆုံခဲ့သည်။
“ နေဝင်ဖျိုးဖျ ဧကရာဇ်နဲ့ တွေ့ခဲ့တာလား” ဝူဟုန်က သူ့အား ကြည့်ရင်း မေးလိုက်သည်။
“ တွေ့ခဲ့တယ်။ မင်း ဘယ်လိုလုပ် သိတာလဲ”
“ သူတို့ရဲ့ တည်ရှိမှုကို ခံစားမိလိုက်လို့”
“ သူတို့နဲ့ သိတာလား”
“ ဟုတ်တယ်” သူမက အနည်းငယ် လွမ်းဆွတ်စွာဖြင့် ပြောလိုက်သည် “ နေဝင်ဖျိုးဖျဧကရာဇ်က ထာဝရဧကရာဇ် ဒါမှမဟုတ် ထာဝရကောင်းကင်ဘုံအဆင့် ဖြစ်မလာဘဲနဲ့ အဆုံးစွန်မဲ့ စံပြတစ်ယောက်ဖြစ်လာတဲ့ တစ်ဦးတည်းသောသူပဲ”
“ အဲဒါက အံ့ဩဖို့ကောင်းတာပဲ။ ဒါပေမဲ့ မင်းတို့က ဒီအတိုင်း လူချင်း သိနေတယ်လို့ ဘာလို့ ခံစားမိနေပါလိမ့်”
“ ကျွန်မတို့ အချင်းချင်းသိတယ်။ ကျင့်ကြံရေးလောကက အမျိုးသားတွေဦးဆောင်နေတဲ့ ကမ္ဘာဖြစ်နေတုန်းပဲလေ။ အဲဒါကြောင့် အမျိုးသမီး ဧကရာဇ်တွေက တစ်ယောက်နဲ့တစ်ယောက် ကာကွယ်ဖို့ အဖွဲ့ဖွဲ့ထားကြတယ်။ အဲဒါကြောင့် ကျွန်မ တက်လှမ်းသွားတုန်းက နေဝင်ဖျိုးဖျဧကရာဇ်၊ ရှင့်ရဲ့ ဘိုးဘေး ဓားဧကရီနဲ့ တခြားသူတွေက ကျွန်မကို ကာကွယ်ပြီးတော့ ကြီးထွားဖို့ ခွင့်ပြုပေးခဲ့တယ်။
အဲဒီတုန်းက အစစ်အမှန်နတ်ဆိုးကို သုတ်သင်ပြီးပြီဆိုပေမဲ့ သူ့ရဲ့ နောက်လိုက်တွေတချို့ ကျန်ရှိနေသေးတယ်။ အဲဒီလူတွေက ဒိုင်မေးရှင်းအနိမ့်မှာ မိစ္ဆာမျိုးနွယ်အပေါ် ကျွန်မ လုပ်ခဲ့တဲ့အရာတွေကို သဘောမကျကြဘူးလေ။ ကံကောင်းတာတစ်ခုက အဲဒီအမျိုးသမီးတွေက ကျွန်မကို ကာကွယ်ပေးခဲ့ကြတယ်။ မဟုတ်ရင် ကျွန်မဘဝက တော်တော်လေးကို ဆိုးရွားနေမှာ”
“ ဒီလိုမျိုး အေးစက်စက် ရက်စက်တဲ့ ကျင့်ကြံရေးလောကမှာ ထောက်ပံ့မှုရှိတာလည်း ကောင်းသားပဲ” ဝမ်ဝေ့က သူမအား ဖက်ရင်း ပြောလိုက်သည်။
သူက ကျန်းပိယုနှင့် စကားဝိုင်းအကြောင်း ပြန်လည်ပြောပြလိုက်၏။
“ မင်းရော ဘယ်လိုထင်လဲ”
***